← Chapters

ဆွဲသီး

Vol. 10 Ch. 145

ဆွဲသီး

Vol. 10 Ch. 145

အခန်း(၁၄၅) - ဆွဲသီး

"ဘာသံလဲဟ။"

ဝတ်မှုန်ကူးပျားကို လေချွန်ရင်း ထိန်းချုပ်နေသည့် ယဲ့ရှောင်ချန်း တစ်ယောက် ရုတ်တရက် မသဲမကွဲ အသံတစ်ခုကို ကြားလိုက်ရပါသည်။

အသံက မကျယ်လောင်သော်လည်း ယဲ့ရှောင်ချန်း၏ နားဆီမှ မလွတ်နိုင်ပါ။

သူ့ အာရုံငါးပါးက အလွန်အမင်း စူးရှ နိုးကြားလာခဲ့လေပြီ။ ပုရွက်ဆိတ် လမ်းလျှောက်သံများအထိ ကြားနိုင်သော အဆင့်အထိ မဟုတ်သော်လည်း အခြားသာမန် လူများထက်တော့ အများကြီး ပိုသာနေပါသေးသည်။

အလွန်တိုတောင်းသော မသဲမကွဲ အသံများစွာ ထပ်ကြားလိုက်ရသည်။

ထို့နောက် တိုးညှင်းသော အော်သံတစ်ခုကို သူကြားလိုက်ရ၏။

အော်သံပြီးနောက်တွင် အခန်းက တိတ်ဆိတ်သွားသည်။

ယဲ့ရှောင်ချန်းက ဝတ်မှုန်ကူးပျား ပေးပို့ပေးသော အချက်အလက်များကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။

အခန်းထဲတွင်။

ဆိုဖာကြီးက မှောက်နေပြီး LCD တီဗီကြီးတွင်လည်း အပေါက်တစ်ခု ရှိနေကာ အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းနေ၏။

မှောက်နေသော ထိုင်ခုံ၏ ဘေးတွင် ဆံပင်တို ယောက်ျား၏ ခန္ဓာကိုယ်က လဲလျောင်းနေသည်။

သူ့ရင်ဘတ်နှင့် ခေါင်းတို့တွင် အပေါက်များ ရှိနေပြီး သွေးများကလည်း ထိုအပေါက်များမှ တတောက်တောက် ကျနေသည်။

အနက်ရောင် ပုဂ္ဂိုလ်က သေနတ်ကို ပြန်သိမ်းလိုက်သည်။

သူ့မျက်လုံးများက လူသတ်မိသည်ကို ဂရုမစိုက်သည့်အလား အေးစက်နေပါသည်။

တည်ငြိမ်စွာဖြင့် ပိုက်ဆံသေတ္တာကို ပြန်ပိတ်လိုက်ပြီး ရာဇဝတ်မှုခင်းကို လက်စဖျောက်ခြင်းတောင် မပြုလုပ်ဘဲ အခန်းတံခါးဆီသို့ လျှောက်လာ၏။

သူအခန်းတံခါးကို ဖွင့်လိုက်သည့် အခိုက်အတန့်တွင် ရုတ်တရက် သူ့နောက်ဘက်မှ အနက်ရောင် အလင်းတစ်ခု ပေါ်လာသည်။

အနက်ရောင် ပုဂ္ဂိုလ်က သတိထားမိသည့် ပုံပေါ်သော်လည်း နောက်ပြန်လှည့်ဖို့ သို့မဟုတ် ရှောင်ရှားဖို့ နောက်ကျသွားပြီး အနက်ရောင် အလင်းဖြင့် ထိရိုက်ခံလိုက်ရသည်။

မျက်စိတ်တစ်မှိတ် အချိန်အတွင်း အနက်ရောင် အလင်းက ပျံထွက်သွားလေသည်။

အနက်ရောင်ပုဂ္ဂိုလ်က ထိတ်လန့်သွားပြီး မြေပေါ်သို့ ဖြေးညှင်းစွာ လဲကျကာ လုံးဝ သတိလစ်သွားလေသည်။

ပိုက်ဆံသေတ္တာလည်း အခန်းထောင့်သို့ လွင့်သွား၏။

သိပ်မကြာလိုက်၊ အခန်းတံခါးပွင့်လာသည်။

ယဲ့ရှောင်ချန်း ဝင်လာ၏။

သူ့လက်တွင် ဆရာဝန် လက်အိတ်များ ဝတ်ထားပြီး ဖိနပ်ကိုလည်း ဖုံးအုပ်ထားသည်။

သူ့အဝတ်အစားများပေါ်တွင် အဖြူရောင် ကုတ်တစ်ခုကို ဝတ်ဆင်ထား၏။

ဒေါက်တာ၏ ဦးထုပ်နှင့် မျက်နှာဖုံးများကလည်း မပါဘဲမနေပါ။

သူ သတိထားရမည်။

လူသတ်မှုတစ်ခု ဖြစ်ခဲ့သည်ဟု ခန့်မှန်းမိကာ ဝင်မပါချင်သဖြင့် သူ သတိထားရပါမည်။

သူအခန်းထဲ ဝင်လိုက်သောအခါ မြေပေါ်တွင် လဲကျနေသော ခန္ဓာကိုယ်တစ်ခုကို မြင်လိုက်ရသည်။

သူ့နှလုံးကလည်း စိတ်လှုပ်ရှားမှုကြောင့် တဒုတ်ဒုတ် ခုန်နေသည်။

သူ့ဘဝတွင် တစ်ခါမှ မမြင်ဖူးသော မြင်ကွင်းဖြစ်ပါသည်။

လူသေမှု။

လူသတ်မှု အခင်းဖြစ်ရာ။

ထိတ်လန့်စရာ ကောင်းလွန်းသည်။

သူ့စိတ်ကို တည်ငြိမ်အောင်ထားဖို့ အသက်ဝဝရှူလိုက်ပြီး အခင်းဖြစ်ရာနေရာကို ဘာမှ မထိခိုက်စေဖို့ ကြိုးစားလိုက်သည်။

အနက်ရောင် ပုဂ္ဂိုလ်၏ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ရှာကြည့်လိုက်ပြီး သေတ္တာ တစ်လုံးကို တွေ့လိုက်ရ၏။

ဖွင့်ကြည့်လိုက်သောအခါ ချက်ချင်း လည်ဆွဲကို တွေ့လိုက်ရသည်။

သူ့မျက်လုံးများထဲတွင် ပျော်ရွှင်မှု အရိပ်အယောင် ပေါ်လာသည်။

အမြန်ဆုံး ထိုလည်ဆွဲကို သိုလှောင်နေရာကွက်ထဲ ထည့်လိုက်သည်။

ပစ္စည်းများ သိမ်းထားဖို့ အလုံခြုံဆုံး နေရာဖြစ်ပါသည်။

ထို့နောက် လော့မချထားသည့် ပိုက်ဆံသေတ္တာကို သူမြင်လိုက်သည်။ ဖွင့်ကြည့်လိုက်သောအခါ သေတ္တာအပြည့် ပိုက်ဆံများ မြင်လိုက်ရပြီး ရင်ခုန်သွားမိ၏။

ဒီအချိန်တောအတွင်း သန်းတစ်ဝက်ကျော် သူရရှိခဲ့သော်လည်း ဒီလောက်ငွေသား အများကြီး မြင်ဖူးသည်မှာ ပထမဆုံး အကြိမ်ဖြစ်ပါသည်။

ချက်ချင်း ငွေသားအားလုံးကို သိုလှောင်နေရာကွက်ထဲ ထည့်လိုက်၏။

ပိုက်ဆံသေတ္တာကိုတော့ သူယူမသွားပါ။ ခြေရာခံ ကိရိယာများ ပါနေမည်စိုးသောကြောင့်ပင်။

အနက်ရောင် ပုဂ္ဂိုလ်၏ ပစ္စတိုကို မြင်သောအခါ သူ့နှလုံးသား တွန့်ဆုတ်သွား၏။ ဘယ်ယောက်ျားလေးက သေနတ်မကြိုက်ဘဲ နေမှာလဲ။

ကံမကောင်းစွာဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် လူသတ်သမားက သေနတ်အသုံးပြုခဲ့သည်။

သေနတ်ပျောက်ဆုံးနေပါက ရဲတွေက အခြားတစ်ယောက်ယောက်ကို သံသယ ဝင်လိမ့်မည်။

ထိုအချင်းအရာကို စဥ်းစားပြီးနောက် သူ သေနတ်ကို ယူမသွားတော့ပါ။

အခင်းနေရာကို ထပ်စစ်ဆေးကြည့်လိုက်ပြီး ဘာမှမတွေ့တော့ပေ။

ကော်ဖီစားပွဲကို အမြန် သွားလိုက်ပြီး ဖုန်းကို ကောက်လိုက်သည်။

ဖုန်းက လော့ခ်ကျနေ၏။

သို့သော်လည်း ရဲခေါ်ဖို့က ပြဿနာမရှိပါ။

ဖုန်းကို သေဆုံးသူ၏ လက်ထဲ ထည့်ပေးလိုက်ပြီး ၁၁၀ ကို ဖုန်းခေါ်လိုက်သည်။

ဖုန်းမြည်နေ၏။

အရေးပေါ် အော်ပရေတာ၏ အသံ ဖုန်းထဲမှ ထွက်လာသည်။

"ဒီလူ ကျွန်တော့်ကို သတ်- သတ်တော့မယ်။ ကယ်... ကယ်ကြပါဦး..."

ယဲ့ရှောင်ချန်းက ဖုန်းအနားကပ်လိုက်ပြီး အားနည်းပြီး ကွဲအက်အက် အသံဖြင့် ပြောလိုက်သည်။

အော်ပရေတာက ဘာပဲမေးမေး ဘာအသံမှ ထွက်မလာတော့ပါ။

ယဲ့ရှောင်ချန်းက တိတ်ဆိတ်စွာ ထွက်သွားတော့သည်။

သူထွက်သွားခါနီး ဝတ်မှုန်ကူးပျားကို အနက်ရောင်ပုဂ္ဂိုလ်အား ထပ်တုပ်ခိုင်းလိုက်သည်။ စောစော နိုးမလာအောင်ဖြစ်သည်။

အားလုံး လုပ်ပြီးသွားသောအခါ ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်ပြီး အခန်းတံခါးမှ လျှောက်ထွက်သွားတော့သည်။

တံခါးကို ပိတ်မသွားပါ။

ဘေးပတ်လည်ကို ကြည့်လိုက်သောအခါ ဘယ်သူမှ မရှိပေ။ ထို့နောက် အခန်းတံခါးနား သွားလိုက်ပြီး အထဲဝင်ကာ မျက်နှာဖုံး၊ လက်အိတ်များနှင့် ကုတ်အင်္ကျီတို့ကို ချွတ်ကာ လက်ကိုင်အိတ်ထဲတွင် ထည့်ထားလိုက်သည်။ ထို့နောက် အောက်ထပ်သို့ ဆက်ဆင်းလာလိုက်သည်၊။

ရှရှီ အရေးပေါ် စင်တာတွင်။

အမျိုးသမီး အော်ပရေတာက ရဲကို အကြောင်းကြားလိုက်သည်။

တဖက်မှ ဘာတုန့်ပြန်မှုမှ မရှိတော့ချေ။

အခြေအနေ ဘယ်လောက် ပြင်းထန်မှန်း သူမ သဘောပေါက်ကာ ဖုန်းကိုမချဘဲ အမြန်ဆုံး စကိုင်းနက် စောင့်ကြည့် စင်တာကို ဆက်သွယ်လိုက်သည်။

မကြာမီ စကိုင်းနက် စောင့်ကြည့်စင်တာမှ ဖုန်း၏ ဆက်သွယ်ရေး ဆစ်ဂနယ်ကို အသုံးပြုပြီး တည်နေရာကို ခြေရာခံလိုက်သည်။

သုံးမိနစ်အတွင်း ဒေသခံရဲများက ရဲဌာနမှ ထွက်လာကြသည်။

ငါးမိနစ်ကြာသောအခါ ရဲများ အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာကြ၏။

အခင်းဖြစ်ရာနေရာကို တွေ့လိုက်ရပြီး ချိပ်ပိတ်လိုက်ကြသည်။ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် မှုခင်းဆရာဝန်အဖွဲ့ အခင်းဖြစ်ရာသို့ ရောက်ရှိလာကြသည်။

နောက်ဆုံးတော့ သတိလစ်နေသည့် အနက်ရောင် ဝတ်စုံနှင့် လူက လူသတ်သမားဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။

တတိယလူ၏ အရိပ်အယောင်ကို အခင်းဖြစ်ရာနေရာတွင် မတွေ့ခဲ့ရပါ။

သို့သော်လည်း သံသယတစ်ခုတော့ ရှိနေ၏။

ဘာကြောင့် အနက်ရောင် ဝတ်စုံနှင့်လူက သတိလစ်နေခဲ့ရတာလဲ။

ဧကန္တ အနက်ရောင်ပုဂ္ဂိုလ်က ရောဂါတစ်ခုခု ခံစားလိုက်ရတာလား။

ယဲ့ရှောင်ချန်းက လမ်းတစ်ဖက်တွင် ရပ်နေကာ ရဲကားများ အိမ်ရာအတွင်း ဝင်လာသည်ကို စောင့်ကြည့်နေပြီး မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လွင်နေ၏။

သူသန့်သန့်ရှင်းရှင်း နေနိုင်လိမ့်မည်ဟု ယုံကြည်လိုက်ပါသည်။

ဘာမှ မလုပ်နိုင်သည့် အသေးစိတ် တချို့ရှိသော်လည်း မတတ်နိုင်ပါ။ ဥပမာအားဖြင့် အနက်ရောင် ပုဂ္ဂိုလ် သူ့ကို မြင်ခဲ့ခြင်းမျိုးဖြစ်သည်။

သို့သော်လည်း သူ ဘာဟာကွက်မှ မပြသခဲ့ပါ။

ထို့အပြင် ဝတ်မှုန်ကူးပျားကို အသုံးပြုခဲ့သဖြင့် မပေါ်နိုင်ပါ။

ယခုတော့ လုံးဝ စိတ်အေးသွားပြီဖြစ်သဖြင့် သူ့ရင်ထဲတွင် အောင်မြင်မှုရရှိလိုက်သော ခံစားချက်တစ်ခု ခံစားလိုက်ရပါသည်။

အားအများကြီး မစိုက်ထုတ်လိုက်ရဘဲ လည်ဆွဲကို ရရှိခြင်းထက် ပျော်စရာ ဘာရှိဦးမည်နည်း။

ချက်ချင်း လမ်းမတစ်လျှောက် ဆင်းလာပြီး လူသွားလမ်းများစွာကို ဖြတ်သန်းကာ လမ်းတစ်ဖက်သို့ သွားလိုက်သည်။

သို့သော် သူ့ကားပေါ်တွင် ပါကင်ဒဏ်ကြေး လက်မှတ်ကို မြင်သောအခါ သူစိတ်ရှုပ်သွားရ၏။

ယာဥ်ထိန်းရဲများက တကယ် အလုပ်ကြိုးစားကြပါလား။

သူ့ခေါင်းကို ခါလိုက်ပြီး ခုလေးတင် ရခဲ့သည့် သန်းတစ်ဝက်အကြောင်း စဥ်းစားလိုက်သည်။

ဒဏ်ကြေး ယွမ် ၂၀၀ က သန်းတစ်ဝက်နှင့် ယှဥ်လျှင် ဘာမှမဟုတ်ပါ။

ဆေးရုံသွားမည့်အစား အိမ်သို့ တန်းပြန်ခဲ့သည်။

လည်ဆွဲကိစ္စကိုတော့ လီထျင်ထျင် ဘာမှ မသိသင့်ပါ။

သူ့မှာ လည်ဆွဲဲရှိနေမှန်းသာ သူမ သိသွားပါက လည်ဆွဲဘယ်လိုရခဲ့ကြောင်း သူဘယ်လို ရှင်းပြရမည်နည်း။

ရာဇဝတ်မှု အခင်းနေရာတွင် သူရှိနေခဲ့မှန်း ပေါ်သွားလိမ့်မည်။

သူ့အတွက်နှင့် အားလုံးအတွက် လည်ဆွဲက ပျောက်ကွယ်သွားသင့်ပါသည်။

သူပြန်ရောက်လာသောအခါ စိုက်ပျိုးရေးခြံသို့ တန်းမသွားခဲ့ပါ။

သူ့အခန်းထဲသို့ ဝင်လာခဲ့၏။

ဘာပဲဖြစ်ဖြစ် ဝိညာဥ်ပစ္စည်းက စိုက်ပျိုးရေးခြံထဲက အပင်များအပေါ် ပြင်းထန်သော သက်ရောက်မှုရှိသည်။

တံခါးကို ပိတ်လိုက်ပြီး လည်ဆွဲကို စစ်ဆေးကြည့်လိုက်သည်။

ဒီသစ်သားလည်ဆွဲက ဝိညာဥ်ပစ္စည်းတစ်ခုဟု သူမယုံကြည်ပါ။

ရှန်းနုန် စနစ်မိတ်ဆက် လမ်းညွှန်ထဲတွင် ဝိညာဥ်ပစ္စည်းက အလွန်မှော်ဆန်ကြောင်းသာ ပြောထားပြီး ရွှေမဟုတ်၊ သစ်သားမဟုတ်၊ ကျောက်စိမ်းမဟုတ်၊ ကျောက်တုံးလည်းမဟုတ်ဘဲ ဖျက်ဆီးပစ်ဖို့ ခက်ခဲသည်ဟုသာ ပြောထားသည်။

"လည်ဆွဲရဲ့ အထဲမှာများလား။"

ယဲ့ရှောင်ချန်း တွေးကြည့်လိုက်သည်။

ဒီလိုပဲ ဖြစ်နိုင်ချေရှိသည်။

စဥ်းစားပြီးနောက် ဓားတစ်ချောင်းယူလိုက်ပြီး လည်ဆွဲကို စတင်လှီးဖြတ်လေသည်။

ဘာပဲဖြစ်ဖြစ် ဝိညာဥ်ပစ္စည်းက ထိခိုက်ဖို့ မဖြစ်နိုင်ပေ။

သစ်သားစများကို သူပိုင်းဖြတ်ပြစ်လိုက်သည်။

လည်ဆွဲက တဖြည်းဖြည်း သေးငယ်လာပြီဖြစ်သည်။

သူစိတ်ရှည်စွာဖြင့် နည်းနည်းချင်း ပိုင်းဖြတ်နေခြင်း ဖြစ်ပါသည်။

ထိုဝိညာဥ်ပစ္စည်း ဘယ်လောက်ကြီးမှန်း သူမသိပေ။ ဆန်စေ့ သို့မဟုတ် နှမ်းစေ့တစ်စေ့ အရွယ်လောက်သာ ရှိနိုင်သည်။

၁၀ မိနစ်ခန့် ကြာသောအခါ ရုတ်တရက် အဖြူရောင် အလင်းတစ်ခုထွက်လာသည်။

သူ့ရင်ထဲတွင် ပျော်ရွှင်သွားပြီး သစ်သားကို ခပ်မြန်မြန် ပိုင်းဖြတ်လိုက်သည်။

နောက်ဆုံးတော့ မတ်ပဲအရွယ်ရှိ ထူးဆန်းပြီး သာမန်မဟုတ်သည့် ပစ္စည်းလေးတစ်ခု ထွက်လာသည်။

ပစ္စည်းတစ်ခုလုံးက ဖျော့တော့ကာ အနည်းငယ် အလင်းပေါက်သည်။

ထိတွေ့လိုက်လျှင် ဂျယ်လီလို ပျော့ပြောင်းသော်လည်း လုံးဝ ဖျက်ဆီးပြစ်လို့မရပါ။

ရုတ်တရက် ယဲ့ရှောင်ချန်း ပုလင်းကို ထုတ်လိုက်ပြီး အင်မော်တယ် ဝိညာဥ်ချီကို ထုတ်လိုက်သည်။

ရုတ်တရက် ဝေလငါးကြီး ရေစုပ်ယူသလို အင်မော်တယ် ဝိညာဥ်ချီ များအားလုံးကို စုပ်ယူသွားသည်။

သံသယဖြစ်စရာ မရှိတော့ပေ။

ဒါ ဝိညာဥ်ပစ္စည်းဖြစ်ပါသည်။

All Chapters