← Chapters

ရှင်းလင်းစွာ မသိရှိမှု

Vol. 108 Ch. 1507

ရှင်းလင်းစွာ မသိရှိမှု

Vol. 108 Ch. 1507

ရောက်လာသည့်လူကား ချန်ဖန်းမှတစ်ပါး အခြားမဟုတ်ပေ။

မန်ဟို့မျက်ဝန်းထဲရှိ တွေဝေမှုများ ပိုမိုကြီးထွားလာသည်။ ဤချန်ဖန်းကို သူ မရင်းနှီးခြင်းမဟုတ်၊ သူ့ကို သိကြောင်း သေချာသည်။ ချန်ဖန်းသည် မန်ဟို၏မှတ်ဉာဏ်များအတွင်း၌ တည်ရှိသည်သာမက သူ၏အလိုလိုသိစိတ်ထဲတွင်လည်း နေရာတစ်နေရာယူထား၏။

ချန်ဖန်း ဝင်လာပြီး သူ့အရှေ့၌ တင်ပျဉ်ခွေထိုင်နေစဉ် မန်ဟိုမှာ ခေါင်းကိုက်လာသည်။ ချန်ဖန်းသည် ပွက်ပွက်ဆူနေသော အိုးထဲ ရေစက်ကျသွားသလို သူ၏စိတ်အား သောင်းကျန်းအုံကြွလာစေ၏။

ဖြစ်ပေါ်လာသောပေါက်ကွဲမှုက ပြန့်ကြဲနေသော မှတ်ဉာဏ်များအား မန်ဟို့စိတ်ကို ဖြတ်၍ စီးဆင်းသွားစေသည်။ ၎င်းတို့သည် ဆိုင်ကလုံးမုန်တိုင်းသဖွယ် သူ၏အတွေးများကို ရိုက်ခတ်နေပြီး တစ်ခုမှအဆက်အစပ်မရှိသော်လည်း မှတ်ဉာဏ်တိုင်းက ချန်ဖန်းကို ဖော်ပြနေလေသည်။

၎င်းတို့သည် တခြားဘဝမှ မှတ်ဉာဏ်များအလားဖြစ်နေရာ မန်ဟို့အား တုန်ရီလာစေပြီး မျက်လုံးများ နီရဲလာစေ၏။ မိစ္ဆာချီသည် ပေါက်ကွဲထွက်လာကာ နောက်ဆုံးတော့ သူက လက်သီးဆုပ်၍ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လျက် ဟိန်းဟောက်လိုက်သည်။ ထိုစွမ်းအားကား ရှေးဟောင်းနယ်ပယ်စွမ်းအားမဟုတ်၊ အနှစ်သာရ ၉ ခု အထွတ်အထိပ်စွမ်းအားပင်။

သူတို့ပတ်ပတ်လည်ရှိ အခန်းမှာ ပျက်စီးနေသော်လည်း ချန်ဖန်းအပေါ် သက်ရောက်မှုအနည်းငယ်မှ မရှိပေ။ ချန်ဖန်းသည် ‌ရှေ့သို့ကိုင်း၍ မန်ဟို့ပခုံးနှစ်ဖက်အား ဆုပ်ကိုင်ကာ အော်၏။ “ညီလေး”

မန်ဟိုမှာ ချန်ဖန်းကို စိုက်ကြည့်ရင်း အသက်ရှူမြန်လာသည်။ သူ့စိတ်ထဲတွင် ကယောက်ကယက်အတွေးများ ထကြွနေ၏။ သူ့မှာ ဖြစ်ပျက်နေသောအရာကြောင့် ရူးချင်သလို ဖြစ်နေသည်သာမက အသံတစ်သံက သူ့ကို အော်ပြောနေသ‌ယောင်ပင်။ သို့သ်ော ထိုအသံကို သူ သဲသဲကွဲကွဲမကြားရ။

မန်ဟို၏ကျင့်ကြံခြင်းအခြေခံ ပေါက်ကွဲထွက်လာသဖြင့် တစ်ဂိုဏ်းလုံး တုန်လှုပ်သွားပြီး လူပေါင်းများစွာ စိုးရိမ်တကြီး ပျံသန်းလာကြသည်။

“ညီလေး စိတ်နဲ့ကိုယ်ကပ်စမ်း” ချန်ဖန်းက ဟိန်းဟောက်သည်။

“အဲ့ဒါတွေတစ်ခုမှ အစစ်မဟုတ်ဘူး။ အာကာပြင်ကျယ်စကြဝဠာမှာ မင်းတွေ့ခဲ့ရသမျှအကုန်လုံးက အတုအယောင်တွေ

“အခု မင်း တကယ့်ကမ္ဘာကို ပြန်ရောက်လာခဲ့ပြီ။ အာကာပြင်ကျယ်ဆိုတာ ဟိုးခေတ်ပေါင်းများစွာတုန်းက ပျက်စီးသွားခဲ့တဲ့နေရာ၊ ဆန်းကြယ်အိတ်လောကတစ်ခုထက် မပိုဘူးကွ”

ချန်ဖန်း၏အော်သံသည် ကျယ်သထက်ကျယ်လာပြီး မန်ဟို၏စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာ၏။ မန်ဟိုမှာ ပို၍ပင်အသက်ရှူမြန်လာကာ မျက်လုံးများပိုရဲလာသည်။ သူ့စိတ်ထဲတွင် ဖြတ်ပြေးနေသော မှတ်ဉာဏ်များ တစတစများပြားလာ၏။

ပထမတစ်စက္ကန့်၌ ဤကမ္ဘာသည် စိမ်းနေသော်လည်း ရင်းနှီးနေသလို ရှိသည်။ နောက်တစ်စက္ကန့်၌ ရင်းနှီးသွားသော်လည်း စိမ်းနေသလို ရှိပြန်သည်။ ထို့ကြောင့် ဘယ်အရာက အစစ်အမှန်လဲ သူ မပြောတတ်တော့။

“အစစ်မဟုတ်ဘူးတဲ့လား” သူက အက်ကွဲစွာမေးသည်။ စကားပြောနေသည့်က သူပင် မဟုတ်သည့်အလား သူ့အသံကိုပင်သူ စိမ်းနေသည်။ အသံသည် သတ္တုချင်းပွတ်တိုက်သွားသလို အက်ကွဲဩရှနေ၏။

“အစစ်မဟုတ်ဘူး” ချန်ဖန်းက ပြန်ဖြေသည်။ “အဲဒါက ငါတို့အားလုံး အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကမှာ ကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ။ မင်းတစ်ယောက်တည်း ဖြတ်သန်းခဲ့ရတာမဟုတ်ဘူး။ ငါလည်း ခံစားခဲ့ရတယ်။ တကယ်တော့ ဆန်းကြယ်အိတ်လောကကနေ လွတ်မြောက်လာတဲ့လူတိုင်း အဲဒီလိုပဲ ခံစားခဲ့ရတာ”

သူသည် မန်ဟို၏ပခုံးကို ဆုပ်ကိုင်ကာ စိုးရိမ်စွာ ဆက်ပြော၏။ “ဂိုဏ်းရာချီက လွှတ်လိုက်တဲ့ ရွေးချယ်ခံအုပ်စုဟာ ဆန်းကြယ်အိတ်လောကထဲကို အတူတူ ဝင်ခဲ့ကြတယ်။ ဝင်ဝင်ချင်း ဇာတ်လမ်းတစ်ပုဒ်ထဲ အဆွဲသွင်းခံလိုက်ရလိမ့်မယ်လို့ ဘယ်သူထင်မှာတုန်း။ အေး ကောင်းကျိုးတွေလည်း ရှိတာပေါ့ကွာ၊ ဥပမာ မင်းနဲ့ငါဆို ရှုပ်ထွေးနေတဲ့ဇာတ်လမ်းထဲမှာ ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းစဉ်ကို ရှာတွေ့ခဲ့တယ်လေ”

မန်ဟို့မျက်လုံးများ၏ ရှုပ်ထွေးနေမှုမှာ ပိုမိုအားကောင်းလာသည်။ ချန်ဖန်းကို သူ ယုံသော်လည်း တစ်စုံတစ်ခုက သူ့ကို အော်ဟစ်နေ၍ မူမမှန်သည့်ခံစားချက်အား သူ မဖယ်ထုတ်နိုင်သေးပေ။

“မိန်းမတစ်ယောက်ကို ကျွန်တော် မှတ်မိတယ်” မန်ဟိုက လွှတ်ခနဲ ပြောမိလိုက်သည်။ “သူ...”

“သူ့နာမည်က ရှုချင်မလား” ချန်ဖန်းက ကြားဖြတ်ပြောသည်။ မန်ဟို ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ရှုချင်ဆိုသည့်နာမည် သူ့စိတ်ထဲ ဝင်ရောက်လာလျှင်ချင်း သူ့တစ်ကိုယ်လုံး တုန်ရီသွားလေသည်။ သူ့မျက်နှာအပေါ်ရှိ ရုန်းကန်နေသောအမူအရာသည် ပို၍ပြင်းထန်လာ၏။ သူ့မှာ အိပ်မက်ဆိုးထဲ ကျသွားသလို ခံစားလိုက်ရသည်။

“သေချာစဉ်းစားပါဦး” ချန်ဖန်းက ပြောသည်။ “မင်း တွေးနေတဲ့ ရှုချင်က ရေတာအိုဂိုဏ်းက ရှုချင်ဆိုတာ မင်း သဘောပေါက်လာလိမ့်မယ်။ ညီလေး၊ မင်းနဲ့ ရေတာအိုဂိုဏ်းက ရှုချင်ကြားမှာ ပတ်သက်မှုတစ်ခု ရှိခဲ့ပေမယ့် အဆုံးသတ်မှာ သူက မင်းကို မဟုတ်ဘဲ အင်မော်တယ်လမ်းစဉ််ကို ရွေးချယ်သွားခဲ့တာလေ” ချန်ဖန်းစကားပြောနေစဉ် မန်ဟို့စိတ်ထဲ၌ မှတ်ဉာဏ်များ ပေါ်ထွက်လာသည်။ ရှုချင်သည် ပင်လယ်ပြာဂိုဏ်းသူဖြစ်ခဲ့ကြောင်း သူ မှတ်မိလိုက်၏။ သို့သော် အခြေအနေအရပ်ရပ်ကြောင့် သူမသည် တခြားဂိုဏ်းသို့ ဝင်ရောက်ကာ သူနှင့်အဆက်အသွယ် ဖြတ်ခဲ့လေသည်။

“မဟုတ်သေးဘူး” မန်ဟိုက ခပ်တိုးတိုးရေရွတ်သည်။ “ဖက်တီးနဲ့ ဝမ်ယိုချိုင်လည်း ရှိသေးတယ်။ ကျွန်တော့် အဖေ၊ အမေနဲ့ အစ်မရော။ စွန်းဟိုက်နဲ့ ကျွန်တော့်ဆရာဆေးလုံးမိစ္ဆာရော ဘယ်မှာလဲ...” သို့သော် သူ့စိတ်ထဲတွင် မှတ်ဉာဏ်များပေါ်လာကာ ယခုလေးတင် သူပြောလိုက်သည့် လူတိုင်း၏ပုံရိပ်များကို မြင်လိုက်ရကြောင်း သူ ဝန်ခံရလိမ့်မည်။

သူတို့အားလုံးနီးပါးများသည် ဂိုဏ်းရာချီမှ ကျင့်ကြံသူများဖြစ်ပြီး အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောက ထဲသို့ ဝင်ရောက်ခဲ့ကြ၏။

“တကယ်ပဲ အားလုံးက အတုအယောင်တွေလား..” မန်ဟိုက ခါးသီးစွာ ရေရွတ်လိုက်သည်။

ချန်ဖန်းကလည်း ခံစားချက်များရှုပ်ထွေးနေလျက် ခေါင်းညိတ်သည်။

“ညီလေး” သူက မန်ဟို့ပခုံးကို ဆုပ်ရင်း နူးညံ့ပျော့ပျောင်းစွာ ပြောလေသည်။ “မင်း အာကာပြင်ကျယ်ထဲမှာ ပိတ်မိနေခဲ့တာ အစ်ကိုကြီးထက် ပိုကြာတယ်။ ဒါကြောင့် ဒီလောက်တွေဝေနေပြီး အပြည့်အဝနိုးလာဖို့ ကြာနေတာပဲ

“အစ်ကိုကြီးလည်း နိုးနိုးချင်း မင်းလို သံသယတွေ ဝင်ခဲ့တယ်ကွာ။ ပြန်နိုးမလာချင်ဘဲ ရှုပ်ထွေးနေတဲ့ခံစားချက်တွေနဲ့ အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကထဲတောင် ပြန်ဝင်ချင်ခဲ့မိတယ်

“တခြားလူတွေကတော့ မင်းခံစားချက်တွေကို နားလည်မှာမဟုတ်ဘူး။ ဒါမဲ့ အစ်ကိုကြီးတော့ နားလည်ပါတယ်” ချန်ဖန်းသည် ဂရုစိုက်ကြင်နာနေသောအမူအရာဖြင့် မန်ဟို့ကို ကြည့်လေသည်။

မန်ဟိုက တိတ်ဆိတ်နေသော်လည်း သူ၏မျက်လုံးများက တွေဝေနေဆဲဖြစ်၏။ သူ့ကို ပြောပြနေသည့်စကားများကို သူ မယုံချင်သည့်တိုင် .... သူ၏ပတ်ပတ်လည်ရှိ အရာအားလုံးက အလွန်စွာအသက်ဝင်နေလေသည်။ သူ့ပတ်ဝန်းကျင်မှ လူများကို သူ့မှတ်ဉာဏ်ထဲတွင် မြင်ရသည်။ အထူးသဖြင့် သူ ရှုချင်ကို တမ်းတမ်းစွဲဖြစ်နေခဲ့တုန်းကပင် သူ့ကို အမြဲဂရုစိုက်ပေးခဲ့သော သူ့ဇနီးပင်။

ထို့နောက် သူ့အသွေးအသား၊ သူ့သား။ နတ်ဘုရားအာရုံမှတစ်ဆင့် ကောင်လေး၏သွေးကြောများတွင် သူ့သွေးစီးဆင်းနေကြောင်း မန်ဟို ပြောနိုင်သည်။

အစစ်နှင့်အတူဆုံးကတော့ ချန်ဖန်းပင်။

“ဒါပေမဲ့... တောင်ပင်လယ်...” သူ စကားပြောမဆုံးခင် ချန်ဖန်းက ကြားဖြတ်ပြောသည်။

“တော်သင့်ပြီ” ချန်ဖန်းသည် မျက်ရည်များဝဲလျက် မန်ဟို့ပခုံးကို တင်းတင်းဆုပ်ကိုင်ရင်း ပြောလေသည်။ “ညီလေး မင်း နိုးထလာမှဖြစ်မယ်။ အဲဒါတွေအားလုံးက အတုအယောင်တွေကွ။ မင်း တောင်ပင်လယ်လောကအကြောင်း ပြောတော့မှာ ငါ သိပါတယ်။ ဘာကြောင့်လဲဆိုတော့ အာကာပြင်ကျယ်ထဲ ငါတို့အားလုံး ဝင်လိုက်တော့ ပထမဆုံးရောက်သွားကြတာက တောင်ပင်လယ်လောကအပျက်အစီးမလို့ပဲ

“ငါတို့နှစ်ယောက်လုံး တစ်နေရာတည်းကို စုပ်ယူခံလိုက်ရတယ်လေ။ တောင်ပင်လယ်လောကအပြင် မှီခိုရာဂိုဏ်းကိုလည်း ငါ မှတ်မိပါတယ်။ အဲဒီတုန်းကလည်း ငါက မင်းရဲ့ဂိုဏ်းတူအစ်ကိုကြီးပဲ ဟုတ်တယ်မလား”

မန်ဟိုက အသက်ပြင်းပြင်းရှူ၍ ချန်ဖန်းအား မော့ကြည့်သည်။

“အကုန်လုံးက အတုအယောင်တွေပါကွာ ညီလေးရာ” ချန်ဖန်းက ပြောသည်။ “‌ငါတို့ရောက်နေတုန်းက တောင်ပင်လယ်လောကဟာ မပျက်စီးသေးဘူး။ ဟိုးတစ်ချိန်တုန်းက အာကာပြင်ကျယ်စကြဝဠာ တည်ရှိခဲ့တာမှန်တယ်။ အဲဒီစကြဝဠာထဲမှာ တောင်ပင်လယ်လောကတစ်ခုလည်း ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာနေခဲ့သူတွေဟာ မင်းနဲ့ငါ မဟုတ်ဘူး ညီ‌လေး

“အကုန်လုံးက အိပ်မက်၊ တောင်ပင်လယ်တွေရဲ့အိပ်မက်ပဲ။ ငါတို့အားလုံး ရှေးခေတ်ကို ပြန်အခေါ်ခံလိုက်ကြရတာ” ချန်ဖန်း၏စကားတစ်ခွန်းတိုင်းက မန်ဟို့စိတ်ကို မိုးကြိုးလို ပစ်ချနေသည်။ “တွေးမနေနဲ့တော့။ အကုန်လုံးက အတုအယောင်တွေလေ။ အခု မင်းပတ်ပတ်လည်ကို ကြည့်လိုက်၊ အဲဒါမှ အစစ်အမှန်တွေပဲ”

“ဒါအကုန်လုံးက အစစ်အမှန်တွေလား” မန်ဟိုက ခပ်တိုးတိုးရေရွတ်လိုက်ပြီး မျက်လုံးများပိတ်လိုက်သည်။ အာကာပြင်ကျယ်စကြဝဠာအကြောင်း တွေးဖို့ ကြိုးစားတိုင်း သူ့ဦးနှောက်အား လွန်သွားနှင့် ထိုးလိုက်သလို နာကျင်ရလေသည်။

“အေး အစစ်အမှန်တွေပဲ” ချန်ဖန်းက အခိုင်အမာပြန်ဖြေသည်။ တစ်ယောက်ယောက်သာ သူ့ကို အယုံသွင်းဖို့ ကြိုးစားခဲ့လျှင် မန်ဟို သူတို့ကို ယုံကြည်ခဲ့မည်မဟုတ်ပေ။ သို့သော် ဤလူသည် ချန်ဖန်းဖြစ်ပြီး ရှင်းရှင်းလင်းလင်းမှတ်ဉာဏ်များတွင်သာမက၊ ဝိုးတိုးဝါးတားမှတ်ဉာဏ်များတွင်ပါ သူ့အစ်ကိုကြီးသည် သူ့ကို အမြဲဂရုစိုက်ခဲ့ကြောင်း သူ မှတ်မိသည်။

မန်ဟိုက ခါးသီးစွာ ပြုံးရင်း အသက်ရှူသွင်းလိုက်၏။ “အစ်ကိုကြီး ကျွန်တော် နားလည်ပါပြီ။ အာကာပြင်ကျယ်လောကရဲ့ အိပ်မက်ထဲ နစ်မြောသွားပြီး အိပ်မက်ကလည်း အရမ်းအသက်ဝင်လွန်းတော့ ဘယ်ဟာက အစစ်လဲ၊ ဘယ်ဟာက အတုလဲ ကျွန်တော် မခွဲခြားတတ်ဘူးဖြစ်သွားတယ်”

မန်ဟို့မျက်လုံးများသည် နီရဲနေပြီး သူ့မှာ ယခင်ထက် ပိုမိုအသက်ကြီးသွားဟန်ဖြင့် မောဟိုက်နေ၏။

“ကျွန်တော့်ကို အချိန်နည်းနည်းလောက်ပေးပါ အဆင်ပြေသွားပါလိမ့်မယ်” သူက တိုးတိုးပြောလိုက်သည်။

ချန်ဖန်းသည် သူ့ကို ကြည့်၍ သူ့ပခုံးအား ပုတ်ပြီးနောက် ထရပ်လိုက်၏။

“ကောင်းကောင်းအနားယူ။ ဒီနေရာက ... အစစ်ဆိုတာကိုလည်း အမြဲမှတ်ထား။ မင်းက တောင်ပင်လယ်လောကက မန်ဟိုမဟုတ်ဘူး။ မင်းက အာကာပြင်ကျယ်ရဲ့အပြင်က ပင်လယ်ပြာဂိုဏ်းရဲ့ ထူးချွန်ဂိုဏ်းသားတစ်ယောက်။ မန်ဟို မင်းက အာကာပြင်ကျယ်စကြာဝဠာပေါင်းစုရဲ့ ဂိုဏ်းရာချီက ရွေးချယ်ခံတစ်‌ယောက် အဲဒါကို မှတ်ထား”

မန်ဟိုက ခေါင်းမညိတ်ချင်ညိတ်ချင် ညိတ်လိုက်သည်။ သို့သော် မည်သူမှ မသိနိုင်လောက်သော အရာတစ်ခု ဖြစ်ပျက်နေ၏။ သူ့သိုလှောင်အိတ်ထဲရှိ ကြေးမုံက မန်ဟို့ကိုယ်ထဲသို့ အပူလှိုင်းတစ်လှိုင်းအား ထုတ်လွှတ်နေသည်။ အပူလှိုင်းသည် မန်ဟို့ကိုယ်ထဲတွင် လှည့်ပတ်စီးဆင်းရင်း မန်ဟို့အား စိတ်တည်ငြိမ်လာစေ၏။ နောက်ဆုံးတော့ ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများမှာ စိတ်သက်သာရာရသွားသော်လည်း သူ့ကို စိုးရိမ်စွာ ကြည့်နေကြဆဲပင်။

ချန်ဖန်းသည် မန်ဟို့ကို လေးလေးနက်နက် ကြည့်၍ ခြေကုန်လက်ပန်းကျနေသောပုံစံဖြင့် လှည့်ထွက်သွား၏။ သူ ထွက်သွားပြီးနောက် မန်ဟို့ဇနီးသည်နှင့်သားက အင်မတန်စိတ်ပူနေဟန်ဖြင့် ပြန်ဝင်လာသည်။ ကောင်လေးမှာ သူ့အဖေကို စိမ်းနေသည့်အလား အတန်ငယ်ကြောက်နေသောပုံစံဖြင့် ဘေး၌ရစ်သီရစ်သီ လုပ်နေသည်။

“အဆင်ပြေပါတယ်” မန်ဟိုက မျက်လုံးဖွင့်ကာ ပြောသည်။ “မပူပါနဲ့” သူက အားတင်းပြုံးလိုက်လေသည်။

ရက်အနည်းငယ်ကြာသွားသည်။ ထိုအချိန်အတွင်း ဂိုဏ်းသားများစွာ လာ‌ရောက်သတင်းမေးကြ၏။ အများစုက သူ့ကို ဂရုစိုက်ကြပုံပေါ်သော်လည်း အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကထဲတွင် သူ့ကို သေသွားစေချင်နေသည့် လူတချို့လည်း ရှိလေသည်။

မန်ဟို့မှတ်ဉာဏ်များထဲ၌ ထိုလူများ ထိုကဲ့သို့ပြုမူနေသည်ကို မမြင်ခဲ့ရသော်လည်း ယခုတော့ တစ်ချက်လေးကြည့်လိုက်ရုံနှင့် သူတို့၏ခံစားချက်အစစ်မှန်ကို သူ ခံစားရလေသည်။

သူ့ဆရာလည်း လာသည်။ ဂိုဏ်း၏ အကြီးအကဲများလည်း အလားတူပင်။ သူတို့အားလုံးသည် ဟိုဟိုသည်သည် မေးမြန်းကြပြီး သူ့အား အားပေးကြ၏။

ချန်ဖန်းသည် မကြာခဏ အလည်လာ၏။ လာတိုင်း မန်ဟို့အရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ ပင်လယ်ပြာဂိုဏ်းနှင့် အာကာပြင်ကျယ်စကြဝဠာပေါင်းစုမှ မှတ်ဉာဏ်များအား သူ မှတ်မိအောင် စကားပြောရင်း ကူညီပေးလေသည်။

အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကအကြောင်း ပြောတိုင်း သူတို့အားလုံး သက်ပြင်းချတတ်ကြသည်။

တဖြည်းဖြည်း မန်ဟိုသည် သူ၏ဘဝကို လက်ခံလိုက်သော်လည်း တွေဝေမှုက သူ့ရင်ထဲ၌ ကိန်းအောင်းနေဆဲဖြစ်သည်။

တစ်လကြာသောအခါ မန်ဟို အကောင်းအတိုင်း သက်သာလာပြီဟု လူတိုင်း ယုံကြည်သွားကြ၏။ မိုးသည်းသောတစ်ညတွင် မန်ဟိုက သူ့ဇနီးကို ကြည့်ရင်း တရားထိုင်နေလေသည်။ ထို့နောက် သူသည် ရုတ်တရက် ထရပ်ပြီး မိုးရေထဲ လမ်းလျှောက်ထွက်သွား၏။ သူ့မျက်ဝန်းများအတွင်း၌ တွေဝေနေမှုက အမြစ်တွယ်နေသည်။

မိုးရေထဲတွင် ခပ်ဆတ်ဆတ်လေတစ်ချက်က ခြံထဲရှိ သစ်ပင်များကြားမှ ဖြတ်လာရင်း သူ့ဆံပင်များကို ပင့်မလိုက်သည်။

“ဒီနေရာက တကယ်ပဲ အစစ်လား...” သူက တွေးသည်။

“ဘာကြောင့် အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကမှာ ဖြစ်ပျက်ခဲ့တာတွေကို ငါ မမေ့နိုင်တာလဲ။ ငါ မေ့မရတဲ့ မျက်နှာတွေအများကြီး ရှိနေတဲ့အပြင် တောင်ပင်လယ်လောကအကြောင်းလည်း အမြဲတွေးနေမိတယ်.. ဘာကြောင့်များလဲ” မန်ဟိုသည် လက်ကိုဆန့်လိုက်ရာ မိုးတစ်ပေါက်က သူ့လက်ဝါးအပေါ် ကျလာ၏။ ၎င်းက သူ့အရိုးထဲအထိ ဖောက်ဝင်သွားသယောင်ပင်။

All Chapters