အခကြေးငွေ
Vol. 10 Ch. 137
အခန်း(၁၃၇) - အခကြေးငွေ
သက်ရှိအရာအားလုံးတွင် ပတ်ဝန်းကျင်အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်စွမ်းရှိပြီး သက်ရှိများ၏ ထိုဆင့်ကဲဖြစ်စဥ်က သာမန်ထက်ပိုအောင် ရှည်လျားလွန်းလှသည်။ ယေဘုယျအားဖြင့် နှစ် ၁၀,၀၀၀ လောက် ရှိနိုင်သည်။
ဘာပဲဖြစ်ဖြစ် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုများကလည်း ရှည်လျားလွန်းလှသည်။
ပြောင်းလဲနေသော ပတ်ဝန်းကျင်အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် အပင်ကိုယ်ထည်အား ထိန်းညှိနိုင်ဖို့ကတော့ မဖြစ်နိုင်ပါ။
မိုးခေါင်ခြင်းကို ခံနိုင်ရည်ရှိသော အပင်များလိုပင်။ ရေပေါများသော နေရာတွင် စိုက်ပျိုးပါက အမြစ်ပုပ်သိုးခြင်း စသော မလိုအပ်သည့် အခြေအနေများ ဖြစ်လာနိုင်သည်။
ထို့နည်းတူစွာ ရေကြိုက်သော အပင်များကို ခြောက်သွေ့သောမြေတွင် စိုက်ပျိုးပါက ခြောက်သွေ့အောင် အရင်လုပ်ဖို့လိုအပ်သည်။
ယဲ့ရှောင်ချန်းက ဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ ရှန်းနုန် တစ်ယောက်ဖြစ်နေတောင် ထိုကဲ့သို့ လုပ်နိုင်စွမ်းမရှိပါ။ သဘာဝ တရားကြီးနှင့် ဆန့်ကျင်နေသည် မဟုတ်ပါလား။
"လူသားများက အနိုင်ရဖို့ ဖြစ်တည်လာသည်။" ဟူသော ဆိုရိုးစကားတစ်ခုတော့ရှိသည်။
လူသားများသည် ဘုရားသခင်ကို ကျော်လွန်နိုင်သည်ဟု မဆိုလိုပါ။ သို့သော်လည်း ၎င်းတို့၏ ကိုယ်ပိုင် ဉာဏ်ပညာများကို အသုံးချပြီး လိုက်လျောညီထွေးဖြစ်အောင် ကြိုးပမ်းကာ ဘုရားသခင်၏ စွမ်းအားကိုပင် ငှားယူနိုင်အောင် ကြိုးစားနေကြသည်။
ယခုတော့ နည်းပညာစွမ်းအားက ပြဿနာတစ်ခုကို သရုပ်ဖော်နေလေပြီ။
သိပ္ပံနှင့် နည်းပညာများ အဆင့်တစ်ခုအထိ ရောက်သွားပြီဆိုတာနှင့် လူသားမျိုးနွယ်ကို ဘယ်လို သဘာဝ ကပ်ဘေးမျိုးကမှ မသက်ရောက်နိုင်တော့ပါ။ သိပ္ပံနှင့် နည်းပညာကို အသုံးပြုကာ ပြောင်းလဲပင် ပြောင်းလဲနိုင်ပါသည်။
ယဲ့ရှောင်ချန်း လုပ်စရာရှိသည်ဆိုလို မုန်ညင်းပင်၏ အသိစိတ်ကို နှိုးဆွပေးဖို့ပဲ လိုပါသည်။
မုန်ညင်းပင်၏ အသိစိတ်နိုးထလာသည်နှင့် အနာဂတ်တွင် ပြင်ပ ပတ်ဝန်းကျင် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်သည်။ ပြီးပြည့်စုံသော ဘက်ကို ပြသပြီး အပင်ကိုယ်ထည်၏ ဖွံ့ဖြိုးမှု ဦးတည်ချက်ကို ထိန်းညှိနိုင်သည်။
တကယ်တော့ မျိုးစေ့ထွက်သော ကာလတွင် ပြည်တွင်း မုန်ညင်းပင်များ မတည်မငြိမ်ဖြစ်ခဲ့ရသည့် အကြောင်းအရင်းက အသိစိတ် မနိုးထခဲ့ခြင်းကြောင့်ပင်။ မျိုးစေ့ အမြစ်ပေါက်ခြင်းနှင့် အညှောက်ထွက်ခြင်း ဖြစ်စဥ်များကိုလည်း သဘာဝအတိုင်း ဖြစ်စေရမည်။ အသိစိတ်နိုးထလာပြီးနောက် အပင်၏ ဖွံ့ဖြိုးမှု ဦးတည်ချက်ကို ဆုံးဖြတ်နိုင်လိမ့်မည်။ အပင်အသိစိတ်ကိုယ်တိုင်က အပင်ဖွံ့ဖြိုးမှု၏ ဓာတ်ခံတစ်ခုဖြစ်၏။ ပြဿနာများ ရှာတွေ့ပါကလည်း ကိုယ်တိုင် ထိန်းညှိနိုင်စွမ်းက ပေါ်ပေါက်လာပါလိမ့်မည်။ လူသားမျိုးနွယ်များလိုပင် ပိုပိုပြီး လမ်းကြောင်းသွေဖီသွားကြသည်။
သို့သော် ဗီဇပြောင်းလဲခြင်း နည်းပညာက အပင်များ၏ ကဏ္ဍတချို့နှင့် ဝိသေသ လက္ခဏာများကို အဆင့်မြှင့်တင်ပေးနိုင်သည်။ တစ်ဖက်တွင်လည်း သဘာဝနိယာမကို ချိုးဖောက်ပြီး လူသား ဝိသေသလက္ခဏာများကို အပင်များထဲသို့ သွတ်သွင်းခဲ့သည်။
ရှန်းနုန်စနစ် မိတ်ဆက်လမ်းညွှန်ထဲတွင် ဖော်ပြထားသည့် စိုက်ပျိုးရေး သီအိုရီအရ သဘာဝအတိုင်း ဖြစ်စဥ်များကို ဖြစ်စေခြင်းက ဖွံ့ဖြိုးခြင်း နိယာမဖြစ်သည်။
သဘာဝ တရားကြီးကို ဆန့်ကျင်ပါက အပြစ်ခံစားရမည်။
အစက ယဲ့ရှောင်ချန်း ဂရုမစိုက်ခဲ့သော်လည်း ရှန်းနုန်စနစ် မိတ်ဆက်လမ်းညွှန်အား လေးလေးနက်နက် နားလည်ပြီးနောက် အလွန်ကျိုးကြောင်းသင့်သည်ဟု ခံစားလိုက်ရသည်။
လောလောဆယ် ရှန်းနုန်စနစ်မိတ်ဆက် လမ်းညွှန်ထဲက အသိဉာဏ်နှင့် သီအိုရီများစွာတို့မှာ သူ့ကို အကြီးအကျယ် လွှမ်းမိုးထားလေပြီ။
"ဒီလို ကိုယ်တိုင်နိုးထခြင်း၊ ကိုယ်တိုင် ထိန်းညှိခြင်း မုန်ညင်းပင်မျိုးကို ပျိုးထောင်ဖို့ အကောင်းဆုံး နည်းလမ်းက မျိုးစေ့ အားတိုးဆေးရည်နဲ့ အထောက်အကူပြုဖို့ပဲ။ ပြီးရင် စိုက်ပျိုးပြီးတဲ့အခါ ရှန်းနုန်ပါရမီကို သုံးပြီး အဲ့လို ဝိသေသလက္ခဏာတွေကို ဖြစ်တည်စေပြီး ဗီဇပြောင်းလဲ အာနိသင်တွေ ထုတ်နိုင်လိမ့်မယ်။"
ယဲ့ရှောင်ချန်း စိတ်ထဲတွင် ရှင်းလင်းသော အကြံတစ်ခုရှိနေသည်။ ရှန်းနုန််စနစ်က အပင်များကိုသာ သက်ရောက်မှုရှိသည် မဟုတ်ဘဲ အထွက်နှုန်းနှင့် အရည်အသွေးတို့ကိုလည်း တိုးမြှင့်ပေးနိုင်သည်ကို ယဲ့ရှောင်ချန်း သိပြီးသားဖြစ်ပါသည်။ ထို့အပြင် ထိုအာနိသင်က တည်ငြိမ်သော မျိုးရိုးဆက်ခံခြင်းကိုလည်း ထုတ်လုပ်ပေးနိုင်သည်။ ဒါက ရှန်းနုန်ပါရမီ၏ ကြောက်စရာကောင်းမှု ဖြစ်ပါသည်။
သာမန် အင်မော်တယ် စိုက်ပျိုးရေးသမားတစ်ယောက်က ဘယ်လောက်ပဲ ပါရမီရှိရှိ ထိုနေ့က အင်မော်တယ် စိုက်ပျိုးရေးကို သက်ရောက်မှုရှိစေသော်လည်း ဗီဇ အဆင့်ကိုတော့ သက်ရောက်မှု မရှိစေနိုင်ပါ။
ကျင့်ကြံခြင်း လောကတွင် ဗီဇပြဿနာက ဖြေရှင်းဖို့ အခက်ခဲဆုံး ပြဿနာဖြစ်သည်။
ဗီဇ ဖြစ်စဥ်ကို လွှမ်းမိုးနိုင်ဖို့ နည်းလမ်းတချို့တော့ ရှိ၏။။
ရှန်းနုန်ပါရမီက မျိုးရိုးဆက်ခံခြင်းကို သက်ရောက်မှု ရှိစေနိုင်သည်။ စိုက်ပျိုးရေး နယ်ပယ်တွင်သာ ဖြစ်သော်လည်း အလွန် ကြောက်ဖို့ ကောင်းပါသည်။
နောက်ထပ် ရက်အနည်းငယ်အထိ ယဲ့ရှောင်ချန်းက စိုက်ပျိုးရေးခြံတွင် လှဲလျောင်းကာ အင်မော်တယ် စိုက်ပျိုးရေးကို ဂရုစိုက်ပြီး မုန်ညင်းမျိုးစေ့များကို လည်း အဆင့်မြှင့်တင်နေပါသည်။ အင်မော်တယ်လယ်ကွင်း အနီးအနားက မြေတစ်ကွက်ကို မုန်ညင်းပင် ပျိုးထောင်ခြင်း စမ်းသပ်နယ်မြေအဖြစ် ရွေးချယ်လိုက်သည်။
သုံးမိနစ် လေးမိနစ်လောက်ဟု ထင်ရသည်။ မုန်ညင်းပင်အား သူ ဂရုတစိုက် ပြုစုပြီးနောက် အမြစ်ကုတ်ကာ အပင်ငယ် ပေါက်လာပြီဖြစ်သည်။ မြေတွင်းထဲတွင်လည်း စိမ်းလန်း စိုပြေမှုများစွာ ရှိနေပါသည်။
ထို့အပြင် နေ့တိုင်း မုန်ညင်းအပင်ပေါက်များနှင့် ဆက်သွယ်ကာ ၎င်းတို့ကို စွမ်းရည် လမ်းပြခြင်း ပါရမီဖြင့် လမ်းပြကာ အင်မော်တယ်အပင်များကို ဂရုစိုက်သလောက် ထိုမုန်ညင်းပင် အပင်ပေါက်များကိုလည်း ဂရုစိုက်ခဲ့ပါသည်။
အင်မော်တယ် စမ်းရေ သက်သက်လွတ် စားသောက်ဆိုင်၏ ရေပန်းစားမှုကလည်း သူထင်ထားသည်ထက် ပိုမို ကျော်လွန်နေပါသည်။
စဖွင့်လိုက်ကတည်းက နာမည်တစ်ခုရလာသည်။ အနည်းဆုံး ယန်ရှစ်မြို့တွင် အင်မော်တယ် စမ်းရေ သက်သက်လွတ် စားသောက်ဆိုင်အကြောင်း မကြားဖူးသူ မရှိပါ။ ယန်ရှစ်မြို့တော်က နာမည်ကျော် ရုက္ခဗေဒ ပညာရှင်က ရင်းနှီးမြှုပ်နှံပြီး ဖွင့်လှစ်ထားသည်ကို ပြောစရာမလိုအောင် ဖွဲ့ပွဲနေ့တွင် ယန်ရှစ်မြို့တော်၏ လက်ထောက် မြို့တော်ဝန်ကိုယ်တိုင်က ဖွင့်ပွဲတက်ရောက်ခဲ့သည်။ ထို့အပြင် ဧည့်သည်များစွာကိုယ်တိင် လာရောက် မြည်းစမ်းခဲ့သဖြင့် ပါးစပ်စကားများ ပျံ့နှံ့သွားခဲ့ပါသည်။
နေ့တိုင်းဆိုင်တွင် လူပြည့်လူလျှံဖြစ်နေသည်။ ကြိုတင် ဘိုကင်လုပ်ထားသည့် လူများက ပို၍ပင်များသေးသည်။ အခြားကောင်တ်ီများနှင့် မြို့တော်များက လူများပင် ရောက်လာကြသည်။
သုံးရက်အတွင်း ငွေစီးဆင်းနှုန်းက တစ်သန်းအထိ ရောက်ရှိလာသည်။ အခွန်များနှင့် ဘာကြေးညာကြေး မျိုးစုံကို နုတ်ပြီးနောက် အသားတင် အမြတ်ငွေက အနည်းဆုံး ယွမ် ၅၀၀,၀၀၀ လောက် ရှိဦးမည်။
ငွေအများဆုံး ရရှိသူက ယဲ့ရှောင်ချန်းဖြစ်၏။ သူငွေများစွာ ရသည်။ ထိုအသားတင် အမြတ်ငွေက အနီးစပ်ဆုံး ယွမ် ၃၀၀,၀၀၀ လောက်ရရှိသည်။ တစ်ရက်ကို ယွမ် ၁၀၀,၀၀၀ ရရှိလိုက်သည်နှင့် ညီမျှပါသည်။
အခြေအနေကို သိရသောအခါ ယဲ့ရှောင်ချန်း ကြက်သေသေသွားရသည်။ စားသောက်ဆိုင် တစ်ခု ဖွင့်လှစ်ခြင်းက အလွန်ဝင်ငွေကောင်းကြောင်း သိထားသော်လည်း ဒီလောက်ထိ အမြတ်ကြီးလိမ့်မည်ဟု ထင်မထားပါ။ ဝင်ငွေက ရူးလောက်စရာပင်။ ထို့အပြင် စားသောက်ဆိုင်က တစ်ဆိုင်သာ ရှိသေးသည်။
နောက်ပိုင်း အခြားစားသောက်ဆိုင်များကိုလည်း ဖွင့်လှစ်ဦးမည်။ ထို့နောက် ဒီဝင်ငွေက ပိုမိုပင် ကြောက်ရွံ့ဖို့ ကောင်းလာပါဦးမည်။
နောက်တစ်ခုက ယဲ့ရှောင်ချန်း ခုရက်ပိုင်း စိတ်ရှုပ်နေရသည်။ ညတိုင်း သူအိပ်ယာဝင်တိုင်း အမြဲတမ်း အိပ်မက်တစ်ခု မြင်မက်သည်။ မြွေတစ်ကောင်၏ ကျောတွင် အတောင်နှစ်ဖက် ပေါက်လာသော သတ္တဝါတစ်ကောင် ဖြစ်လာသည်ဟု အိပ်မက်မက်သည်။
နေ့တိုင်း ဒီအိပ်မက်မက်ရုံတင်မသေးဘဲ အလွန်ထူးဆန်းစွာ ခံစားနေရသည်။ သူ့မျက်ခုံးများ အလယ်တွင် တစ်ခုခု ရှိနေသေလိုမျိုး ခံစားနေရ၏။ အထူးသဖြင့် အင်မော်တယ်အပင်များကို စိတ်ဝိညာဥ် ပါရမီဖြင့် ဆက်သွယ်ရာတွင် မျက်ခုံးများက တဖျပ်ဖျပ် ခတ်နေပြီး တစ်ခုခုထွက်လာတော့မည့် ပုံစံလိုပင်။ ထိုမျှသာမကသေးဘဲ ယခင်တုန်းက စွမ်းရည် လမ်းပြခြင်း ပါရမီကို သုံးပြီးနောက် သူအနားယူရသည်။
သို့သော်လည်း အခုတော့ အချိန်ကြာမြင့်စွာ သုံးစွဲနေနိုင်လေပြီ။ သူ့မျက်ခုံးများ ရိုတ်ခတ်နေသ၍ ဆုံးရှုံးသွားသည့် စိတ်ဝိညာဥ်များ ချက်ချင်း ပြန်လည် ပြည့်ဝလာသလိုပင်။ သူ ထူးထူးဆန်းဆန်း ခံစားနေရပြီး သူမြင်ဖူးသည့် တိရစ္ဆာန်သားရေပေါ်က ပုံရိပ်နှင့် သက်ဆိုင်နေလိမ့်မည်ဟု သံသယဖြစ်မိသည်။
အန္တရာယ်ရှိမရှိ မသိသဖြင့် သူ ထိုစာရွက်ကို ထုတ်မကြည့်ရဲသေးပါ။
"လနတ်သမီးကို မေးကြည့်လိုက်ရမလား။"
ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်သည်။ ဒီကိစ္စကို မဖြေရှင်းနိုင်သေးသ၍ သူအနားယူနိုင်မည်မထင်။ စိတ်ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ချက်ချင်း လနတ်သမီးအား ဆက်သွယ်လိုက်သည်။
ယဲ့ရှောငင်ချန်း အနည်းငယ် မင်သက်သွား၏။ ချက်ချင်း စိတ်ပြန်စုစည်းလိုက်သည်။ သူတို့အချိန်ကို ပေးအပ်ထားခြင်းလည်း မဟုတ်ဘဲ အွန်လိုင်းပေါ်တွင် ကျူတာတစ်ယောက်ရှာပြီး မေးချင်ခြင်းက သာမန် ဟုတ်ရဲ့လား။
လနတ်သမီး စာပြန်ဖို့ အချိန်အတော်ကြာခဲ့သည်။
"ယဲ့ရှောင်ချန်း ဒါက ပျိုးထောင်ခြင်းကိစ္စမို့လို့ ရှင် အဖိုးအခ ပေးရပါမယ်။"
အဖိုးအခ ဟုတ်လား။
ထို့ကြောင့် ယဲ့ရှောင်ချန်း အမြန်မေးလိုက်သည်။ "အမ် လနတ်သမီး ဒီ့အတွက် ဘယ်လိုယူလဲဟင်။"
လနတ်သမီး စာပြန်လိုက်၏။ "မေးခွန်းတစ်ခုကို ၁၀ ပြားတည်းဆိုတော့ အရမ်း စျေးပေါပါတယ်။ ဒါပေါ့ အခု မေးခွန်းတစ်ခုကို အခမဲ့ ဖြေပေးလို့ရပါတယ်။"
မေးခွန်းတစ်ခုကို ၁၀ ယွမ် ဖြစ်သဖြင့် စျေးပေါပါသေးသည်။ ယဲ့ရှောင်ချန်းက မျက်စမပြစ်မိမလို ဖြစ်သော်လည်း သူက မွဲနေသဖြင့် မေးခွန်းတစ်ခုမှ မမေးနိုင်ပါ။ ကံကောင်းစွာဖြင့် အခမဲ့ တစ်ခုတော့ ရှိနေ၏။
ယဲ့ရှောင်ချန်းက ထိုအခမဲ့မေးခွင့်ကို အသုံးချကာ ပြောလိုက်သည်။ "လနတ်သမီးက ခုနက ကျွန်တော့်မေးခွန်းကို ဖြေပေးမှာလား။"
လနတ်သမီး၏ အဖြေက သိပ်မကြာခင် ရောက်လာသည်။ "ဟုတ်ပါတယ်၊ ရှင်ဆက်သွယ်ခဲ့တဲ့ နည်းလမ်းက ရှန်းနုန် ပထမမျိုးဆက် ချန်ထားပေးခဲ့တဲ့ ဝိညာဥ်ရေးရာမျိုးစေ့ပေါင်းစည်းခြင်း နည်းလမ်းဖြစ်နိုင်တယ်။"
ယဲ့ရှောင်ချန်းက အံ့အားသင့်သွား၏။ "ဝိညာဥ်ရေးရာမျိုးစေ့ဆိုတာ ဘာများလဲ။"
လနတ်သမီးက အပြုံး စတေကာ တစ်ခု ပို့ပြီး ပြောလိုက်သည်။ "ဒါဒုတိယ မေးခွန်း ဖြစ်သွားပြီမို့လို့ အခကြေးငွေ လိုအပ်ပါတယ်။"
ယဲ့ရှောင်ချန်းက ပြောစရာစကား ကင်းမဲ့သွားပြီး လောလောဆယ်တော့ မက်ဆေ့ချ်တစ်ခုသာ ပို့လိုက်သည်။ "အခုတော့ ကျွန်တော်မှာ အင်မော်တယ် ယွမ် မရှိသေးလို့ နောက်မှ ပြောတော့မယ်နော်။"
လနတ်သမီးက အလျှင်အမြန် ပြန်ပြောသည်။ "ရပါတယ်။"
ယဲ့ရှောင်ချန်း စိတ်ဓာတ်ကျစွာဖြင့် ရှန်းနုန်စနစ်ထဲမှ ပြန်ထွက်လာနိုင်ရုံသာ ရှိတော့သည်။ နောက်တစ်ခေါက် သူမေးခွန်းများ မမေးခင် သူသေသေချာချာ စဥ်းစားရမည့်ပုံပင်။
မေးခွန်းတစ်ခုကို ၁၀ ယွမ်က စျေးကြီးလွန်းသည်။