← Chapters

အာကာပြင်ကျယ်စကြဝဠာ၏အပြင်တွင် အဆက်အသွယ်ပြတ်တောက်သွားခြင်း

Vol. 108 Ch. 1506

အာကာပြင်ကျယ်စကြဝဠာ၏အပြင်တွင် အဆက်အသွယ်ပြတ်တောက်သွားခြင်း

Vol. 108 Ch. 1506

မန်ဟို တွင်းနက်ကြီးထဲသို့ စုပ်ယူခံလိုက်ရသောအချိန်၌ သူ့ကိုယ်ပွား၏နဝမလူဝင်စား မျက်မမြင်ရတနာလေးသည် ပန်းပုထုနေဆဲခိုက်တန့် ဖြစ်၏။ ရုတ်တရက် လက်တုန်သွား၍ ဓားက သူ့လက်ကို မတော်တဆ လှီးမိလိုက်လေသည်။ သွေးများက စီးကျလာသည်။

ရတနာလေးသည် ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်ပြီး သူ၏မျက်နှာထက်၌ တွေဝေနေသောအမူအရာကို မြင်ရနိုင်၏။ သူနှင့် ချိတ်ဆက်နေခဲ့သော ကြိုးတစ်ကြိုးအား ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ထူးထူးဆန်းဆန်း ခံစားလိုက်ရလေသည်။

တစ်ခုခုကို ဆုံးရှုံးလိုက်ရသည့်အလား ဟာတာတာလည်း ဖြစ်သွား၏။ သူ တိတ်ဆိတ်စွာ ထိုင်နေစဉ် ‌ဘေးမှ အလန့်တကြားရေရွတ်သံ ထွက်လာသည်။ သူ့ဇနီးသည် အပြေးလာပြီး သွေးတိတ်အောင် ဒဏ်ရာကို ချက်ချင်း ပတ်တီးစည်းလိုက်၏။

“ဘာဖြစ်လို့လဲ” သူမက မေးသည်။ အတန်ကြာသော် ရတနာလေးက ခေါင်းခါလိုက်လေသည်။

“ဘာမှတော့မဟုတ်ပါဘူး” သူက တိုးညင်းစွာ ပြောသည်။ “ရုတ်တရက် မပြည့်စုံတော့သလို ဟာတာတာဖြစ်သွားလို့” ရတနာလေးသည် မျက်စိမမြင်သည့်အတွက် သူ့မျက်နှာနည်းတူ သူ့ဇနီး၏မျက်နှာလည်း ဖြူဆုပ်သွားပြီး တွေဝေသွားဟန်ရှိကြောင်း မမြင်ရပေ။

တစ်ချိန်တည်းမှာပင် အာကာပြင်ကျယ်ဂြိုဟ်ပေါ်၌ ကျင်ယွင်ရှန်း၊ ဂိုဏ်းချုပ်၊ အင်မော်တယ်ပိုင်ဝူချိန်တို့အပါအဝင် အနှစ်သာရ ၉ ခုပါရာဂွန်များ ရုတ်တရက် တုန်ရီသွားသည်။ တစ်စုံတစ်ခုက သူတို့ကို ဖြတ်၍ စီးဆင်းသွားပြီး မန်ဟိုနှင့်ပတ်သက်သည့် မှတ်ဉာဏ်များကို တစ်ပါတည်းသယ်ဆောင်သွားသယောင်ပင်။

“ဘာဖြစ်သွားတာပါလိမ့်”

“တစ်ခုခုတော့ မူမမှန်ဘူး။ နဝမပါရာဂွန်နဲ့ပတ်သက်တဲ့ ငါ့မှတ်ဉာဏ်တွေ အချိန်မရွေး ပျောက်ကွယ်တော့မယ့်အတိုင်းပဲ....”

ဂိုဏ်းချုပ်၊ ကျင်ယွင်ရှန်းနှင့် ကျန်ရှိသူများအားလုံး သူတို့၏တံခါးပိတ်ကျင့်ကြံအဆောင်ထဲတွင် လုံးလုံးလျားလျား တုန်လှုပ်နေကြသည်။ နဝမဂိုဏ်းအတွင်း၌လည်း ထိုနည်းတူ ဖြစ်ပျက်သွား၏။

အာကာပြင်ကျယ်ဂြိုဟ်မှ အတော်လေးလှမ်းသော ကြယ်တာရာကောင်းကင်တစ်နေရာ၊ ကောင်းကင်ဘုံအသစ် ၃၃ ဘုံ၏အောက်က တောင်ပင်လယ်လိပ်ပြာထဲရှိ လူပေါင်းများစွာလည်း တူညီသောတုံ့ပြန်မှုများ ရှိကြသည်။

အထူးသဖြင့် ရှုချင်။ သူမသည် တင်ပျဉ်ခွေထိုင်နေစဉ် ရုတ်တရက် မျက်လုံးများဖွင့်လိုက်ပြီး သွေးတစ်ပွက်အန်လိုက်ရ၏။ ကြောက်စိတ်တို့က သူမနှလုံးသားကို လှိုက်စားနေသဖြင့် သူမတစ်ကိုယ်လုံး တုန်ရီနေသည်။

ထိုအခိုက်အတန့်တွင် မန်ဟို၏တည်ရှိမှုကို မခံစားရတော့ကြောင်း သူမ ပြောနိုင်လေသည်။

သူမမျက်နှာလေးသည် သွေးဆုပ်ဖြူလျော်သွားပြီး သူမမျက်ဝန်းအိမ်တွင် ပရိဒေဝမီးတို့ တောက်လောင်လာ၏။ သူမက ခါးသီးစွာ ပြုံးရင်း အနားရှိနံရံကို အားပြုကာ ထရပ်လိုက်သည်။ အနည်းငယ်ကြာသော် သူမမျက်ဝန်းများသည် ခိုင်မာပြတ်သားမှုတို့ဖြင့် တောက်ပလာ၏။

“ဘာတွေပဲဖြစ်ဖြစ်၊ အချိန်ဘယ်‌လောက်ပဲကြာကြာ” သူမက တိုးညင်းစွာ ပြောနေသည်။ “မင်း သေမှာမဟုတ်ဘူးလို့ အစ်မ ယုံကြည်တယ်” သူမသည် ပါးစပ်နှင့်ရော၊ နှလုံးသားနှင့်ပါ ထိုစကားကို ထပ်ခါတလဲလဲ ရေရွတ်နေ၏။

ထိုအချိန်တွင် လောကပါလနတ်မင်းကြယ်တာရာကောင်းကင်၏ မည်သည့်နေရာတွင်မဆို မန်ဟို့ကို သိသူများ၊ မြင်ခဲ့ဖူးသူများ၏ စိတ်ထဲ၌ ပြောင်းလဲမှုများ ဖြစ်ပေါ်သွားခဲ့သည်။ ရုတ်တရက် သူတို့နှင့်မန်ဟို၏ဆက်သွယ်နေမှုမှာ အားနည်းသွားခဲ့လေပြီ။

မန်ဟိုထွက်သွားသည်နှင့် လောကပါလနတ်မင်း၏ ကြယ်တာရာကောင်းကင်အတွင်းရှိ သူ၏အငွေ့အသက်၊ ခြေရာလက်ရာအားလုံး ဖယ်ရှားခံလိုက်ရသည်။ သူသာ မြန်မြန်ပြန်မလာလျှင် ၎င်းတို့ ထာဝရပျောက်ကွယ်သွားလိမ့်မည်။ နောင်တွင် သူ့ကို သိသူများ တဖြည်းဖြည်း ကွယ်လွန်သေဆုံးကုန်ကြသည့်အခါ မည်သူမှ သူ့အား မှတ်မိတော့မည်မဟုတ်ပေ။

**

အာကာပြင်ကျယ်စကြဝဠာ၏အပြင်

မန်ဟို မျက်လုံးဖွင့်လိုက်သည်။

မဟူရာချပ်ဝတ်သည် သူ့ကိုယ်မှကွာ၍ ကြေးမုံအသွင်ဖြင့် သူ့လက်ထဲ၌ ရှိနေ၏။ သူ ဘေးဘီဝဲယာကြည့်လိုက်သောအခါ အဆုံးမဲ့ကြယ်တာရာကောင်းကင်တစ်ခုမှ ဖြာကျနေသော ကြယ်အလင်းရောင်ကို မြင်လိုက်ရသည်။

မည်သည့်မြူမှမရှိ၊ အာကာပြင်ကျယ်စကြဝဠာလည်း မရှိ။

စည်ကားတိုးတက်နေသော ကမ္ဘာတစ်ကမ္ဘာပြီးတစ်ကမ္ဘာ ပြည့်နေသော ရောင်စုံဖြာကြယ်တာရာကောင်းကင်တစ်ခုတည်းသာ ရှိသည်။

မန်ဟိုမှာ ပါးစပ်အဟောင်းသားနှင့် တအံ့တဩ ငေးနေမိသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း သံကြိုးများဖြင့် ချုပ်နှောင်ခံထားရရာမှ လွတ်မြောက်သွားသကဲ့သို့ အားအင်အပြည့်ဖြင့် အုံကြွနေ၏။ ဤကြယ်တာရာကောင်းကင်တွင် တိုင်းဆမရနိုင်သော အင်မော်တယ်စွမ်းအားတို့ ပြည့်နှက်နေကြောင်းကိုလည်း မန်ဟို ခံစားနေရသည်။

အမှန်တွင် ဘေးယီဝဲယာကို ကြည့်လိုက်စဉ်တုန်းက သူ ပထမဆုံးတွေးလိုက်မိသည်မှာ ဤနေရာရှိ အရာအားလုံးက အမြင့်ဆုံးအတိုင်းအတာထိ သန့်ရှင်းစင်ကြယ်နေခြင်းကိုပင်။ ယင်းအခြေအနေက အာကာပြင်ကျယ်စကြဝဠာနှင့် တခြားစီဖြစ်သည်။

အာကာပြင်ကျယ်စကြဝဠာသည် မြူအုံ့ဆိုင်း၍ ဖုန်ထူပြော၏။ သို့သော် ဤနေရာတွင်မူ ဖုန်သလဲမရှိ၊ သေခြင်းအငွေ့အသက်များလည်း စိုးမိုးမနေ။ လှိုင်လှိုင်ပေါများသော အသက်စွမ်းအားသာလျှင် ရှိသည်။ မြင်မြင်သမျှအရာအားလုံးက လူတစ်ယောက်၏ရင်ထဲတွင် ပျော်ရွှင်ဝမ်းသာမှုများ လှိုက်တက်လာစေမည့် ခံစားချက်ကို ပေးနေသည်။

“ဒီနေရာမှာ ခံစားရတာက ... အာကာပြင်ကျယ်စကြဝဠာမှာ ခံစားရတာနဲ့ ဘာကြောင့်ဒီ‌လောက်ကွဲပြားနေရတာလဲ” တွေးနေသည့်အချိန်မှာပင် မန်ဟိုသည် ကြယ်တာရာကောင်းကင်ကို ခွင်းလျက် သူ့ဆီ လာနေသော အလင်းတန်းများကို လှမ်းမြင်လိုက်ရ၏။ သက်လတ်ပိုင်းလူတစ်ယောက်က ရှေ့ဆုံးမှ ဦးဆောင်နေပြီး ထိုလူ့ဘေးတွင်တော့ အလွန်စိုးရိမ်နေဟန်တူသော မိန်းမလှလေးတစ်ယောက် လိုက်ပါပျံသန်းနေသည်။

မန်ဟို့ကို မြင်သည်နှင့် မိန်းကလေးက ဝမ်းသာအားရ ပျံသန်းလာသည်။ သူမသည် မန်ဟို့ဆီ ပထမဆုံးရောက်လာ၏။

“အစ်ကိုကြီးရယ် နောက်ဆုံးတော့ ပြန်တွေ့ပြီပေါ့” သူမမှာ အလွန်ပျော်လွန်းသဖြင့် မျက်ရည်များပင် ကျလာပြီး မန်ဟို့ကို ပြေးဖက်သည်။ မန်ဟိုမှာ ကြောင်တောင်တောင်ဖြစ်သွား၏။ ဤမိန်းကလေးကို သူ မသိပေ။ သို့သော် သူ့စိတ်မှာ စူးခနဲ နာကျင်သွားလေသည်။

“တော်သေးတာပါ့။ အဲဒီတုန်းက အစ်ကိုကြီးနဲ့ အစ်ကိုကြီးချန်ဖန်းကိုယ်ပေါ်မှာ ဂိုဏ်းရဲ့ချုပ်နှောင်အင်းကွက်တွေ ချထားပေးလိုက်လို့ ။ မဟုတ်လို့ကတော့ အစ်ကိုကြီးကို ညီမလေးတို့ ဘယ်တော့မှ ပြန်ရှာတွေ့တော့မှာ မဟုတ်ဘူး

“ဒါနဲ့ အစ်ကိုကြီး ဆန်းကြယ်အိတ်လောကထဲမှာ ဘာတွေဖြစ်ခဲ့တာလဲဟင်

“ဂိုဏ်းတွေအကုန်လုံး ဟိုးအရင်တုန်းက ပျက်စီးသွားခဲ့တဲ့ ဒဏ္ဍာရီလာအာကာပြင်ကျယ် ဆန်းကြယ်အိတ်လောကထဲကို ရွေးချယ်ခံတွေ လွှတ်လိုက်တာ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက တစ်ခုခုဖြစ်သွားလို့ ရွေးချယ်ခံတော်တော်များများ ဗြုန်းစားကြီး သေကုန်ပြီး တချို့ကျတော့ နှင်ထုတ်ခံလိုက်ရတယ်” မန်ဟို့ဘေးသို့ လူတော်တော်များများ ရောက်လာကြပြီး သူ့အား အလွန်စိုးရိမ်နေကြပုံပေါ်သည်။ သူတို့အားလုံးက တစ်ပြိုင်တည်း မေးကြမြန်းကြရာ မန်ဟို၏တွေဝေမှုအား ပိုမိုကြီးထွားလာစေပြီး သူ့စိတ်ကိုလည်း ပိုမိုနာကျင်လာစေသည်။

တခဏကြာသော် မှတ်ဉာဏ်တစ်ခု ထွက်ပေါ်လာကာ သူ့ကို ဤသို့ပြောနေသည်။ သူက ဤကြယ်တာရာကောင်းကင်၌ တည်ရှိသော ဂိုဏ်းရာချီအနက်မှ ပင်လယ်ပြာဂိုဏ်း၏ ရွေးချယ်ခံဂိုဏ်းသားမန်ဟို ဖြစ်သည်။ သိပ်မကြာသေးခင်တုန်းက သူသည် ဆန်းကြယ်အိတ်လောကတစ်ခုထဲသို့ ရွေးချယ်ခံများနှင့် ဝင်ရောက်သွားခဲ့၏။

အဆိုပါဆန်းကြယ်အိတ်လောကသည် တစ်ခေတ်တစ်ခါတုန်းက ဖျက်စီးခံခဲ့ရသော လောက  .... အာကာပြင်ကျယ်ဟူ၍ အမည်တွင်သည်။

ထိုလောကသို့ ဝင်ရောက်နိုင်မည့် အရေအတွက်မှ အကန့်အသတ်ရှိသည့်အတွက် ဂိုဏ်းရာချီသည် ရွေးချယ်ခံအုပ်လိုက်ကြီးအား တစ်ပြိုင်တည်း ဝင်စေခဲ့လေသည်။

သို့သော် အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကအတွင်း၌ မထင်မှတ်ထားသောအရာတစ်ခု ဖြစ်ပျက်သွား၍ ရွေးချယ်ခံအများစု အသတ်ခံလိုက်ရသည်။ ပင်လယ်ပြာဂိုဏ်းမှအုပ်စုအနက် သူနှင့် ဂိုဏ်းတူအစ်ကိုကြီးချန်ဖန်းသာ လွတ်မြောက်လာခဲ့၏။

ကြည့်ရသရွေ့ အစ်ကိုကြီးချန်ဖန်းကြောင့် ဤအုပ်စုအား သူ့ကို ကယ်ဖို့ လွှတ်လိုက်ခြင်း ဖြစ်သယောင်ပင်။

ပထမတော့ သူ ပြန်မှတ်မိသော ဤမှတ်ဉာဏ်အားလုံးမှာ မရင်းနှီးသော်လည်း ချန်ဖန်းဆိုသောနာမည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် အရာအားလုံး ယုတ္တိရှိသွားသလို ခံစားလိုက်ရသည်။

“အစ်ကိုကြီးချန်ဖန်းရော ဘယ်မှာလဲ” သူက မေးသည်။

သူ့အမေးကို ဖြေသူမှာ သတ်လတ်ပိုင်းလူပင်။ သူသည် မန်ဟို့ကို နွေးထွေးစွာ ကြည့်လျက် ပြော၏။ “မင်းအစ်ကိုကြီးချန်ဖန်းကို ဂိုဏ်းဆီ ပြန်ခေါ်သွားပြီးပြီ။ ဟိုအာ ဆန်းကြယ်အိတ်လောကထဲမှာ ဖြစ်ခဲ့တာတွေအကုန်လုံး မင်းမှတ်မိလား”

မန်ဟိုက သတ်လတ်ပိုင်းလူကို ကြည့်ပြီး ဤလူသည် သူ့ဆရာဖြစ်ကြောင်း မှတ်မိလိုက်၏။ သူ့အမေးကြောင့် မန်ဟိုမှာ အတွင်းထဲ၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်တွေးကြည့်လိုက်သော်လည်း နာကျင်မှုက သူ၏စိတ်ကို ထိုးနှက်ပြန်သည်။ သူ့မျက်နှာပေါ်တွင် သွေးကြောများပင် ထောင်လာ၏။

“ထားတော့ ထားတော့” သက်လတ်ပိုင်းလူက သက်ပြင်းချကာ ဆိုသည်။ “တွေးကြည့်မနေနဲ့တော့။ မင်းအစ်ကိုကြီးချန်ဖန်းလည်း ဒီလိုပဲဖြစ်နေတာ။ အသက်ရှင်လျက် ထွက်လာသမျှ ရွေးချယ်ခံအားလုံး အကုန်ဒီလိုပါပဲ” ထို့နောက် သူသည် အင်္ကျီလက်စခါလျက် မန်ဟိုနှင့်အခြားသူများကို အဝေးသို့ ခေါ်‌ဆောင်သွားတော့သည်။

သူတို့တရိပ်ရိပ် ပျံသန်းနေစဉ် မိန်းကလေးက မန်ဟို့ကို တွဲပေးထားဆဲဖြစ်သည်။ သူမသည် သူ့အတွက် အလွန်စိတ်ပူလွန်း၍ သူတို့နှစ်ယောက် ကိုယ်ချင်းကပ်နေသည်ကို အခြားသူများမြင်မည်ကိုပင် စိတ်ထဲမထည့်ပုံရ၏။ စစချင်း မန်ဟိုမှာ အတော်လေးမသင့်တော်ဟု ခံစားရသော်လည်း သူ၏မှတ်ဉာဏ်များက ဤမိန်းကလေးသည် သူ၏တာအိုလက်တွဲဖော်ဖြစ်သလို၊ သူ့ဆရာ၏သမီးလည်း ဖြစ်ကြောင်း ပြောနေသည်။ သူတို့သည် နှစ်ပေါင်းများစွာ ပေါင်းသင်းခဲ့ပြီး သားတစ်ယောက်ပင် ထွန်းကားထားသည်ဟု ဆို၏။

“မဟုတ်ဘူး မဟုတ်‌သေးဘူး....” မန်ဟို့ခေါင်းမှာ ပို၍ပင်နာကျင်လာပြီး သူ၏မျက်ဝန်းများသည် တွေဝေနေ၏။ အချိန်တချို့ကြာသော် သူတို့အားလုံး ဂိုဏ်းသို့ ပြန်ရောက်သွားကြသည်။

ပင်လယ်ပြာဂိုဏ်းသည် မန်ဟို့အတွက် ရင်းနှီးနေသလိုလို၊ မရင်းနှီးနေသလိုလိုရှိသော ဂြိုဟ်တစ်လုံးအပေါ်၌ တည်ရှိ၏။

သူ ပြန်ရောက်လျှင်ချင်း ဂိုဏ်းတူများသည် သူ့ကို မြင်သွားကြပြီး ဝမ်းသာသွားကြပုံပေါ်သည်။ သူတို့က ကမန်းကတန်းအပြေးရောက်လာကြ၍ မကြာမီ လူအုပ်လိုက်ကြီး သူ့ကို အိမ်ပြန်လိုက်ပို့ပေးကြတော့သည်။ အိမ်ရောက်သော် အသက်ခုနစ်နှစ်၊ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က ‘ဖေဖေ’ ဟု ခေါ်ကာ သူ့ကို အပြေးလာဖက်၏။

အဖြစ်အပျက်အားလုံးက လွန်စွာစိမ်းနေသော်လည်း ချန်ဖန်းဆိုသည့် နာမည်က တစ်နည်းနည်းဖြင့် အရာအားလုံးကို မှန်ကန်နေသလို ဖြစ်နေစေသည်။

“မဟုတ်ဘူး ဒါမဟုတ်သေးဘူး။ တစ်ခုခုတော့ လွဲနေတယ်...” မန်ဟို့စိတ်မှာ တဆစ်ဆစ်နာကျင်နေပြီး ဘေးရှိ သူ၏ဇနီးနှင့်သားက သူ့ကို စိုးရိမ်စွာ ကြည့်နေကြလေသည်။

မန်ဟိုသည် အားတင်းပြုံးလိုက်ပြီး စိတ်သက်သာရာသက်သာစေကြောင်း ပြောပြီးနောက် တင်ပျဉ်ခွေထိုင်လိုက်၏။ ထို့နောက် မျက်မှောင်ကြုတ်လျက် သူ့ဘဝအကြောင်း ပြန်တွေးနေသည်။ သူ့အဖေသည် ဂိုဏ်း၏အကြီးအကဲတစ်ဦး ဖြစ်ပြီး သူက ထူးချွန်သောပါရမီနှင့် မွေးဖွားလာခဲ့၏။ ဂိုဏ်းသို့ တရားဝင်ဝင်ရောက်ပြီးနောက် အံ့ဖွယ်ပါရမီကြောင့် ရွေးချယ်ခံတစ်ဦး ချက်ချင်းဖြစ်လာခဲ့သည်။ လျင်မြန်စွာလည်း တိုးတက်လာခဲ့၍ ဤအခိုက်အတန့်တွင် သူ၏ကျင့်ကြံခြင်းအခြေခံကား ရှေးဟောင်းနယ်ပယ်၏အထွတ်အထိပ်သို့ ရောက်နေခဲ့လေပြီ။

သူ့ဇနီးက သူ့ဆရာ၏သမီးဖြစ်ပြီး သူတို့နှစ်ယောက်သည် ငယ်ရည်းစားများဖြစ်ကြ၏။ သူတို့လက်ထပ်သောအခါ ရွယ်တူတန်းတူများအကြား မနာလိုအားကျစရာဖြစ်ခဲ့သည်။

“မဟုတ်ဘူး ဒါမမှန်ဘူး...” မန်ဟိုက ခေါင်းခါရင်း တွေးသည်။ သူသည် မသိလိုက်ဘဲ မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ သူ့ဝမ်းဗိုက်အပေါ် ဖိချလိုက်၏။

“အဋ္ဌမမန္တန်”

ဘာမှမဖြစ်သွားပေ။ သူ့မှာ ဘာကြောင့် ‘အဋ္ဌမမန္တန်’ ဟု ပြောလိုက်မိသလဲ နားမလည်နိုင်၍ တအံ့တဩ ငုံ့ကြည့်လိုက်မိသည်။ ထို့နောက် သိုလှောင်အိတ်ကို မွှေနှောက်ရှာ၏။ အထဲရှိ အကုန်လုံးက မရင်းနှီးသော်လည်း ....

ကြေးမုံတစ်ချပ်....

ထိုကြေးမုံကတော့ ရင်းနှီးနေသည်။

“ဒါက ဘာပါလိမ့်” မန်ဟိုက တအံ့တဩ တွေးသည်။ ထို့နောက် စောစောက နိုးလာတုန်းက ဤကြေးမုံကို ဆုပ်ကိုင်ထားခဲ့ကြောင်း သူ မှတ်မိလိုက်၏။

“ဆန်းကြယ်အိတ်လောကထဲမှာ ငါ ကောက်ရခဲ့တာဟာ များလား” သူက ကြေးမုံကို ဆွဲထုတ်ကာ လှန်လှောကြည့်လိုက်သည်။ ရင်းနှီးသောခံစားချက် တစ်ဖန်ပေါ်ထွက်လာပြန်သည်။

ဤကမ္ဘာနှင့် သူ မရင်းနှီးပေ။ လူတိုင်းကလည်း သူစိမ်းလို ဖြစ်သော်လည်း ရင်းနှီးနေသလိုလည်း ရှိနေသည်။ သူ၏မှတ်ဉာဏ်များက ထူးဆန်းသော်လည်း ဤကြေးမုံကတော့ ထိုသို့မဟုတ်။ သူ့အတွက် အလွန်အရေးပါသည့်အလား အလွန်ရင်းနှီးနေသည်။

“ဘာတွေ ဖြစ်နေတာလဲကွာ..” မန်ဟိုမှာ အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်တိုလာ၍ သူ့ဇနီးက သားဖြစ်သူကို အခန်းအပြင်သို့ ခေါ်ထုတ်သွားပြီး သူ့အား တစ်ယောက်တည်း ထားခဲ့လေသည်။

အတန်ကြာသော် သူ၏မျက်လုံးများ နီရဲလာသည်။ နဖူးကို လက်ဖြင့် လှမ်းရိုက်ဖို့ ပြင်နေစဉ်မှာပဲ တံခါးခေါက်သံ ကြားလိုက်ရ၏။ စိုးရိမ်နေသောအသံတစ်သံလည်း ထွက်လာသည်။

“ညီလေး အစ်ကိုကြီး ဝင်လာပြီနော်” တံခါးပွင့်လာပြီး လူငယ်တစ်ယောက်သည် ရှေးဆန်သောခံစားချက်ကို ထုတ်လွှတ်လျက် ဝင်လာ၏။ သူက အတိတ်ကို ပြန်တွေးနေသည့်အလား ရှုပ်ထွေးနေသောခံစားချက်များဖြင့် မန်ဟို့ကို ကြည့်သည်။

မန်ဟိုက ခေါင်းမော့ကြည့်လိုက်ကာ လူငယ်သည် သူ၏မှတ်ဉာဏ်များအထဲတွင်သာမက သူ့စိတ်၏အနက်ရှိုင်းဆုံးရှိ တစ်နေရာတွင် တည်ရှိနေသည့်အလား လူငယ်ကို တန်းမှတ်မိလိုက်လေသည်။

“အစ်ကိုကြီးချန်ဖန်း....”

All Chapters