လူတစ်ယောက်တွင် အနားယူချိန်လည်း ရှိသင့်ပေသည်
Vol. 1-8 Ch. 100
“ ဘာလို့ ငါ့အတွက် အစ်ကိုငါး ဆင်ပေးထားတဲ့ မန္တန်အစီအရင်က အလုပ်မလုပ်တော့တာလဲ ”
ကျိုးကျိုးသည် အရက်အိုးကြီးပေါ်တွင် ထိုင်ရင်း နဖူးပေါ်လက်တင်ကာ ဝါး၍ ကောင်းပြီး သွားတွင်ကပ်မနေတတ်သည့် ဝိညာဉ်ဆေးလုံးများကို ဝါးနေလေသည်။ ထိုဆေးလုံးများသည် သူမ၏ အားအင်ကို ဖြည့်တင်းပေးပြီး မူလဝိညာဉ်ကို တည်ငြိမ်စေ၏။ သူမသည် ပျံသန်းနေရင်းပင် ချုံတောင်လေးသို့ ရောက်လာပေပြီ။
ကျိုးကျိုး အနည်းငယ် စိတ်ရှုပ်နေ၏။
သူမ၏ အဆောက်အအုံဘေးရှိ အကာအကွယ်မန္တန်အစီအရင်သည် အဘယ်ကြောင့် ထိန်းချုပ်မရဖြစ်နေကြောင်း မသိသော်လည်း ပြန်ပိတ်၍ မရတော့သည်မှာ သေချာလေသည်။ ကျိုးကျိုးသည် သူမဘာသာ ပိတ်ရန် အကြိမ်ကြိမ် ကြိုးစားကြည့်ခဲ့သော်လည်း မပိတ်နိုင်ခဲ့ပေ။
သူမသည် အတုမဲ့နတ်ဝိဇ္ဇာနောက်ဆုံးအဆင့် ရောက်နေသူဖြစ်သဖြင့် မန္တန်အစီအရင်များ၏ တာအိုကို နားမလည်သော်လည်း မန္တန်အစီအရင်များကို ဖြေရှင်းရန် သူမ၏ ကိုယ်ပိုင် အထူးနည်းလမ်းများ ရှိလေသည်။ သူမသည် နတ်တန်ခိုးများဖြင့် သူမ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။ ထို့နောက် မန္တန်အစီအရင်ကို ခေါင်းဖြင့်ဝင်တိုက်လိုက်သောအခါ ၎င်းသည် ချက်ချင်း ပျက်ဆီးသွားလေတော့သည်။
ထို့နောက် ကျိုးကျိုးသည် ချုံတောင်လေးတွင် လုပ်ခဲ့ဖူးသော အတွေ့အကြုံများအရ သူမ၏ အဆောက်အအုံအောက်တွင် မြှုပ်နှံထားသော မန္တန်အစီအရင်အောက်ခြေများကို မတောက်တခေါက် ပြန်ပြင်လိုက်သည်။ ထို့ကြောင့် အဆောက်အအုံရှိ အကာအကွယ်မန္တန်အစီအရင်များ၊ သီးခြားမန္တန်အစီအရင်များ၊ အသံလုံမန္တန်အစီအရင်များနှင့် စိတ်စုစည်းမန္တန်အစီအရင်များကိုပါ ဆက်သုံး၍မရ ဖြစ်သွားလေတော့သည်။
ကျိုးကျိုးတစ်ယောက် ကိုယ့်နဖူးကိုယ် ရိုက်လိုက်ရသည်။ မန္တန်အစီအရင်အတတ်များ၊ နတ်ဆေးအတတ်များသည် သူမအတွက် ရှုပ်ထွေးလွန်းလှ၏။
သူမသည် မန္တန်အစီအရင်များကို ပြန်ပြင်ပေးရန် အနီနားရှိ တစ်ယောက်ယောက်ကို အကူအညီသွားတောင်းလိုသော်လည်း အစ်မကြီးနှင့် အစ်ကိုနှစ်တို့သည် ဆရာနှင့်အတူ အပြင်သို့လိုက်သွားကြောင်း အမှတ်ရသွား၏။ သူတို့သည် တိုက်ပွဲနေ့က ကျန်ခဲ့သော အလောင်းများကို အသုံးပြု၍ ရန်သူများ၏ နောက်ကြောင်းကို စုံစမ်းနေကြခြင်းပင်။
သူမ၏ အစ်မသုံးသည် တာအိုလက်တွဲဖော်နှင့်အတူ ရှိနေပေလိမ့်မည်။ သူမ၏ အစ်ကိုရှစ်သည်လည်း မအားပေ။ သူသည် တိုက်ပွဲအတွင်း၌ ကျဆုံးသွားသော ဂိုဏ်းသားများအတွက် အသုဘကိစ္စများ ပြင်ဆင်ပေးနေလေသည်။
သူမ၏ အဆောက်အအုံနှင့် အနီးဆုံး အစ်မလေးနှင့် အစ်ကိုငါးသည်လည်း တောင်ကာမန္တန်အစီအရင်ကြီးကို ပြန်ပြင်ရန်အတွက် လိုအပ်သော ရတနာတချို့ကိုသွားဝယ်ရန် ပိုင်ဖန်ခန်းမမှ အကြီးအကဲများနှင့်ထွက်သွား၏။
သူမ၏ အစ်မခြောက်နှင့် အစ်ကိုခုနှစ်သည်လည်း အခန်းအောင်းကျင့်ကြံနေပြီး တစ်ဦးကိုတစ်ဦး ဒဏ်ရာများ ကုသပေးနေပေသည်။ သူတို့နှစ်ယောက်တွင် တချိန်တည်းမှာပင် နှစ်ယောက်စလုံး၏ ဒဏ်ရာများကို ကုသနိုင်သော ဆန်းကြယ်သည့် အတတ်တစ်ခုရှိသည်ဟု ဆိုကြ၏။
ကျိုးကျိုးသည် ထိုအကြောင်းများကို စဉ်းစားနေရင်းပင် အရက်အိုးကြီးစီး၍ ချုံတောင်လေး၏ တောင်ကာန္တန်အစီအရင်အတွင်း ဝင်လိုက်ပြီး တောင်ပေါ်သို့ဆင်းသက်လိုက်၏။ ယခုတစ်ခေါက် ချုံတောင်လေးသို့ လာရခြင်းမှာ အရက်လာတောင်းခြင်းမဟုတ်ဘဲ အခြားအရေးကြီးကိစ္စတစ်ခုဖြင့် လာခြင်းဖြစ်သည်။
‘ ငါ့ရဲ့ အဆောက်အအုံအပြင်က မန္တန်အစီအရင်တွေကို ပြန်ဆင်ပေးဖို့ ချန်ရှို့ကို အကူအညီတောင်းရမယ် ’
ကျိုးကျိုးသည် သူမ ပြန်ပြင်လိုက်သဖြင့် ပိုဆိုးသွားသည်ကို ပြန်စဉ်းစားလိုက်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘေးမှ ပူညံပူညံလုပ်မည့် လီချန်ရှို့ မရှိခြင်းကြောင့် ဖြစ်ရပေမည်။ ချုံတောင်လေး၏ အပြင်ရှိ တောင်ကာမန္တန်အစီအရင်အတွင်းသို့ ဝင်ပြီးသောအခါ ကျိုးကျိုးတစ်ယောက် ကျေကျေနပ်နပ်ပြုံးလိုက်သည်။
သူမသည် သစ်ပင်အောက်တွင် တရားထိုင်နေသော လင်းအယ်၊ ဆေးဖော်ဆောင်အတွင်း၌ ဆေးဖော်နေသောချန်ရှို့နှင့် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ပျောက်ချက်သားကောင်းနေသော ဂိုဏ်းတူအစ်ကို ချီယွမ်တို့ကို တွေ့လိုက်၏။
ချုံတောင်လေးသည် တိုက်ပွဲ၏ ရိုက်ခတ်မှုဒဏ်ကို ခံခဲ့ရပုံမပေါ်ပေ။ ၎င်းသည် နဂိုအတိုင်းပင် အေချမ်းသာယာနေပြီး စိတ်ဝင်စားဖွယ်ပတ်ဝန်းကျင်တစ်ခု အဖြစ်ဆက်၍ တည်ရှိနေပေသည်။
ကျိုးကျိုးသည် တရားထိုင်နေသော လင်းအယ်ကို မနှောင့်ယှက်တော့ဘဲ ဆေးဖော်ဆောင်ဆီသို့သာ တန်းသွားလိုက်သည်။ သူမအရှေ့ရှိ မန္တန်အစီအရင်များသည် အလိုလို ပိတ်သွား၏။ သူမသည် ဆေးဖော်ဆောင်သို့ သွားနေရင်း ဆေးဖော်ဆောင်အနီးရှိ တောအုပ်ထဲတွင် ပြောင်ရှင်းနေသည့် မြေကွက်လပ်များကို တွေ့လိုက်ရပြီး အိုင်အသစ်တချို့ကိုလည်း တွေ့လိုက်ရ၏။
‘ သူ ဖုန်းရွှေအတတ်နဲ့ ပတ်သက်တဲ့ အရာတစ်ခုခုလုပ်မလို့လား ’
ကျိုးကျိုးသည် မျက်တောင်ခတ်လိုက်ပြီး ဆက်၍ တွေးတောမနေတော့ပေ။
လီချန်ရှို့သည် ကျိုးကျိုးရောက်နေသည်ကို စရောက်ကတည်းက သိပြီးဖြစ်သည်။ သူသည် ဆေးဖော်ဆောင် အရှေ့တွင် ရပ်လိုက်ပြီး တောင်သမုဒ္ဒရာရှိ ကိစ္စများကို တစ်ခါတည်း အပြတ်ရှင်းရန် ယမန်နေ့က လွှတ်လိုက်သော သူ၏ စက္ကူကိုယ်ပွားများကို အရှေ့ကျွန်းရှိ လုံခြုံသောနေရာတစ်ခုတွင် ရပ်စေလိုက်သည်။
သူသည် သူ၏ အာရုံအချို့ကို ပတ်ဝန်းကျင်ကို လေ့လာရန် ချန်ခဲ့လိုက်၏။ အာရုံအများစုသည် သူ၏ ခန္ဓာကိုယ်အစစ်ထံသို့ ပြန်ရောက်လာပြီး ကောင်းကင်မှပျံသန်းလာသော သူ၏ ဆရာဒေါ်လေးကို ပြုံးပြလိုက်သည်။
ခေတ္တမျှကြာသောအခါ ကျိုးကျိုးသည် သူမ လာရသည့်အကြောင်းကို ချီတုံချတုံဖြင့် ရှင်းပြလိုက်၏။ ထို့နောက်သူမသည် နားထင်တွင် ကျနေသော ဆံပင်များကို နားသယ်နောက်သို့ ပို့လိုက်၏။
“ ငါ့ကို တစ်ခေါက်လောက် ကူညီပေးနိုင်မလား၊ ငါမင်းကို အခကြေးငွေပေးမှာပါ ”
“ ဆရာဒေါ်လေး… ဆရာဒေါ်လေးသာ တစ်ခုခု အကူအညီလိုရင် ကျွန်တော် ကူညီပေးရမှာပေါ့ ”
လီချန်ရှို့က ပြုံး၍ ပြောလိုက်သည်။
“ အခကြေးတွေ ဘာတွေ ပေးစရာမလိုပါဘူး ”
“ ဒီတစ်ခေါက် ဂိုဏ်းလည်း တော်တော်လေး ထိခိုက်သွားတယ်။ ကျွန်တော်လည်း တော်တော်လေး နားလည်သွားပါပြီ။ နောက်ကျ ဆရာဒေါ်လေးဆီမှာ သောက်စရာအရက်မရှိတော့ဘူးဆိုရင် ချုံတောင်လေးကိုလာပြီး အရက်တောင်းလို့ရပါတယ် ”
ကျိုးကျိုးတစ်ယောက် မျက်လုံးများအရောင်လက်သွားပြီး ရယ်လိုက်သည်။
“ မင်းငါ့ကို ပရောပရီ လုပ်နေတာလား ”
လီချန်ရှို့သည် ခပ်မြန်မြန် ခေါင်းခါပြလိုက်ပြီး ခပ်တည်တည်မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။
“ ဆရာဒေါ်လေးနဲ့ ကျွန်တော်က ဘယ်လိုလုပ် ပရောပရီလုပ်လို့ သင့်တော်မှာလဲ။ ကျွန်တော်တို့နှစ်ယောက်က ဝါမှမတူတာ… ဝါမတူတာက သိပ်အရေးမကြီးဘူးဆိုရင်တောင် ကျွန်တော်က ဆရာဒေါ်လေးကို အဒေါ်အရင်းတစ်ယောက်လိုပဲ လေးလေးစားစား ဆက်ဆံခဲ့တာလေ… ”
“ ဟာ… ငါပြောချင်တာ အဲ့သဘောမဟုတ်ဘူးလေ။ ငါဆိုလိုတာက မင်းငါ့ကို မျက်နှာလိုမျက်နှာရ…အဲ..မသိတော့ဘူးကွာ… ”
ကျိုးကျိုး၏ မျက်နှာလေးသည် အတန်ငယ် ရှက်သွေးဖြန်းသွား၏။ သူမသည် လက်နောက်ပစ်၍ မည်သို့ရှင်းပြရမည် မသိဖြစ်နေ၏။ သူမ၏ ကြည်လင်သန့်စင်သော မျက်နှာလေးသည် အနည်းငယ် နီမြန်းနေလေသည်။
လီချန်ရှို့သည် မရယ်ဘဲ မနေနိုင်အောင်ဖြစ်သွား၏။ ကျိုးကျိုးသည် ဂိုဏ်းတူ တူလေး၏ စနောက်ခြင်းကို ခံလိုက်ရကြောင်း သိသွားသောအခါ လျင်မြန်စွာ ပြန်၍တုံ့ပြန်လိုက်၏။
သူမသည် လီချန်ရှို့ကို စူးစူးဝါးဝါးကြည့်၍ ဒေါသတကြီးပြောလိုက်လေသည်။
“ ငါ့နောက်လိုက်ခဲ့.. မန္တန်အစီအရင်ကို လိုက်ပြင်ပေးရမယ်… ငါ့ကို စနောက်ရဲတယ်ပေါ့လေ… နာချင်လို့စာတင်နေတာထင်တယ်။ ဟွန်း… ငါကတော့ မင်း ဆေးဖော်တာကို အပင်ပန်းခံပြီး ကူညီပေးရတယ်… ဒီနေ့တော့ မင်းကို ပြန်အပင်ပန်းခံခိုင်းရမယ် ”
လီချန်ရှို့သည် လက်နှစ်ဖက်ဆုပ်၍ ကျိုးကျိုးကို ကောင်းကင်ခွင်းတောင်သို့ အရင်ပြန်ခိုင်းနှင့်လိုက်ပြီး နောက်တစ်နာရီကြာလျှင် သူနောက်က လိုက်လာခဲ့မည်ဖြစ်ကြောင်း ပြောလိုက်၏။ ဤနည်းအားဖြင့် ကျိုးနတ်ဝိဇ္ဇာတစ်ပါးဖြင့် အတူသွားသဖြင့် လူများ၏ အာရုံစိုက်ခြင်းမှ ကာကွယ်နိုင်ပေမည်။ ထို့ပြင် သူစေခိုင်းထားသော စက္ကူကိုယ်ပွား ပုန်းအောင်းရန် နေရာကောင်းတစ်ခုကို ရှာရန်လည်း အချိန်ရပေမည်။
ကျိုးကျိုးသည် များစွာတွေးတောမနေတော့ဘဲ ကောင်းကင်ခွင်းတောင်သို့ ပြန်၍ မန္တန်အစီအရင်များကို ပြင်ရာတွင် သုံးရန် အဖိုးတန်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန် ပြင်လိုက်၏။ သူမသည် အရက်အိုးကြီးပေါ်သို့တက်၍ ဝမ်းသာအားရဖြင့် သူမ၏ အဆောက်အအုံဆီသို့ ပြန်သွားလိုက်လေတော့သည်။
ကျိုးကျိုး ပြန်သွားသောအခါ လီချန်ရှို့သည် ဆေးဖော်ဆောင် အရှေ့တွင် ခေတ္တရပ်၍ တွေးတောနေပြီးနောက် ဆေးဖော်ဆောင်အတွင်းသို့ တရားထိုင်ရန် ပြန်ဝင်သွားလိုက်၏။ သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး သူအပြင်သို့ လွှတ်ထားသော စက္ကူကိုယ်ပွားများဆီသို့ စိတ်ပြန်ပို့လိုက်သည်။
တောင်သမုဒ္ဒရာရှိ ပင်လယ်စောင့်နတ်မင်း ကိစ္စကို ရှင်းရန် ဤတစ်ကြိမ်တွင် လီချန်ရှို့သည် မိမိကိုယ်ကို စိန်ခေါ်၍ စွန့်စားလိုက်၏။ သူသည် စက္ကူကိုယ်ပွားများကို ရက်အနည်းငယ်အတွင်း ပြန်လည် ပြင်ဆင်လိုက်ပြီး သူ၏ ဆရာကို အကူအညီတောင်းကာ စက္ကူကိုယ်ပွားများကို ဂိုဏ်းအပြင်သို့ ပို့စေလိုက်သည်။
ဤအကြိမ်တွင် သူသည် တောင်သမုဒ္ဒရာသို့ စက္ကူကိုယ်ပွား အမြောက်အမြားကို ပို့လိုက်၏။
‘နတ်ဘုရား’ စက္ကူကိုယ်ပွား(၁)နှင့် ‘နတ်ဘုရား” စက္ကူကိုယ်ပွား(၂)တို့မှာ ထိုစက္ကူကိုယ်ပွားအဖွဲ့၏ အဓိက လက်ထောက်ခေါင်းဆောင်များ ဖြစ်ကြသည်။ ‘ကောင်းကင်’ စက္ကူကိုယ်ပွား ခြောက်ရုပ်သည် ခရီးသွားလာခြင်း၊ အရေးပေါ်အခြေအနေများတွင် တိုက်ခိုက်ခြင်း၊ ထွက်ပြေးခြင်းတို့အတွက် တာဝန်ယူရ၏။ ထို့ပြင် ၎င်းတို့နှင့်အတူ သာမန် စက္ကူရုပ် အများအပြားလည်း ပါသွားလေသည်။
သူတို့သယ်ဆောင်သွားသော တိုက်ခိုက်ရေးလက်နက်များမှာ အိတ်ဆောင်မန္တန်အစီအရင်တစ်ခု၊ လီချန်ရှို့ကိုယ်တိုင် ပြုလုပ်ထားသော ဓမ္မအဆောင်တစ်ခုနှင့် တုနတ်ဝိဇ္ဇာဂိုဏ်းမှ တိုက်ပွဲတွင် အသုံးမပြုလိုက်ရသော အဆိပ်ဆေးလုံးများဖြစ်၏။ အဆိပ်ဆေးလုံးများသည် အဓိက လက်နက်ဖြစ်သည်။
ဤတစ်ခေါက် စစ်ဆင်ရေးသည် အေးဆေး၍ လုံခြုံသော နည်းများကို အသုံးပြု၍ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို သဘာဝကျကျ ပြိုလဲသွားအောင်လုပ်ရန် ဖြစ်သည်။ ထိုမှသာ နောင်တွင်ပေါ်ပေါက်လာနိုင်သော အန္တရာယ်များကို ရှောင်ရှားနိုင်ပေမည်။
သူသည် စက္ကူကိုယ်ပွားများအနက် စက္ကူရုပ်ကို ခရီးလမ်းတွင် ဦးဆောင်၍ ခေါ်သွားရန် တာဝန်ယူရသော ‘ကောင်းကင်’ စက္ကူကိုယ်ပွား(၂)ကို ထိန်းချုပ်လိုက်သည်။ သူသည် ပို၍လုံခြုံသွားအောင် စက္ကူကိုယ်ပွားများကို မြေကိုယ်ယောင်ဖျောက်အတတ်သုံးစေလိုက်သည်။ သူသည် စိတ်တန်ခိုးအနည်းငယ်ကို ၎င်းတို့အထဲတွင် ချန်ခဲ့လိုက်ပြီး ဆက်၍ သတိကြီးကြီးထားလိုက်၏။
အဝေးမှနေ၍ ထိုသို့ထိန်းချုပ်ပြီးသောအခါ လီချန်ရှို့သည် ဆေးဖော်ဆောင်အတွင်း၌ ခေတ္တမျှဆက်၍ ထိုင်နေလိုက်သည်။
အချိန်ကို တွက်ချက်ပြီးသောအခါ သူသည် ထ၍ သန့်ရှင်းသော ဝတ်ရုံတစ်ထည်ကို လဲ၍ ဝတ်လိုက်၏။ တချိန်တည်းမှာပင် သူ၏ ကိုယ်ပေါ်ရှိ ပစ္စည်းများကို ကြည့်ရှုစစ်ဆေးလိုက်ပြီး ပြင်ဆင်ချိန်တွင် မည်သည့်အမှား လုပ်ခဲ့မိနိုင်သနည်းဟု ဆင်ခြင်သုံးသပ်လိုက်၏။
သူသည် အနောက်ကျောင်းတော်မှလူများ သူ့ကိုစောင့်ဆိုင်းနေပြီး အလစ်ဝင်တိုက်မည်ကိုစိုး၍ တောင်သမုဒ္ဒရာသို့ ကိုယ်တိုင်မသွားဝံ့ပေ။ သို့သော် ဘုံကျောင်းများအကြားတွင် ရန်ပွဲများ စတင်ဖြစ်ပေါ်နေပြီဖြစ်၍ လီချန်ရှို့သည် ထိုရန်ပွဲများ မကြီးထွားလာခင် သွား၍ ဖြေရှင်း ရပ်တန့်ပေးရပေမည်။
ခေတ္တမျှတွေးတောပြီးသောအခါ လီချန်ရှို့သည် သူ ပို့လွှတ်လိုက်သော စက္ကူကိုယ်ပွားများကို ပြန်၍ မခေါ်ဘဲ အစီအစဉ်အတိုင်း ဆက်လုပ်ခိုင်းရန် ဆုံးဖြတ်ချက်ချလိုက်၏။ ပြဿနာများ ပို၍မကြီးထွားလာစေရန် လီချန်ရှို့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စက္ကူကိုယ်ပွားများ၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်နိုင်စွမ်းကို အဆင့်မြှင့်တင်ခဲ့၏။
စက္ကူကိုယ်ပွားများသည် အချိန်မရွေး၊ နေရာမရွေး သေနိုင်ပေပြီ။ ၎င်းတို့သည် သေဆုံးသွားသောအခါတွင်လည်း စက္ကူကိုယ်ပွားအဖြစ်သို့ ပြန်မပြောင်းသွားတော့ဘဲ ၎င်းတို့ အသွင်ယူထားသော ပုံစံအတိုင်း ဆက်ရှိနေမည်ဖြစ်သည်။ ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ပြာကျသွားအောင် မီးရှို့ပစ်နိုင်ပြီး အရာအားလုံးကို လက်စဖျောက်ပစ်နိုင်လေသည်။
လီချန်ရှို့သည် လူသားတစ်ဦးအနေဖြင့် သူ၏ စက္ကူကိုယ်ပွားများကို ပို၍ရက်စက်ရပေလိမ့်မည်။ ထို့ပြင် ချုံတောင်လေးပေါ်တွင် သေသွားသော မိစ္ဆာများ၏ အရိုးပြာများကြောင့် ဖြစ်မည်ထင်သည်။ ဝိညာဉ်သစ်ပင်အချို့သည် ပြန်၍ ရှင်သန်လာကြောင်း လီချန်ရှို့ တွေ့ခဲ့ရ၏။
“ အပင်ပေါက်တွေ အရွယ်မရောက်သေးခင်အထိတော့ မင်းတို့ကိုပဲ ဒုက္ခပေးရဦးမှာပဲ ”
လီချန်ရှို့သည် ပြုံး၍ ဆေးပေါင်းဖိုရှေ့တွင် ပြန်ထိုင်လိုက်ပြီး ဆက်လုပ်ရမည့် အစီအစဉ်များအကြောင်းကို တွေးတောလိုက်သည်။
ကုသိုလ်နှင့် အကုသိုလ်သည် လွန်စွာဆန်းကြယ်ပြီး ဒင်္ဂါးပြား၏ ပန်းနှင့်ခေါင်းကဲ့သို့ နီးနီးကပ်ကပ် ဆက်စပ်နေကြသည်။ ကုသိုလ်နှင့် အကုသိုလ်သည် တစ်ခုနှင့် တစ်ခု ဖြေဖျက်နိုင်ကြောင်း လီချန်ရှို့ သိ၏။ သူ နားလည်သလို ပြောရလျှင် အကုသိုလ်သည် အဆိပ်ဆေးလုံးများဖြစ်၍ ကုသိုလ်သည် ဖြေဆေးများ ဖြစ်သည်။
သူ့တွင် ဖြေဆေး အလုံးသောင်းချီရှိနေစေကာမူ အဆိပ်တစ်လုံးကို မစားလိုပေ။ အကုသိုလ်များသည် ကုသိုလ်များကြောင့် ပြန်ပျောက်သွားနိုင်သော်လည်း သူ၏ ကိုယ်ပေါ်တွင် အရာများတော့ ကျန်ခဲ့ပေလိမ့်မည်။
သူသည် ကောင်းကင်ပြစ်ဒဏ်ခံယူ၍ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းပြီးခဲ့ပြီဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း တည်ငြိမ်အောင်လုပ်ခဲ့ပြီးပေပြီ။ သူသည် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် အမတလမ်းကို တစ်လှမ်းချင်းသာ လျှောက်လှမ်းလို၏။
သို့သော် အနာဂတ်တွင် သူ့ကိုစောင့်ကြိုနေမည့် အတားအဆီးတစ်ခု ရှိသေး၏။
အာကာသနတ်မင်းအဖြစ် တက်လှမ်းချိန်တွင် ခံရမည့် ကောင်းကင်ပြစ်ဒဏ်ပင်။
သက်ရှိများကို ကောင်းကင်နှင့်မြေကြီးပေါ်တွင် ထာဝရရှင်သန်ရန် ခွင့်မပြုထားပေ။ သက်ရှိတိုင်းသည် မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ကို သဘာဝအတိုင်း လက်ခံရမည်ဖြစ်၏။ သေဆုံးခြင်းသာမရှိလျှင် အသက်ရှင်သန်မှုကို မည်သို့သက်သေပြနိုင်မည်နည်း။
သူ့တွင် ကုသိုလ်ကောင်းမှုများ မရှိခဲ့လျှင် သူ ဆက်လက်ရှင်သန်နေခြင်းသည် လောကကြီး၏ တည်ငြိမ်မှုကို အထောက်အကူပြုသည်ဟု ကောင်းကင်တာအိုတရားက ခံစားမိပါမှ အာကသနတ်မင်းအဖြစ် တက်လှမ်းချိန်တွင် ခံရမည့် ကောင်းကင်ပြစ်ဒဏ်ကို သူကျော်လွှားနိုင်ပေလိမ့်မည်။
သူ့တွင် ကုသိုလ်မရှိသည့်အပြင် အကုသိုလ်များပါ ရှိနေပါက ကောင်းကင်ပြစ်ဒဏ်များကို မည်သို့မှ ကျော်လွှားနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် လီချန်ရှို့သည် အကုသိုလ်မရလိုခြင်း ဖြစ်၏။ သူသည် တောင်သမုဒ္ဒရာရှိ ပင်လယ်စောင့်နတ်မင်းနှင့် ပတ်သက်သည့်ကိစ္စများကို မြန်နိုင်သမျှ မြန်မြန် ဖြေရှင်းရပေမည်။
သူသည် ကိုယ်ကိုယ့်ကို အဆက်မပြတ် အစွမ်းထက်လာအောင်လုပ်ရန် ပြင်ဆင်မှုအချို့ကို သေချာပေါက်လုပ်ရပေမည်။
အာကာသနတ်မင်း ကောင်းကင်ပြစ်ဒဏ်သည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ရှေးဟောင်းကျမ်းစာများတွင် ၎င်း၏ အကြောင်းကို အနည်းငယ်သာ မှတ်တမ်းတင်ထား၏။ ထိုကောင်းကင်ပြစ်ဒဏ် မည်မျှ စွမ်းအားကြီးစေကာမူ အကန့်အသတ်တော့ ရှိရမည်ဟု လီချန်ရှို့ ခံစားမိ၏။
နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းချိန်တွင် ခံရမည့် အပြင်းဆုံး ကောင်းကင်ပြစ်ဒဏ်ကို အေးအေးလူလူကျော်လွှားနိုင်သည်အထိ သူ၏ ကျင့်ကြံခြင်းအဆင့်မြင့်လာအောင် တာအိုတရားကို ကျင့်ကြံနိုင်လျှင် အာကာသနတ်မင်း ကောင်းကင်ပြစ်ဒဏ်ကိုလည်း ကျော်လွှားနိုင်မည်ဖြစ်ကြောင်း သူ (၇၀)ရာခိုင်နှုန်းသေချာ၏။
ကျန်(၃၀)ရာခိုင်နှုန်းသည် သူ၏ ကျင့်ကြံခြင်းအဆင့်အပေါ်တွင် မမူတည်ဘဲ သူမည်မျှ ပြင်ဆင်ထားနိုင်မှုအပေါ် မူတည်လေသည်။
“ အာ… ”
လီချန်ရှို့သည် ထရပ်၍ ဆေးဖော်ဆောင် အပြင်သို့ လျှောက်သွားလိုက်ပြီး သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် သူကြိုးစား ကျင့်ကြံပြီး ပြင်ဆင်ရုံမှလွဲ၍ အခြားလုပ်နိုင်သည်များ မရှိပေ။
“ ကျင့်ကြံတဲ့အခါမှာ အနားယူချိန်လေးတွေလည်း ပေးမှရမယ်။ ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားပြီးရင်လည်း ဆက်ပြီး ကြိုးစား ကျင့်ကြံရဦးမှာပဲ ”
လီချန်ရှို့သည် မိမိဘာသာ ရေရွတ်လိုက်၏။ ထိုစကားများကို စိတ်ငြိမ်သုတ္တန် ဒုတိယတွဲတွင် ထည့်ရေးသင့်သည်ဟု သူတွေးလိုက်မိ၏။
ထို့နောက် လီချန်ရှို့သည် တိမ်စီးကာ ကောင်းကင်ခွင်းတောင်သို့ ခပ်ဖြည်းဖြည်း ပျံသန်းသွားလိုက်လေသည်။
သူရေရွတ်ခဲ့သည်များကို အခြားသူများ ကြားသွားလျှင်လည်း ကိစ္စမရှိပေ။
လက်ရှိတွင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဗလာနတ္ထိ အဋ္ဌမအဆင့်အထိ ဖော်ပြထားသဖြင့် သူ ကောင်းကင်ပြစ်ဒဏ်အတွက် ပူပန်နေခြင်းမှာ သဘာဝကျပေသည်။
*****
“ မင်းက တကယ် ကိုယ်ထိလက်ရောက် တိုက်ခိုက်ချင်တယ်ပေါ့လေ ”
နတ်ကျွန်းတစ်ကျွန်းအနီးရှိ တောင်သမုဒ္ဒရာ ရေပြင်ပေါ်တွင် ဖြစ်သည်။
လုလင်ပျို တစ်ဦး၏ အသွင်ရှိသော အောင်းရိသည် သူ့ထက် ကျင့်ကြံခြင်းအဆင့် အနည်းငယ်ပိုမြင့်သော ဟန်ကျစ်၏ အရှေ့တွင်ကာ၍ ရပ်နေ၏။ သူသည် အတန်ငယ်ခေါင်းမော့၍ သူ့ရှေ့ရှိ လူသုံးယောက်ကို ကြည့်လိုက်သည်။
နတ်ကျွန်းပေါ်မှ လူသား ချီကျင့်ကြံသူများသည် လေထဲသို့ပျံတက်ကာ ထိုရန်ပွဲကို တည်တည်ငြိမ်ငြိမ် ကြည့်နေကြ၏။ ထိုရန်ပွဲဖြစ်ပေါ်လာရသည့် အကြောင်းအရင်းမှာ ရိုးရှင်း၏။
အောင်းရိနှင့် ဟန်ကျစ်သည် စိတ်အပန်းဖြေရန် တောင်သမုဒ္ဒရာသို့ သွားခဲ့၏။ သူတို့ ထိုနတ်ကျွန်းပေါ်ရှိ မြို့သို့ ရောက်သောအခါ အောင်းရိသည် သူ၏ တစ်ဝမ်းကွဲ အစ်ကိုဖြင့် တွေ့ခဲ့၏။ သူ၏ တစ်ဝမ်းကွဲအစ်ကိုသည် သူနှင့် ဥမှထွက်ချိန် သိပ်မကွာသော တောင်သမုဒ္ဒရာ နဂါးနန်းတော်မှ ဒုတိယမင်းသား ဖြစ်၏။ ထိုအခိုက်တွင် ခေါင်းတွင်ဦးချိုများရှိသည့် လူ့အသွင်ယူထားသော နဂါးသုံးကောင်သည် အောင်းရိ၏ အရှေ့တွင် ရပ်နေကြ၏။
အလယ်ရှိ လူသည် ပိန်ပိန်ပါးပါးဖြစ်ပြီး ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများ ရှိလေသည်။ သူ၏ မျက်နှာသည် အောင်းရိလောက် မခံ့ညားသော်လည်း အောင်းရိ မယှဉ်နိုင်သည့်အရာများလည်း ထိုလူထံတွင် ရှိ၏။
ထိုလူသည် အရပ်ရှစ်ပေမြင့်၏။
သူသည် တောင်သမုဒ္ဒရာ နဂါးနန်းတော်၏ ဒုတိယမင်းသား အောင်းမုန်ပင်။
အောင်းမုန်သည် အောင်းရိအား နဂါးမျိုးနွယ်ကို စော်ကားသည့် နဂါးဟု ပြော၍ လှောင်ပြောင်ခဲ့သည်။ အောင်းရိသည် အစပိုင်းတွင် မည်သို့မှ ပြန်မပြောခဲ့ချေ။ သူသည် ဟန်ကျစ် စိတ်အပန်းဖြေနိုင်ရန် တောင်သမုဒ္ဒရာသို့ လာခဲ့ခြင်းဖြစ်ပြီး သူ၏မျိုးနွယ်တူများနှင့် ရန်ဖြစ်ရန် အလိုမရှိပေ။
သို့သော် ဟန်ကျစ်သည် သူမ၏ အစ်ကိုအောင်းရိ အစော်ကားခံနေရသည်ကို မည်သို့ ကြည့်နေနိုင်မည်နည်း။
သူမသည် ထိုနဂါးသုံးကောင်ကို တစ်ခွန်းရွဲ့ပြောလိုက်ပြီး နှစ်ခွန်း ကြိမ်းမောင်းလိုက်သောအခါ ထိုနဂါးများသည် ကိုယ်ထိလက်ရောက် လုပ်ရန် ကြိုးစားလာကြလေတော့သည်။
ဘေးမှကြည့်နေသော သူများသည် ဝေဖန်လေကန်၍ စောင့်ကြည့်နေကြ၏။ ထိုနေရာတွင် တော်တော်လေး စည်ကားနေပေတော့သည်။
လိုရင်းကို ပြောရလျှင် ထိုနှစ်ဖွဲ့သည် ကတောက်ကဆဖြစ်ကာ သမုဒ္ဒရာအတွင်း၌ တိုက်ခိုက်ရန် သဘောတူလိုက်ကြလေ၏။
အောင်းရိက ‘ မင်းက တကယ် ကိုယ်ထိလက်ရောက် တိုက်ခိုက်ချင်တယ်ပေါ့လေ ’ဟု မေးလိုက်သောအခါ အောင်းမုန်သည် လှောင်ပြုံး ပြုံးလိုက်ပြီး သူ့နောက်လိုက် နှစ်ယောက်ကို နောက်ဆုတ်ရန် လက်ဟန်ပြလိုက်သည်။
အောင်းမုန်၏ ကျင့်ကြံခြင်းအဆင့်သည် အောင်းရိနှင့် အတူတူဖြစ်၏။ သူတို့နှစ်ယောက်လုံးသည် တော်ဝင်သွေးပါကြသူများဖြစ်ပြီး နဂါးဘုရင်၏ သားတော်များလည်း ဖြစ်သည်။
အောင်းရိသည် နဂါးနန်းတော်ကို တစ်ကြိမ် အတိုက်အခံလုပ်ခဲ့ဖူးသော်လည်း သူသည် ကျဲကျောင်းတော်မှနေ၍ အကျိုးကျေးဇူးများစွာရခဲ့သဖြင့် တန်သည်ဟုဆိုရပေမည်။
အောင်းမုန်ထံတွင် ဆန်းကြယ်သော မှော်အစွမ်းများရှိ၏။ သူသည် ယနေ့တွင် နဂါးမျိုးနွယ်ကို အရှက်ရစေခဲ့သော သူ၏ ဝမ်းကွဲညီလေးကို သင်ခန်းစာပေးရပေတော့မည်။
ထိုအခိုက်တွင် သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ကာ စတင်တိုက်ခိုက်လိုက်ကြသည်။ တိုက်ပွဲသည် ပြင်းထန်လှ၏။ နှစ်ဖက်လုံးသည် ကျင့်ကြံခြင်းအဆင့်မကွာသော်လည်း လျင်မြန်စွာပင် အောင်းရိ အရေးသာလာပြီး အောင်းမုန်ကို ဖိအားပေးတိုက်ခိုက်နေလေသည်။
သို့သော် အောင်းမုန်သည်လည်း စိတ်လှုပ်ရှားမသွားပေ။ သူသည် မှော်အစွမ်းများကို ထုတ်လိုက်ပြီး ရေပြင်အထက်မှ လှစ်ခနဲ ပျောက်ကွယ်သွား၏။ ရေထဲတွင် ဆိုလျှင် သူသည် ပို၍ အစွမ်းထက်၏။ သူသုံးလိုက်သော မှော်အစွမ်းမှာ ရေနှင့်တသားတည်းကျသွားစေသည့် အစွမ်းဖြစ်သည်။
အောင်းရိသည် မျက်လုံးကျဉ်းလိုက်၏။ သူသည် သူ၏ ပတ်လည်ရှိ ရေခဲမီးတောက်များကို ပစ်လွှတ်ရန် အသင့်ဖြစ်နေပေပြီ။ သူသည် ရေပြင်ကို မျက်တောင်မခတ်ကြည့်ရှု၍ နေရာအနှံ့တွင် အဆက်မပြတ် ရှာဖွေနေလေသည်။
သူသည် ယခင်ကလည်း ဤကဲ့သို့အခြေအနေကို ကြုံတွေ့ခဲ့ရဖူး၏။ ရုတ်တရက် ရေထဲမှနေ၍ လူရိပ်များထွက်ပေါ်လာကြ၏။ သူတို့အားလုံးသည် အောင်းမုန်နှင့် တထေရာတည်း တူလေသည်။ သူတို့သည် လှံများ၊ ဓားများကို ရွယ်၍ အောင်းရိထံသို့ ပြေးလာကြ၏။
သို့သော် အောင်းရိသည် တစိုးတစိမျှ မတုန်လှုပ်သွားပေ။ သူသည် ရေမျက်နှာပြင်ကို ခြေတစ်ချက်ဆောင့်လိုက်ရာ သမုဒ္ဒရာရေများသည် လှိုင်းထသွားပြီး ကောင်းကင်နဂါးတစ်ကောင်၏ အသွင် ကူးပြောင်းသွားလေသည်။ ၎င်းသည် သူ၏အနားတွင် ပေါက်ကွဲသွားပြီး ထိုလူများကို ဖျက်ဆီးပစ်လိုက်၏။
သမုဒ္ဒရာရေပြင်တွင် လှိုင်းများထသွားလေသည်။
ထိုအခိုက်တွင် အောင်းရိသည် ရုတ်တရက် လက်ဝဲဘက်သို့ ခုန်သွားလိုက်၏။ သူသည် လက်မြှောက်၍ လက်သီးဆုပ်လိုက်သည်။ ထို့နောက် သူသည် လက်သီးဆုပ်ကို လက်ဝါးပြန်ဖြန့်လိုက်ပြီး ရှေ့သို့ ရိုက်ချလိုက်၏။
ပေါက်ကွဲသံကြီးများ ပေါ်ထွက်လာပြီး ရေမျက်နှာပြင်မှနေ၍ ရေတန်းကြီးများ ထွက်လာကာ အရာအားလုံးကို ပို၍ ပရမ်းပတာဖြစ်သွားအောင် လုပ်လိုက်လေသည်။ ထိုအခိုက်တွင် အောင်းရိ၏ ခြေထောက်သည် ရေမျက်နှာပြင်နှင့် (၁)ကျန့်အကွာတွင် ရှိနေ၏။ စု၍ စည်းနှောင်ထားသော သူ၏ ဆံပင်ရှည်များသည် နောက်ကျောဘက်တွင် ညင်သာစွာ လှုပ်ယမ်းနေပေသည်။
သူသည် လက်ဝဲလက်ကို နောက်ပစ်လိုက်ပြီး လက်ယာလက်ကို ရှေ့သို့ဆန့်ကာ အောင်းမုန်၏ လည်ပင်းကို ညှစ်၍ ကိုင်လိုက်သည်။ ထို့နောက် သူသည် အရပ်ရှစ်ပေရှည်သော အောင်းမုန်ကို လေထဲသို့ မြှောက်လိုက်လေသည်။
အောင်မုန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အသံများ တုန်ရင်လာတော့သည်။
“ မင်း…ဘယ်လိုလုပ် ငါ့ရဲ့ ခန္ဓာကိုယ်အစစ်ကို ရှာတွေ့တာလဲ ”
အောင်းရိက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။
“ မင်းရဲ့ မှော်အစွမ်းက ငါ့မိတ်ဆွေတစ်ယောက်ရဲ့ မှော်အစွမ်းထက် အများကြီးညံ့သေးတယ်ကွ ”
ထို့နောက် အောင်းရိ၏ မျက်ဝန်းထဲတွင် အမူအကျင့်ကောင်းများရှိသည့် လူသားချီကျင့်ကြံသူ တစ်ဦး၏ ပုံရိပ် ထပ်၍ပေါ်လာ၏။ သူသည် သူ၏လက်အတွင်းရှိ အောင်းမုန်ကို ဘေးသို့ လွှင့်ပစ်လိုက်သည်။
“ ငါ့ရဲ့ ညီမလေးကို မင်း ပြန်တောင်းပန်လိုက် ”
***