← Chapters

ဘာလို့ ပင်လယ်စောင့်နတ်မင်းက ဒီမှာရှိနေရတာလဲ

Vol. 12 Ch. 158

ဘာလို့ ပင်လယ်စောင့်နတ်မင်းက ဒီမှာရှိနေရတာလဲ

Vol. 12 Ch. 158

“ မင်းနဲ့ အရှင်ရွှမ်းဒူမှာ ကောင်းမွန်တဲ့ ကမ္မနှောင်ကြိုးတွေ ရှိနေပြီလို့ပြောလို့ရတယ်။ အနည်းဆုံးတော့ အရှင်ရွှမ်းဒူက မင်းရဲ့နာမည်ကို သိတာပဲ။ ဒါက အနာဂတ်မှာ မင်းအတွက် အခွင့်အရေးဖြစ်လာလိမ့်မယ် ”

ကျိဝူယုံသည် သိမ်မွေ့စွာပြောလိုက်၏။ သူ၏မျက်ဝန်းများထဲတွင် အားကျမှုအနည်းငယ် ရှိနေ၏။

လီချန်ရှို့သည် ဂိုဏ်းချုပ်၏စကားများကို ကြားလိုက်သောအခါ စိတ်ပေါ့သွားဟန် သက်ပြင်းချလိုက်သည်။ ဂိုဏ်းချုပ်ပြောနေသည့်ကိစ္စမှာ မင်္ဂလာရွှံရုပ်နှင့် ခြောက်မျိုးပြောင်း ယန်ဓာတ်အားဖြည့် ဝိညာဉ်ဆေးလုံးအကြောင်းပင်။

လီချန်ရှို့သည် ခေါင်းငုံ့၍ တိတ်တဆိတ်နေလိုက်ပြီး ဂိုဏ်းချုပ်၏စကားကို သ‌ဘောတူကြောင်း ပြသလိုက်သည်။

အမှန်တွင် အရှင်ရွှမ်းဒူသည် လီချန်ရှို့၏အမည်ကို သိရုံသာမက သူ့ပခုံးပေါ်တွင် ဝန်ထုပ်ဝန်ပိုးတစ်ခုကိုပါ တင်ပေးထားလေသည်။ ထို့နောက် အရှင်ရွှမ်းဒူသည် စာမလာ၊ သတင်းမကြားဖြင့် ပျောက်သွားလေတော့သည်။

ကျိဝူယုံ ထပ်မံ၍ သက်ပြင်းချလိုက်သည်။

“ ချန်ရှို့... အရှင်ရွှမ်းဒူဆိုတာ ပြိုင်ဘက်ကင်း စွမ်းအားရှင်တစ်ယောက်ပဲ။ ငါက တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ပေမယ့်... ငါ့ရဲ့သက်တမ်းကရှည်ပြီး သာမန်ဘေးအန္တရာယ်လောက်ကြုံရုံနဲ့ မသေနိုင်ပေမယ့် အရှင်ရွှမ်းဒူလို စွမ်းအားရှင်မျိုးနဲ့ယှဉ်ရင်တော့ အဆတစ်ထောင်လောက် ပိုပြီးအားနည်းသေးတယ်။ အာကာသနတ်မင်းအဆင့်ဆိုတာ အဲ့လိုပဲ...အဟွတ်...အဟွတ်... ”

လီချန်ရှို့ စိုးရိမ်စွာဖြင့် မေးလိုက်၏။

“ ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ရဲ့ ဒဏ်ရာတွေက အပြည့်အဝပြန်မကောင်းသေးဘူးလား ”

“ ဘာမှမဖြစ်ပါဘူး... ဒါက ဒဏ်ရာအသေးအမွှားလေးပါ။ ငါ့ဘာသာ ပြန်ကောင်းလာအောင် လုပ်နိုင်ပါတယ် ”

ကျိဝူယုံသည် လက်ဝှေ့ယမ်းကာ သက်ပြင်းချပြီး ဆက်ပြောလိုက်သည်။

“ မင်း ဆက်ကျင့်ကြံနေတော့... ငါသင်္ဘောပေါ် ပတ်ကြည့်လိုက်ဦးမယ် ”

“ အာ... ဘာတွေဖြစ်နေတာလဲ‌တော့ ငါမသိဘူး။ ဖြစ်နေတာတော့ နှစ်တော်တော်ကြာပြီ... ရန်ကျောင်းတော်လက်အောက်မှာ တာအိုဂိုဏ်းအနည်းငယ်ပဲရှိပေမယ့် တာအိုလက်တွဲဖော်ရှာတဲ့ ကိစ္စကို မတားနိုင်ဘူးဖြစ်နေတယ် ”

လီချန်ရှို့ ဆွံ့အသွား၏။

‘ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းထူးဆန်းနေတယ်လို့ ဂိုဏ်းချုပ်တစ်ခါမှ သံသယမဝင်မိဘူးလား ’

ဂိုဏ်းချုပ်ထွက်ခွာသွားသည်ကို ကြည့်ရင်း လီချန်ရှို့သည် အတန်ကြာတွေးတောလိုက်သည်။

‘ တန်ခိုးရှင်က တကယ်ပဲ ငါ့ကို ကျောင်းတော်နှစ်ကျောင်း ကြားက ပဋိပက္ခကို တားဆီးနိုင်မယ့် နည်းလမ်းကို ရှာစေချင်နေတာဆိုရင်ရော။ ဂိုဏ်းချုပ်က ငါ အသုံးချလို့ ကောင်းမယ့်သူမျိုးပဲ... သူက ငါ့အစား စကားထပြောပေးနိုင်တယ် ’

ကျိုးဝူနှင့် ကျိုးကျိုးသည်လည်း ရတနာသင်္ဘောပေါ်တွင်ရှိ၏။ သို့သော် ဂိုဏ်းမှတာဝန်ရှိသူများနှင့် အတုမဲ့နတ်ဝိဇ္ဇာများသည် သင်္ဘောကို စောင့်ကြပ်ရန် တာဝန်ယူရသဖြင့် သူတို့သည် လီချန်ရှို့ကို လာမနှုတ်ဆက်အားပေ။

ဆရာဦးလေးကျိုးဝူအပြင် သုံးချောင်းထောက်ဆေးတောင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် လျှိုဖေးရှန်းလည်းပါပေသည်။

အကယ်၍ လီချန်ရှို့အနေဖြင့် သူ့အစား စကားပြောပေးရန် ဂိုဏ်းချုပ်ကို အမှန်ပင်လိုအပ်လာခဲ့လျှင် ဆရာဦးလေးကျိုးဝူကို အကူအညီတောင်း၍ လျှိုဖေးရှန်းကို ဂိုဏ်းချုပ်ခံမှ အကြံသွားတောင်းရန် ပြောခိုင်းရပေမည်။

လီချန်ရှို့အနေဖြင့် မည်သည့်ပြဿနာမှမရှိအောင် လုပ်နိုင်လျှင် ထိုကဲ့သို့အဆင့်ဆင့် ခိုင်းခြင်းသည် သူ့အတွက် ပို၍လုံခြုံမည်ဖြစ်သည်။

သူထိုသို့ မလုပ်လျှင်လည်း သူကိုယ်တိုင် ရှေ့ထွက်၍ ပြောနိုင်မည်လော။

ထိုကဲ့သို့ ကြီးကျယ်သည့်တွေ့ဆုံပွဲမျိုးတွင် သာမန်ကောင်းကင်နတ်မင်းတစ်ပါးသည် မည်သည့်စကားမှ ဝင်ပြောနိုင်မည်မဟုတ်ပေ။

အကယ်၍ ကျောင်းတော်နှစ်ကျောင်းကြားတွင် ပဋိပက္ခများဖြစ်လာပါက မထင်မရှားတပည့်ငယ်လေးတစ်ယောက်သည် ရှေ့သို့ထွက်၍ ကျောင်းတော်သုံးကျောင်းသည် ရှေးခေတ်ကတည်းက အတူတကွတူတည်ရှိလာခဲ့သော ကျောင်းတော်များဖြစ်သည်ဟု လူတတ်ကြီးဝင်လုပ်လျှင် ထိုကိစ္စမျိုးကို မိုက်ရူးရဲဆန်သူသာ လုပ်ဝံ့ပေလိမ့်မည်။

ထိုသို့ ရှေ့ထွက်၍ လူတတ်ကြီးလုပ်လျှင် သူ၏ စကားမဆုံးလိုက်ခင်မှာပင် ကျောင်းတော်သုံးကျောင်းမှ စိတ်မြန်လက်မြန်ရှိသော အကြီးအကဲတစ်ဦးသည် သူ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်ပေမည်ဟု သူတွေးမိလိုက်၏။ ထိုအကြီးအကဲသည် သူ့ကို အသေရိုက်သတ်ပြီးလျှင် အော်ပြောပေလိမ့်မည်။

“ ဒီရိုင်းစိုင်းနေတဲ့ တပည့်က ဘယ်ဂိုဏ်းကလဲကွ ”

ထို့ကြောင့် သူ့အနေဖြင့် ကိုယ်တိုင်ရှေ့ထွက်ပြောရန် မဖြစ်နိုင်ပေ။

ထိုကိစ္စကို ကိုင်တွယ်ရာတွင် အန္တရာယ်များသည့်လမ်းကို ရွေး၍မရပေ။

အကယ်၍ ကျောင်းတော်နှစ်ကျောင်းမှ ပညာရှင်များ အမှန်ပင် တိုက်ခိုက်ခဲ့လျှင် လီချန်ရှို့သည် ထွက်မပြေးခင် ရန်ကျောင်းတော်မှ တပည့်များကိုသတိပေးခဲ့ပြီး ထိုလူ၏အမည်ကို စိတ်ထဲမှ ကျယ်‌လောင်စွာအော်ပေးမည်ဟုတော့ ကတိပေးနိုင်လေသည်။

ရတနာသင်္ဘောကြီး အလယ်ကျွန်းသို့ ဝင်ရောက်လာသောအခါ အတန်ငယ် မြှင့်၍ ပျံသန်းလိုက်ပြီး သင်္ဘောဦးပိုင်းတွင် တုနတ်ဝိဇ္ဇာဂိုဏ်းအမှတ်အသားပါသော အလံကိုထောင်လိုက်လေသည်။ ဂိုဏ်းချုပ်သည်လည်း သူ၏ အာကာသနတ်မင်းကိုယ်ရောင်ကိုယ်ဝါများကို ထုတ်လွှတ်လိုက်၏။

သို့သော်လည်း သူတို့သည် ကြီးမားသောမန္တန်အစီအရင်ကြီးများဖြင့် ကာထားသော တောင်များ၊ ကန်များနှင့် တိုးခဲ့လျှင် တုနတ်ဝိဇ္ဇာဂိုဏ်း၏ ရတနာသင်္ဘောသည် ဘေးမှပတ်၍ သွားရမည်ဖြစ်သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းသည် အရှေ့ကျွန်းတွင် အတော်အသင့် ကျော်ကြားသော်လည်း အထင်ကြီးလောက်ဖွယ် စွမ်းအားကြီးပညာရှင်များ နေထိုင်ရာ အလယ်ကျွန်းသို့ရောက်သောအခါတွင်မူ တုနတ်ဝိဇ္ဇာဂိုဏ်းသည် အလယ်အလတ်အဆင့် နတ်ဝိဇ္ဇာဂိုဏ်းလေးတစ်ခုသာ ဖြစ်လေသည်။ ကျောင်းတော်သုံးကျောင်းမှ နတ်ဝိဇ္ဇာဂိုဏ်းများအကြားတွင် တုနတ်ဝိဇ္ဇာဂိုဏ်းသည် အလယ်အလတ်အဆင့်၏ အောက်ခြေနားတွင်သာ ရှိလေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်း၏ နောက်ခံသည် အနည်းငယ် သန်မာနေရုံသာရှိလေသည်။ ထို့ပြင် ရန်ကျောင်းတော်၏ ဝါအကြီးဆုံးအစ်ကိုကြီး၏မျက်နှာလည်း ရှိပေသေးသည်။

ရတနာသင်္ဘောကြီးသည် မရပ်တန့်ခဲ့ပေ။ ၎င်းသည် တိမ်လမ်းကြောင်းများအတိုင်း အနောက်ဘက်သို့ ပျံသန်းနေ၏။ အလယ်ကျွန်းသို့ ပထမဆုံးအကြိမ်ရောက်ဖူးသူဖြစ်သည့် လီချန်ရှို့သည် အမြင်ကျယ်လာ၏။

ရတနာသင်္ဘောကြီးသည် တိမ်များနှင့် မိုးကုပ်စက်ဝိုင်းကို ဖြတ်၍ ပျံသန်းနေ၏။ ကောင်းကင်တွင် လနှင့် ကြယ်များ ထွက်ပေါ်နေပေပြီ။

ဟန်မြစ်ကို မြူခိုးများဖြင့် လွှမ်းခြုံထားပြီး မြစ်ရေသည် မြင့်တက်နေလေသည်။

အလျင်းသင့်၍ ကိစ္စတစ်ခုကို ဖော်ပြရပေဦးမည်။ ဂိုဏ်းချုပ်သည် တပည့်ငယ်နှစ်ဦးတို့၏ အရေးကြီးပြဿနာအတွက် သူ၏ ခမ်းနားသောအခန်းကို ပေးခဲ့သည်ဆိုသောသတင်းသည် ရတနာသင်္ဘောပေါ်တွင် တိတ်တဆိတ်ပျံ့နှံ့သွားခဲ့၏။

ကံအားလျော်စွာပင် ထိုနေ့တွင် မည်သူမှ ပေါ်ပေါ်ထင်ထင် မနောက်ပြောင်ခဲ့သဖြင့် ရတနာသင်္ဘောတွင် လှုပ်လှုပ်ရှားရှား မဖြစ်သွားခဲ့ပေ။ ဝမ်ကျိသည် ဆေးအရက်အတွက် “ဖြေဆေး”ကိုရရှိပြီးသွားသောအခါ လျှိုယန်အာနှင့်အတူ ထောင့်တစ်ခုတွင်သာ ခိုနေလေတော့သည်။ သူတို့သည် လွန်စွာရှက်ရွံ့နေသဖြင့် မည်သူနှင့်မှ မျက်နှာချင်းမဆိုင်ဝံ့တော့ပေ။

ဝေဟင်ပေါ်တွင် နှစ်ဆယ့်တစ်ရက်ကြာ ပျံသန်းပြီးနောက် တုနတ်ဝိဇ္ဇာဂိုဏ်း၏ ရတနာသင်္ဘောကြီးသည် နောက်ဆုံးတါင် ရွှေနန်းတော်ဂိုဏ်းနှင့် လီ( ၃၀,၀၀၀)အကွာသို့ ရောက်ရှိလာလေတော့သည်။ ကောင်းကင်ပေါ်ရှိ တိမ်လမ်းကြောင်းတွင် တဖြည်းဖြည်း ပို၍စည်ကားလာလေသည်။ တိမ်လမ်းကြောင်းများတွင် ထူးဆန်းသောအရာများ ရှိနေ၏။

တောင်ပံတစ်လျားသည် ကျန့်တစ်ထောင်ကျော်ရှည်သော ကြီးမားသောငှက်ကြီးသည် ကောင်းကင်ပေါ်တွင် ခပ်ဖြည်းဖြည်းပျံသန်းနေ၏။

ထို့ပြင် တောင်တစ်ခုလုံးကို ရတနာစီးတော်ယဉ်အဖြစ်အသုံးပြုနေသော သူများလည်း ရှိလေသည်။ ထိုတောင်ကို နတ်အလင်းများက ရစ်သိုင်းထားပြီး တိမ်ဖြူဖြူများကို ဖြတ်၍ ပျံသန်းနေ၏။

လီချန်ရှို့သည် ထိုတောင်စီးတော်ယာဉ်ကြီးကို မြင်သောအခါ အတန်ကြာလျှို့ဝှက်လေ့လာလိုက်၏။

ထိုအရာသည် ချုံတောင်လေး၏ လှည့်လည်သွားလာခြင်းအစီအစဉ်၏ လက်တွေ့နမူနာပုံစံဖြစ်လေသည်။

သူတို့သည် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲ ကျင်းပမည့်နေရာနှင့် လီ(၈၀၀၀)အကွာသို့ ရောက်သောအခါ တိမ်လမ်းကြောင်းတွင် လူများစွာရှိနေပြီဖြစ်သည်။

တွေ့ဆုံပွဲကျင်းပရန် နှစ်ဝက်လိုသေးသော်လည်း များစွာသောနတ်ဝိဇ္ဇာဂိုဏ်းများသည် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲကို အလေးအနက်ထားကြောင်းပြသရန် နှစ်ဝက်ကြိုလာရန် ဆုံးဖြတ်ခဲ့ကြ၏။

တုနတ်ဝိဇ္ဇာဂိုဏ်းသည် ပွဲကျင်းပမည့်နေရာနှင့် လီ(၁၀၀၀)အကွာသို့ ရောက်သောအခါ သူတို့သည် တိမ်လမ်းကြောင်းပိတ်ဆို့မှုများကို မမျှော်လင့်ဘဲ ကြုံလိုက်ရ၏။

လီချန်ရှို့သည် နတ်အာရုံကိုသုံး၍ တွေ့ဆုံပွဲကျင်းပမည့်နေရာကို အာရုံခံလိုက်၏။

ထိုနေရာသည် ပုံမှန်အသွင်သဏ္ဍာန်ရှိသော ချိုင့်ဝှမ်းကြီးတစ်ခုဖြစ်၏။ ထိုချိုင့်ဝှမ်းကို မှော်အစွမ်းများဖြင့် လွှမ်းခြုံထားပုံရ၏။ ချိုင့်ဝှမ်း၏ အောက်ခြေတွင် ဝိညာဉ်အလင်းများနှင့် ပြည့်နှက်နေသော ရေကန်တစ်ကန်ရှိလေသည်။ ကန်ရေပြင်ပေါ်တွင် ရွှေကြာပွင့်ပုံစံ စင်မြင့်များရှိလေသည်။

ရေကန်ဘေးပတ်ပတ်လည်တွင် တရားထိုင်ဖျာလေးများ ခင်းကျင်းထား၏။ အဝေးမှကြည့်လျှင် ထိုတရားထိုင်ဖျာလေးများ ခင်းကျင်းထားသောပုံစံသည် ပွင့်အာနေသောကြာပွင့်တစ်ပွင့်ပုံစံနှင့် တူလေသည်။

တွေ့ဆုံပွဲကို တက်ရောက်မည့် နတ်ဝိဇ္ဇာဂိုဏ်းအသီးသီး၏ တက်ရောက်နိုင်သူ အရေအတွက်ကို ကန့်သတ်ထား၏။ ဂိုဏ်းတစ်ဂိုဏ်းလျှင် တက်ရောက်သူ တစ်ရာမကျော်ရပေ။ ထို့ကြောင့် တုနတ်ဝိဇ္ဇာဂိုဏ်းသည် တက်ရောက်သူ စုစုပေါင်း ကိုးဆယ့်ကိုးယောက် ခေါ်ဆောင်လာခဲ့ခြင်းပင်။

ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲကို တာအိုဂိုဏ်းကြီးငါးဂိုဏ်းက ကြီးမှူးကျင်းပခြင်းဖြစ်၏။ ကျဲကျောင်းတော်လက်အောက်ခံ ဂိုဏ်းနှစ်ဂိုဏ်း၊ ချန်ကျောင်းတော်လက်အောက်ခံ ဂိုဏ်းနှစ်ဂိုဏ်းနှင့် ရန်ကျောင်းတော်လက်အောက်ခံ ဂိုဏ်းတစ်ဂိုဏ်းတို့ ဖြစ်သည်။

ရန်ကျောင်းတော်လက်အောက်ခံ နတ်ဝိဇ္ဇာဂိုဏ်းသည် ခြောက်ဂိုဏ်းသာရှိသော်လည်း ထိုခြောက်ဂိုဏ်းအတွက် ပြင်ဆင်ပေးထားသော နေရာသည် တွေ့ဆုံပွဲကျင်းပရာနေရာတစ်ခုလုံး၏ ခြောက်ပုံတစ်ပုံရှိလေသည်။

ထို့ကြောင့် အလယ်အလတ်အဆင့်သာရှိသည့် ဂိုဏ်းတစ်ခုဖြစ်သော တုနတ်ဝိဇ္ဇာဂိုဏ်းသည်ပင် ရှုခင်းကောင်းကောင်းရှိသောနေရာတွင် ထိုင်ရလေသည်။ သူတို့သည် ဝိညာဉ်‌ရေကန်နှင့် အလွန်နီးကပ်သောနေရာတွင် ထိုင်ရ၏။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ ရတနာသင်္ဘောသည် ပွဲကျင်းပမည့်နေရာနှင့် လီရာကျော်သာ ကွာတော့လေသည်။ လူဆယ်ဦးကျော်သည် တိမ်စီး၍ သူတို့ထံသို့လာနေ၏။

သူတို့ကို လာရောက်ကြိုဆိုသောသူများသည် ရန်ကျောင်းတော်မှ တပည့်များပင်ဖြစ်၏။ သူတို့သည် တွေ့ဆုံပွဲကို ကြီးမှူးကျင်းပသော ဂိုဏ်းကြီးငါးဂိုဏ်းထဲမှ တစ်ဂိုဏ်းကသူများဖြစ်ကြသည်။ ထိုဂိုဏ်း၏အမည်မှာ အပူအပင်ကင်းမဲ့ဂိုဏ်းဖြစ်၏။

ဂိုဏ်းအမည်သည် ရိုးရှင်း၍ သာမန်သာဖြစ်လေသည်။ သို့သော် အမှန်တွင် သူတို့သည် မရိုးရှင်းကြပေ။

တုနတ်ဝိဇ္ဇာဂိုဏ်းကို လာကြိုဆိုသူများထဲတွင် အာကာသနတ်မင်းနှစ်ပါး၊ ကောင်းကင်နတ်မင်းရှစ်ပါးနှင့် နတ်ဝိဇ္ဇာမဖြစ်သေးသော်လည်း အလားအလာကောင်းများရှိသည့် တပည့်ငယ်ခြောက်ဦးတို့ပါဝင်လေသည်။

ထို့ကြောင့် တုနတ်ဝိဇ္ဇာဂိုဏ်းသည် အနည်းငယ် ဖိအားများသွား၏။

သို့သော် အပူအပင်ကင်းမဲ့ဂိုဏ်းသည်လည်း တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် အချို့နေရာများတွင် တူညီရမည်ဟု လီချန်ရှို့ ကောက်ချက်ချလိုက်သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းထက်ပင် ပိုဆိုးနိုင်လေသည်။

ထိုတပည့်ငယ်ခြောက်ဦးအတွင်း လေးဦးသည် သူတို့၏ အပျို၊ လူပျို ယင်-ယန်ဓာတ်များကို ဆုံးရှုံးထားပြီးဖြစ်သည်။ လီချန်ရှို့သည် ကောင်းကင်နတ်မင်းများ၏ ယင်-ယန်ဓာတ်များကိုမူ မြင်နိုင်စွမ်းမရှိပေ။ သို့သော် အမျိုးသားကောင်းကင်နတ်မင်းလေးပါး၊ အမျိုးသမီးကောင်းကင်နတ်မင်း‌လေးပါး ဖြစ်နေသည်ကတစ်ကြောင်း၊ တိမ်စီးနေစဉ်တွင်မြင်ရသည့် သူတို့အကြားမှ တရင်းတနှီးရှိမှုများကြောင့် တစ်ကြောင်း ထိုကောင်းကင်နတ်မင်းရှစ်ပါးထဲတွင် အနည်းဆုံးအတွဲနှစ်တွဲ ရှိရပေမည်။

ထိုအခြင်းအရာသည် ရန်ကျောင်းတော်၏ ဝိသေသလက္ခဏာပင်။

ထိုအခြင်းအရာကိုကြည့်၍ အရှင်ရွှမ်းဒူသည် ရန်ကျောင်းတော် တိုးတက်စည်ပင်လာရေးအတွက် မည်မျှအားစိုက်ထုတ်ထားသည်ကို သိနိုင်ပေသည်။ ထို့ပြင် တပည့်များ၏ မေတ္တာရေးရာအတွက်လည်း မည်မျှအားစိုက်ထုတ်ထားကြောင်းကို သိနိုင်၏။

အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းမှ လူများသည် သူတို့ထံသို့ ချည်းကပ်လာ၏။ ရှေ့ဆုံးမှ ဦးဆောင်လာသော တာအိုဝတ်ရုံများကို ဝတ်ဆင်ထားပြီး အသက်လတ်ပိုင်းအရွယ် ရုပ်သွင်ရှိသည့် အာကာသနတ်မင်းနှစ်ပါးသည် ကျယ်လောင်စွာ စတင်ရယ်‌မောလိုက်၏။ သူတို့၏ အသံသည် အခြားသူများ မကြားမည်ကိုစိုးရိမ်ကဲ့သို့ လီရာချီ ပဲ့တင်ထပ်သွားလေသည်။

တွေ့ဆုံပွဲကို ကြီးမှူးကျင်းပသော ဂိုဏ်းငါးဂိုဏ်းအတွင်းမှ ကျန်လေးဂိုဏ်းသည်လည်း သူတို့နှင့် ကျောင်းတော်တူသော ဂိုဏ်းများမှ မရေမတွက်နိုင်သော လူများကို ကြိုဆိုနေကြ၏။ ရန်ကျောင်းတော်လက်အောက်ခံဂိုဏ်းသည် စုစုပေါင်း ခြောက်ဂိုဏ်းသာ ရှိသဖြင့် အပူအပင်ကင်းမဲ့ဂိုဏ်းအနေနှင့် ဂိုဏ်းငါးဂိုဏ်းကိုသာ ကြိုဆိုရမည်ဖြစ်သည်။

သမိုင်းမတင်မီခေတ်ကတည်းက ကျင့်သုံးခဲ့သော စည်းမျဉ်းဟောင်းကြီးများအရ ပို၍ကြာကြာ ပြုံးလေလေ ပို၍ ဖော်ရွေပုံပေါ်လေလေဟု ယူဆထားကြ၏။

“ ဟားဟားဟားဟား... ”

“ ဟားဟားဟား...အဟွတ်....အဟားဟားဟား ”

“ ညီလေးဝူယုံ ... နှစ်ခြောက်‌ထောင်တောင် ရှိသွားပြီမလား... ကျန်းခမ်းသာလို့ မာပါရဲ့လား... ဟားဟားဟားဟား ”

“ ‌ကျေးဇူးတင်ပါတယ် အစ်ကိုကြီး... အားလုံးကောင်းပါတယ်...ဟားဟားဟား... ”

အကြီးအကဲများသည်လည်း ထိုသူများကို ပြန်နှုတ်ဆက်လိုက်၏။ အရှင်ဝမ်ချင်းမှလွဲ၍ ကျန်သူအများစုသည် တစ်ဦးနှင့်တစ်ဦး ပြုံးရယ်ကာ စကားစမြည်ပြောနေကြလေသည်။

အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်ငယ်ခြောက်ဦးသည်လည်း သူတို့ကို နွေးထွေးစွာကြိုဆိုလိုက်ပြီး တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်ငယ်များနှင့် စကားစမြည်ပြောလိုက်ကြ၏။

ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲ ပြီးသွားလျှင် ကျောင်းတော်သုံးကျောင်းသည် ထိုကဲ့သို့ ဆက်၍ရင်းရင်းနှီးနှီးရှိနေဦးမည်လောကို မသိနိုင်ပေ။

သို့သော် သူတို့အားလုံးသည် ရန်ကျောင်းတော်မှ တပည့်များဖြစ်ကြသည်။ သူတို့သည် နောင်တွင် အာကာသနတ်မင်းများဖြစ်လာကြလျှင် သူတို့သည် တစ်ဦးနှင့်တစ်ဦး အစ်ကိုကြီး၊ အစ်မကြီးဟု ခေါ်ကြမည်ဖြစ်သည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး ခပ်စိမ်းစိမ်းဖြစ်မည်မဟုတ်ပေ။

တပည့်ခေါင်းဆောင်အစစ်ဖြစ်သည့် ယုံချင်ရွှမ်းယာသည် မျက်မှောင်ကြုတ်လိုက်၏။ သူမသည် သူမ၏ဓားကြီးကို သယ်၍ တပည့်များ၏ ရှေ့သို့ လျှောက်သွားလိုက်၏။ ရုတ်ခြည်းပင် ကောင်းကင်သည် ပို၍တောက်ပသွားလေတော့သည်။

“ အမည်ခံတပည့်ခေါင်းဆောင် ” ဖြစ်သော လီချန်ရှို့မှာမူ တပည့်များအကြားတွင်သာ ပြုံး၍ ပုန်းကွယ်နေ၏။ ကျန်တပည့်များသည် အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်ငယ်ခြောက်ဦးဖြင့် စကားစမြည်ပြောဆိုနေကြပြီဖြစ်ကြောင်း တွေ့သောအခါ လီချန်ရှို့သည် သူ့ကို မည်သူမှအာရုံမစိုက်ကြသဖြင့် ဝမ်းသာသွားလေသည်။

ခေတ္တကြာပြီးနောက် တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲများသည် ရတနာသင်္ဘောကြီးကို သိမ်းဆည်းလိုက်၏။ တုနတ်ဝိဇ္ဇာဂိုဏ်းမှ လူကိုးဆယ့်ကိုးယောက်သည် အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများနောက်မှလိုက်၍ ချိုင့်ဝှမ်းအတွင်းသို့ ဝင်သွားကြလေသည်။

လီချန်ရှို့ အာရုံခံမိခဲ့သည့်အတိုင်းပင် သူတို့ဂိုဏ်းသည် ရေကန်အနီးရှိ နေရာလေးတွင် ထိုင်ရလေသည်။

နဂါးနန်းတော်၏ မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲသို့ မဟုတ်ဘဲ အာကာသနတ်မင်းများ၊ ကောင်းကင်နတ်မင်းများ၊ အတုမဲ့နတ်ဝိဇ္ဇာများနှင့် နတ်ဝိဇ္ဇာမဖြစ်သေးသော တပည့်ငယ်များသည် တပြေးတည်းသာ ထိုင်ကြရ၏။ ကျန်နတ်ဝိဇ္ဇာဂိုဏ်းများသည်လည်း ထိုကဲ့သို့သာ ထိုင်ရလေသည်။ မည်သူမှ အခွင့်ထူးမခံရပေ။

ရေကန်မျက်နှာပြင်ပေါ်ရှိ ရွှေကြာပွင့် စင်မြင့်များသည် ခွန်းလွန်တောင်ရှိ ဗလာနတ္ထိကျောက်စိမ်းနန်းတော်မှ နတ်ဝိဇ္ဇာများနှင့် ကျဲကျောင်းတော်၏ နတ်ကျွန်းများမှ နတ်ဝိဇ္ဇာများအတွက် ပြင်ဆင်ထားခြင်းဖြစ်နိုင်ပေသည်။

လီချန်ရှို့သည် ရွှေကြာပွင့် စင်မြင့်များ၏ အရေအတွက်ကို အကြမ်းဖျင်းတွက်ချက်လိုက်သည်။ ကျဲကျောင်းတော်မှ နတ်ဝိဇ္ဇာများဖြင့်ပင် ရေကန်ပေါ်တွင် ပြည့်ကြပ်သွားမည်ဟု သူကောက်ချက်ချလိုက်၏။

တုနတ်ဝိဇ္ဇာဂိုဏ်းမှလူများ ထိုင်လိုက်ပြီးနောက် တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြား အာကာသနတ်မင်းအချို့သည် စကားစမြည်ပြောရန် တိမ်များစီသို့ထွက်သွားကြလေသည်။

အကြီးအကဲများသည် သူတို့၏ တပည့်ငယ်များကို များစွာ မချုပ်ခြယ်ပေ။ သူတို့သည် ရန်ကျောင်းတော်၏ တမူထူးသော “ တည်ငြိမ်၍ သဘာဝအတိုင်းစီးမျှောခြင်း ”ဟူသည့် အပယိကဝိသေသလက္ခဏာကို ပြသရန် အကောင်းဆုံးကြိုးစားနေကြသည်။

သို့သော် ယုံချင်ရွှမ်းယာသည် မျက်စိပသာဒတစ်ခု ဖြစ်နေ၏။

ခေတ္တမျှကြာပြီးနောက် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ခံ့ညားသောရုပ်သွင်ရှိသည့် ငယ်ရွယ်သောနတ်ဝိဇ္ဇာအလောင်းအလျာတစ်ဦးသည် အပူအပင်ကင်းနတ်ဝိဇ္ဇာဂိုဏ်း၏နေရာမှ တုနတ်ဝိဇ္ဇာဂိုဏ်း၏နေရာသို့ လျှောက်လာ၏။

ထိုလူငယ်သည် ယုံချင်ရွှမ်းယာ၏ အရှေ့သို့ရောက်သောအခါ နွေးထွေးစွာပြုံး၍ သူ၏ ယောက်ျားပီသသော ဆွဲဆောင်မှုများကို ထုတ်ပြလိုက်လေသည်။

“ ညီမလေး... အစ်ကို ချောင်ကျစ်ပါ.... အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းက ဂိုဏ်းချုပ်ရဲ့တပည့်လေ... ”

ရွှမ်း...

ယုံချင်ရွှမ်းယာ၏ နောက်ကျောရှိ ဓားကြီးသည် ဓားအိမ်အတွင်းမှ ထွက်သွား၏။ သူမ၏ သွယ်လျသော လက်ကလေးကို ဝှေ့ယမ်းလိုက်ရာ ဓားကြီးသည် စက်ဝိုင်းခြမ်းပုံစံ လည်သွားပြီး ထိုလူငယ်၏ရှေ့ရှိ မြေကြီးပေါ်တွင် တည့်တည့်မတ်မတ်သွားစိုက်လေသည်။

ဓားသွားသည် ထိုလူငယ်၏ ခြေချောင်းများနှင့်ထိရန် လက်မဝက်ခန့်သာ လိုတော့လေသည်။

“ အပြစ်ပြုမိပါပြီ... နှုတ်ဆက်ပါတယ် ညီမလေး... အစ်ကို့ကို အပြစ်မတင်ပါနဲ့ ”

ထိုလူငယ်သည် ဝေ့လည်ကြောင်ပတ်ပြော၍ ခပ်သုတ်သုတ်ပြန်သွားလေရာ အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်များသည် အဆက်မပြတ်ရယ်မောလိုက်ကြ၏။

ယုံချင်ရွှမ်းယာသည် မည်သည့်ကိစ္စမှ မဖြစ်ခဲ့သည့်ပုံစံဖြင့် ဆက်ထိုင်နေလေသည်။ သူမသည် တိတ်တဆိတ်နေ၍ မျက်လုံးများကို မှိတ်ကာအနားယူနေ၏။

တုနတ်ဝိဇ္ဇာဂိုဏ်းအတွက် ပြင်ဆင်ထားသောနေရာ၏ ထောင့်နေရာတွင် လီချန်ရှို့ထိုင်နေသည်ကိုတော့ ထူး၍ ဖော်ပြရန် လိုတော့မည်မထင်ပေ။ သူ့ဘေးရှိနေရာတွင် တာအိုရသေ့ဂျပုကျိုးဝူ ထိုင်ပေလိမ့်မည်။ သို့သော် ဆရာဦးလေးကျိုးဝူသည် လုပ်စရာရှိသည်များကို သွားရောက်လုပ်ကိုင်နေသဖြင့်‌ ရောက်မလာသေးပေ။

လီချန်ရှို့သည် ချိုင့်ဝှမ်းအတွင်းသို့ ဝင်လာကတည်းက သူ၏နတ်အာရုံကိုသုံး၍ ထိုနေရာ၏ ထွက်ပေါက်ကို ရှာဖွေထားပြီး ဖြစ်သည်။ သူသည် ထွက်ပြေးရန် လမ်းကြောင်းကိုလည်း ရှာဖွေထားပြီးပေပြီ။

ထိုနေရာရှိ မြေအောက်တွင် ဓာတ်ကြီးငါးပါးအကာအကွယ် မန္တန်အစီအရင်ရှိနေသဖြင့် ဓာတ်ကြီးငါးပါး ကိုယ်ယောင်ဖျောက်အတတ်များကို သုံး၍ရမည်မဟုတ်ပေ။

ထို့ပြင် လီချန်ရှို့သည် လေလှိုင်းအသံဖမ်းအတတ်ကို သုံးလိုက်သောအခါတွင်လည်း သူ၏နားထဲတွင် တဂျစ်ဂျစ်အသံများကိုသာ ကြားလိုက်ရလေသည်။ သူ၏ မူလဝိညာဉ်သည်ပင် အတန်ငယ်မူးဝေသွား၏။

‘ ဒီမှာ ထောက်လှမ်းမှုကာကွယ် အတားအဆီးတွေလည်း ရှိတာပဲလား... ’

အာဒိကပ္ပလောကကြီး၏ ကျယ်ပြန့်မှုကို လျှော့မတွက်သင့်ပေ။

သူ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းပြီးကတည်းက လေလှိုင်းအသံဖမ်းအတတ် အလုပ်မဖြစ်သည်မှာ ဤတစ်ကြိမ်သာ ရှိသေးလေသည်။

လီချန်ရှို့ မျက်မှောင်ကြုတ်၍ မျက်လုံးမှိတ်ကာ တရားထိုင်လိုက်၏။ သူ၏ မူလဝိညာဉ်မူးဝေနေမှုသည် ချက်ချင်းပြန်ပျောက်သွား၏။

‘ ငါ့မှာ ထောက်လှမ်းတဲ့အတတ်က လေလှိုင်းအသံဖမ်းအတတ်တစ်ခုပဲ ရှိတယ်လို့ ထင်လို့လား ’

‘ ဟုတ်တယ် အဲ့တစ်ခုပဲ ရှိတာ ’

ထောက်လှမ်းနိုင်သည့်အတတ်များစွာရှိသော်လည်း အခြားသူများသတိမထားမိစေဘဲ ပတ်ဝန်းကျင်ကို ထောက်လှမ်းရခြင်းသည် လွယ်ကူသည့်ကိစ္စတစ်ခု မဟုတ်ပေ။

လီချန်ရှို့သည် မည်သို့ပြုလုပ်ရမည်ကို တွေးတောနေ၏။ သူ၏ နတ်အာရုံကိုတော့ ချိုင့်ဝှမ်းထဲတွင် ဖြန့်ကျက်ထားပြီးဖြစ်သည်။ သူ၏နောက်မှဖြတ်၍သွားသော လူတစ်စုကို သူအာရုံခံမိလိုက်၏။ သူတို့သည် အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းမှ ဖြစ်နိုင်လေသည်။

ထိုအထဲတွင် ယောက်ျားတစ်ဦးသည် အထင်ရှားဆုံးပင်။ သူ၏ ခန္ဓာကိုယ်သည် လွန်စွာထွားကြိုင်းတုတ်ခိုင်၏။ ထိုသူသည် သူ၏ခန္ဓာကိုယ်ကိုသာ ကျင့်ကြံနေခြင်းဖြစ်ရပေမည်။

‘ ဟမ်... ’

‘ ဒီကိုယ်ရောင်ကိုယ်ဝါကို ငါဘာလို့ တော်တော်လေးရင်းနှီးနေတာလဲ ’

ထိုအခိုက်တွင် ထို “ယောက်ျားလေး”သည် လီချန်ရှို့၏ နောက်တွင်ရပ်လိုက်ပြီး “သူ”၏ ကြွက်သားများဖြင့် ဖုထစ်နေသော ကိုယ်ကို လီချန်ရှို့ဘက်သို့ ကိုင်းလိုက်၏။ “သူ”၏ ချစ်စဖွယ်မျက်နှာလေးတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေ၏။ “သူ”သည် လီချန်ရှို့၏ ဘေးတိုက်မျက်နှာကို အတန်ကြာငေးကြည့်နေ၏။

ထိုကိုယ်ရောင်ကိုယ်ဝါ၊ ထိုသံမျှော်စင်ကြီးကဲ့သို့ ကိုယ်လုံးကိုယ်ပေါက်နှင့် ထိုချစ်စဖွယ်မျက်နှာ...

လီချန်ရှို့ ရင်တုန်သွား၏။ ထိုသူသည် မည်သူဖြစ်ကြောင်း လီချန်ရှို့ သိရှိသွားပေပြီ။

တချိန်တည်းမှာပဲ တုတ်ခိုင်သောကိုယ်လုံးကိုယ်ပေါက်ဖြင့် မိန်းမပျိုလေး၏ မျက်လုံးများသည် တောက်ပသွား၏။ သူမသည် သူမ၏ကြီးမားသော လက်ကြီးကို အဟောင်းသားဖြစ်နေသည့် ချယ်ရီသီးကဲ့သို့ နီမြန်းနေသော သူမ၏ပါးစပ်ရှေ့တွင် အုပ်လိုက်လေသည်။ သူမ၏ မျက်လုံးများသည် အရောင်တောက်လာပြီး အံ့အားတကြီး အော်လိုက်၏။

“ ပင်လယ်... ”

“ လင်လိ... ”

လီချန်ရှို့သည် သူမအော်သည်ကို ရပ်တန့်ရန် ရုတ်တရက်ထအော်လိုက်ရ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် သူ၏လက်ဝဲလက်ကိုဆန့်တန်း၍ မိန်းမပျိုလေးကို ကုပ်မှကိုင်ကာ မြေပေါ်သို့ လှဲချလိုက်၏။ ထို့နောက် သူသည် သူမ၏မျက်နှာလေးကိုဖိ၍ သူ့ရှေ့ရှိ မြက်ခင်းပြင်နှင့် မိတ်ဆက်ထားလိုက်လေတော့သည်။

All Chapters