← Chapters

ကျောင်းတော်သုံးကျောင်းတွေ​့ဆုံပွဲ... ဆက်သွယ်ရေးကျောက်စိမ်းပြားများ လှုပ်ခတ်သွားခြင်း

Vol. 12 Ch. 160

ကျောင်းတော်သုံးကျောင်းတွေ​့ဆုံပွဲ... ဆက်သွယ်ရေးကျောက်စိမ်းပြားများ လှုပ်ခတ်သွားခြင်း

Vol. 12 Ch. 160

“ တူလေးချန်ရှို့က အခုတလော ဆရာဦးလေးကို အပြစ်ပြုမိထားလို့လား... ”

လီချန်ရှို့၏ မေးခွန်းကို ကြားလိုက်သောအခါ ကျိုးဝူ ရင်တုန်သွား၏။ သူမျက်မှောင်ကြုတ်၍ တွေးတောလိုက်သည်။

လျင်မြန်စွာပင် ကျိုးဝူသည် သူပြောမည့်စကားများကို တွေးတောပြီးနောက် အသံပို့လွှတ်၍ပြောလိုက်သည်။

“ အာ... ငါက ဂိုဏ်းထဲမှာ အလုပ်များနေတာ ငါ့ရဲ့ ကျင့်ကြံခြင်းတောင် နှောင့်နှေးနေပြီ။ ငါ့အနေနဲ့ တပည့်လက်ခံဖို့ မသင့်တော်ပါဘူး။ ချန်ရှို့... မင်းနားလည်မယ်လို့ မျှော်လင့်ပါတယ် ”

ကျိုးဝူသည် ထိုသို့ပြောရင်း သူ့ဘေးရှိ “ တောင်လေး ”ကို ကြည့်လိုက်သည်။

“ ချန်ရှို့... မင်းရဲ့ ညီမဝမ်းကွဲကို တကယ် ဂိုဏ်းဆီခေါ်ခဲ့မလို့လား ”

“ ကျွန်တော့်ရဲ့ ညီမဝမ်းကွဲက ကျွန်တော့်ဘေးမှာ ရှိနေတော့ ကျွန်‌တော်ပိုစိတ်အေးနိုင်တာပေါ့ ”

လီချန်ရှို့ ပြန်ဖြေလိုက်၏။

သူ မရက်စက်နိုင်လျှင် ထိုမမြင်နိုင်သည့်အန္တရာယ်ကို သူ့ဘေးနားတွင် ခေါ်ထားရပေမည်။

သူ၏ သုံးနေကျနည်းလမ်းဖြစ်သော တာအိုကျိန်စာသည်လည်း ရှုံးလင်လိအတွက် သင့်တော်မည်မဟုတ်ပေ။

ရှုံးလင်လိအား ထိုကိစ္စ၏အရေးကြီးပုံကို ရှင်းပြ၍ တာအိုကျိန်စာကို ကျိန်ဆိုခိုင်းလိုက်လျှင်လည်း သူမ အိပ်ပျော်နေသည့်အချိန်၌ဖြစ်စေ၊ မတော်တဆဖြစ်စေ ထိုကိစ္စနှင့်ပတ်သတ်၍ စကားအနည်းငယ်ပြောမိသွားပါက ကောင်းကင်တာအို၏ နတ်မိုးကြိုးများကြောင့် အပိုင်းပိုင်းဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် လီချန်ရှို့သည် အပူအပင်ကင်းမဲ့ဂိုဏ်းက မလိုချင်ကြောင်း သိသာနေသော ရှုံးလင်လိကို တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ခေါ်လာနိုင်မည့် နည်းလမ်းတစ်ခုစဉ်းစားရပေမည်။

ချုံတောင်လေးပေါ်တွင် နေရာလွတ်များရှိနေသေးပေသည်။ လီချန်ရှို့အနေဖြင့်လည်း ထိုမိန်းမပျိုလေးကို သိမ်းသွင်းနိုင်မည်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို ကိုးဆယ့်ရှစ်ရာခိုင်နှုန်း ယုံကြည်မှုရှိလေသည်။

သူယုံကြည်မှုမရှိသည့် ကျန်နှစ်ရာခိုင်နှုန်းမှာ ကောင်းကင်တာအိုသည် ခန့်မှန်းရခက်သဖြင့် သူမသည် ကြီးမြတ်သောတာအိုကြောင့် လွတ်မြောက်သွားနိုင်ချေရှိသောကြောင့်ပင်။

စုန်းကဝေများသည် တောင်များကိုရွှေ့နိုင်ခြင်း၊ သမုဒ္ဒရာများကို ဖြည့်တင်းနိုင်ခြင်းစသော အစွမ်းများရှိလေသည်။

အကယ်၍ သူသာ ရှုံးလင်လိကို ဂိုဏ်းသို့ခေါ်လာ၍ ဂရုတစိုက်လေ့ကျင့်ပေးခဲ့လျှင် ရှုံးလင်လိသည် အရေးကြုံလာသောအချိန်တွင် ချုံတောင်လေးကို ထမ်း၍ပြေးနိုင်ပေလိမ့်မည်။

ထိုအမြင်မှ ကြည့်လျှင် ယင်းကိစ္စသည် လွန်စွာအရေးကြီးလေသည်။

ထို့ပြင် ရှုံးလင်လိသည် ပင်လယ်စောင့်နတ်မင်း၏ နတ်တမန်တော်တစ်ပါးဖြစ်ဖူးလေသည်။ လီချန်ရှို့သည် သူမ၏နောက်ကြောင်းကို သိရှိပြီးဖြစ်၍ မလိုအပ်သော ကမ္မနှောင်ကြိုးများ အတွယ်ငြိမခံနိုင်ပေ။ ထိုအရာများအပြင် လီချန်ရှို့တွင် သေးငယ်သည့် အရေးမကြီးသော တစ်ကိုယ်ကောင်းရည်ရွယ်ချက်တစ်ခုလည်း ရှိပေသည်။

ချုံတောင်လေးတွင် အားကိုးရ၍ နာခံတတ်သော လုံခြုံရေးခေါင်းဆောင်မရှိသေးပေ။ ရှုံးလင်လိ၏ မွေးရာပါအစွမ်းများသည် မဆိုးလှပေ။ သူမသည် ဂိုဏ်းကိုကာကွယ်ပေးနိုင်သည့် သေးငယ်၍ ခက်ထန်သော သားရဲတစ်ကောင်ဟု ဆိုနိုင်ပေသည်။

သို့သော် ထိုကိစ္စသည် ခြောက်ပစ်ကင်းသဲလဲစင်တော့ မဟုတ်ချေ။ လီချန်ရှို့သည် ကျိုးဝူ၏ မေးခွန်းကို ဂရုတစိုက်တွေးတောရပေမည်။

ပထမအချက်အနေဖြင့် ရှုံးလင်လိ၏ ကံကြမ္မာသည် သိပ်၍မကောင်းလှပေ။ သူမသည် ကောင်းကင်ခွင်းတောင်၏ တပည့်ဖြစ်မှသာ ဆက်လက်ရှင်သန်နိုင်မည်ဖြစ်သည်။ အကယ်၍ သူမသာ သာမန်တပည့်တစ်ဦးဖြစ်လာပါက ကံဆိုးပေလိမ့်မည်။

ဒုတိယအနေဖြင့် လီချန်ရှို့သည် ကမ္မနှောင်ကြိုးများရမည်ကို ရှောင်ရှားနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူသည် အကြောင်းမရှိဘဲ တတိယမြောက် ညီမလေးကို မရလိုပေ။

ကျိုးဝူသည် သူမကို တပည့်အဖြစ်လက်မခံရဲသဖြင့် လီချန်ရှို့သည် သူ့ဘာသာရေရွတ်လိုက်ပြီး သူမကို မည်သူ့လက်ထဲထိုးထည့်ရမည်နည်းဟု စတင်တွေးတောလိုက်သည်။

သူသာ အားစိုက်ထုတ်ခဲ့လျှင် အဖြေတစ်ခုကို ရမည်သာဖြစ်သည်။

လီချန်ရှို့သည် သူ၏ယခင်ဘဝက လူများပြောလေ့ရှိသည့် ‘ ကောင်းတဲ့အရာတွေချည်းပဲ လိုချင်လို့မရဘူး ’ ဟူသော စကားကို မကြာခဏ ကြားခဲ့ဖူး၏။ သို့သော် ထိုစကားကို ဖြေရှင်းရန် နည်းတစ်ခုရှိလေသည်။

သူသည် ဘောင်ခတ်မိနေသောအတွေးများထဲမှထွက်၍ “ဂေါတမ” အား သူ၏ တရားများကို ပြောင်းဟောရန် ဖိအားပေးနိုင်မည့် နည်းတစ်ခုကို တွေးတောလိုက်ရုံပင်။

‘ နောက်တာပါ..နောက်တာပါ ’

အဓိက ကိစ္စကိုဆက်ရပေမည်။

သူသည် ရှုံးလင်လိကို တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ခေါ်ခဲ့ရမည်ဖြစ်သည်။ ရှုံးလင်လိအတွက် ဆရာရှာမပေးသေးမီ အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းကို ခွင့်တောင်း၍ သူမကို ဂိုဏ်းမှထွက်ခွင့်ပြုရန် သဘောတူ၊ မတူကို ကြည့်ရပေမည်။

လီချန်ရှို့သည် လျင်မြန်စွာပင် ကျိုးဝူထံသို့ အသံထပ်မံပို့လွှတ်လိုက်၏။

ကျိုးဝူ မျက်မှောင်ကြုတ်သွားပြီး အတန်ငယ် ချီတုံချတုံဖြစ်နေ၏။

သို့သော် ကျိုးဝူ၏ မျက်နှာထားအရ မကြာခင် သဘောတူလာတော့မည့်ပုံရ၏။

လီချန်ရှို့သည် ထိုအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ သူ ထပ်မံ၍ အသံပို့လွှတ်လိုက်၏။

“ ဆရာဦးလေး... ကျွန်တော်မကြာသေးခင်က ဖော်ထားတဲ့ ဆေးလုံးနှစ်မျိုးရှိတယ်။ တစ်မျိုးက ကြွက်သားပြေလျော့ဆေးလုံးလို့ခေါ်တယ်။ နောက်တစ်လုံးက လုံဟူအရပ်ရှည်ဆေးလုံးလို့ခေါ်တယ် ”

ကျိုးဝူသည် လီချန်ရှို့ကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်၏။

လီချန်ရှို့သည် ရိုးရိုးသားသား ပြုံးနေ၏။ ရှုံးလင်လိ၏ နောက်ကျောဘက်တွင် သူသည် ကြွေပုလင်းနှစ်လုံးကို ဓမ္မတန်ခိုးများဖြင့် ပတ်၍ ကျိုးဝူထံ တွန်းပို့လိုက်သည်။

ထို့‌နောက် လီချန်ရှို့ က ထပ်မံအသံပို့လွှတ်လိုက်၏။

“ ကျွန်တော်က ဆရာဦးလေးကို လာဘ်ထိုးနေတာမဟုတ်ပါဘူး။ ဒီဆေးလုံးတွေက ကျွန်တော် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဖော်ထားတဲ့ဆေးလုံးတွေပါ။ ကျွန်တော်က ဆရာဦးလေးကို အခွင့်ကြုံရင် လက်ဆောင်ပေးဖို့ ကြံထားတာပါ ”

ကျိုးဝူသည် ကြွေပုလင်းများကို ယူလိုက်ပြီး ပုလင်းအစို့ကိုဖွင့်ကာ ခပ်ဖွဖွနမ်းကြည့်လိုက်ပြီး စိတ်ထဲတွင် ဆေးအာနိသင်ကို သုံးသပ်လိုက်သည်။ ရုတ်ခြည်းပင် သူ၏ မျက်လုံးများ ကျယ်သွား၏။

“ ဒီ ကြွက်သားပြေလျော့ဆေးလုံးက... ”

လီချန်ရှို့ပြောလိုက်သည်။

“ အဲ့ဆေးလုံးကို သောက်ရင် ဆရာဦးလေးရဲ့အရပ် လက်မဝက်လောက် ပိုရှည်လာပါလိမ့်မယ်.. ဒါပေမဲ့ တစ်လုံးပဲသောက်လို့ရတယ်... ”

“ မပူပါနဲ့... ငါ မင်းရဲ့ညီမဝမ်းကွဲလေးရဲ့ ကိစ္စကို ဖြေရှင်းပေးပါမယ် ”

ကျိုးဝူသည် စိတ်လှုပ်ရှားစွာဖြင့် ကြွေပုလင်း၏ အစို့ကိုပြန်ပိတ်၍ သူ၏သိုလှောင်ဓမ္မအဆောင်အတွင်းသို့ ဂရုတစိုက်ထည့်လိုက်လေသည်။ သူ၏ ခံစားချက်များသည် ရောထွေးနေ၏။

အာဒိကပ္ပလောကတွင်လည်း မေတ္တာစစ်၊ မေတ္တာမှန်များရှိပေသေးသည်။

‘ အမှန်ပဲ... ’

‘ နှစ်တွေတောင် တော်တော်ကြာခဲ့ပြီပဲ... ရှစ်ရှစ်ကလွဲရင် နောက်ထပ် ငါ့အကြောင်းကိုသိတဲ့သူက တူလေးချန်ရှို့ပဲ’

သူသည် သူ့ဂိုဏ်းတူ တူလေး၏ အသုံးချခြင်းကို ခံနေရကြောင်းသိသော်လည်း အတော်လေးပျော်နေပေသေးသည်။

ကျိုးဝူ ထရပ်လိုက်ပြီး ရှုံးလင်လိ၏ ချစ်စဖွယ်မျက်နှာလေးကို ကြည့်လိုက်၏။ သူသည် ယုံကြည်မှုရှိရှိ ပြုံးလိုက်ပြီး သူ၏ဆရာ အရှင်ဝမ်ချင်းဆီသို့ လျှောက်သွားလိုက်လေသည်။

“ အစ်ကိုဝမ်းကွဲ... ”

ရှုံးလင်လိသည် သူမ၏မျက်လုံးများကိုဖွင့်၍ တီးတိုးရေရွတ်လိုက်၏။

“ ညီမ အကြိမ်သုံးရာ စိတ်ထဲကရွတ်ပြီးသွားပါပြီ ”

လီချန်ရှို့ ပြုံး၍ခေါင်းညိတ်ပြလိုက်ပြီး ရှုံးလင်လိကို ဆေးလုံးတစ်လုံးပေး၍ ပြောလိုက်သည်။

“ ဒီဆေးလုံးက စိတ်တည်ငြိမ်အောင်လုပ်ပေးနိုင်တဲ့ ဆေးလုံးပဲ။ အဲဒါက ညီမရဲ့ ဝိညာဉ်အတွက် အကျိုးရှိတယ်။ အဲ့ဆေးလုံးသောက်ပြီးရင် ခဏလောက် တရားထိုင်နေလိုက်ပေါ့ ”

“ အခုလိုချီးမြှင့်တဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုဝမ်းကွဲ ”

“ ချီးမြှင့်တယ်ဆိုတဲ့ စကားလုံးကို မသုံးပါနဲ့။ စကားပြောရင် သတိထားပါ ”

လီချန်ရှို့ သူမကို ထပ်မံသတိပေးလိုက်ရ၏။

“ လင်လိ... ညီမ တခြားနတ်ဝိဇ္ဇာဂိုဏ်းတစ်ခုမှာ ကျင့်ကြံချင်လား ”

ရှုံးလင်လိသည် သူမ၏လက်နှင့်ယှဉ်လိုက်လျှင် ဆန်စေ့တစ်စေ့အရွယ်လောက်သာရှိသည့် ဆေးလုံးလေးကို ယူလိုက်ပြီး ခေါင်းစောင်းလိုက်၏။

“ အခုဂိုဏ်းက လူတွေက ညီမအပေါ်မှာ ကောင်းကြပါတယ် ”

ထို့ကြောင့် လီချန်ရှို့သည် သူ၏စကားများကို ပြန်စီလိုက်ပြီး ထပ်မံ၍ အသံပို့လွှတ်လိုက်သည်။

“ လင်လိ... မင်းက ရှုံးရွာရဲ့ ရှားရှားပါးပါး ကျင့်ကြံခြင်းပါရမီရှင်ပဲ။ အခု ငါ့ရဲ့ ကိုယ်ပွားက သူ့ရဲ့တာဝန်ကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ဖို့ မင်းရဲ့ အကူအညီကို အပြည့်အဝလိုတယ်။ ဒါပေမဲ့ အဲ့တာဝန်က တော်တော်လေးခက်ခဲတယ်။ မင်းရဲ့ အသက်ကို‌တောင် ဆုံးရှုံးရနိုင်တယ်။ ရှုံးရွာနဲ့ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေအတွက် မင်းကိုယ်မင်း စ‌တေးနိုင်ရဲ့လား ”

ရှုံးလင်လိ လီချန်ရှို့ကို ကြည့်လိုက်သည်။ ထို့နောက် ဆေးလုံးကို သူမပါးစပ်ထဲထည့်၍ မျိုချလိုက်၏။ သူမ၏ မျက်နှာပေါ်တွင် ဖြောင့်မတ်မှုများဖြင့် ပြည့်နှက်နေလေသည်။ သူမသည် လက်နှစ်ဖက်ဆုပ်၍ နူးညံ့စွာပြောလိုက်၏။

“ အစ်ကိုဝမ်းကွဲ... အဲ့လိုလုပ်ရမှာ ညီမရဲ့တာဝန်ပါ ”

သူမသည် စိတ်ထဲတွင် အကြိမ်သုံးရာရွတ်ခဲ့ပြီးနောက် သူ့ကို ‘ အစ်ကိုဝမ်းကွဲ ’ဟု ချောချောမွေ့မွေ့ခေါ်နိုင်လာပေပြီ။

လီချန်ရှို့ ပြုံး၍ခေါင်းညိတ်ကာ ပြောလိုက်၏။

“ အသံသိပ်မကျယ်စေနဲ့... အရင်ဆုံး အနားယူလိုက်ပါဦး ”

“ ဟုတ်ကဲ့ ”

ရှုံးလင်လိ နာခံလိုက်၏။ ဆေးလုံးကို သောက်ပြီးနောက် သူမသည် အတန်ငယ်ပင်ပန်းသည်ဟု ခံစားလာရ၏။

သူမသည် မိန်းမောသွားပြီး ထိုင်ရင်းဖြင့်ပင် အိပ်ပျော်သွားလေတော့သည်။ သူမ၏ နှာခေါင်းပေါက်တွင် ပူဖောင်းလေးတစ်ခု ထွက်လာ၏။ ထိုပူဖောင်းလေးသည် ဖောင်းလိုက်ပိန်လိုက်ဖြစ်နေ၏။ တချိန်တည်းမှာပဲ လီချန်ရှို့၏ ဘေးမှနေ၍ ပေါက်ကွဲသံကဲ့သို့ကျယ်လောင်သည့် ဟောက်သံတစ်သံ ထွက်ပေါ်လာလေသည်။ ထို့ကြောင့် အနီးရှိသူများသည် လီချန်ရှို့တို့ထိုင်နေသော နေရာသို့ လှမ်းကြည့်လိုက်၏။

လူများသည် ဖောင်းလိုက်ပိန်လိုက်ဖြစ်နေသော “ ပူဖောင်း ”ကို တွေ့သောအခါ မျက်မှောင်ကြုတ်သွားကြ၏။ သူတို့သည် ထိုပူဖောင်းမည်သည့်အချိန်တွင် ပေါက်သွားမည်ကို တွေ့ချင်နေကြလေသည်။

လီချန်ရှို့ စိတ်ထဲမှနေ၍ သက်ပြင်းသဲ့သဲ့ချလိုက်၏။ သူဖြေရှင်းရမည့် ပြဿနာများစွာ ကျန်သေးပုံရလေသည်။

သို့သော် ရှုံးလင်လိ တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ဝင်မည့်ကိစ္စသည် ချောချောမွေ့မွေ့ပြီးသွား၍ လီချန်ရှို့အံ့အားသင့်သွား၏။

လီချန်ရှို့သည် ဆရာဦးလေးကျိုးဝူမှတစ်ဆင့် အရှင်ဝမ်ချင်းအား အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းကို သွား၍ခွင့်တောင်းပေးရန် ပြောခိုင်းလိုက်ခြင်းပင်။ သူမ၏ ဆရာမည်သူဖြစ်မည်ကိုမူ နောက်မှ ကြည့်ဖြေရှင်းမည်ဖြစ်သည်။

အရှင်ဝမ်ချင်းသည် တုံ့ဆိုင်းမနေခဲ့ပေ။ ကျိုးဝူပြောသည့် “ ဝမ်းကွဲတွေ ”ဟူသော စကားကိုကြားသောအခါ အရှင်ဝမ်ချင်းသည် ခေါင်းညိတ်၍ ကျိုးဝူကိုခေါ်ကာ ဂိုဏ်းချုပ်ကျိဝူယုံကို တိုက်ရိုက်သွားတွေ့ခဲ့၏။

အရှင်ဝမ်ချင်းသည် ယနေ့တွင် အတန်ငယ်အေးစက်စက်ဖြစ်နေပြီး သီးခြားနေ,နေသော်လည်း တက်တက်ကြွကြွလုပ်ဆောင်ပေးနေ၏။ သူ့အနေဖြင့် ထိုသို့လုပ်ပေးရန် မလိုပေ။ လီချန်ရှို့သည် “ အလွန်ခက်ထန်သော ဆရာဘွားဘွားလေး ”နှင့် “ အေးစက်စက် မျက်နှာသေဖြင့် ယောက်ျား” တို့၏ ဆက်ဆံရေးကို ယခင်ကတည်းက ခန့်မှန်းထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူသည် အရှင်ဝမ်ချင်းကို အကူအညီတောင်းခဲ့ခြင်းပင်။

သို့သော် အရှင်ဝမ်ချင်းသည် ချုံတောင်လေးအပေါ် မည်မျှဂရုစိုက်သည်ကို လီချန်ရှို့အတွက်မှားခဲ့လေသည်။

အရှင်ဝမ်ချင်းသည် သူ့ကိုအကူအညီတောင်းသူမှာ လီချန်ရှို့ဖြစ်ကြောင်း သိသွားသည်နှင့်တစ်ပြိုင်နက် ကျိုးဝူကိုခေါ်၍ ဂိုဏ်းချုပ်ကျိဝူယုံထံ တိုက်ရိုက်သွားခဲ့လေသည်။

ကျိဝူယုံသည်လည်း ခေါင်းညိတ်၍ တုံ့ဆိုင်းခြင်းမရှိဘဲ သ‌ဘောတူလိုက်၏။ သူသည် ချက်ချင်းပင် အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းမှ အာကာသနတ်မင်းနှစ်ပါးကို သွားရှာခဲ့သည်။

သူတို့သည် ရန်ကျောင်းတော်လက်အောက်ခံများဖြစ်၍ ကျင့်ကြံခြင်းနည်းလမ်းများသည် လွန်စွာဆင်တူပေသည်။ ရှေးကလည်း ထိုသို့ တပည့်လဲလှယ်ခြင်းမျိုးကို ပြုလုပ်ခဲ့ဖူး၏။ ထို့ကြောင့် ထိုကိစ္စသည် သိပ်၍အားစိုက်ထုတ်ရန် မလိုဘဲ ပြီးဆုံးသွားလေ‌တော့သည်။

ဂိုဏ်းချုပ်ကျိဝူယုံ ထိုသို့လုပ်ပေးခဲ့ခြင်းမှာ အရှင်ဝမ်ချင်းမျက်နှာကြောင့်လည်း ပါပေသည်။

ခေတ္တမျှကြာပြီးနောက် ရှုံးလင်လိသည် တုနတ်ဝိဇ္ဇာဂိုဏ်း ဂိုဏ်းချုပ်ကျိဝူယုံ၏ အမည်ခံတပည့်ဖြစ်လာလေ၏။

ဂိုဏ်းနှစ်ဂိုဏ်းမှ အကြီးအကဲများသည် ထိုကိစ္စကို တပည့်များအား ကြေညာလိုက်သောအခါ တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်များသည် ရှုံးလင်လိကို ကြည့်လိုက်ကြ၏။

အမျိုးသမီးတပည့်များသည် အတန်ငယ်စပ်စုလိုနေကြ၏။ အချို့အမျိုးသားတပည့်များသည် စိုးရိမ်ဟန်ရှိနေပြီး အကြီးအကဲအချို့သည်လည်း ရင်တမမဖြစ်နေကြသည်။

သူတို့သည် မကြာသေးခင်ကပင် ရှုံးလင်လိပြောပြသော အကြောင်းအရာများကို ကြားမိခဲ့သည် မဟုတ်ပါလား။

အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းဘက်တွင်မူ တပည့်များသည် သိပ်၍မတုံ့ပြန်ကြပေ။ အမျိုးသမီးတပည့်အချို့သာ ရှုံးလင်လိ ဂိုဏ်းပြောင်းသွားခြင်းကို စိတ်မကောင်းဖြစ်နေသည့်ဟန် ရှိ၏။ သို့သော် ထိုနေရာရှိ ကောင်းကင်နတ်မင်းအဆင့်ရှိသော အကြီးအကဲများသည် စိတ်ပေါ့သွားဟန်ဖြင့် သွားဖြီးကာ ပြုံးနေကြလေတော့သည်။

ကံအားလျော်စွာ သူတို့သည် သူမ၏ဆရာဖြစ်လာရန် မလိုတော့ပေ။

ထို့သို့ဖြင့်...

လီချန်ရှို့သည် သူ၏‌ဘေးရှိ တုတ်ခိုင်သန်မာသော မိန်းမပျိုလေးကို ကြည့်လိုက်၏။

‘ ငါက ဦးနှောက်မရှိတဲ့အကောင်ပဲ... ဂိုဏ်းမှာ ပြုစုလုပ်ကျွေးရမယ့် ဆရာဒေါ်လေးတစ်ယောက်ကို ကိုယ့်ဘာသာ ခေါ်လာမိသလိုတော့ဖြစ်ပြီ... ’

ဂိုဏ်းချုပ်သည် သူမကို အမည်ခံတပည့်အဖြစ် လက်ခံလိုက်သဖြင့် သူမ၏ဝါသည် ယုံချင်ရွှမ်းယာ၏ဆရာ ကျန်းကျင်းရှန်းနှင့် တူသွားပေပြီ။ ထို့ကြောင့် ဝါအရဆိုလျှင် သူမသည် လီချန်ရှို့၏ ဆရာဒေါ်လေးဖြစ်သွားပေသည်။

သို့သော် မကြာမီမှာပဲ လီချန်ရှို့ ကောင်းကျိုးတစ်ခုကို တွေးမိသွား၏။

သူ့ဘေးတွင် ရှုံးလင်လိရှိနေလျှင် လူများသည် သူ့ကိုမမြင်တော့ဘဲ သံမျှော်စင်ကြီးကဲ့သို့ တုတ်ခိုင်သည့် ရှုံးလင်လိကိုသာ မြင်ကြပေလိမ့်မည်။ သူမသည် သူ့အတွက် အကာအရံတစ်ခုကဲ့သို့ပင်။

ရှုံးလင်လိ အိပ်ပျော်နေ၏။ သူမ မူလဝိညာဉ်၏ အစွမ်းသည် အတန်ငယ် တိုးတက်သွား၏။

လီချန်ရှို့သည် စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး ရှုံးလင်လိကို မည်သို့ပြုစုပျိုးထောင်ရမည်နှင့် ထိုကိစ္စတွင် မည်သည့်နောက်ဆက်တွဲပြဿနာများရှိနိုင်သနည်းဟု တွေးတောလိုက်၏။

ရုတ်တရက် ယုံချင်ရွှမ်းယာနှင့် ကျိုးကျိုးတို့သည် တစ်ပြိုင်တည်းထရပ်လိုက်၏။

ထို့နောက် သူမတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။ သူမတို့သည် အကြည့်ချင်းဖလှယ်ရင်း လီချန်ရှို့၏ဘေးသို့ အတူတကွသွားရန် မျက်ရိပ်ပြလိုက်ကြ၏။

အခြားသူများသည် ထိုအကြောင်းကို မသိနိုင်သော်လည်း ယုံချင်ရွှမ်းယာသည် စုံစမ်းထားဖူးသဖြင့် လီချန်ရှို့တွင် ညီမဝမ်းကွဲ မရှိကြောင်းသိလေသည်။

ကျိုးကျိုးသည် ထိုတုတ်တုတ်ခိုင်ခိုင် မိန်းမပျိုလေးသည် စိတ်ဝင်စားစရာကောင်းသည်ဟုသာ တွေးတောလိုက်ပြီး တွေ့ရခဲသည့် သူမ၏ကြွက်သားများကို ကိုင်ကြည့်လိုနေပေသည်။

သို့သော် ချုံတောင်လေး၏ “ ဝါကြီးသော အဖွဲ့ဝင် ”နှစ်ဦးသည် အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရလေသည်။

“ ဂိုဏ်းကိုပြန်ရောက်မှ ကျွန်တော်အသေးစိတ် ရှင်းပြပါမယ်။ သူ့ကြောင့် ဒေါ်လေးတို့နှစ်ယောက် ဒဏ်ရာရသွားမှာစိုးလို့ အခုတော့ မလာပါနဲ့ဦး... ”

ယုံချင်ရွှမ်းယာသည် သူမ၏ ခြေလှမ်းကို ချက်ချင်းရပ်လိုက်ပြီး လီချန်ရှို့ကို ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမသည် နောက်ပြန်လှည့်ကာ သူမ၏တရားထိုင်ဖျာလေးပေါ်တွင် ပြန်ထိုင်လိုက်လေသည်။

ကျိုးကျိုးသည် သူမ၏နားကို လက်ဖြင့်ပိတ်၍ မည်သည်ကိုမှ မကြားလိုက်ဟန်ဖြင့် လျှောက်လာလေသည်။ သူမသည် ရှုံးလင်လိကို အနီးကပ်လေ့လာလိုက်၏။

ဆရာဒေါ်လေးသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရ၏။ သူမ၏ မျက်ဝန်းများသည် အရောင်လက်နေပေသည်။

ထို့နောက် ကျိုးကျိုးသည် ကျိုးဝူ၏ဘေးတွင် ဝင်ထိုင်၍ ပုံမှန်အတိုင်းပြောလိုက်၏။

“ အစ်ကိုငါး... အစ်ကိုက ပိုပြီးချောလာသလိုပဲ ”

“ အိုး... ”

ကြွေပုလင်းနှစ်လုံးဖြင့် အလုပ်ရှုပ်နေသော ကျိုးဝူသည် ရုတ်တရက်ပြုံးသွား၏။

“ တကယ်လား... အစ်ကိုတော့ သတိမထားမိခဲ့ပါဘူး ”

“ အစ်ကိုသတိမထားမိတာ ကောင်းတာပေါ့ ”

ကျိုးကျိုးသည် မျက်လုံးပင့်၍ သူမ၏နေရာသို့ပြန်လျှောက်သွားကာ လက်နောက်ပစ်ပြီး ပြန်ထိုင်နေလိုက်တော့သည်။

ကျိုးကျိုးနှင့် ယုံချင်ရွှမ်းယာတို့ ထရပ်လိုက်ချိန်တွင် ပတ်ဝန်းကျင်မှအကြည့်များသည် ယုံချင်ရွှမ်းယာအပေါ် ကျရောက်သွားသည်ကိုလည်း ဖော်ပြရပေမည်။

ရန်ကျောင်းတော်သည် အာဒိကပ္ပလောကတွင် ကြီးကျယ်ခမ်းနားသော ကျောင်း‌တော်တစ်ကျောင်းဖြစ်သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှလူများသည် ပွဲကျင်းပရာသို့ ရောက်နေပြီဖြစ်သော်လည်း တွေ့ဆုံပွဲသည် နောက်နှစ်ဝက်မှ စတင်မည်ဖြစ်သည်။

နတ်ဝိဇ္ဇာဂိုဏ်းအသီးသီးမှ တပည့်များသည် သူတို့၏ ဂိုဏ်းသည် ကောင်းမွန်သောဂိုဏ်းတစ်ဂိုဏ်းဖြစ်ကြောင်း ပြနိုင်ရန် စိတ်ပါလက်ပါဖြင့် တရားထိုင်ကျင့်ကြံနေကြလေသည်။ သူတို့သည် သူတို့တတ်စွမ်းသ၍ ကြီးမြတ်သောတာအိုတရားကို နားလည်အောင်ကြိုးစားနေကြပြီး ဟိုဟိုဒီဒီလျှောက်မသွားနေကြပေ။

ထိုနှစ်ဝက်အတွင်း ဉာဏ်အလင်းပွင့်ကာ အဆင့်တက်သွားသော တပည့်များစွာ ရှိလေသည်။

တဖြည်းဖြည်းဖြင့် ကျောင်းတော်သုံးကျောင်းမှ ချီကျင့်ကြံသူများသည် ချိုင့်ဝှမ်းအတွင်းရှိ ရေကန်ဘေးတွင် စုဝေးနေကြပေပြီ။ သို့သော် ဆူညံသံ သိပ်မကြားရပေ။

မကြာမကြာဆိုသလို နတ်ဝိဇ္ဇာအချို့သည် တိမ်ပေါ်သို့သွား၍ စကားစမြည်ပြောဆိုနေကြ၏။ စွမ်းအားကြီးနတ်ဝိဇ္ဇာများနှင့် ဆံပင်ဖြူများရှိသည့် ပညာရှင်များကိုလည်း တွေ့ရ၏။ ထိုသူများသည် ပွဲကျင်းပမည့်နေရာ အစွန်များတွင် စကားစမြည်ပြောဆိုနေကြလေသည်။

ကျိုးကျိုးပြောခဲ့သလိုပင် တပည့်ငယ်အများစုသည် ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသည့်ပွဲမျိုးကို ဒုတိယအကြိမ်ကြုံရန် အမှန်ပင်မလွယ်ကူပေ။

ရှုံးလင်လိမှလွဲ၍ လီချန်ရှို့သည် ထိုလအနည်းငယ်အတွင်း မည်သည့်ပြဿနာနှင့်မှ ထပ်မကြုံရတော့ပေ။

ရှုံးလင်လိသည် လီချန်ရှို့၏ဘေးတွင်ထိုင်၍ လောကထဲတွင် အကောင်းဆုံး ပင်လယ်စောင့်နတ်မင်းကို ကာကွယ်နေပေသည်။

လီချန်ရှို့သည် ကျင့်ကြံရင်းမှာပင် “လေ့ကျင့်ရေး” သင်ခန်းစာကိုလည်း စလိုက်လေသည်။

သူမကို လေ့ကျင့်သင်ကြားပေးရန် မဖြစ်နိုင်ပေ။ လီချန်ရှို့သည် သူ၏နှလုံးသားထဲမှ ထိုအသုံးမဝင်သည့် စကားလုံးများကို ဖယ်ရှားပစ်ခဲ့ပြီဖြစ်သည်။

ရှေးဦးစွာ သူသည် ရှုံးလင်လိကို သူမ၏ ခွန်အားကို ထိန်းချုပ်တတ်စေလို၏။

လီချန်ရှို့သည် သူမကို ကြွေပုလင်းအချို့ကို ပေးလိုက်ပြီး ထိုကြွေပုလင်းများအပေါ်တွင် ရေးဆွဲထားသော ပုံစံများကို ကြွေပုလင်းကိုမထိခိုက်စေဘဲ ဖျက်ရန်ပြောလိုက်၏။ သူမသာ ထိုသို့လုပ်နိုင်ခဲ့လျှင် သူသည် သူမကို ချီးကျူးလွှာချီးမြှင့်မည် ဖြစ်သည်။ သူမသည် နောင်တွင် ထိုချီးကျူးလွှာကို ရှုံးရွာသို့ပြန်ယူသွား၍ တစ်ရွာလုံးရှေ့တွင် သူမအပေါ် ပင်လယ်စောင့်နတ်မင်း၏ ချီးကျူးစကားများကို ပြန်ရွတ်ပြနိုင်ပေမည်။

ဒုတိယအနေဖြင့် သူသည် ရှုံးလင်လိကို ကျင့်ကြံခြင်းနှင့်မဆိုင်သော စာအုပ်များပေးလိုက်၏။ သူသည် သူမကိုစာပိုဖတ်ကာ ပို၍ သိမ်မွေ့လာစေလို၏။

နေဝင်ကာ လထွက်ခဲ့ပေပြီ။ ကြယ်တာရာများ၊ တိမ်တိုက်များ ထွက်ပေါ်လာ၏။

ထိုနေရာရှိ ရှုခင်းများသည် လှပသော်လည်း လူတော်တော်များများသည် ထိုရှုခင်းများကို လဝက်ခန့်ကြည့်ရှုပြီးသွားပြီဖြစ်သဖြင့် ငြီးငွေ့လာလေတော့သည်။ တစ်နေ့တွင် ထိုနေရာပတ်ဝန်းကျင်တွင် ဆန်းကြယ်သော မထင်မရှားတာအိုသင်္ကတများ ပေါ်ပေါက်လာလေသည်။ ရှားပါးသောသားရဲများ၏ ဟိန်းသံများကို အရပ်မျက်နှာအနှံ့မှ ကြားနေရ၏။ ချိုင့်ဝှမ်းအစွန်းမှနေ၍ အရောင်အသွေးစုံသော ငှက်တစ်သောင်းကျော် ထပျံသွားလေသည်။ အာကာတစ်ပြင်လုံးတွင် နတ်အလင်းတန်းများ လွှမ်းခြုံသွား၏။ သာလွန်ထူးကဲသော လူရိပ်သုံးရိပ်သည် ခွန်းလွန်တောင်မှနေ၍ ခမ်းနားသည့်တိမ်တိုက်များကို စီးနင်း၍ ပျံသန်းလာပေသည်။ အလယ်ရှိ တာအိုရသေ့အိုကြီးသည် စိတ်တက်ကြွနေပုံရ၏။ သူသည် ဗလာနတ္ထိကျောက်စိမ်းနန်းတော်ရှိ အရှင်ယွမ့်ရှစ်ထျန်းကျွမ်း၏ တတိယတပည့် ချီကျင့်စစ်ဖြစ်သည်။

ချီကျင့်စစ်၏ ဘေးနှစ်ဖက်တွင် ချန်ကျောင်းတော်၏ ကျော်ကြားသော အာကာသနတ်မင်းဆယ့်နှစ်ပါးထဲမှ နှစ်ပါးသည် တစ်ဖက်လျှင် တစ်ပါးရှိနေ၏။

သူတို့သုံးဦး ပွဲကျင်းပရာနေရာသို့ ချဉ်းကပ်လာစဉ်တွင် အရှေ့တောင်အရပ် လီ(၁၀,၀၀၀) အကွာမှနေ၍ တိမ်မည်းများ ထွက်ပေါ်လာ၏။

တိမ်များသည် မည်းမှောင်နေရခြင်းမှာ တိမ်တိုက်ဖြူများ ပြွတ်သိပ်စွာရှိနေသဖြင့် အလင်းမဖောက်နိုင်ဖြစ်ကာ တိမ်မည်းများဟု ထင်နေရခြင်းပင်။

တိမ်များပေါ်တွင် လူများစွာရပ်နေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်လောက်အောင်များသော လူရိပ်များကို တွေ့လိုက်ရလေသည်။

ချန်ကျောင်းတော်မှ ချီကျင့်စစ်တို့သုံးဦးသည် ထိုအခြင်းအရာကို မြင်သောအခါ သူတို့၏ မျက်နှာထားများ ပြောင်းသွားကြ၏။ သူတို့သည် သူတို့၏ ဆက်သွယ်ရေးကျောက်စိမ်းပြားများကို အလျင်အမြန်ထုတ်လိုက်ကြ၏။

ကျောက်စိမ်းပြားများ လှုပ်ခတ်သွားပြီး စိုးရိမ်မှုများ တိုးပွားသွားလေတော့သည်။

All Chapters