← Chapters

ရှုံးလင်လိ၏ ဆရာများ

Vol. 12 Ch. 159

ရှုံးလင်လိ၏ ဆရာများ

Vol. 12 Ch. 159

ဝုန်းဟူသောအသံနှင့်အတူ မြေကြီးသည် တုန်ခါသွားလေသည်။ လီချန်ရှို့သည် နေရာမှမရွေ့ဘဲ အကင်းပါးစွာပြုလုပ်လိုက်ခြင်းပင်။ သူ၏ လက်ဝဲလက်သည် မိန်းမပျိုလေး၏ ခေါင်းလေးကိုဖိထားလေသည်။ သူသည် သူမ၏မျက်နှာကို မြက်ခင်းနှင့် မိတ်ဆက်ထား၏။

သူသာ လျင်လျင်မြန်မြန်မတုံ့ပြန်ခဲ့လျှင် သူမသည် ‘ ပင်လယ်စောင့်နတ်မင်း ’ဟု အော်လိုက်ပေမည်။

‘ ငါဘာလုပ်ရမလဲ ’

‘ သူက ‘ဟိုင်’လို့ ပြောတာဆိုတော့ ငါက ဟယ်လိုလို့ ပြန်ပြောရမှာလား ’

( ‘ဟိုင်’ ဆိုသောစကားလုံးသည် တရုတ်စကားတွင် ပင်လယ်ဟု အဓိပ္ပာယ်ရပြီး ဟိုင်းဟူသော နှုတ်ဆက်စကားနှင့် အသံဆင်သည် )

မျက်လုံးများစွာက စောင့်ကြည့်နေသဖြင့် သူသည် သမာဓိမီးတောက်ကိုသုံး၍ သူမကို လက်စတုံးပစ်ရန် မဖြစ်နိုင်ပေ။

ရုတ်ခြည်းအတွင်းမှာပင် လီချန်ရှို့ ဆုံဖြတ်ချက်တစ်ခု ချလိုက်၏။

သူသည် နတ်အာရုံကိုသုံး၍ မိန်းမပျိုလေးထံသို့ လျှို့ဝှက်အသံပို့လွှတ်လိုက်လေသည်။ သို့သော် အပြင်တွင်မူ အံ့အားသင့်သွားသော မျက်နှာထားဖြင့် အော်ပြောလိုက်၏။

“ လင်လိ... ညီမ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ ”

သူ လျှို့ဝှက်အသံပို့လွှတ်လိုက်သည်။

“ မင်း အဲ့စကားနှစ်လုံးကိုသာ ပြောဝံ့ရင် ငါ မင်းတို့ရဲ့ ရွာလူကြီးကိုခေါ်ပြီး မင်းကိုမနက်ဖြန်ချက်ချင်း အပြစ်ပေးခိုင်းလိုက်မယ်။ မြန်မြန်... ငါ့ကိုအစ်ကိုဝမ်းကွဲဆိုပြီး ခေါ်လိုက်။ ငါ့မှာ ရှုံးရွာရဲ့ သေရေးရှင်ရေးနဲ့ဆိုင်တဲ့ အရေးကြီး လုပ်စရာတစ်ခုရှိတယ်။ မင်းသာ ငါဘယ်သူဆိုတာ ဖော်လိုက်ရင် ရှုံးရွာ အန္တရာယ်ရှိသွားနိုင်တယ်။ မင်းနားလည်တယ်ဆိုရင် နှာသုံးကြိမ် မှုတ်ပြပါ ”

ရှုံးလင်လိသည် တုန်လှုပ်သွားပြီး မြေကြီးနှင့်မျက်နှာကပ်နေရင်းမှာပင် နှာမှုတ်ပြလိုက်လေသည်။

‘ သူက တကယ်နားလည်တာလား ’

ထိုအခိုက်တွင် သူ့ဘေးရှိ အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းမှသူများသည် ရုတ်ရုတ်သဲသဲဖြစ်နေပေပြီ။ သူတို့သည် မျက်မှောင်ကြုတ်၍ လီချန်ရှို့ကို ကြည့်နေ၏။ ရှုံးလင်လိနှင့်အတူ လျှောက်လာသော တပည့်များသည်လည်း အံ့အားသင့်သွားကြ၏။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ လူတိုင်းသည် လီချန်ရှို့ကိုကြည့်လိုက်ကြသည်။

လီချန်ရှို့သည် ဖိထားသည်ကို လွှတ်ပေးလိုက်ပြီး ပြုံးလိုက်၏။ သူသည် အတန်ငယ် ဝမ်းသာနေပုံရ၏။

ရှုံးလင်လိသည် လက်နှစ်ဖက်ထောက်၍ သူမ၏မျက်နှာကို မြေကြီးအတွင်းမှ ဆွဲထုတ်လိုက်လေသည်။

သူမ၏ မျက်တောင်ရှည်ကြီးများဖြင့် ချစ်စဖွယ်မျက်နှာလေးသည် ယခုတွင် မြေကြီးများ၊ မြက်များဖြင့် ပေကျံနေလေတော့သည်။ သို့သော် သူမသည် လီချန်ရှို့ကို စိတ်လှုပ်တရှားကြည့်လိုက်ပြီး အော်ပြောလိုက်၏။

“ ဘယ်လိုလုပ်... ”

လီချန်ရှို့ သူမကို စိုက်ကြည့်လိုက်ရာ ရှုံးလင်လိသည် ချက်ချင်းပင် စကားစသတ်သွား၏။

သူမခေါ်လိုက်သည်။

“ အစ်ကိုဝမ်းကွဲ... ”

“ အာ..လင်လိ.. အစ်ကို ညီမကို မတွေ့တာတောင် နှစ်တော်တော်ကြာပြီ။ ညီမက ပိုအရပ်ရှည်လာတာပဲ ”

လီချန်ရှို့ပြုံး၍ ပြောလိုက်သော်လည်း ရှုံးလင်လိသည် ခေါင်းညိတ်ရုံသာညိတ်လိုက်၏။ သူမသည် အလိုလိုနေရင်း မျက်လုံးများနီရဲလာပြီး ခပ်ဖွဖွ ရေရွတ်လိုက်၏။

“ ညီ...ညီမက အစ်ကို့ကို သစ္စာဖောက်တာမဟုတ်ပါဘူး... ”

ဘေးရှိ တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သိပ်၍ အရေးမပါသော တပည့်ငယ်များအားလုံးသည် နားမလည်နိုင်ဖြစ်ကုန်ကြ၏။

လမ်းတစ်လျှောက်လုံးတွင် လီချန်ရှို့နှင့် လာမတွေ့ခဲ့သော ကျိုးကျိုးသည် ထရပ်လိုက်ပြီး လီချန်ရှို့ကို လှမ်းကြည့်လိုက်သည်။ ယုံချင်ရွှမ်းယာလည်း ထို့အတူပင်။ သူမ၏ မျက်နှာထားသည် အေးစက်နေပေသည်။

‘ ဘာတွေဖြစ်နေတာလဲ ’

လီချန်ရှို့ လျှို့ဝှက်တွက်ချက်လိုက်၏။ သူသည် တောင်သမုဒ္ဒရာ၏ ပင်လယ်စောင့်နတ်မင်းဖြစ်ကြောင်း ပေါ်သွားမည်ထက် ဝှက်ဖဲအနည်းအကျဉ်းကိုသာ ထုတ်ပြသည်က ပိုကောင်းသည်ဟု တွေးလိုက်၏။

ကျောက်စိမ်းဧကရာဇ်၏ အထင်ကြီးမှုကို ဆက်ခံနေရစေရန် ပင်လယ်စောင့်နတ်မင်းသည် တပည့်ငယ်လေးတစ်ဦးဖြစ်ကြောင်း ပေါ်သွား၍မရပေ။ ထို့ပြင် သူသည် ပင်လယ်စောင့်နတ်မင်းဖြစ်ကြောင်း ပေါ်သွားလျှင် အနောက်ကျောင်းတော်၏ ပစ်မှတ်ထားခြင်းကိုလည်း ခံရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏အသက်အန္တရာယ်စိုးရိမ်ရလေသည်။ လီချန်ရှို့သည် ရှုံးလင်လိ မျက်ရည်ဝဲဝဲဖြင့် ပြောလိုက်သောစကားကို ရေလိုက်ငါးလိုက် ဆက်တုံ့ပြန်ရန်သာ ရှိလေတော့သည်။

“ အာ... အဲ့ချိန်တုန်းက အစ်ကို ကိုယ်တိုင်ကိုက နတ်ဝိဇ္ဇာကျင့်ကြံခြင်းနည်းတွေကို ရှာဖို့ဆိုပြီး ထွက်သွားတာပါ ”

လီချန်ရှို့ သက်ပြင်းချလိုက်၏။

“ အစ်ကိုကသာ ညီမကို သစ္စာဖောက်တာလို့ ပြောရမှာပါ။ လင်လိ... ညီမကို ရွာလူကြီးက ဆူပူခဲ့တယ်ထင်တယ်... ”

သူသည် အပြင်တွင် ထိုသို့ပြောနေသော်လည်း နတ်အာရုံကိုသုံး၍ အသံဆက်ပို့လွှတ်လိုက်သည်။

“ အဲ့အကြောင်းတွေကို မပြောနေနဲ့တော့။ ငါက ပင်လယ်စောင့်နတ်မင်းဆိုတာ ဟုတ်တယ်...ဒါပေမဲ့ ငါက ပင်လယ်စောင့်နတ်မင်းရဲ့ ကိုယ်ပွားတစ်ခုပဲ။ ပင်လယ်စောင့်နတ်မင်းဆီမှာ ကိုယ်ပွားတွေ သောင်းချီရှိတယ်။ အခုကိုယ်ပွားမှာလည်း သူ့တာဝန်နဲ့သူရှိတယ်။ လင်လိ... မကြာသေးခင်က မင်းရဲ့ဘဝအကြောင်းကို ငါ့ကို ပြောပြပါဦး ”

ရှုံးလင်လိ မျက်တောင်ခတ်လိုက်၏။ သူမ၏ မျက်လုံးများထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်နေလေသည်။

လီချန်ရှို့က ပြုံး၍မေးလိုက်၏။

“ ဒါပေမဲ့...လင်လိ..ညီမက ဘာလို့ ဒီကိုရောက်နေတာလဲ ”

ရှုံးလင်လိ၏ မျက်နှာထားသည် ပို၍မှိုင်းညို့သွား၏။

သူမ တီးတိုးပြောလိုက်သည်။

“ အစ်ကိုဝမ်းကွဲ ... ညီမရဲ့ မိဘတွေက မောင်လေးတစ်ယောက် ထပ်မွေးလိုက်ကြတယ်။ သူတို့က ညီမကို ဓမ္မမန္တန်တွေ သင်ဖို့ဆိုပြီး အလယ်ကျွန်းကို လွှတ်လိုက်တာပဲ။ ညီမတို့တဲဘေးက ဦးလေးခြောက်ပြောသလိုပဲ သူတို့မှာ ကလေးအသစ်တစ်ယောက်ထပ်ရသွားတော့ ညီမကိုချစ်တော့မှာ မဟုတ်ပါဘူး ”

လီချန်ရှို့ ဆွံ့အသွား၏။

‘ ဒါကဘာလဲဟ... ’

လီချန်ရှို့ တောင်သမုဒ္ဒရာရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ကိုင်တွယ်ရန် စက္ကူကိုယ်ပွားများ မလွှတ်ခင်ကတည်းက ရှုံးလင်လိသည် အလယ်ကျွန်းသို့သွား၍ နတ်ဝိဇ္ဇာဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်ခဲ့ပြီဖြစ်သည်။

ရှုံးလင်လိသည် အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းအတွင်းသို့ ဝင်ခဲ့လိမ့်မည်ဟု လီချန်ရှို့ မမျှော်လင့်ထားပေ။

သူမသည် ထိုသို့ နတ်ဝိဇ္ဇာဂိုဏ်းသို့ ဝင်ရသည်ကို ကျေနပ်ပုံမရပေ။ သူမသည် သူမ၏မောင်လေးကိုသာ ယုယနေကြသော သူမ၏မိဘများကိုလည်း ကျေနပ်ပုံမပေါ်ချေ။

လီချန်ရှို့သည် ပြုံးလိုက်ပြီး ရေကန်အတွင်းမှ ရေအနည်းငယ်ကို တန်ခိုးဖြင့်ယူ၍ သူမထံကမ်းပေးလိုက်သည်။

ရှုံးလင်လိသည် မျက်တောင်ခတ်ကာ လီချန်ရှို့ကို ကြည့်လိုက်၏။

လီချန်ရှို့သည် ပြုံး၍ ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်နှာကိုသစ်ရန် လက်ဟန်ပြလိုက်သည်။

သို့သော် ရှုံးလင်လိသည် ပါးစပ်ဟ၍ ထိုရေများကို သောက်လိုက်လေသည်။ သူမသည် ရေကို ခပ်ပြင်းပြင်းစုပ်ယူလိုက်ပြီး တစ်ငုံတည်းသောက်ချလိုက်လေ၏။ ထိုရေသည် ပင်လယ်စောင့်နတ်မင်း၏ ကောင်းချီးပင်။

လီချန်ရှို့ မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းသဘောပေါက်သွားလေတော့သည်။

ဆရာဒေါ်လေးကျိုးကျိုးသည် ဉာဏ်မကောင်းသူဟု ထင်ရခြင်းမှာ သူမသည် အမြဲလိုလို မူးနေ၍သာဖြစ်သည်။ သို့သော် သူမ အရက်မမူးနေချိန်တွင်မူ လွန်စွာထက်မြက်လေသည်။

သို့သော် သူ၏ရှေ့ရှိ ရှုံးလင်လိသည် အမျိုးအချင်းချင်းပြန်ယူကာ မျိုးဆက်သစ်များမွေးထုတ်သည့် ရှုံးရွာကဲ့သို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ရသူဖြစ်သည်။ သူမသည် လွန်စွာ သန်မာတုတ်ခိုင်ပေသည်။

ထိုကဲ့သို့သော သူမျိုးသည် ကိုင်တွယ်ရန် အခက်ခဲဆုံးဖြစ်သည်။ သူမသည် ရုတ်တရက်ကြီးနောက်လှည့်၍ လီချန်ရှို့သည် ပင်လယ်စောင့်နတ်မင်းဖြစ်ကြောင်း ထပြောလိုက်နိုင်၏။

‘ ငါ ဘာလုပ်ရမလဲ။ သူ့ကို ကိစ္စတုံးဖို့ နေရာတစ်နေရာ ရှာရမလား ’

‘ ရှုံးရွာက အခုငါ့လက်အောက်ခံရွာဖြစ်နေပြီ။ ငါ့အနေနဲ့ ရှုံးလင်လိကို အဲ့လိုလုပ်လို့ မသင့်တော်ဘူး ’

သူသည် မေတ္တာတရားကြီးမားသူတစ်ဦး မဟုတ်သော်လည်း မလိုအပ်ဘဲရက်စက်တတ်သူတစ်ဦးလည်း မဟုတ်ပေ။

လီချန်ရှို့ ခေတ္တမျှတွေးတောလိုက်၏။ ရှုံးလင်လိမှာ သူ၏ အမျိုးဖြစ်သည်ဟု အခြားသူများ ယုံသွားအောင် လုပ်ရန်သာရှိလေသည်။ တစ်ဖက်တွင်လည်း သူ့အား ‘ အစ်ကိုဝမ်းကွဲ ’ဟုသာ ခေါ်ရန် ရှုံးလင်လိကို သတိပေးထားရပေမည်။

လီချန်ရှို့က နောက်ထပ် ရေထပ်ယူလိုက်ပြီး သိမ်မွေ့စွာပြောလိုက်၏။

“ ဒါက ညီမ မျက်နှာသစ်ဖို့ပါ ”

ရှုံးလင်လိသည် သူမ၏ ခေါင်းကိုကုတ်၍ အိုးတိုးအန်းတန်း ပြုံးလိုက်၏။

“ ကျေးဇူးတင်ပါတယ်... ”

လီချန်ရှို့ အသံပို့လွှတ်လိုက်သည်။

“ ငါ့ကို အစ်ကိုဝမ်းကွဲလို့ခေါ်...အစ်ကိုဝမ်းကွဲ ”

လီချန်ရှို့ သက်ပြင်းချလိုက်ပြီး ရှုံးလင်လိ မျက်နှာသစ်နေသည်ကိုကြည့်ကာ နှစ်လိုဖွယ်ပြုံးလိုက်၏။ သူသည် အားအင်မဲ့ဆေးများ သုတ်ထားသည့် လက်ကိုင်ပဝါတစ်ထည်ကို ထုတ်လိုက်၏။

ရှုံးလင်လိနှင့်အတူ လျှောက်လာကြသော ဘေးရှိ အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်များသည် သူတို့၏ အနားသို့ ကပ်လာကြ၏။

“ ညီမလေးရှုံး... သူက ညီမလေးရဲ့... အစ်ကိုဝမ်းကွဲလား ”

“ ဟုတ်ပါတယ် ”

ရှုံးလင်လိ မြေကြီးပေါ်မှ ခုန်ထလိုက်သည်။ လီချန်ရှို့၏ အရှေ့တွင် နံရံကြီးတစ်ခု ပေါ်လာသကဲ့သို့ ထင်လိုက်ရ၏။

ရှုံးလင်လိ သူမ၏ခေါင်းကို ကုတ်လိုက်၏။ သူမ၏ စုစည်းချည်နှောင်ထားသော ဆံပင်ရှည်များသည် အတန်ငယ် ရှုပ်ပွနေလေသည်။ သူမသည် ရှက်ပြုံး ပြုံး၍ ချိုချိုသာသာပြောလိုက်၏။

“ သူက... ညီမရဲ့ အစ်ကိုဝမ်းကွဲပါ ”

လီချန်ရှို့ ထရပ်လိုက်ပြီး အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းမှသူများကို ဦးညွှတ်လိုက်လေသည်။ သူပြောလိုက်၏။

“ ကျွန်တော့်ရဲ့ ညီမဝမ်းကွဲက မိတ်ဆွေတို့ကို ဒုက္ခပေးမိပါပြီ... ”

တပည့်များသည် သူ့ကို ပြန်နှုတ်ဆက်လိုက်ကြ၏။ ထိုထဲမှ တစ်ယောက်၏ မျက်နှာထားသည် ရှုပ်ထွေးနေ၏။ သူသည် ရင်ဘတ်ကိုပွတ်၍ ခါးသက်သက်ပြုံးလိုက်၏။

“ ဒုက္ခများတယ်လို့တော့ မဟုတ်ပါဘူး... နာရုံပါပဲ ”

ဘေးမှ အမျိုးသမီးတပည့်တစ်ဦးသည် လီချန်ရှို့ကို ကြည့်လိုက်ပြီး ရုတ်ခြည်း နွေးနွေးထွေးထွေး ပြုံးပြလိုက်၏။

“ ညီမလေးလင်လိက နည်းနည်းလေး ပိုသန်မာတာကလွဲလို့ ကျမတို့ကို ဖော်ဖော်ရွေ‌‌ရွေဆက်ဆံပါတယ်။ သူ့ကို ဂိုဏ်းကလည်း လေးလေးစားစား ရှိပါတယ် ”

ရှုံးလင်လိသည် ချီးကျုးခံရသော ကလေးတစ်ဦးသဖွယ် အိုးတိုးအန်းတန်းပြုံးလိုက်လေသည်။

လီချန်ရှို့သည် ထိုတပည့်များဖြင့် အာလာပသလ္လာပ အနည်းငယ်ပြောလိုက်ပြီး‌နောက် ရှုံးလင်လိကို သူမ၏ဆရာ မည်သည့်နေရာတွင် ရှိနေသနည်းဟု မေးလိုက်၏။ သူသည် သူမ၏ဆရာထံသွား၍ နှုတ်ဆက်လို၏။

ထိုသို့ပြုလုပ်ခြင်းသည် သူ၏ အစ်ကိုဝမ်းကွဲဟူသော ပုံရိပ်ဖြင့် ကိုက်ညီမှုရှိစေရန်ဖြစ်သည်။

သို့သော် ထိုမေးခွန်းကို ကြားလိုက်သောအခါ အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်များ၏ မျက်နှာထားသည် ထူးဆန်းသွားပြီး စကားအထစ်ထစ် အငေါ့ငေါ့ ဖြစ်ကုန်ကြလေသည်။

ရှုံးလင်လိ နှုတ်ခမ်းစူ၍ လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“ အစ်ကိုဝမ်းကွဲ ညီမ ညီမရဲ့ဆရာကို မတော်တဆ ဒဏ်ရာရသွားအောင် လုပ်လိုက်မိတယ်။ အဲဒါကြောင့် ဆရာ ဒီတစ်ခေါက် မလိုက်လာနိုင်ခဲ့ဘူး... ”

လီချန်ရှို့ ဆွံ့အသွား၏။

“ ညီမဝမ်းကွဲ... ညီမက ဘာလို့ ညီမရဲ့ဆရာကို ဒဏ်ရာရအောင် လုပ်လိုက်ရတာလဲ ”

ဘေးမှ တပည့်များသည်လည်း အတော်လေး အိုးတိုးအန်းတန်းဖြစ်နေ၏။ သို့သော် သိမ်မွေ့သည့်ဟန်ရှိသော အမျိုးသမီးတပည့်တစ်ဦးက ဝင်ပြောလိုက်၏။

“ ဂိုဏ်းက ဒီကိစ္စအတွက် ညီမလင်လိကို အပြစ်ပေးပြီးသွားပါပြီ... ကျမ ဒီက မိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ... ”

လီချန်ရှို့ ပြုံး၍ ပြောလိုက်သည်။

“ ချန်ရှို့... လီချန်ရှို့ပါ။ တုနတ်ဝိဇ္ဇာဂိုဏ်းက တပည့်ပါ ”

“ လင်လိ... ဒီမှာ ညီမရဲ့ အစ်ကိုဝမ်းကွဲနဲ့ စကားပြောဦးမှာလား... ”

“ ပြောလို့ရမလားဟင်... ”

ရှုံးလင်လိ၏ မျက်လုံးများအရောင်တောက်လာပြီး သိမ်မွေ့စွာမေးလိုက်၏။

အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်များသည် အကြိမ်များစွာ လေ့ကျင့်ထားကြသည့်နှယ် ပြိုင်တူခေါင်းညိတ်လိုက်ကြလေသည်။

လီချန်ရှို့ တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ ထိုသို့ဖြင့် ရှုံးလင်လိသည် အချိန်တစ်ခုအထိ သူနှင့်ရှေးဟောင်းနှောင်းဖြစ်များ ပြောရန် ကျန်ခဲ့လေသည်။ လီချန်ရှို့သည် ရှုံးလင်လိထံ အသံပို့လွှတ်လိုက်ပြီး သူအား အစ်ကိုဝမ်းကွဲဟုသာခေါ်ပြီး ပင်လယ်စောင့်နတ်မင်းဟု မခေါ်မိစေရန် မှာကြားကာ ထိုကိစ္စသည် မည်မျှအရေးကြီးကြောင်း သတိပေးလိုက်လေသည်။

ရှုံးရွာ၏ ဓလေ့အပြင် ရှုံးလင်လိ၏ မိခင်ပြောပြသော တောင်ကျွန်းတွင် ကျော်ကြားသည့် “ အဝေးတစ်နေရာတွင် လက်ထပ်ခဲ့သော ဒုတိယဒေါ်လေး” ပုံပြင်ကြောင့် ရှုံးလင်လိသည် ဝမ်းကွဲများအချင်းချင်း ပြန်၍ယူသည့် ကိစ္စကို ကောင်းစွာသိရှိပြီးဖြစ်သည်။

ရှုံးလင်လိသည် ကော်ဇောတစ်ချပ်အရွယ်ရှိသည့် တရားထိုင်ဖျာကိုထုတ်ကာ လီချန်ရှို့ဘေးတွင် ရိုရိုကျိုးကျိုးဝင်ထိုင်လိုက်၏။

သူမ၏ ပေါင်လုံးများသည်လွန်စွာ တုတ်ခိုင်သည်ဖြစ်ရာ တင်ပျဉ်ခွေထိုင်လျှင် သက်တောင့်သက်သာ မရှိပေ။ ထို့ကြောင့် သူမသည် ဒူးထောင်၍သာ ထိုင်နေ၏။ သူမ၏ ဝတ်ရုံအောက်ပိုင်းကိုမူ ကြီးမားသော သံချပ်ဝတ်တစ်စုံအပြင် သူမ၏ နူးညံ့သောလက်နှစ်ဖက်ဖြင့်လည်း ဖိထားပေသည်။

ဘေးရှိ ကျိုးကျိုးသည် လီချန်ရှို့ထံသို့လာ၍ ထိုကိစ္စကို ချက်ချင်း စပ်စုလိုနေ၏။ သို့သော် သူမသည် လင်းအယ်လေး၏ အကြံပြုချက်ကို အမှတ်ရသွားသဖြင့် ခေါင်းခါယမ်းကာ သူမ၏နေရာတွင်ပြန်ထိုင်လိုက်ပြီး ပျင်းရိစွာ ခြေထောက်လှုပ်နေလိုက်လေသည်။

ထိုအခြင်းအရာသည် လီချန်ရှို့အတွက် အတန်ငယ်ထူးဆန်းနေ၏။

ယုံချင်ရွှမ်းယာသည်လည်း စိတ်ဝင်စားနေ၏။

‘ အစ်ကိုချန်ရှို့ရဲ့ ညီမဝမ်းကွဲလေးကလည်း တော်တော်လေး ထူးချွန်တာပဲ ’

သူမသည် ထိုသို့တွေးလိုက်ပြီး မောင်နှမအချင်းချင်း စကားပြောနိုင်ရန် လီချန်ရှို့တို့အနားသို့ မသွားလိုက်တော့ပေ။

ဆရာဦးလေးကျိုးဝူ အဝေးမှ လမ်းလျှောက်၍ ပြန်လာသောအခါ သူသည်လည်း အံ့အားသင့်သွား၏။ လီချန်ရှို့၏ဘေးတွင် တောင်အတုတစ်လုံး ရောက်နေသည်ဟုပင် ထင်သွားမိ၏။ သူသေချာ စူးစိုက်၍ကြည့်လိုက်ရာ ထိုတောင်အတု၏ထိပ်တွင် မိန်းမပျိုလေးတစ်ဦး၏ ဦးခေါင်းလေးရှိနေကြောင်း တွေ့လိုက်ရ၏။

သူသည်လည်း အံ့အားသင့် တုန်လှုပ်သွားသည်။

တာအိုရသေ့ဂျပုသည် မျက်မှောင်ကြုတ်၍ အာရုံစိုက်လိုက်၏။ သူတို့၏ တုနတ်ဝိဇ္ဇာဂိုဏ်းနေရာသို့ ပျံသန်းသွားသော အပူအပင်ကင်းနတ်ဝိဇ္ဇာဂိုဏ်းမှ တာအိုရသေ့အချို့နှင့် သူတို့အနောက်ရှိ တပည့်အချို့ကိုလည်း တွေ့လိုက်ရ၏။

လူအများအပြားသည် လီချန်ရှို့နှင့် ထူးဆန်းသောမိန်းမပျိုလေးကို ကြည့်နေပေသည်။

ကျိုးဝူသည် လုပ်စရာရှိသဖြင့် အပြင်သို့ ခေတ္တထွက်သွားခြင်းသာဖြစ်သည်။

‘ ဘာတွေဖြစ်ကုန်တာလဲ... အဲ့မိန်းကလေးက တူလေးချန်ရှို့ရဲ့ ခံ့ညားတဲ့မျက်နှာကို မြင်ပြီးတော့ ကြိုက်သွားတာလား... သူက ချောလည်းချော၊ ဉာဏ်လည်းကောင်း၊ ယဉ်ကျေးမှုလည်းရှိဆိုတဲ့ အဲ့မိန်းကလေးက ချန်ရှို့နားမှာ အတင်းကပ်နေတာလား... ’

‘ အဲ့လိုဆို ကျိုးအာလေး ဆက်ပြီးပျော်နိုင်ပါဦးမလား... ’

“ အဟမ်း... ”

ကျိုးဝူသည် ချောင်းဟန့်လိုက်ပြီး ရှေ့သို့လျှောက်သွားလိုက်၏။

ကျိုးဝူတစ်ယောက် အနီးသို့ရောက်လာသောအခါ မိန်းမပျိုလေး၏ ခါးသက်သက် ပြောနေသံကို ကြားလိုက်ရလေသည်။

“ အဲဒါပြီး‌တော့ ညီမရဲ့ မိဘတွေက ညီမကို မချစ်တော့ဘူး။ အဲဒါကြောင့် ညီမကို အလယ်ကျွန်းကိုလွှတ်လိုက်ပြီး ဆရာရှာမတွေ့ရင် ပြန်မလာခဲ့နဲ့ဆိုပြီး ပြောခဲ့တာ... ညီမ အဲ့တုန်းက နေရာအနှံ့မှာ လိုက်ရှာပေမယ့် ဘယ်သူကမှ ညီမကို တပည့်အဖြစ်လက်မခံချင်ကြဘူး။ တော်သေးတာက ညီမ အမဲဘယ်လိုလိုက်ရမှာဆိုတာ သင်ထားခဲ့ဖူးလို့ပေါ့။ ညီမ တောင်တွေပေါ်မှာ အမဲလိုက်ပြီး နေထိုင်စားသောက်တယ်။ အသားကင်စားနေရတော့ ညီမ မငတ်ခဲ့ပါဘူး။ အစ်ကိုဝမ်းကွဲ... လူသားအသွင်ကိုပြောင်းနိုင်တဲ့ သားရဲအကြီးကြီးတွေရှိတာကို အစ်ကိုသိလား... ”

ကျိုးဝူ ခြေလှမ်းချော်သွားပြီး လီချန်ရှို့ သီးသွား၏။

‘ ဒါက... စုန်းကဝေလူသားတစ်ယောက်က မိစ္ဆာတွေကို အမဲလိုက်ပြီး လူသားတွေရဲ့ တာအိုတရားကို ရှာဖွေနေတာပေါ့လေ... ’

ရှုံးလင်လိ ဝမ်းနည်းသံဖြင့် ဆက်ပြောလိုက်၏။

“ နောက်တော့ နတ်ဝိဇ္ဇာဂိုဏ်းတစ်ခုက ညီမကို လက်ခံလိုက်တယ်။ သူတို့က ညီမကို အစေခံအနေနဲ့ နေဖို့ပြောတာဆိုပေမယ့် စားစရာတော့ပေးပါတယ်။ ညီမလည်း သဘောတူလိုက်ရတာပေါ့။ အသားချည်းပဲ အမြဲစားနေတာ မကောင်းဘူးလို့ ညီမရဲ့ အမေကပြောဖူးတယ်လေ။ ဒါပေမဲ့ ညီမ တောင်ပေါ်မှာ အမဲလိုက်နေရင်း သူတို့ဂိုဏ်းရဲ့ တောင်ကိုကာကွယ်ပေးနေတဲ့ ဝိညာဉ်သားရဲတွေကို ညီမကင်စားမိသွားတယ်။ အဲ့တုန်းက ဂိုဏ်းက တောင်တွေပေါ်မှာရှိတဲ့ သက်ရှိတွေကို စားလို့မရဘူးဆိုတာ ညီမမသိသေးဘူးလေ။ ‌နောက်ဆုံးတော့ သူတို့က ညီမကို မောင်းထုတ်လိုက်တယ်... ”

‘ သူက တောင်ကိုကာကွယ်ပေးနေတဲ့ ဝိညာဉ်သားရဲတွေကို မတော်တဆစားမိသွားလို့ ဂိုဏ်းကမောင်းထုတ်ခံလိုက်ရတာပေါ့လေ... ’

ကျိုးဝူ တိတ်တဆိတ်ထိုင်လိုက်ပြီး ဆက်နားထောင်နေလိုက်၏။

ရှုံးလင်လိ ထပ်မံ သက်ပြင်းချလိုက်ပြီး သူမ၏ နတ်ဝိဇ္ဇာဂိုဏ်းတစ်ခုတွင် တပည့်ဖြစ်လာသည့် ဇာတ်ကြောင်းကို ဆက်ပြောပြလေသည်။

“ မောင်းထုတ်ခံရပြီးတော့ ညီမ တောင်တွေပေါ်မှာ နှစ်နည်းနည်းလောက် နေထိုင်ခဲ့တယ်။ တောင်ပေါ်မှာရှိတဲ့ သားကောင်တွေလည်း အကုန်ကုန်သွားတော့တာပဲ။ အဲ့တော့ ညီမလည်း ‌နောက်တစ်နေရာကို ထပ်ပြောင်းဖို့ စဉ်းစားခဲ့တယ်... ညီမ ငတ်ပြီး အသေမခံနိုင်ဘူးလေ။ တစ်နေ့တော့ နတ်ဝိဇ္ဇာအိုကြီးတစ်ပါးက ပိုးကောင်ကြီးတစ်ကောင်နဲ့ တိုက်ခိုက်နေတာကို တွေ့လိုက်ရတယ်။ ညီမလည်း ညီမရဲ့အဖေသင်ပေးထားတဲ့နည်းလမ်းအတိုင်း ကျောက်တုံးတစ်တုံးကို ဖန်ဆင်းလိုက်ပြီး ဘေးကနေ အဲ့ကျောက်တုံးကို ပိုးကောင်ကြီးအပေါ်ပစ်ချလိုက်တယ်... ပြီးတော့ အစ်ကိုဝမ်းကွဲ... ဘာဆက်ဖြစ်လဲဆိုတာ မှန်းကြည့်ပါလား ”

လီချန်ရှို့ ပြုံး၍ ပြောလိုက်၏။

“ အဲ့ နတ်ဝိဇ္ဇာအိုကြီးက ညီမကို သူ့ရဲ့တပည့်အဖြစ် လက်ခံလိုက်တယ်မလား ”

“ ဟုတ်တယ်...ဟုတ်တယ် ”

ရှုံးလင်လိသည် ခေါင်းတဆတ်ဆတ်ညိတ်လိုက်၏။

“ သူက ညီမရဲ့ ပထမဆရာပဲ ”

“ ပထမဟုတ်လား... ”

လီချန်ရှို့ အသက်ရှူပင်မှားသွားပြီး သူ၏ဘေးရှိ မိန်းမပျိုလေးကို ဦးညွှတ်အရိုအသေပေးမိမတတ် ဖြစ်သွားလေတော့သည်။

ရှုံးလင်လိက သက်ပြင်းချ၍ ဆက်ပြောလိုက်၏။

“ ညီမ ဂိုဏ်းကိုရောက်ပြီးတဲ့နောက် ဆရာလေးယောက် ပြောင်းပြီးသွားပြီ... ပထမဆရာက ညီမက သူနဲ့ရေစက်ပါတယ်လို့ ပြောတယ်။ သူက ညီမကို ဂိုဏ်းကိုခေါ်သွားပြီး ညီမလေ့ကျင့်ဖို့ ဓမ္မမန္တန်နည်းနည်း သင်ပေးခဲ့တယ် ”

ထိုအခိုက်တွင် ရှုံးလင်လိသည် ဗလာနတ္ထိပထမအဆင့် ရောက်နေပေပြီ။ သူမစတင်ကျင့်ကြံခဲ့သည့် အချိန်အရကြည့်မည်ဆိုလျှင် သူမ၏အလားအလာသည် ထူးချွန်သော နတ်ဝိဇ္ဇာအလောင်းအလျာအဆင့်တွင် ရှိလေသည်။

“ ပြီးတော့ရော... ”

လီချန်ရှို့သည် ထူးဆန်းသောမျက်နှာထားဖြင့် မေးလိုက်၏။

ရှုံးလင်လိ ဆက်ပြောလိုက်သည်။

“ ညီမ တိမ်စီးတတ်သွားတော့ တိမ်ပေါ်ကပြုတ်ကျပြီး ညီမဆရာရဲ့ ဆေးပေါင်းဖိုကို ဖျက်ဆီးမိသွားတယ်။ ညီမလည်း ထိတ်လန့်သွားပြီး ဆေးပေါင်းဖိုကို တောင်အနောက်မှာ ဘယ်သူမှမသိအောင် သွားပစ်လိုက်တာပေါ့... ဒါပေမဲ့ ညီမပစ်တာ အားနည်းနည်းများသွားပြီး အဲ့ဆေးပေါင်းဖိုက သစ်ပင်ပေါ်မှာကျင့်ကြံနေတဲ့ ညီမရဲ့ဆရာကိုသွားမှန်ပြီး ဆရာသတိလစ်သွားတယ်။ ပြီးတော့... ဂိုဏ်းထဲက အဘိုးကြီးနှစ်ယောက် ရောက်လာပြီး ညီမကို ဆုံးမစကားပြောခဲ့ကြတယ်။ သူတို့က ညီမကို သူတို့ရဲ့တပည့်အဖြစ်လက်ခံလိုက်တော့ ညီမရဲ့ ဒုတိယဆရာတွေဖြစ်လာတာပေါ့... ”

လီချန်ရှို့ သူ၏နဖူးကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်လိုက်ရလေသည်။

စုန်းကဝေလူသားများသည် လူသားကဲ့သို့ပင်ဖြစ်သော်လည်း စုန်းကဝေများ၏ အစွမ်းရှိပေသေးသည်။ သူတို့၏ တိုက်ခိုက်စွမ်းအားများ ပွင့်ထွက်လာသည့်အခိုက်တွင် မူလနတ်ဝိဇ္ဇာတစ်ပါးကို သတ်ပစ်နိုင်ပြီး သတိလက်လွတ်ဖြစ်နေသည့် အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးကိုပင် ဒဏ်ရာရသွားနိုင်လုပ်နိုင်သည်အထိ အစွမ်းကြီးလာနိုင်ပေသည်။

ရှုံးလင်လိ၏ ပထမဆရာသည် စုန်းကဝေလူသားတစ်ဦးကို တပည့်အဖြစ်မည်သို့ သင်ကြားပေးရမည်ကို မသိခဲ့ပေ။

ရှုံးလင်လိ ခပ်ဖွဖွသက်ပြင်းချ၍ ဆက်ပြောလိုက်၏။

“ ညီမ ဒီကပြန်ရင် ငါးယောက်မြောက်ဆရာကို ရမယ်ထင်တယ်... အစ်ကိုဝမ်းကွဲ ညီမဒီကိစ္စကို ဘယ်လိုလုပ်ရမလဲ ”

လီချန်ရှို့ ခေတ္တမျှတွေးတောလိုက်ပြီး ပြောလိုက်၏။

“ တခြားဘာကိုမှ တွေးမနေနဲ့။ ညီမရဲ့ စိတ်ထဲကနေပြီး ‘ အစ်ကိုဝမ်းကွဲ ’ဆိုပြီး အကြိမ်သုံးရာ ရွတ်နေ ”

“ ဟုတ်ကဲ့ ”

ရှုံးလင်လိသည် ခေါင်းညိတ်ကာ နာခံလိုက်ပြီး ထိုစကားလုံးကို စိတ်ထဲတွင် စတင်ရွတ်လိုက်လေတော့သည်။

ထို့နောက် လီချန်ရှို့သည် ဘေးသို့ကိုင်း၍ အကြောဆန့်လိုက်၏။ နောက်ဆုံးတွင် ကြွက်သားများဖြင့် တုတ်ခိုင်နေသော ရှုံးလင်လိ၏ဘေးတွင် “သေးငယ်သော” သူ၏ဆရာဦးလေးကျိုးဝူကို တွေ့လိုက်လေ၏။

လီချန်ရှို့က ကျိုးဝူထံ အသံပို့လွှတ်လိုက်သည်။

“ ဆရာဦးလေး... ဆရာဦးလေး တပည့်တစ်ယောက်လောက် လိုချင်လား ”

ကျိုးဝူ တုန်လှုပ်သွားပြီး ဖြူဖပ်ဖြူရော်ဖြစ်သွားလေတော့သည်။

All Chapters