ဆွေးနွေးချက်
Vol. 10 Ch. 139
အခန်း(၁၃၉) - ဆွေးနွေးချက်
ဟင်းသီးဟင်းရွက်များနှင့် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များအတွက် စက်တင်ဘာလ စာရင်းများ ရှင်းပြီးပြီဖြစ်သည်။
စုစုပေါင်း ယွမ် ၃၅၀,၀၀၀ ရရှိသည်။
ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံက စီရင်စုအဆင့် အထူးစိုက်ပျိုးရေးခြံအဖြစ် အဆင့်သတ်မှတ်ထားသောကြောင့် အခွန်ခံစားခွင့်များ ရှိပါသည်။
ထို့ကြောင့် ယွမ် ၃၅၀,၀၀၀ စလုံး အပြည့်အဝ သူ့အိတ်ကပ်ထဲ ရောက်လာမည်ဖြစ်ပါသည်။
လက်ထဲ ပိုက်ဆံရှိနေပါက ယုံကြည်ချက် ပြည့်ဝနေပါမည်။
အစက စီစဥ်ထားသော အိမ်ဆောက်ဖို့ အစီအစဥ်ကို အကောင်အထည်ဖော်နိုင်ပြီဖြစ်သည်။
ထို့ကြောင့် ယဲ့ရှောင်ချန်းက အိမ်ဆောက်ဖို့အတွက် သူ့အဖေ သူ့အမေတို့နှင့် ချက်ချင်း ဆွေးနွေးလိုက်သည်။ စောစော ဆောက်လိုက်တာက ပိုကောင်းပါသည်။
တည်နေရာရွေးချယ်မှုနှင့် ဖောင်ဒေးရှင်း ထောက်ခံချက်များကို ရက်အနည်းငယ်အတွင်း ရရှိခဲ့ပါသည်။
သို့သော်လည်း ယဲ့ရှောင်ချန်းနှင့် မိဘများက အိမ်ဆောက်ဖို့အတွက် သုံးစွဲရမည့် ငွေပမာဏအတွက် သဘောတူညီမှု မရခဲ့ကြပါ။
လူကြီးနှစ်ယောက်က ယွမ် ၄၀၀,၀၀၀ - ၅၀၀,၀၀၀ ခန့်သုံးစွဲလျှင် လုံလောက်ပြီဟု ထင်သည်။
သို့သော် ယဲ့ရှောင်ချန်းကတော့ အတွေးမတူပါ။ သူတို့ အိမ်တစ်လုံး ဆောက်မည်ဖြစ်သဖြင့် ကောင်းကောင်းမွန်မွန် ဆောက်သင့်သည် ။ ဘာပဲဖြစ်ဖြစ် ထိုအိမ်တွင် သူတို့နေရမည်ဖြစ်ပြီး ဘာအဆင်မပြေမှုမှလည်း မရှိသင့်ပါ။
အခု သူ့တွင် ငွေလည်း ပိုင်ဆိုင်ထားပြီးဖြစ်သည်။
နောက်တစ်လဆို သူ့ငွေများက ၁ သန်းကျော်သွားနိုင်ပြီ။
အဖေနှင့် အမေတို့ လန့်ကုန်ကြ၏။ ယဲ့ရှောင်ချန်း၏ စိတ်ကူးအရဆို ယွမ် ၂ သန်း ၃ သန်းလောက် မသုံးရလျှင် သူ အိမ်ဆောက်မည် မဟုတ်ပါ။
"အရမ်းကြီး တန်ဖိုးကြီးဖို့ မလိုပါဘူးအေ။ အလယ်အလတ် အိမ်တစ်လုံးလောက်ပဲ ဆောက်ရအောင်။ နင့်အနာဂတ်အတွက် ငွေတွေစုထားစမ်းပါ။"
သူ့အမေက ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။
"အမေ ကျွန်တော် သန်းချီတန်တဲ့ ကားကြီး တစ်စီး မောင်းနေတာလေဗျာ။ ငွေ သန်း အနည်းငယ်လောက် တန်ကြေးရှိတဲ့ အိမ်တောင် ဆောက်လို့ မရဘူးလား။"
ယဲ့ရှောင်ချန်းက သူ့အမေ အလွန်ခေါင်းမာလွန်းသည်ဟု ခံစားလိုက်ရသည်။
"ပိုက်ဆံကို ဒီလို သုံးလို့မရဘူးလေ။ ငါတို့ ဘဏ်ထဲသာ ထည့်ထားရင် နှစ်တိုင်း ဘဏ်တိုး ဘယ်လောက်တောင် ရလိုက်မလဲ။"
သူ့အမေက စိတ်ရှည်လက်ရှည် ဖြောင်းဖျခဲ့သည်။
"အခုခေတ်မှာ ဘဏ်တိုးနှုန်းတွေက အရမ်းနည်းပြီး ငွေတန်ဖိုးတွေလည်း လျော့ကျနေပြီ။ ညီမလေး နင်ပြောစမ်းပါ မဟုတ်ဘူးလား။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
ညီမဖြစ်သူက မျက်နှာနီနေသော သူ့အမေနှင့် အစ်ကိုဖြစ်သူတို့ကို ကြည့်ကာ ဘယ်သူ့ကို ဝင်ကူရမှန်း မသိတော့ချေ။
သူ့အဖေကတော့ အမြဲတမ်း သူ့အမေ့သဘောတိုင်းဟူသော လူမျိုးဖြစ်သဖြင့် ဘယ်လိုလုပ် ဝင်ပြီး အကြံပေးရဲမည်နည်း။ စီးကရက်အငွေ့များ အကြားတွင်သာ တိတ်တိတ်ကလေး ပုန်းနေသည်။
"ဘာပဲဖြစ်ဖြစ် မတူဘူးလေ။ အများဆုံး ယွမ် ၅၀၀,၀၀၀ ပဲသုံးမယ်။"
သူ့အမေက ပြောလိုက်၏။
"ဟုတ်ပြီလေ။ ယွမ် ၅၀၀,၀၀၀ ဆိုလည်း ယွမ် ၅၀၀,၀၀၀ပေါ့။ ကျွန်တော့် စိုက်ပျိုးရေးခြံကို သွားပြီး နောက်အိမ်တစ်လုံး ဆောက်မှာနော်။ အမေတို့အိမ်မှာ အမေတို့ပဲနေ။ ကျွန်တော်လည်း ကျွန်တော့်အိမ်မှာပဲ နေမယ် ဟုတ်ပြီလား။"
ယဲ့ရှောင်ချန်းလည်း စိတ်တိုလာသည်။
"ဒီလိုလုပ်လို့မဖြစ်ဘူးလေ။ နင်က အိမ်နှစ်လုံးဆောက်ပေမယ့် ငါတို့မိသားစုမှာ နင်ပဲ ရှိတာ ဘယ်လိုလုပ်မလဲ။"
သူ့အမေက ချက်ချင်း ထိတ်လန့်ကာ ပြောလိုက်သည်။
သူမစရိုက်ကို သူမသိသည်။ သူမ နူးညံ့သည့် ပုံစံကိုမကြည့်နှင့်။ တခါတရံ နွားသိုးတစ်ကောင်လို ခေါင်းမာလွန်းလှသည်။
"ဒီဟာအဆင်မပြေ ဟိုဟာ အဆင်မပြေနဲ့ ကျွန်တော် ဘာလုပ်ရတော့မှာလဲ။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
ရရှိထားသည့် ငွေများကို မသုံးဘဲ ဘဏ်ထဲထည့်ထားလို့ ဘာအသုံးဝင်မည်နည်း။
ငွေရှာဖို့အတွက်ကလည်း နောက်ပိုင်း အခွင့်အလမ်းတွေ နည်းလာမှာ မို့လို့လား။
သူ့အမေ၏ စရိုက်ကို အခုမှမပြောင်းလျှင် နောက်ပိုင်း အဟန့်အတား ပိုဖြစ်လာနိုင်သည်ဟု ယဲ့ရှောင်ချန်း ခံစားလိုက်ရသည်။
သူတို့ဘဝက အရင်တုန်းက အခြေအနေနှင့်မဆိုင်ဘဲ အခု ဘာအခက်အခဲမှ မရှိဘဲ နေနိုင်ပြီဖြစ်ကြောင်း သူ့အမေကို နားလည်စေချင်ရုံသာဖြစ်ပါသည်။
ဝယ်ချင်တာဝယ်၊ သုံးချင်တာသုံး၊ စားချင်တာ စားနိုင်ပြီ။
အရမ်းကပ်စေးမနဲသင့်ပေ။ ပိုက်ဆံက မွေးလာကတည်းက ပါမလာသလို သေသွားလည်း ယူသွားလို့မရပေ။ ငွေက သုံးမှသာ တန်ဖိုးရှိသည်။ မဟုတ်ပါက သာမန် စက္ကူတစ်ရွက်ပင်။
"အမေ အစ်ကိုကြီး ပြောတာ နားထောင်လိုက်ပါ။"
ဘေးနားက ညီမဖြစ်သူက မနေနိုင်တော့ဘဲ နောက်ဆုံးတော့ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
အမေ့၏ စူးရှသည့် မျက်လုံးများက သူမကို လှည့်ကြည့်လိုက်သောအခါ ညီမဖြစ်သူ ဂုတ်ပုသွားသည်။
"အမေတွေ့လား၊ ညီမလေးလည်း ကျွန်တော့်ဘက်က ပါတယ်။ အခုတော့ နှစ်ယောက်တစ်ယောက် ဖြစ်နေပြီနော်။ လူအနည်းစုက လူအများစု စကား နားထောင်သင့်တယ်။"
ယဲ့ရှောင်ချန်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
ညီမကလည်း သစ္စာရှိသည်။ သေချာပေါက် မောင်နှမအချစ်ကြောင့်ဖြစ်ပါသည်။
"အဘိုးကြီး ရှင်ကော ဘယ်လိုထင်လဲ။"
စိတ်အခြေအနေ မကောင်းသည့် သူ့အမေက သူ့အဖေ့ကို ကြည့်လိုက်သည်။ ခြိမ်းခြောက်သည့် အကြည့်မျိုးဖြစ်သည်မှာ သိသာပါသည်။
"အမေ ဒီလိုလုပ်လို့ မရဘူးလေ။ အဖေ့ကို ခြိမ်းခြောက်နေတာပဲ။ ဒါက ဒီမိုကရေစီ မဆန်ဘူးနော်။"
ယဲ့ရှောင်ချန်း မနေနိုင်ဘဲ ပြောလိုက်သည်။
"ရှင်မပြောချင်လည်း မပြောနဲ့။ အဘိုးကြီး လုပ်ချင်သလိုသာလုပ်တော့။"
သူ့အမေက ရင်ဘတ်နားတွင် လက်ပိုက်ကာ ပြောလိုက်သည်။
အဖေက အမေ့ကိုကြည့်ကာ ယဲ့ရှောင်ချန်းကို ကြည့်လိုက်သည်။ တီးတိုးစကားများ ခဏလောက် ရေရွတ်ပြီးနောက် ပြောလိုက်၏။ "ရှောင်ချန်းလည်း အရွယ်ရောက်နေပြီပဲ။ သူ့စကား နားထောင်လိုက်စမ်းပါ။"
"ဟုတ်တယ်။"
ယဲ့ရှောင်ချန်းက ပျော်ရွှင်စွာ အော်လိုက်သည်။
ညီမဖြစ်သူကလည်း ပျော်ရွှင်သော လက္ခဏာများ ပေါ်လာသည်။
အမေက စူးရှစွာ စိုက်ကြည့်လိုက်၏။
"ပြီးတာပဲ။ အကုန်လုံး တစ်လှေတည်းစီးတွေပဲ။"
သူ့အမေက ဒေါသကြီးစွာ ထွက်သွားသည်။
ယဲ့ရှောင်ချန်းက သူ့အမေ တကယ်ဒေါသထွက်သွားမှန်း တွေ့လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သူ့အမေက မိသားစုဦးစီးဖြစ်နေကျဖြစ်ပြီး ဒီတစ်ခါတော့ ဘယ်သူမှ သူမစကား နားမထောင်တော့သဖြင့် လက်ခံဖို့ ခက်ခဲနေလောက်ပါသည်။
ချက်ချင်း သူမတ်တပ်ထရပ်ပြီး သူမကို ဖြောင်းဖျဖို့ နည်းလမ်းပေါင်းစုံသုံးခဲ့ကာ နောက်ဆုံးတော့ သူ့အမေ ဒေါသများ ပြယ်သွားခဲ့သည်။
အမေက အပေါက်ဆိုးသော်လည်း နှလုံးသားနုသော လူဖြစ်ပါသည်။ သူမ၏ အတွေးများကို မပြောင်းလဲနိုင်ရုံသာရှိသည်။
နောက်တစ်နေ့မနက် ညစာစားပွဲဝိုင်းတွင် အမေက ရုတ်တရက်ကြီး ပြောလိုက်သည်။"ရှောင်ချန်း နောက်ပိုင်း ဆုံးဖြတ်စရာ ကိစ္စတွေရှိရင် နင်ကိုယ်တိုင်ဆုံးဖြတ်လိုက်တော့။"
"အမေ အရေးကြီးတဲ့ ကိစ္စတွေကိုတော့ အမေနဲ့ ဆွေးနွေးရမှာပေါ့။"
ယဲ့ရှောင်ချန်းက သူ့အမေ ဒေါသထွက်နေဆဲဟု ထင်ကာ အမြန်ပြောလိုက်သည်။
"နင်ထင်သလို မဟုတ်ပါဘူး။ ငါသေသေချာချာ စဥ်းစားပြီးသွားပြီ။ ငါတို့မျိုးဆက်ဟောင်းတွေရဲ့ တွေးခေါ်ပုံတွေက နင်တို့ မျိုးဆက်သစ်တွေနဲ့ အရမ်းခြားနားတယ်။ နင်တို့ အရွယ်ရောက်လာပြီး ရင့်ကျက်လာကြပြီ။ နင်တို့အတွေးနဲ့ အစီအစဥ်တွေကို ငါတို့ ထပ်ရှုပ်ရင် နင့်ကို ထိခိုက်စေမှာပေါ့။"
သူ့အမေက ရယ်မောကာ ပြောလိုက်သည်။
ယဲ့ရှောင်ချန်း တိတ်ဆိတ်သွားခဲ့သည်။ သူ့အမေ တကယ် လေးလေးနက်နက် တွေးပြီးသွားပြီဟု ခံစားလိုက်ရသည်။
သူ မထိန်းနိုင်ဘဲ စိတ်အေးစွာဖြင့် သက်ပြင်းချမိတော့သည်။
တစ်ခါတစ်လေ လူကြီးတစ်ယောက်၏ ရင်ထဲက ဆူးတစ်ချောင်းက အချိန်ကြာကြာ ဒီတိုင်းထားလျှင် နောက်ပိုင်း ပြဿနာများစွာ ဖန်တီးနိုင်သည်။
"ပြီးတော့ မနေ့ကပြောတဲ့ အိမ်နှစ်လုံးဆောက်ဖို့က အဓိပ္ပာယ်ရှိတယ်လို့ အမေထင်တယ်။"
သူ့အမေက ပြောလိုက်သည်။
ယဲ့ရှောင်ချန်း ကြက်သေသေသွားသည်။
"ယောက္ခမနဲ့ ချွေးမတို့ ဆက်ဆံရေးနဲ့ ပတ်သတ်လာရင် အရမ်းကိုင်တွယ်ဖို့ ခက်ခဲတယ်လေ။ တစ်မိုးအောက်တည်းမှာ အချိန်အကြာကြီး နေထိုင်ရင် သေချာပေါက် ပဋိပက္ခတွေဖြစ်နိုင်တယ်၊ အရင်တုန်းကဆို နင့်အဘွားနဲ့ အမေတို့ ခဏခဏ စကားများတယ်။ အဲ့တာကြောင့် နင််လက်ထပ်ရင် နင်တို့က တခြားအိမ်မှာနေပြီး ငါနဲ့နင့်အဖေကတော့ ဒီအိမ်မှာပဲနေမယ်။ သိပ်မဝေးဘူးလေ၊ ဒါအကောင်းဆုံးပေါ့။"
သူ့အမေက ပြောလိုက်သည်။
ထိုစကားကြားသောအခါ ယဲ့ရှောင်ချန်းရင်ထဲတွင် နွေးထွေးမှုများဖြင့် ပြည့်နှက်သွဦးသည်။ မိဘများကတော့ အမြဲတမ်း သားသမီးများအတွက် စဥ်းစားပေးကြစမြဲပင်။
ထိုကိစ္စ နောက်ဆုံးတော့ ဆုံးဖြတ်လိုက်ပါပြီ။
အရင်ဆုံး မိဘများအတွက် အိမ်သစ်တစ်လုံး ဆောက်မည်။ သူတို့ စံနှုန်းအတိုင်း ယွမ် ၅၀၀,၀၀၀ သုံးမည်။
ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံထဲက အိမ်ကတော့ နောက်မှဆောက်နိုင်ပါသည်။
ယနေ့က အောက်တိုဘာလ ၇ရက်နေ့၊ အမျိုးသားနေ့ နောက်ဆုံးနေ့ဖြစ်သဖြင့် ယဲ့ယင်လည်း ကောလိပ်သို့ ပြန်ရတော့မည်။
မနက်စာ စားပြီးသွားသောအခါ ယဲ့ရှောင်ချန်းနှင့် သူ့ညီမတို့ ကျင်းကောင်တီမြောက်ပိုင်းဘူတာသို့ ကားမောင်းသွားကြသည်။
မြန်နှုန်းမြင့် ရထားလက်မှတ်က ၁၀နာရီ အချိန် ဖြစ်သည်။
ယဲ့ယင်၏ အတန်းဖော် ရှုဝေလည်း ထိုရထားပေါ်တွင် ပါသည်။
ထိုက်ဖျင်မြို့မှ မီနီဘတ်စ် စီးလာပြီး သူတို့နှင့်ဆုံခြင်းဖြစ်သည်။
"ညီမလေး ရောက်ရင် ဖုန်းဆက်ဖို့ မမေ့နဲ့ဦး။"
ယဲ့ရှောင်ချန်းက ယဲ့ယင်နှင့် ရှုဝေတို့ကို နားနေခန်းအထိ လိုက်ပို့လိုက်သည်။
"ကောင်းပါပြီ။"
ယဲ့ယင်က ရှုဝေနှင့်အတူ ဘေးချင်းကပ်လျက် လမ်းလျှောက်သွားပြီး နောက်လှည့်ကာ ယဲ့ရှောင်ချန်းကို လက်ရမ်းပြလိုက်ပါသည်။
နားနေခန်းထဲတွင်။
ယဲ့ယင်နှင့် ရှုဝေတို့က အထုပ်အပိုးများဖြင့် ဘေးချင်းကပ်လျက် ထိုင်နေကြသည်။
"ရှောင်းယင် နင့်အစ်ကိုက ဘာလုပ်တာလဲ။"
ရှုဝေက သိချင်သော လေသံဖြင့်မေးလိုက်သည်။
"ငါ့အစ်ကိုက စိုက်ပျိုးရေးခြံ ဖွင့်ထားတာလေ။"
ယဲ့ယင် သူ့အစ်ကိုအကြော်ငး ပြောရသောအခါ သူမ၏ ပါးပြင်တွင် ပါးလွှာသော ပါးချိုင့်များက ပေါ်နေသည်။
"စိုက်ပျိုးရေးခြံဟုတ်လား၊ အရမ်းကြီးမှာပေါ့နော်။"
ရှုဝေက အံ့အားသင့်သွားသည်။
ဒီလိုကားကြီး စီးနိုင်သဖြင့် ထိုလူက သာမန်တော့ မဟုတ်လောက်ပါ။
ထင်မထားစွာဖြင့် နှိမ့်ချနေတတ်သော ယဲ့ယင်တွင် ထိုကဲ့သို့ ချမ်းသာသည့် အစ်ကိုတစ်ယောက် ရှိနေသည်။
သူမ မနာလိုဖြစ်မိပါသည်။
"မကြီးပါဘူး၊ ဒါပေမယ့် ငါ့အစ်ကိုက စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားတာ။ သိပ်မကြာသေးခင်က ဖွင့်ထားတဲ့ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်လေ။"
ယဲ့ယင်က ပြောလိုက်သည်။
"အင်မော်တယ်စမ်းရေ စားသောက်ဆိုင် ဟုတ်လား။ အဲ့စားသောက်ဆိုင်က နင့်အစ်ကို ဖွင့်ထားတာလား။ နင့်အစ်ကိုက အရမ်းတော်တာပဲ။"
အမျိုးသားနေ့တုန်းက ကောင်တီမြို့သို့ ဆွေမျိုးတစ်ယောက် မွေးနေ့အတွက် ဂုဏ်ပြုဖို့ သူမမိသားစုနှင့် သွားခဲ့သည်။
ထိုက လူများက အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ကို ကမ္ဘာမြေပေါ်က နတ်နန်းကြီးတစ်ခုလို ချီးကျူးကြသည်။ ဟင်းလျာများကလည်း နိုင်ငံခြားက ဟင်းလျာများထက် အရသာ ပိုရှိပါသည်။
တကယ်အဆင့်မြင့်ပြီး စျေးကလည်း ကြီးသည်။ ထို့ကြောင့် အဆင့်မြင့်မြင့် စားသောက်ဖို့ သွားပါက လစာ တစ်လစာ နှစ်လစာလောက် ပေးဝယ်စားရပါသည်။