ဖွင့်လှစ်ခြင်း
Vol. 9 Ch. 134
အခန်း(၁၃၄) - ဖွင့်လှစ်ခြင်း
ယနေ့က အမျိုးသားနေ့ဖြစ်ပြီး အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ဖွင့်မည့် နေ့လည်းဖြစ်ပါသည်။
ယဲ့ရှောင်ချန်းက ကိစ္စများ စတင်စီစဥ်နေပြီ ဖြစ်ပါသည်။
ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကို စားသောက်ဆိုင်နှင့် စူပါမားကတ်များစွာသို့ ပို့ဆောင်ပြီးနောက် ယဲ့ရှောင်ချန်း ပြန်လာခဲ့သည်၊။
ယနေ့ အမေ၊ အဖေနှင့် ညီမဖြစ်သူတို့အားလုံးလည်း ဖွင့်ပွဲသို့ တက်ရောက်ကြမည်ဖြစ်သည်။
သူ အိမ်ပြန်ရောက်လာသည်နှင့် အားလုံး သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး အသင့် ဖြစ်နေကြသည်ကို မြင်လိုက်ရပါသည်။
နေ့တိုင်း အင်မော်တယ် စမ်းရေ ဟင်းသီးဟင်းရွက်များကို စားနေကြရသောကြောင့်လားမသိ။ သူ့အဖေအအမေတို့က အသက်ကြီးပြီး နွမ်းနယ်နေသည့်ပုံ မပေါ်ကြပါ။ ပိုမို နုပျိုနေကြပြီး အားအင်များ ပြည့်ဝနေကြပါသည်။
အဝတ်အစားက လူတစ်ယောက်ကို အဆုံးအဖြတ်ပေးသည်။
ယဲ့ရှောင်ချန်းဝယ်ပေးသော နာမည်ကြီး အဝတ်အစားများကို ဝတ်လိုက်သောအခါ တစ်ကိုယ်လုံး ပိုမို လှပလာပြီး အရင်လို နုံချာသည့် ပုံစံမျိုး မရှိကြတော့ပါ။
အထူးသဖြင့် သူ့အမေ ပုလဲလည်ဆွဲနှင့် လက်တွင် လက်ကောက်ကို ဝတ်လိုက်သောအခါ ပိုမိုတောက်ပလာသည့်ပုံပေါ်ပါသည်။
ထိုပစ္စည်းများ သူမကို ဝယ်ပေးဖို့အတွက်လည်း သူ့အမေ တကျီကျီပြောသည်ကို ခံခဲ့ရလေသည်။
ထိုရတနာပစ္စည်းများကို ရှုကျောင်း၏ လက်ဝတ်ရတနာ ဆိုင်မှ အထူး ဒစ်စ်ကောင့်ဖြင့် ဝယ်ထားခြင်းဖြစ်၏။
အဖေက သပ်သပ်ရပ်ရပ် ဝတ်စုံတစ်စုံ၊ သားရေဖိနပ်တစ်ရံနှင့် ကျကျနန ဆံပင်လည်းရှိသည်။ စတိုင်ကျပြီး အောင်မြင်သူတစ်ယောက်၏ အရှိန်အဝါမျိုး ရှိနေသည်။ စိတ်တိုင်းမကျရသော တစ်ခုတည်းသောအရာက သူ့အဖေ အပြုံးထူထူကြီး ပြုံးလိုက်သောအခါ လူတစ်ကိုယ်လုံး လယ်သမား ဦးလေးကြီး တစ်ယောက်အဖြစ် ပြောင်းလဲသွားပါသည်။
သူ့ညီမကတော့ လောလောဆယ် အတောက်ပဆုံး သူဖြစ်နေပါသည်။ ကျော့ရှင်းပြီး အပြစ်ကင်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေပါသည်။
"အစ်ကို ဘာတွေကြည့်နေတာလဲ။"
ယဲ့ရှောင်ချန်းကြောင့် ယဲ့ယင် ရှက်လာသည်။
"ဟားဟား နင်ဒီဝတ်စုံနဲ့ ကျောင်းကိုသာသွားရင် သေချာပေါက် ကျောင်းရဲ့ ပန်းလေးလို့ သတ်မှတ်ခံရမယ်လို့ ခံစားမိလို့ပါ။"
ယဲ့ရှောင်ချန်း ရယ်မောလိုက်၏။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲ့ဒီ ကျောင်းပန်းလေးတွေက အရမ်းလှတာလေ။"
ယဲ့ယင်က သူ့ကို မယုံကြည်ပါ။
ထိုကျောင်းပန်းကလေးများထဲ မရေမတွက်နိုင်သော ယောက်ျားများ မပိုးပန်းသည့်လူ ရှိလို့လား။ သူမကတော့ အရုပ်ဆိုးဆိုး မိန်းကလေးဖြစ်ပြီး တိုးတိုးတိတ်တိတ်သာ မနာလိုဖြစ်နိုင်သည်။
"မဟုတ်ပါဘူး အဲ့ဒီ ကျောင်းပန်းကလေးတွေက ငါ့ညီမလောက် မလှပါဘူး။"
ယဲ့ရှောင်ချန်းက ခိုင်မာစွာ ပြောလိုက်သည်။
"သား အဖေ ဒီလို ဝတ်စုံပြည့်ကြီးနဲ့ မနေတတ်ဘူး။"
သူ့အဖေက ပခုံးကို လှုပ်ကြည့်လိုက်သောအခါ အနည်းငယ် တောင့်တင်းနေပြီး သက်တောင့်သက်သာလည်းမရှိပါ။
အိမ်မှာဆို အိမ်နေရင်းအဝတ်နှင့် သာမန် ဖိနပ်တစ်စုံသာ ဝတ်ပြီး အကြာကြီး ဝတ်ထားနိုင်သည်။
"သေချာပေါက် လူကြီးလူကောင်းတွေလို ဝတ်ထားမှ ဖြစ်မှာပေါ့။ မဟုတ်ရင် စုတ်စုတ်ပြတ်ပြတ် အဝတ်အစားတွေဝတ်ပြီး ကျွန်မတို့သားကို သိက္ခာချမလို့လား။"
အမေဖြစ်သူက ပိုမို နားလည်ပေးပါသည်။
"သား အမေ ဝတ်ထားတာ ကောင်းလား။ အဆင့်အတန်းရှိတဲ့ အမျိုးသမီးနဲ့တူနေလား။"
သူ့အမေက ပို့စ်ပေးကာ မေးလိုက်ပါသည်။
"အရမ်းကြည့်ကောင်းတာပေါ့။"
ယဲ့ရှောင်ချန်းက ရယ်မောကာ ပြောလိုက်သည်။
ထို့နောက် သူတို့မိသားစု အိမ်ထဲကထွက်ပြီး အနက်ရောင် Porsche Cayenne ကားကြီးဆီသို့ သွားကြသည်။
ကားကို စက်နှိုးပြီးသွားသောအခါ ထွက်ခွာလာခဲ့ကြ၏။
ခရမ်းတောင် ဗီလာတွင်...
လျန်ဟွေ့ မြစ်အနီး ကောင်တီမြို့၏ အရှေ့ဘက် ဆင်ခြေဖုံးတွင် တည်ရှိသည်။ ဓာတ်ပုံရိုက်လို့ ကောင်းသော ရှုခင်းများစွာ ရှိပါသည်။
ယခင်က လူသူကင်းမဲ့နေခဲ့သည်။
သို့သော်လည်း ဒီနေ့မနက်ကစပြီး အလွန် ရှုပ်ထွေးလာပါပြီ။
ဗီလာဝင်ပေါက်တွင် သိသာထင်ရှားသော စာတန်းကြီးနှင့် တံခါးခုံးကြီး ရှိနေပါသည်။
"အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက် စားသောက်ဆိုင် မဟာဖွင့်ပွဲကြီး"
ယဲ့ရှောင်ချန်းက ထိုနေရာသို့ ရောက်သည့်အထိ ကားမောင်းလာသည်။
"ဝိုး အစ်ကို ဒီနေရာလား။"
ယဲ့ယင်က အလွန်သိချင်နေပါသည်။
"ငါ့သား စားသောက်ဆိုင်က လူတွေများတဲ့ နေရာမှာ ဖွင့်ရမှာ မဟုတ်ဘူးလား။ ဒီက ပတ်ဝန်းကျင် အခြေအနေက ကောင်းပေမယ့် လူသူကင်းမဲ့နေလိုက်တာ၊။ လူတွေ လာကြပါ့မလား။"
သူ့အမေက ဘယ်ဘယ်ညာညာ ကြည့်ကာဖြင့် စိုးရိမ်စွာ ပြောလိုက်သည်။
"အမေ စိတ်ချစမ်းပါ။ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်က သာမန်စားသောက်ဆိုင် မဟုတ်ဘူး။ သူဌေးတွေအတွက် ဖွင့်မယ့် အဆင့်မြင့် စားသောက်ဆိုင်ပါ။ အဲ့တာကြောင့် စျေးဝယ်သူတွေအတွက်က ပြဿနာမရှိပါဘူး။"
ယဲ့ရှောင်ချန်းက ရယ်မောလိုက်သည်။
သာမန် စားသောက်ဆိုင်တစ်ဆိုင်သာဆိုလျှင် တည်နေရာက အလွန်အရေးပါသည်။ သို့သော်လည်း အဆင့်မြင့် စားသောက်ဆိုင် တစ်ဆိုင်အတွက်တော့ စကားစပ်မိဖို့သာ လိုအပ်ပါသည်။
"သြော် ဒီလိုလား။"
အမေက ခေါင်းငြိမ့်လိုက်သည်။
မကြာမီ ကားမှာ ခရမ်းတောင်ရွာသို့ ရောက်လာတော့သည်။
ပလာဇာ ဝန်းကျင်တွင် သဘာဝအတိုင်း အလှဆင်ထားသည့် သုံးထပ်အဆောက်အဦးတစ်လုံးကို မြင်နိုင်ပါသည်။
အသိသာဆုံးအရာက အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက် စားသောက်ဆိုင်အတွက် ဂုဏ်ပြုထားသည့် ကုမ္ပဏီ၊ ဌာန၊ ဆိုင်များ အစရှိသည်တို့ဖြင့် ရေးသားထားသော အနီရောင် ပိတ်စရှည်ကြီးဖြစ်ပါသည်။
ဒါက စားသောက်ဆိုင်၏ အဆက်အသွယ် ခွန်အားကို ပြသဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်ပါသည်။
နာမည် ၇၀ မှ ၈၀ ဝန်းကျင် ရေးသားထားပြီး ကျင်းကောင်တီမြို့သာ မဟုတ်ဘဲ ယန်မြို့တော်လည်း ပါဝင်ပါသည်။
ဝါဒဖြန့်ဖို့အတွက် လီကျန့်ရမ်က သူ့အဆက်အသွယ်များကို အသုံးချခဲ့သည်မှာ သိသာပါသည်။
သုံးထပ် အဆောက်အဦးအရှေ့တွင် ကော်ဇော်နီ၊ အရောင်ခြယ် ချည်ထည်များဖြင့် ဖုံးထားပြီး တည်ဆောက်ထားသော လျှောက်လမ်းတစ်ခု ရှိနေပါသည်။
ယဲ့ရှောင်ချန်း ကားပါကင်ထိုးပြီးနောက် သူ့မိသားစုအား စားသောက်ဆိုင်သို့ ခေါ်သွားလိုက်သည်။
"ညီအစ်ကိုယဲ့နဲ့ ဦးလေး ဒေါ်လေးတို့ စောစော ရောက်လာကြတာပဲ။"
လီကျန့်ရမ်က ချက်ချင်း နှုတ်ဆက်လိုက်ပါသည်။
"ငါကလည်း ပိုင်ရှင်တွေထဲက တစ်ယောက်ပဲဆိုတော့ မင်းတို့ကိုပဲ အလုပ်ရှုပ်ခိုင်းထားလို့ မဖြစ်ဘူးလေ။"
ယဲ့ရှောင်ချန်းက ရယ်မောလိုက်သည်။
"ဟားဟား ညီအစ်ကိုယဲ့ မင်းကိုမင်း ပိုင်ရှင်တစ်ယောက်လို့ပဲ မထင်နဲ့လေ။ မင်းက ငါတို့စားသောက်ဆိုင်ရဲ့ ဝိသေသတစ်ခုကွ။"
လီကျန့်ရမ်ကလည်း ရယ်မောကာ ပြောလိုက်ပါသည်။
မကြာမီ လီကျန့်ရမ်က ယဲ့ရှောင်ချန်း၏ မိသားစုကို ဗီအိုင်ပီအခန်းသို့ ပို့ပေးရန် ဝန်ထမ်းအား စီစဥ်ခိုင်းလိုက်သည်။
"ညီအစ်ကို ကျန့်ရမ်၊ ဝန်ထမ်းအင်တား လုံလောက်ရဲ့လား။"
ယဲ့ရှောင်ချန်း ရှီကျွမ်းကို မြင်ပါသည်။ သူမ အလွန်အလုပ်ရှုပ်နေ၏။
"လောလောဆယ်တော့ လုံလောက်ပါသေးတယ်။ ဘော့စ်ဝမ်က လိုရင်းပဲပြောပြီး ငါတို့ကို လူတစ်ဖွဲ့ ငှားလိုက်တယ်။"
လီကျန့်ရမ် ပြုံးလိုက်၏။
သူပြောသည့် ဘော့စ်ဝမ်ဆိုသူမှာ ခရမ်းတောင်ရွာ၏ ပိုင်ရှင်ဖြစ်ပါသည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မနက် ၁၀ နာရီပင်ထိုးလာပြီ ဖြစ်သည်။ ဧည့်သည်များကလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပါပြီ။
ရောက်လာသည့်လူများက အနည်းဆုံး ကျင်းကောင်တီမြို့တွင် နာမည်တစ်ခုခုတော့ ရှိတတ်ကြ၏။
တချို့လူများကို လီကျန့်ရမ်က သူ့အဆက်အသွယ်များ အသုံးချကာ ဖိတ်ထားခြင်းဖြစ်ပြီး တချို့ကတော့ ဒီစားသောက်ဆိုင်မှာ ယဲ့ရှောင်ချန်းနှင့် ဆက်နွယ်နေသည်ဟု ကြားသဖြင့် သူတို့ကိုယ်တိုင် ဦးစွာ လာခဲ့ခြင်းဖြစ်ပါသည်။
ယဲ့ရှောင်ချန်း၏ ဆွေမျိုးများလည်း ရှိသည်။
ဥပမာအားဖြင့် ဒေါ်လေး၊ ဦးလေး၊ ဝမ်းကွဲအစ်ကို ချန်ဟောက်၊ လီယန် အစရှိသဖြင့် ဖြစ်သည်။
ယန်မြို့တော်မှ လူများကတောင် တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြလေပြီ။
အစိုးရဌာများမှ ခေါင်းဆောင်များစွာလည်း ရောက်လာကြသည်။ လီကျန့်ရမ် အားကိုးရသည့် ဒုမြို့တော်ဝန်တို့ဖြစ်ကြသည်။
သူက အခန်းထဲတွင် အထင်ရှားဆုံး ဧည့်သည်တစ်ယောက် ဖြစ်ပါသည်။
လီကျန့်ရမ်၏ မျက်နှာက အပြုံးများဖြင့် ပြည့်နှက်နေ၏။ ဒုမြို့တော်ဝန် ရောက်လာနိုင်သည်မှာ ဂုဏ်ယူစရာဖြစ်ပါသည်။
သူက အမြန်ဆုံး ဒုမြို့တော်ဝန်နှင့် ယဲ့ရှောင်ချန်းတို့ကို မိတ်ဆက်ပေးလိုက်သည်။
"မစ္စတာယဲ့ ထပ်တွေ့ကြပြန်ပြီ။ ကျင်းကောင်တီမြို့မှာ မင်းလိုရုက္ခဗေဒပညာရှင်မျိုး ရှိနေလိမ့်မယ်လို့ ထင်မထားဘူး။ ကျင်းကောင်တီမြို့အတွက် တကယ့် ကောင်းချီးပါပဲ။"
ဒုမြို့တော်ဝန် ချူးကျစ်ဖျင်က အလွန်ယဥ်ကျေးနေပါသည်။
လီကျန့်ရမ်က အနည်းငယ် ထိတ်လန့်သွားပြီး ချက်ချင်း တုန့်ပြန်လိုက်ပါသည်။ ပညာရှင်အသင်းက ယဲ့ရှောင်ချန်းထံသို့ အလည်သွားလိမ့်မည်ဟု ဘာကြောင့် မတွေးခဲ့မိသလဲဟု ကိုယ့်ကိုယ်ကို ပြန်အော်လိုက်မိသည်။ ဒုမြို့တော်ဝန်လည်း ရှိနေပါသည်။
သူတို့ အချင်းချင်း သိနေတာ ပုံမှန်ပဲဖြစ်ပါသည်။
အခြေအနေကို မြင်သောအခါ ယဲ့ရှောင်ချန်း၏ အပင်သုတေသန ပညာရှင်ဟူသော နာမည်မှာ ကောင်တီမြို့တွင် အလွန်အရေးပါကြောင်း ချက်ချင်းနားလည်လိုက်သည်။
"စီနီယာတွေ အားလုံး လေးစားရတဲ့ မြို့တော်ဝန်ချူးပါလား။ ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး အထဲမှာထိုင်ပါဦး။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။ ထို့နောက် အလွန်အကျူးမဟုတ်သော အပြုအမူဖြင့် ပြောလိုက်သည်။
ချက်ချင်း ဒုမြို့တော်ဝန်ကို ဗီအိုင်ပီအခန်းထဲသို့ လိုက်ပို့လိုက်ပါသည်။
ကောင်တီအဖွဲ့အတွင်းရေးမှူး လျို့၊ ကောင်တီမြို့၏ ဒုအမှုဆောင် ကျင်းပင်းချွေ့၊ ကောင်တီမြို့ တရားသူကြီး ကျူးချန်းချင်းနှင့် အခြားသူများ ကဲ့သို့သော နာမည်ကြီး ပုဂ္ဂိုလ်များလည်း ရောက်လာကြသည်။
နောက်တစ်ခေါက် ထပ်မံ အလုပ်များလာကြပြန်သည်။ လူအမြောက်အများလည်း အံ့အားသင့်သွားကြသည်။
သူတို့ချက်ချင်းဆိုသလိုပင် ယဲ့ရှောင်ချန်း၏ အစွမ်းအစကို လေးစားသွားကြသည်။
လီကျန့်ရမ်နှင့် အခြားသူများက ပျော်လည်းပျော်ရွှင်သလို ရှုံးနိမ့်သွားသလိုလည်း ခံစားခဲ့ရပါသည်။ ထိုအရေးကြီးပုဂ္ဂိုလ်များအားလုံးက ယဲ့ရှောင်ချန်းကြောင့် ရောက်လာကြခြင်းဖြစ်သည်။
ယဲ့ရှောင်ချန်းက အရေးကြီးပုဂ္ဂိုလ်များဖြင့် စကားပြောနေသည်ကို ကြည့်နေကြသော ချန်ဟောက်၊ လီယန်နှင့် အခြားသူများက မနာလိုဖြစ်နေကြပါသည်။
တချိန်တုန်းက ယဲ့ရှောင်ချန်းမှာ ဆင်းဆင်းရဲရဲ ကောလိပ်ကျောင်းသားလေး တစ်ယောက် ဖြစ်သော်လည်း အခုတော့ သူ့ကို မော့ကြည့်နေကြရလေပြီ။
ယဲ့ရှောင်ချန်း ခေါင်းဆောင်များစွာဖြင့် အပြန်အလှန် နှုတ်ဆက်နေစဥ် ရုတ်တရက် ဝန်ထမ်းတစ်ယောက်ကအမြန်လာပြီး ပြောလိုက်သည်။ "ယန်မြို့တော် အတွင်းရေးမှူးကျန်းနဲ့ ယန်မြို့တော်က အချမ်းသာဆုံးလူ မစ္စတာဝမ်ရွှေရှန့်တို့ ရောက်လာကြပါပြီ။"
ထိုစကားလုံးများ ထွက်ပေါ်လာသောအခါ ခန်းမတစ်ခုလုံး ထိတ်လန့်သွားကြ၏။
ကျင်းကောင်တီမြို့၏ အဓိက ခေါင်းဆောင်တချို့တောင် မတ်တပ်ထရပ်ပြီး ယဲ့ရှောင်ချန်းနောက် လိုက်ကာ ထွက်လာကြသည်။
တကယ့် အကြီးစားကြီး ဖြစ်ပါသည်။