သွားရောက်လည်ပတ်ခြင်း
Vol. 10 Ch. 142
အခန်း(၁၄၂) - သွားရောက်လည်ပတ်ခြင်း
နောက်တစ်နေ့မနက် ယဲ့ရှောင်ချန်းက ဟင်းသီးဟင်းရွက်များ ပို့ဆောင်ရေးကို သူ့အဖေနှင့် အမေတို့အား တာဝန်ပေးပြီး ရှရှီမြို့သို့ ကားမောင်းလာခဲ့သည်။
ရှရှီမြို့သို့ ရောက်သောအခါ ၈ နာရီပင် မထိုးသေးပေ။
ရှာဖွေမှုကို ချက်ချင်းမစတင်ဘဲ ရှရှီမြို့က လူထုဆေးရုံသို့သွားကာ လီထျင်ထျင်နှင့် အရင်သွားတွေ့လိုက်သည်။
"ယဲ့ရှောင်ချန်း ရှင်တကယ်ကြီး လာတာလား။ ရှင်ညာနေတယ်ထင်တာ။"
လီထျင်ထျင်က တစ်ဦးတည်း လူနာခန်းတွင် ရှိနေပြီး အထူးကုဆရာဝန်တစ်ယောက်က သူမအနား ရှိနေ၏။
ယဲ့ရှောင်ချန်း ဝင်လာသောအခါ သူမ အံ့အားသင့်သွားရသည်။
သူမတို့ မက်ဆေ့ချ်ပို့စဥ်က ယဲ့ရှောင်ချန်းနောက်နေသည်ဟု သူမထင်ခဲ့သည်။
ယခု ယဲ့ရှောင်ချန်းကို မြင်သောအခါ သူမနှလုံးသား နွေးထွေးသွားသည်။ သူမကို ဂရုစိုက်ပေးသည့် လူတစ်ယောက်ရှိသဖြင့် သူမကို ပျော်ရွှင်သွားစေပါသည်။
"ဒါပေါ့ တကယ်လာတာပေါ့ဗျ။ မနက်အစောကြီး ထလာခဲ့တာမို့လို့ ဆိုင်တွေလည်း ဘာမှမဖွင့်သေးလို့ အိမ်က အသီးအနှံတချို့ပဲ ယူလာလို့ရတယ်ဗျာ။"
ယဲ့ရှောင်ချန်းက သခွားမွှေးသီးနှင့် ဖရဲသီးများထည့်ထားသည့် အိတ်တစ်လုံးကိုချကာ ပြောလိုက်သည်။
သခွားမွှေးရာသီ ပြီးဆုံးသွားတာ ကြာပြီဖြစ်သော်လည်း ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံတွင်တော့ သခွားမွှေးနွယ်က ပွင့်နေဆဲ အသီးသီးနေဆဲဖြစ်ပါသည်။ အလွန် ပုံမှန် မဟုတ်လှပါ။
"ရပါတယ်၊ ဘာမှမယူလာဘဲ လာခဲ့ရမှာကို..."
လီထျင်ထျင်က အလွန်ပျော်ရွှင်နေပါသည်။
"ကျွန်တော် သခွားမွှေးသီး ဆေးပေးမယ်နော်။ အရမ်းချိုတယ်။"
ယဲ့ရှောင်ချန်းက အိတ်ထဲမှ သခွားမွှေးသီးများကိုထုတ်လိုက်သည်။ အိတ်ထဲတွင် အလွန်လှပသည့် လိမ္မော်သီးများလည်း ရှိနေပါသည်။
ရေချိုးခန်းထဲဝင်ကာ ဆေးလိုက်ပြီး ပြန်ထွက်လာသည်။ ထို့နောက် ဘေးက သစ်သီးဓားကို ယူကာ လှီးပေးလို်ကသည်။
ရုတ်တရက် ပြင်းထန်ပြီး ဖော်မပြနိုင်လောက်အောင် မွှေးသော သခွားမွှေးသီး ရနံ့က ထွက်ပေါ်လာကာ အခန်းတစ်ခုလုံးကို ပြည့်နှက်သွားသည်။
"အနံ့ကလေးက မွှေးနေတာပဲ။"
လီထျင်ထျင်၏ မျက်လုံးများက အံ့အားသင့်စွာ အရောင်လက်သွားသည်။
သူတစ်ခါမှ သခွားမွှေးသီး မစားဖူးသည် မဟုတ်သော်လည်း တင်သွင်းထားသည့် သခွားမွှေးသီး ဆိုရင်တောင် သေချာပေါက် ဒီလောက် မမွှေးပါ။
ဒီလို မွှေးပျံ့သည့် ရနံ့မျိုးက လူတွေကို မူးဝေသွားစေသည်။ ဒီရနံ့၏ ဆွဲဆောင်မှုကြောင့် သွားရည်များစွာ ပါးစပ်ထဲပြည့်နှက်လာပါသည်။
ယဲ့ရှောင်ချန်းက သခွားမွှေးသီးကို အစိပ်များစွာ ပိုင်းလိုက်ပြီး ပန်းကန်ပြားငယ်လေး တစ်ချပ်ထုတ်ကာ သခွားမွှေးသီးအစိပ် တစ်စိပ်ကို သွားကြားထိုးတံ စိုက်လျက် လီထျင်ထျင်အား ကမ်းပေးလိုက်သည်။
"တကယ်အရသာ ရှိတာပဲ။ ဒီလောက်အရသာရှိတဲ့ သခွားမွှေးသီး တစ်ခါမှ မစားဖူးဘူး။ ယဲ့ရှောင်ချန်း ဒီသခွားမွှေးသီးကို ရှင်တကယ် စိုက်ထားတာလား။"
စားရင်း သူမ ပြောလိုက်သည်။
"ဒါပေါ့ဗျ။"
ယဲ့ရှောင်ချန်းက ရယ်မောလိုက်၏။
"ရှင်ကတကယ် အစွမ်းအစရှိတာပဲ။ ရှင်စိုက်ထားတဲ့ သခွားမွှေးသီးကတောင် အရသာရှိတယ်။"
လီထျင်ထျင်က ဖြည်းဖြည်းချင်း ဝါးနေ၏။
သခွားမွှေးသီး စားနေစဥ် ယဲ့ရှောင်ချန်းက လည်ဆွဲအကြောင်း တဖြည်းဖြည်း စကားလှည့်လိုက်သည်။
"မနေ့ နေ့လည်တုန်းက ကျွန်မဟွမ်းရှင် လမ်းမှာ ကျွန်မသူငယ်ချင်းတွေနဲ့ စျေးဝယ်နေတာ။ ကျွန်မ လမ်းထောင့်တစ်နေရာကို ရောက်တော့ ရုတ်တရက်ကြီး လူတစ်ယောက်က ကျွန်မလည်ဆွဲကို ဆွဲဖြုတ်ပြီး ထွက်ပြေးသွားတာ။ ကျွန်မကတော့ မြေပေါ် လဲကျသွားတယ်။"
လီထျင်ထျင်က ပြန်ပြောပြလိုက်သည်။
"ဘယ်သူ လုသွားတာလဲကော မှတ်မိလား။"
ယဲ့ရှောင်ချန်းက သိချင်စွာ မေးလိုက်သည်။
"မမှတ်မိဘူး။ ကျွန်မက အရိပ်ပဲမြင်လိုက်ရတာ။ ပြီးတော့ ကျွန်မ သူငယ်ချင်းတွေကလည်း လူတွေ များလွန်းတော့ သတိမထားမိခဲ့ဘူး။ ပြီးတော့လည်း အဲ့ဒီနေရာက လုံခြုံရေး ကင်မရာတွေ မရှိတဲ့နေရာဖြစ်နေတယ်။"
လီထျင်ထျင်က ခေါင်းခါလိုက်သည်။
"လူဘေးကင်းဖို့ပဲ လိုပါတယ်။"
လီထျင်ထျင်အနည်းငယ် စိတ်ဓာတ်ကျနေမှန်း ယဲ့ရှောင်ချန်း မြင်လိုက်ရသည်။ သူမ လည်ဆွဲကိစ္စ စဥ်းစားနေဆဲဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ထိုလည်ဆွဲက သူမအတွက် အများကြီး အဓိပ္ပာယ်ရှိသည်။
"အင်း"
လီထျင်ထျင်က ခေါင်းငြိမ့်လိုက်သည်။
ယဲ့ရှောင်ချန်း တစ်ခုခုပြောဖို့ ပြင်လိုက်စဥ် ရုတ်တရက် လူနာခန်းတံခါး ပွင့်လာသည်။
ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦး ဝင်လာ၏။
လက်ထဲတွင်လည်း တစ်စုံတစ်ခုကို ယူလာကြသည်။
ယောက်ျားကြီးက အသက် ၄၀ ဝန်းကျင်ဖြစ်ပြီး ကြီးကြီးမားမား ထွားထွားကျိုင်းကျိုင်း ခန္ဓာကိုယ်ရှိသည်။ လေကာအင်္ကျီ ဝတ်ဆင်ထားပြီး ခံ့ညားထည်ဝါလှ၏။
အမျိုးသမီးက လှပပြီး အသက် ၃၀ ဝန်းကျင်ဟု ထင်ရကာ ကျော့ရှင်းသည် ယောက်ျားကြီးနှင့် လိုက်ဖက်ပါသည်။
လီထျင်ထျင်၏ မျက်နှာပေါ်က အပြုံးများ ပျောက်သွားပြီး ရွံရှာသော မျက်နှာထားမျိုး အစားပေါ်လာသည်ကို ယဲ့ရှောင်ချန်း မြင်လိုက်ရပါသည်။
ဝင်လာသည့် ယောက်ျားကြီးနှင့် အမျိုးသမီးကို ရင်ထဲမှ ရွံရှာခြင်း ဖြစ်ပါသည်။
"ထျင်ထျင် အဖေနဲ့ အမေ(မိထွေး) တို့ သမီးကို လာတွေ့တာ။"
သတ်လတ်ပိုင်း ယောက်ျားကြီးက ယဲ့ရှောင်ချန်းကို ကြည့်လိုက်ကာ မျက်လုံးထဲတွင်လည်း သံသယ အရိပ်အယေောင်တချို့ရှိနေ၏။ သို့သော်လည်း မကြာမီ ယဲ့ရှောင်ချန်းအား မကြည့်တော့ဘဲ လီထျင်ထျင်ကို ပြောလိုက်သည်။
သူ့လေသံတွင် စိတ်ပူသော အရိပ်အယောင် ပါနေ၏။
"ထျင်ထျင် သမီးဘယ်နေရာ ထိခိုက်သွားသေးလဲ။"
လှပသော အမျိုးသမီးကလည်း စိတ်ပူနေသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
ယဲ့ရှောင်ချန်းတွင် သိချင်သော ကိစ္စတချို့ရှိနေ၏။ သတ်လတ်ပိုင်း ယောက်ျားကြီး၏ မျက်နှာက လီထျင်ထျင်နှင့် ဆင်တူပြီး ယခုသူ့စကားများ ကြားလိုက်ရသောအခါ လီထျင်ထျင်၏ အဖေဖြစ်မှန်း ရုတ်တရက် နားလည်သွားရသည်။
သို့သော်လည်း အရင်တစ်ခေါက်က လီထျင်ထျင်က သူမအဖေမှာ သူမအမေနှင့် သူမတို့ကိုစွန့်ပြစ်ကာ သူမအဘိုးနှင့် သားအဖ ဆက်ဆံရေးကိုပါ ဖြတ်တောက်ခဲ့သည်ဟု ပြောဖူးသည်။
ထို့ကြောင့် အခုအနေအထားက ပုံမှန်မဟုတ်ပါ။
"ဟန်ဆောင်နေစရာ မလိုပါဘူး၊ ထွက်သွားကြ။"
လီထျင်ထျင်၏ မျက်လုံးများက သွေးအေးလျက်ရှိသည်။
"ထျင်ထျင် သမီးရင်ထဲမှာ မကျေနပ်ချက်တွေ ရှိနေတာ အဖေသိတယ်။ ဒါပေမယ့် အဲ့ဒီနှစ်က ကိစ္စတွေကို ဘယ်သူက ရှင်းရှင်းလင်းလင်း ပြောနိုင်လို့လဲ။ ပြီးတော့ ဒါက အဖေတစ်ယောက်တည်းရဲ့ အပြစ်လည်း မဟုတ်ဘူးလေ။"
သတ်လတ်ပိုင်းအရွယ် အမျိုးသားကြီးက စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
"ကျွန်မ သိတာဆိုလို့ ရှင် ကျွန်မကို စွန့်ပြစ်တယ်။ ကျွန်မအမေကို ရူးအောင်လုပ်တယ်။ ပြီးတော့ ဒီအောက်တန်းစား မိန်းမအတွက်နဲ့ အဘိုးနဲ့ သားအဖ သံယောဇဥ်ကိုလည်း ဖြတ်တောက်တယ်။ ဘာမှပြောစရာမလိုတော့ဘူး ကျွန်မရင်ထဲမှာ ကျွန်မအဖေက သေသွားပြီ။"
လီထျင်ထျင်က မျက်လုံးထဲတွင် မျက်ရည်များဖြင့် ပြောလိုက်သည်။
"ထျင်ထျင် နင်..."
သတ်လတ်ပိုင်း ယောက်ျားကြီးက ဒေါသဖြစ်စွာဖြင့် လက်မြှောက်လိုက်သည်။
"ရှန်းကျွင်း ရှင်ဘာလုပ်နေတာလဲ။ ထျင်ထျင်က အခု ဒဏ်ရာကြီးနဲ့ ထိခိုက်အောင် လုပ်လို့ မဖြစ်ဘူးလေ။"
အမျိုးသမီးက သတ်လတ်ပိုင်း ယောက်ျားကြီးကို အမြန်တားလိုက်သည်။
စောင့်ကြည့်နေသည့် ယဲ့ရှောင်ချန်းကလည်း ရှေ့တိုးပြီး တားဖို့ အသင့်ဖြစ်နေသည်။ သို့သော် အခြေအနေကို မြင်ပြီးနောက် သူ့လှုပ်ရှားမှုများကို အမြန်ရပ်တန့်လိုက်၏။
သို့သော်လည်း သူ အနည်းငယ် ရှက်သွားပါသည်။ ဒီလိုအခြေအနေမျိုး ဖြစ်လာမယ်မှန်းသာ သိလျှင် သူ နောက်ကျမှ လာခဲ့ပါသည်။
သူထွက်သွားလို့လည်း မရသလို ဝင်ပါလို့လည်း မရပါ။
"ထျင်ထျင် သမီးကောင်းကောင်း အနားယူလိုက်ဦး။ အဖေနဲ့ သမီးဒေါ်လေးက ညလေယာဥ်နဲ့ ပြန်လာတာ။ ခဏနေရင် အဖေတို့ ပြန်သွားရတော့မယ်။ နောက်မှ ထပ်တွေ့မယ်နော်။"
သတ်လတ်ပိုင်း အမျိုးသားကြီး လီရှန်းကျွင်းက သူ့သမီး၏ မျက်ရည်များဖြင့် ပြည့်နှက်နေသည့် ပုံစံကို ကြည့်ကာ စိတ်ပျော့သွားသည်။ တောင်းပန်စကားများစွာ ရှိသော်လည်း သူဘာပြောရမှန်း မသိတော့ပေ။ နောက်ဆုံးတွင်တော့ သူ့သမီး၏ အချစ်ကို ဆုံးရှုံးခဲ့ရလေပြီ။
"ထျင်ထျင် သမီး အမေ့ကို ဘယ်လောက်ပဲ ဆူဆူငေါက်ငေါက် အပြစ်ပဲတင်တင် အမေ(မိထွေး)က တောင်းပန်ပါတယ်။"
အမျိုးသမီးကလည်း စကားတစ်ခွန်းပြောကာ လီရှန်းကျွင်းနှင့်အတူ လူနာခန်းထဲမှ ထွက်သွားသည်။
သူတို့နှစ်ဦးထွက်သွားသောအခါ အခန်းတစ်ခန်းလုံး တိတ်ဆိတ်လာပြန်သည်။
လီထျင်ထျင်က ခေါင်းငုံ့လိုက်သည်။ သူမလက်များက ဒူးပေါ်တွင် ရှိနေပြီး မျက်ရည်များကလည်း မျက်နှာပေါ်မှ ကျလာသည်။
ယဲ့ရှောင်ချန်းက ရှေ့တိုးလိုက်ပြီး ဘာပြောရမှန်း မသိတော့ပေ။
"ယဲ့ရှောင်ချန်းက ကျွန်မ နည်းနည်း ပင်ပန်းနေလို့ အရင်အိပ်လိုက်ဦးမယ်။"
အချိန်အတန်ကြာခါမှ လီထျင်ထျင် မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဟုတ်ပါပြီ ကောင်းကောင်းအနားယူပြီး အများကြီး သိပ်မတွေးပါနဲ့။"
ယဲ့ရှောင်ချန်းက နူးညံ့စွာ ခေါင်းငြိမ့်လိုက်ပြီး လူနာခန်းထဲမှ ထွက်သွားသည်။
ဆေးရုံ ကားပါကင်တွင် Porsche Cayenne ကားကြီးထံသို့ ယဲ့ရှောင်ချန်း လမ်းလျှောက်သွားပြီး တံခါးဖွင့်ရန်ရှိသေးသည်။ တစ်စုံတစ်ခုကို အာရုံရသွားပြီး ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ အနီးအနားရှိ Mercedes ကားကြီးပေါ်မှ ဖိအားများစွာဖြင့် မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေမှန်း တွေ့လိုက်ရသည်။
သူ့မျက်လုံးများကို ကြည့်လိုက်စဥ် ကားမှန် ပြတင်းပေါက်များက ပိတ်သွားသည်။
ထိုလူမှာ လီထျင်ထျင်၏ လူနာခန်းထဲ ရောက်လာသည့် သတ်လတ်ပိုင်း ယောက်ျားကြီးမှန်း ယဲ့ရှောင်ချန်း အလွန်အမင်း သေချာပါသည်။
Mercedes ကားကြီး မောင်းထွက်သွားသည်ကို ယဲ့ရှောင်ချန်း မြင်ပြီး မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။ ထိုမျက်လုံးများတွင် သတိပေးမှုများ ပါဝင်နေသည်ဟု ခံစားမိပါသည်။
ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်ပြီး အာရုံစိုက်ဖို့ ပျင်းလွန်းနေပါသည်။ သူ့အတွက်တော့ လည်ဆွဲကို ရှာဖို့က အရေးအကြီးဆုံးဖြစ်ပြီး လီထျင်ထျင်၏ မိသားစုပြဿနာကို သူဂရုမစိုက်ပါ။
ချက်ချင်း ကားထဲဝင်လိုက်ပြီး ဆေးရုံ ဂိတ်ဝမှ ထွက်သွားပါတော့သည်။