တောတောင်ရေမြေ ပန်းချီကား
Vol. 12 Ch. 161
‘ သူတို့က ဒီကို တိုက်ခိုက်ဖို့လာတာမဟုတ်ဘူးဆိုတာ ဟုတ်ရောဟုတ်ရဲ့လား ’
လီချန်ရှို့သည် ခေါင်းမော့၍ ကောင်းကင်ပေါ်ရှိ အရှေ့တောင်အရပ်မှ တိမ်မည်းများကို ကြည့်လိုက်လေသည်။ ထို့နောက် အနောက်မြောက်အရပ်မှ တိမ်ဖြူများကို ကြည့်လိုက်၏။ ထိုသူများထံမှ ထွက်ပေါ်နေသော ကိုယ်ရောင်ကိုယ်ဝါများကို သူအာရုံခံလိုက်လေသည်။
သူ အမှန်ပင် ထွက်ပြေးမိတော့မလို ဖြစ်သွား၏။
လီချန်ရှို့သည် အာဒိကပ္ပလောကတွင် မရှိသော လူပြိန်းကြိုက်သတင်းစာတစ်ခု၏ ခေါင်းစီးကိုပင် စဉ်းစားမိသွား၏။
“ ဝမ်းနည်းဖွယ်ရာသတင်း... ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲတွင် ကြီးမားသောတိုက်ပွဲကြီးတစ်ပွဲ စတင်ရန် တာဆူနေပေပြီ။ စွမ်းအားကြီးသူများသည် တစ်ဦးပြီးတစ်ဦး တိုက်ခိုက်နေကြ၏။ အသေအဆုံးရှိမည် မဟုတ်ဟု အာမမခံနိုင်ပေ ”
လီချန်ရှို့ ထွက်မပြေးဘဲ ဆက်နေရသည့်အကြောင်းမှာ ချန်ကျောင်းတော်မှ နတ်ဝိဇ္ဇာတစ်ဦးသည် အရင်ဆုံး ရှေ့သို့ပျံထွက်သွား၍ ဖြစ်သည်။
ထိုပုဂ္ဂိုလ်သည် ပုလဲသရဖူကိုဆောင်းထားပြီး ပန်းထိုးဖိနပ်တစ်ရံကို ဝတ်ဆင်ထားလေသည်။ သူသည် နတ်ကြိုးကြာတစ်ကောင်၏ ပုံကို ချည်ထိုးထားသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခမ်းနားသောတိမ်တိုက်ကို စီးနင်းကာ ရှေ့သို့ပျံသန်းသွား၏။ သူ၏ ကျယ်ပြန့်သော အင်္ကျီလက်များသည် လေတွင် တဖြတ်ဖြတ်ခတ်နေ၏။ ထိုအင်္ကျီလက်များထဲတွင် စကြဝဠာတစ်ခုလုံး ရှိနေသယောင်ပင်ထင်ရလေသည်။
အောက်မှတပည့်များသည် ထိုတာအိုရသေ့၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ ထိုတာအိုရသေ့သည် သက်လတ်ပိုင်းအရွယ် တာအိုရသေ့တစ်ဦးဖြစ်ကြောင်းကိုသာ အတန်ငယ်အာရုံခံနိုင်လေသည်။
သူသည် ဗလာနတ္ထိကျောက်စိမ်းနန်းတော်မှ နတ်ဝိဇ္ဇာခြောက်ဆယ်ခန့် ရပ်နေသည့် နေရာမှနေ၍ ရှေ့သို့ပျံသန်းသွားခြင်းပင်။ သူသည် ရှေ့သို့ အနည်းငယ်ပျံသန်းသွားပြီးနောက် ချန်ကျောင်းတော်မှသူများနှင့် ကျဲကျောင်းတော်မှသူများ၏ အလယ်သို့ ရောက်ရှိသွား၏။ သူသည် ကျဲကျောင်းတော်မှ နတ်ဝိဇ္ဇာများကို ပြုံးပြလိုက်ပြီး ရှင်းလင်းသောအသံဖြင့် ပြောလိုက်၏။
“ ကျဲကျောင်းတော်က ညီလေး၊ ညီမလေးတို့... ဘာလို့ ခက်ထန်နေရတာလဲ... ညီလေးတို့၊ ညီမလေးတို့က ဘာဖြစ်နေလို့လဲ ”
‘ သူက တိုက်ခိုက်တော့မှာလား... ’
လီချန်ရှို့ ရင်ထဲတွင် သက်ပြင်းချလိုက်ပြီး အထူးအဆောင်စက္ကူနှစ်ရွက်ကို လျှို့ဝှက်ထုတ်ယူထားလိုက်လေသည်။
ထို့နောက် သူသည် တိမ်မည်းများပေါ်ရှိ နတ်ဝိဇ္ဇာများထံမှ ရယ်သံများထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
“ ညီမတို့က ဒီကို ပွဲလာကြည့်တာပါ။ အစ်ကိုကွမ်းချန်စစ်ရော ကျန်းခမ်းသာပါရဲ့လား ”
ရောင်စုံဝတ်စုံလေးကို ဝတ်ဆင်ထားသော အမျိုးသမီးသည် တိမ်မည်းပေါ်မှ ထွဲထွက်၍ ရှေ့သို့ပျံသန်းလာပြီး ကွမ်းချန်စစ်ကို ဦးညွှတ်လိုက်လေသည်။
အမျိုးသမီးသည် သူမ၏ ရုပ်သွင်နှင့် ကိုယ်ရောင်ကိုယ်ဝါကို မဖုံးကွယ်ထားပေ။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်သည် သေးသွယ်ပြီး သူမ၏ဆံပင်ရှည်ကြီးများကို နောက်ကျောတွင် စုစည်း၍ချည်ထားလေသည်။ သူမ၏ မျက်နှာသည် ချောမောလှပကာ ကျက်သရေရှိ၏။ သို့သော် သူမ၏ရုပ်သွင်ထက် ပို၍အံ့အာသင့်စရာ ကောင်းသည်မှာ သူမ၏ ကျင့်ကြံခြင်းအဆင့်၊ စိတ်နေသဘောထားနှင့် တာအိုသင်္ကတများဖြစ်လေသည်။
ကွမ်းချန်စစ်သည် ရုတ်ခြည်းပြုံးကာ ပြောလိုက်၏။
“ အခုလို ဂရုတစိုက်မေးတာ ကျေးဇူးတင်ပါတယ် ညီမကျင်းလင်... အစ်ကိုက ဗလာနတ္ထိကျောက်စိမ်းနန်းတော်က တပည့်တစ်ယောက်ပါ... ကျွန်တော် တတိယဆရာဦးလေးကို နှုတ်ခွန်းဆက်သပါတယ် ”
ကွမ်းချန်စစ်သည် ထိုသို့ပြောပြီးနောက် အရှေ့တောင်အရပ်ကို ဦးညွှတ်လိုက်၏။ သူ့အနောက်တွင် ရှိသည့် ချန်ကျောင်းတော်မှ သူများသည်လည်း သူ့အတိုင်း အရှေ့တောင်အရပ်ကို ဦးညွှတ်လိုက်ကြ၏။
“ ညီမကျင်းလင် ”ဆိုသူမှာ ကျဲကျောင်းတော်၏ ထိပ်တန်းတပည့်လေးယောက်ထဲမှ တစ်ယောက်ဖြစ်သော နတ်သမီးကျင်းလင်ပင်။ ထိုအခိုက်တွင် သူမသည်လည်း ပြန်နှုတ်ဆက်လိုက်၏။
“ ကျဲကျောင်းတော်က တပည့်တွေကိုယ်စား ဒုတိယဆရာဦးလေးကို နှုတ်ခွန်းဆက်သပါတယ် ”
ကျဲကျောင်းတော်မှ အရေအတွက်နှစ်ထောင်ခန့်ရှိနိုင်သည့် တပည့်များသည်လည်း ခွန်းလွန်တောင်ရှိရာ အရပ်ကို ဦးညွှတ်လိုက်ကြလေသည်။ ကျဲကျောင်းတော်မှ နတ်ဝိဇ္ဇာများသည် ရင်ထဲမှ သက်ပြင်းချလိုက်၏။
လောကဝတ်ဓလေ့အရကြည့်မည်ဆိုလျှင် ကျဲကျောင်းတော်မှ တပည့်များသည် ချန်ကျောင်းတော်မှ တပည့်ကြီးထက် နိမ့်လေ၏။ တန်ခိုးရှင်၏ တပည့်များကိုတွေ့သည်နှင့် တန်ခိုးရှင်ကို လှမ်း၍မှန်းမျှော်နှုတ်ဆက်ခြင်းသည် သူတို့မတွေးမိသည့် ကိစ္စတစ်ခုဖြစ်ပေသည်။
အောက်ရှိ လီချန်ရှို့သည်လည်း မသိမသာခေါင်းညိတ်လိုက်၏။ သူထိုတွေ့ဆုံပွဲသို့ လာခဲ့ရခြင်းသည် အလကားမဖြစ်ခဲ့ပေ။ ချန်ကျောင်းတော်၏ ဓလေ့သည် သူ၏တာအိုအတွက် လွန်စွာအကျိုးရှိပေသည်။
ကောင်းကင်ပေါ်မှ သူများ တစ်ဦးကိုတစ်ဦး ဦးညွှတ်လိုက်သည်ကို မြင်လိုက်သောအခါ လီချန်ရှို့ အတန်ငယ် စိတ်သက်သာရာရသွား၏။
ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသည် တာအိုဂိုဏ်းများ ဆက်လက်တိုးတက်ကြွယ်ဝစေရန် အစပြုသည့်နေရာသာ ဖြစ်သင့်ပေသည်။ ထို့ပြင် လက်တလောတွင် ချန်ကျောင်းတော်နှင့် ကျဲကျောင်းတော်အကြားရှိ ပဋိပက္ခများသည် မပြင်းထန်သေးပေ။ ဂိုဏ်းများ၏ အတွေးအခေါ်ပိုင်းတွင်သာ အဖုအထစ်ကလေးများ ရှိနေခြင်းဖြစ်သည်။
သို့သော် မပြင်းထန်သေးဟူ၍ ဆက်ဆံရေးကောင်းမွန်နေသည်တော့ မဟုတ်ပေ။ အကယ်၍ ထိုကျောင်းတော်နှစ်ကျောင်းသာ ယနေ့တွင် ရင်းရင်းနှီးနှီးနေနိုင်ခဲ့လျှင် အဖုအထစ်များ ပြေလျော့သွားနိုင်ပေသည်။
ကွမ်းချန်စစ်သည် တိမ်ပေါ်တွင် ရပ်ရင်း ပြောလိုက်၏။
“ ဒီနေ့က ကျောင်းတော်သုံကျောင်းရဲ့ လက်အောက်ခံဂိုဏ်းတွေ တွေ့ဆုံတဲ့နေ့ပဲ။ ညီလေး၊ ညီမလေးတို့က လူစုံတက်စုံပါရဲ့လား... ”
နတ်သမီးကျင်းလင် ရယ်လိုက်၏။ ကောင်းကင်ပေါ်တွင် ပန်းပေါင်းတစ်ရာဖူးပွင့်သွားသကဲ့သို့ ထင်လိုက်ရလေသည်။ ထိုကဲ့သို့ တာအိုသင်္ကေတ အရိပ်အယောင်များသည် လူများ၏ စိတ်ခံစားချက်ကို ပြောင်းလဲစေနိုင်၏။ အောက်ရှိ ကျင့်ကြံခြင်းအဆင့်နိမ့်သော တပည့်များသည် အူကြောင်ကြောင်ပြုံးသွားကြလေ၏။
နတ်သမီးကျင်းလင်သည် ပြုံး၍ ပြောလိုက်၏။
“ တပည့်တွေရဲ့ သုံးဆယ်ရာခိုင်နှုန်းပဲ ပါလာတာပါ။ အစ်ကိုကျောက်က ညီမတို့ရဲ့ အစ်ကိုအကြီးဆုံးကို သွားဖိတ်နေပါတယ် ”
“ အိုး... ”
ကွမ်းချန်စစ်သည် ထိုစကားကိုကြားသောအခါ ပြုံးလိုက်၏။
“ တတိယဆရာဦးလေးက ဒီကိစ္စကို တော်တော်အလေးအနက်ထားလိမ့်မယ်လို့ အစ်ကိုမမျှော်လင့်ခဲ့ဘူး ”
နတ်သမီးကျင်းလင်သည် အိုးတိုးအန်းတန်းပြုံးလိုက်ပြီး ဆက်၍ ရှင်းပြမနေတော့ချေ။ သူမသည် ကျောက်ကုန်းမင်းတစ်ယောက် သူမ၏ ဂူသို့လာ၍ သူမကို အတင်းခေါ်ထုတ်လာသည်ကို ပြန်တွေးမိသွားလေသည်။
ကျောက်ကုန်းမင်သည် တစ်စုံတစ်ခုကို အလေးအနက်ပြောခဲ့၏။
ရန်ကျောင်းတော်တည်ထောင်သူ တန်ခိုးရှင်၏ တပည့်ရောက်ရှိလာနိုင်ချေ တစ်ရာရာခိုင်နှုန်းရှိကြောင်း ပြောခဲ့၏။ ကျဲကျောင်းတော်၏ တပည့်အကုန်မတက်ရောက်နိုင်လျှင်ပင် တပည့် နှစ်ဆယ်မှ သုံးဆယ်ရာခိုင်နှုန်းတက်ရောက်အောင် လုပ်ရမည်ဟု ပြောသွားခဲ့၏။
ထို့ကြောင့် ယနေ့တွင် ထိုမျှလူအုပ်ကြီး ပါလာရခြင်းဖြစ်လေတော့သည်။
ကွမ်းချန်စစ်သည် ခပ်ဖြည်းဖြည်းခေါင်းညိတ်လိုက်ပြီး ဆက်၍မမေးတော့ပေ။ သူသည် အောက်သို့ ကြည့်လိုက်ပြီး စိတ်မပါဟန် ပြောလိုက်၏။
“ ဒီနေ့တွေ့ဆုံပွဲမှာ ပါဝင်တဲ့သူတွေ ရှေ့ကိုထွက်လာပါ ”
သူပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြ၏။ သူတို့သည် ယနေ့ပွဲကို ကြီးမှူးကျင်းပသော ရွှေနန်းတော်ဂိုဏ်း၊ အပူအပင်ကင်းနတ်ဝိဇ္ဇာဂိုဏ်းနှင့် အခြားဂိုဏ်းသုံးဂိုဏ်းတို့၏ ဂိုဏ်းချုပ်များဖြစ်လေသည်။
ထိုဂိုဏ်းချုပ်ငါးယောက်၏ နောက်မှနေ၍ လူတစ်ရာကျော်ထပ်မံ ပျံသန်းသွား၏။ ထိုသူများသည် ယနေ့တွေ့ဆုံပွဲကို လာတက်သော ကျောင်းတော်သုံးကျောင်းလက်အောက်ခံ နတ်ဝိဇ္ဇာဂိုဏ်းများ၏ ဂိုဏ်းချုပ်များဖြစ်လေသည်။
ထိုသူများသည် ကောင်းကင်ပေါ်တွင် တစ်ဦးပြီးတစ်ဦး ဦးညွှတ်လိုက်ကြ၏။ သူတို့သည် ကြိုတင်လေ့ကျင့်မထားခဲ့သဖြင့် မညီမညာ၊ ကိုးရိုးကားရားဖြစ်နေကြပေသည်။
ခေတ္တကြာပြီးနောက် လှပသောမိန်းမပျိုလေးများသည် အရပ်မျက်နှာအသီးအသီးမှ ပျံသန်းလာကြ၏။ သူမတို့၏ ဝတ်စုံလေးများသည် လေတွင်ဝဲလွင့်နေပြီး သူမတို့၏ သွယ်လျသောလက်ချောင်းလေးများသည် လှုပ်ရှားနေကြ၏။ သူမတို့သည် အမွှေးမှုန့်အနည်းငယ်နှင့် ရေစွတ်ထားသော ပန်းပွင့်ဖတ်လေးများကို လေထဲတွင် ကျဲလိုက်လေသည်။
ကောင်းကင်နှင့် မြေကြီး၏ အကြားတွင် ဗုံသံ၊ လင်ကွင်းသံများနှင့် ဂီတသံများထွက်ပေါ်လာ၏။
ရေကန်ဘေးတွင် ထိုင်နေကြသော တပည့်များသည် ထရပ်၍ ကောင်းကင်ပေါ်သို့ မော့ကာ အရိုအသေပေးလိုက်ကြ၏။ အောက်ရှိ ရေကန်သည် ကျဉ်းကြောင်းကို တွေ့လိုက်သောအခါ နတ်သမီးကျင်းလင်က ပြောလိုက်၏။
“ အစ်ကိုကွမ်းချန်စစ် ညီမတို့ တိမ်ပေါ်မှာပဲ နေကျရင်မကောင်းဘူးလား... အောက်က တပည့်ငယ်တွေလည်း နေရမခက်တော့ဘူးပေါ့ ”
ကွမ်းချန်စစ် ခေါင်းညိတ်လိုက်သည်။ ထို့ကြောင့် ကျောင်းတော်နှစ်ကျောင်းမှ နတ်ဝိဇ္ဇာများသည် တိမ်များပေါ်တွင်သာ တင်ပျဉ်ခွေထိုင်လိုက်ကြလေသည်။ အောက်ရှိ ဂိုဏ်းအသီးသီးမှ တပည့်များသည် လေပေါ်တွင်ပျံဝဲနေသော နတ်ကျွန်းကြီးနှစ်ကျွန်းကို လျင်မြန်စွာရွှေ့ကာ ထိုသူများအတွက် နေရာထိုင်ခိုင်းပြင်ဆင်ပေးလိုက်ရ၏။ ထိုအခါမှသာ ကျောင်းတော်နှစ်ကျောင်းမှ နတ်ဝိဇ္ဇာများသည် တိမ်ပေါ်တွင် ဆက်ထိုင်စရာမလိုတော့ဘဲ လေပေါ်ရှိ နတ်ကျွန်းကြီးနှစ်ကျွန်းပေါ်တွင် နေရာယူလိုက်ကြလေတော့သည်။
သို့သော် မကြာမီတွင် ပြဿနာတစ်ခုကို ကြုံလိုက်ရ၏။
ဗလာနတ္ထိကျောက်စိမ်းနန်းတော်၊ ရွှေနတ်လိပ်ကျွန်း၊ ဖမ်းလိုင်ကျွန်းနှင့် အခြားနေရာများသည် တန်ခိုးရှင်များ၏ တာအိုတရာဖြန့်ဝေရာနေရာဟု ဆိုနိုင်၏။ သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ မည်သည့်အဆင့်ဖြစ်စေကာမူ ထိုနေရာများမှ နတ်ဝိဇ္ဇာများသည့် ယနေ့အတွက် အထူးဧည့်သည်တော်များဖြစ်၏။ နဂိုပြင်ဆင်ထားသည့် အစီအစဉ်အရ ကြီးမှူးကျင်းပသော ဂိုဏ်းငါးဂိုဏ်းမှ ဂိုဏ်းချုပ်များသည် သူတို့နှင့် သက်ဆိုင်ရာကျောင်းတော်မှ ကြွရောက်လာသော အထူးဧည့်သည်တော်များ၏ အမည်ကိုကြေညာရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ပြာယာခတ်နေကြခြင်းပင်။
ထိုအခိုက်တွင် ရန်ကျောင်းတော်မှ အထူးဧည့်သည်တော်များ မရောက်ရှိလာသေးပေ။ ထို့ကြောင့် အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်သည် အမည်ကြေညာပေးရန် မလိုသဖြင့် အေးအေးဆေးဆေးရှိနေလေသည်။ ချန်ကျောင်းတော်၏ ဗလာနတ္ထိကျောက်စိမ်းနန်းတော်မှ ရောက်လာသော တပည့်အရေအတွက်သည် သိပ်မများပေ။ အယောက်ခြောက်ဆယ်ကျော်သာ ရောက်လာပေသည်။ ထိုအထဲမှအများစုသည် နှစ်ပေါင်းများစွာ ကျော်ကြားခဲ့ပြီးသော ပညာရှင်များဖြစ်သည်။ ဥပမာအားဖြင့် ကွမ်းချန်စစ်၊ ချီကျင်းစစ်၊ ယွင်ကျုန်းစစ်၊ အတုမဲ့ယွိတင်၊ အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာနှင့် စသည်တို့ဖြစ်သည်။ ထိုသူများ၏ အမည်ကို ကြေညာပြီးပေပြီ။ တွေ့ဆုံပွဲကို ကြီးမှူးကျင်းပသည့် ချန်ကျောင်းတော်လက်အောက်ခံ ဂိုဏ်းနှစ်ဂိုဏ်းမှ ဂိုဏ်းချုပ်နှစ်ဦးနှင့် ကြွရောက်လာသည့် နတ်ဝိဇ္ဇာများသည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးပြီးသူများဖြစ်သည်။ ထို့ကြောင့် သူတို့သည် အမည်မှား၍ မကြေညာမိပေ။
သို့သော် ကျဲကျောင်းတော်မှ သူများသည် တစ်ဦးနှင့်တစ်ဦး မသိကြပေ။
ထိုအခိုက်တွင် ကြီးမှူးကျင်းပသော ကျဲကျောင်းတော်လက်အောက်ခံ ဂိုဏ်းနှစ်ဂိုဏ်းမှ ဂိုဏ်းချုပ်နှစ်ဦးသည် ဇောချွေးများ ပြန်နေလေသည်။
သို့သော် သူတို့သည် ဆွေးနွေးပြီးနောက် တန်ခိုးရှင်၏ တရားဝင်တပည့်များကိုသာ ကြေညာရန် သဘောတူလိုက်လေတော့သည်။ ထို့ကြောင့် အတန်ငယ် အိုးတိုးအန်းတန်း ဖြစ်သွားရ၏။ ထိုအခိုက်တွင် ဗလာနတ္ထိကျောက်စိမ်းနန်းတော်တွင် နေထိုင်နေသော အာကာသနတ်မင်းဆယ့်နှစ်ပါးအနက်မှ ခြောက်ပါးထပ်မံရောက်ရှိလာ၏။ အာကာသနတ်မင်းဆယ့်နှစ်ပါးထဲတွင် မပါသော တန်ခိုးရှင်၏ အခြားတပည့်သုံးဦးလည်း ပါလာပေသည်။ ကျန်သူများမှာ အမည်ခံတပည့်များသာ ဖြစ်သည်။
ကျဲကျောင်းတော်ဘက်တွင်မူ တန်ခိုးရှင်၏ တရားဝင်တပည့် သုံးဦးသာပါ၏။ လာနေပြီဖြစ်သော အခြားသုံးဦးတော့ ကျန်ပေသေးသည်။
ကြီးမှူးကျင်းပသော ဂိုဏ်းများ၏ ဂိုဏ်းချုပ်များသည် နာမည်ကြီးသူများ၏ အမည်များကို ကြေညာနေစဉ်တွင် အောက်ရှိ ချိုင့်ဝှမ်းအတွင်းမှ နတ်ဝိဇ္ဇာဂိုဏ်းအသီးအသီး၏ တပည့်များသည် ဦးညွှတ်ကာ တာအိုအရိုအသေ အဆက်မပြတ်ပေးနေရလေတော့သည်။
ရှုံးလင်လိက နူးညံ့စွာမေးလိုက်၏။
“ အစ်ကိုဝမ်းကွဲ... ဒီနတ်ဝိဇ္ဇာတွေက ဘယ်သူတွေလဲ ”
“ ဒီပညာရှင်တွေက တန်ခိုးရှင်တွေရဲ့ တရားဝင်တပည့်တွေပဲ။ သူတို့မှာ အဆုံးမရှိတဲ့ ကံကောင်းမှုတွေရှိပြီး အရမ်းအစွမ်းကြီးကြတယ်။ သူတို့က လောကကြီးထဲက ထိပ်သီးတွေပေါ့ ”
လီချန်ရှို့ ပြုံး၍ပြန်ဖြေလိုက်သည်။ သို့သော် ရှုံးလင်လိကို မကြာခဏ စကားထမပြောရန် မှာကြားလိုက်၏။ ရှုံးလင်လိသည် ရိုကျိုးစွာနာခံလိုက်လေသည်။ သူမသည် မြက်ခင်းနှင့် မိတ်ဆက်ထားဖူးပြီဖြစ်၍ သူမ၏ အစ်ကိုဝမ်းကွဲ ပင်လယ်စောင့်နတ်မင်း မကြိုက်သည်ကို မလုပ်ရဲတော့ပေ။ နေ့ဝက်ကြာပြီးနောက် နတ်ဝိဇ္ဇာသုံးပါးသည် ကောင်းကင်ပေါ်မှ ပျံသန်းရောက်ရှိလာ၏။ ထိုထဲမှ တစ်ပါးသည် မျက်နှာဝိုင်းဝိုင်း၊ ဗိုက်ရွှဲရွှဲဖြင့် ဖြစ်သည်။ သူ၏ အပြုံးသည် နှစ်လိုဖွယ်ကောင်းပေရာ သူ့အားမြင်လိုက်ရသူတိုင်းသည် မြင်မြင်ချင်းမှာပင် ထိုသူ၏ စိတ်သဘောထားသည် ကောင်းပေလိမ့်မည်ဟု ထင်သွားကြမည်သာဖြစ်၏။ ထိုသူကြီး ကျဲကျောင်းတော် အတွင်းဂိုဏ်းတော်၏ အကြီးဆုံးတပည့် တာအိုရသေ့တုပေါင်ပင်။
သူ၏ လက်ဝဲဘက်ရှိ ပုဂ္ဂိုလ်သည် တည်ကြည်သောမျက်နှာထားရှိပြီး ခန္ဓာကိုယ်တုတ်ခိုင်ကာ မုတ်ဆိတ်မွေးများရှိလေသည်။ ထိုသူကား ကျဲကျောင်းတော် အပြင်ဂိုဏ်းတော်၏ အကြီးဆုံးတပည့်တစ်ဖြစ်လည်း မကြာသေးခင်ကမှ အာဒိကပ္ပလောကတွင် လှည့်ဖျားခြင်းအတတ်၌ ဆရာတစ်ဆူဖြစ်သွားသော ကျောက်ကုန်းမင်ပင်။
လက်ယာဘက်တွင်မူ မိန်းမပျိုလေးတစ်ဦးရှိ၏။ သူမ၏ မျက်နှာကို အခိုးအငွေ့များက ကာရံထား၏။ သူမ၏ အမည်ကို ကြေညာလိုက်သောအခါမှသာ သူမသည် ကျော်ကြားသော ကောင်းကင်နတ်သမီးသုံးပါးထဲမှ တစ်ပါးဖြစ်သော နတ်သမီးချန်းရှောင်းဖြစ်ကြောင်း သိလိုက်ရလေတော့သည်။
ကျောင်းတော်နှစ်ကျောင်းမှ နတ်ဝိဇ္ဇာများသည် တစ်ဦးကိုတစ်ဦး ဦးညွှတ်လိုက်ကြ၏။ နောက်ရှိ တပည့်များသည်လည်း ထရပ်ကာ တစ်ဦးကိုတစ်ဦး ဦးညွှတ်လိုက်ကြလေသည်။ ကောင်းကင်နှင့် မြေကြီးသည် ရုတ်ခြည်းပင် နတ်အလင်းတန်းများနှင့် ပြည့်နှက်သွားပြီး လွန်စွာအသက်ဝင်လှုပ်ရှားသွားလေတော့သည်။ ထိုကဲ့သို့ ကျောင်းတော်နှစ်ကျောင်းမှ နာမည်ကြီးပညာရှင်များ တစ်နေရာတည်းတွင် စုဝေးမှုကို အမှန်ပင် တွေ့ရခဲလေသည်။
တွေ့ဆုံပွဲ၏ အရှိန်အဝါသည် မစတင်ခင်မှာပင် အမြင်ဆုံးအခြေအနေကို ရောက်နေပေပြီ။
ထိုမျှဖြင့် မဆုံးသေးပေ။
ကျောင်းတော်နှစ်ကျောင်းမှ နတ်ဝိဇ္ဇာများသည် တစ်ဖက်နှင့်တစ်ဖက် နှုတ်ဆက်ပြီးနောက် သူတို့၏ ပွဲကြည့်စင်ဖြစ်သော နတ်ကျွန်းနှစ်ကျွန်းဆီသို့ ပြန်သွားလိုက်ချိန်တွင် လေထဲတွင် ရယ်သံတစ်ခုကို ကြားလိုက်ကြရ၏။
မိုးကုပ်စက်ဝိုင်းမှနေ၍ တိမ်တစ်အုပ်ပျံသန်းလာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုတိမ်တိုက်သည် နတ်ဝိဇ္ဇာများ၏ အရှေ့သို့ရောက်လာလေသည်။ ထိုတိမ်တိုက်အတွင်းတွင် လူတစ်ယောက်ရှိနေပုံရ၏။ ထိုတိမ်တိုက်အတွင်းမှနေ၍ ဆန်းကြယ်ကာ အေးချမ်းသော တာအိုသင်္ကေတများ ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။ လီချန်ရှို့ မျက်ခုံးပင့်လိုက်၏။ သူသည် ထိုတာအိုသင်္ကေတများကို လွန်စွာရင်းနှီးပေသည်။
သူမော့ကြည့်လိုက်ရာ တိမ်တိုက်အတွင်းမှ ဝေဝါးနေသော လူရိပ်တစ်ခုထွက်လာသည်ကို မြင်လိုက်ရ၏။ ထိုလူရိပ်သည် တိမ်များထဲတွင် ပုန်းနေသည်ဟု ပြောရမည်ထက် တိမ်များသည် ထိုလူရိပ်အဖြစ် စုစည်းသွားသည်ဟုသာ ဆိုရပေမည်။
‘ အရှင်ရွှမ်းဒူ... ဖုံးကွယ်အတတ်တွေ ဘယ်နှစ်မျိုးလောက်သုံးလာတာလဲ... ’
လေထဲတွင် ကွမ်းချန်စစ်သည် ပထမဆုံးထရပ်လိုက်ပြီး အော်ပြောလိုက်သည်။
“ အစ်ကိုရွှမ်းဒူလည်း ရောက်လာတယ်လား။ အစ်ကို ဒီလိုပွဲမျိုးတွေကို လာတယ်ဆိုတာ ရှားရှားပါးပါးပဲ။ ကျွန်တော်က ချန်ကျောင်းတော်က တပည့်ပါ။ ကျွန်တော် ပထမဆရာဦးလေးကို အရိုအသေပေးပါတယ် ”
ကျဲကျောင်းတော်မှသူများသည်လည်း နောက်ကောက်ကျမကျန်ခဲ့လိုပေ။
ထို့ကြောင့် တာအိုရသေ့တုပေါင်က အော်ပြောလိုက်၏။
“ နှုတ်ခွန်းဆက်ပါတယ် အစ်ကိုရွှမ်းဒူ... ကျွန်တော်တို့က ကျဲကျောင်းတော်က တပည့်တွေပါ... ပထမဆရာဦးလေးကို အရိုအသေပေးပါတယ် ”
ထိုအခိုက်တွင် ကောင်းကင်ပေါ်ရှိ ကျောင်းတော်သုံးကျောင်းလုံးမှ နတ်ဝိဇ္ဇာများနှင့် အောက်ရှိ တပည့်များအားလုံးတို့သည် တာအိုအရိုအသေပေးလိုက်ကြလေသည်။
အရှင်ရွှမ်းဒူ ရောက်လာသည်နှင့် တစ်ပြိုင်နက် လူများသည် အရှင်ရွှမ်းဒူကိုသာ အာရုံစိုက်သွားကြ၏။
“ အဟမ်း... ”
အရှင်ရွှမ်းဒူသည် လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်၏။ သူသည် လေထဲတွင် အဆက်မပြတ် ပြန်ဦးညွှတ်နေရလေသည်။
အရှင်ရွှမ်းဒူသည် တစ်စုံတစ်ခုကို ဆုံးဖြတ်ထားပြီးဖြစ်သည်။
ထိုကဲ့သို့ ပွဲမျိုးကို သူ၏ “ ညီလေး ” ကိုတစ်ယောက်တည်း ရင်ဆိုင်ခိုင်းလျှင် ကိုးရိုးကားရားဖြစ်နေနိုင်ပေသည်။ ရေကန်ဘေးရှိ မျက်နှာငယ်နေခဲ့ရသော ရန်ကျောင်းတော်လက်အောက်ခံ နတ်ဝိဇ္ဇာဂိုဏ်းခြောက်ဂိုဏ်းသည် ချက်ချင်းအားတက်သွားလေတော့သည်။
လီချန်ရှို့၏ တင်းမာနေသောနှလုံးသားသည် နောက်ဆုံးတွင် ပြေလျော့သွားပေပြီ။
အရှင်ရွှမ်းဒူ ရောက်ရှိလာပေပြီ။ သူသည် အရှင်ရွှမ်းဒူ၏ လမ်းညွှန်ချက်အတိုင်းသာ ဆောင်ရွက်ရုံသာ ရှိလေတော့သည်။ သူသည် လူအုပ်ကြားတွင် ပုန်းကွယ်ကာ သာမန်တပည့်တစ်ဦးအနေဖြင့် ဆက်နေနိုင်ပြီဖြစ်သည်။
ကျောင်းတော်သုံးကျောင်း၏ ပညာရှင်များစုံသွားပေပြီ။ ချန်ကျောင်းတော်နှင့် ကျဲကျောင်းတော်တို့သည့် သူတို့၏ ရည်ရွယ်ချက်များကို ဖုံးကွယ်ထားပေသည်။
ကျောင်းတော်သုံးကျောင်း၏ တာအိုတရားသည် ခွန်းလွန်တောင်မှ အစပြုခဲ့ခြင်းပင်။ နည်းဥပဒေများမှာမူ ခရမ်းရောင်တိမ်တိုက်နန်းတော်မှ အစပြုခဲ့ခြင်းပင်။
****
နတ်ကျွန်းကြီးသုံးကျွန်းသည် လေထဲတွင် ရှိနေ၏။ အောက်တွင်မူ ကျောင်းတော်သုံးကျောင်းလက်အောက်ခံ နတ်ဝိဇ္ဇာဂိုဏ်းတစ်ရာကျော်မှ ဂိုဏ်းသားများစုဝေးနေ၏။
ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲ တရားဝင်စတင်ပေပြီ။
သို့သော် မမျှော်လင့်ထားဘဲ ကျောင်းတော်သုံးကျောင်းမှ စွမ်းအားကြီးပညာရှင်အများအပြား ရောက်ရှိလာသဖြင့် မူလစီစဉ်ထားသော အစီအစဉ်ကို အတန်ငယ်ပြောင်းခဲ့ရလေသည်။
ထိုအခိုက်တွင် ကြီးမှူးကျင်းပသော ဂိုဏ်းငါးဂိုဏ်းသည်လည်း လက်တိုလက်တောင်းအဆင့်သာ ရှိပေတော့သည်။ ချန်ကျောင်းတော်မှ အာကာသနတ်မင်းဆယ့်နှစ်ပါး၏ ခေါင်းဆောင်ဖြစ်သော ကွမ်းချန်စစ်သည် ပထမဆုံး ရှေ့သို့ထွက်လိုက်၏။ သူသည် တိမ်တိုက်တစ်ခုပေါ်တွင် အေးအေးလူလူထိုင်ကာ ကျောင်းတော်သုံးကျောင်း၏ သမိုင်းကို စတင်ပြောပြလိုက်လေတော့သည်။ ဤအကြိမ်တွင် သူသည် စကြဝဠာကြီး အစပြုသည့်အချိန်မှ စတင်ပြောလိုက်လေသည်။
သူသည် ရှေးဦးစွာ ပန်ကူးနတ်ဘုရားက ကောင်းကင်နှင့် မြေကြီးအား ခွဲခြားခဲ့ပုံကို စပြော၏။ ပန်ကူးနတ်ဘုရား၏ မူလဝိညာဉ်သည် မိတ်ဆွေသုံးဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက် သူသည် ထိုမိတ်ဆွေသုံးဦးသည် အာဒိကပ္ပလောကကြီးကို လှည့်လည်သွားလာခဲ့ပုံများကို ပြောပြ၏။ ထိုမိတ်ဆွေသုံးဦးသည် အမြုတေသက်ရှိများနှင့် ဆက်ဆံခဲ့ပြီး ကြီးမြတ်သောတာအိုတရားနှင့် နီးနီးကပ်ကပ်ထိတွေ့နိုင်ခဲ့လေသည်။
ထို့နောက် သူ ကွမ်းချန်စစ်သည် အရှင်ယွမ့်ရှစ်ထျန်းကျွမ်းထံတွင် တပည့်ခံပြီးနောက် တာအိုဂိုဏ်းများ၏ အထွတ်အမြတ်ထားရာ နေရာဖြစ်သော ခွန်းလွန်တောင်တွင် အချိန်အတော်ကြာနေခဲ့ဖူးကြောင်း ပြော၏။
ကွမ်းချန်စစ် ပြောပြီးသွားအခါ တာအိုရသေ့တုပေါင် ထရပ်လိုက်လေသည်။ သူယခင်က တန်ခိုးရှင်ထံမှ မည်သို့ ဆူပူကြိမ်းမောင်းခံခဲ့ရသည်များကို ဝမ်းသာအားရပြောပြလေ၏။
သူတို့ နေဝင်ဆည်းဆာအောက်တွင် လှည့်လည်သွားလာခဲ့သည်များကိုပင် သူမှတ်မိပေသေးသည်။ ထိုအစီအစဉ်သည် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲတွင် ထည့်သွင်းလိုက်ရသည့် တန်ခိုးရှင်များ၏ တရားဝင်တပည့်များ သူတို့၏ အတိတ်အကြောင်းများကို စားမြုံ့ပြန်...အဲ... အမှတ်တရစကားပြောကြားသော အစီအစဉ်ပင်။
တွေ့ဆုံပွဲ၏ ဒုတိယအစီအစဉ်ကို ကြိုတင်စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့၏။ နတ်ဝိဇ္ဇာဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များသည် သူတို့ဂိုဏ်း၏ ဇစ်မြစ်နှင့် နောက်ခံတို့ကို ရှင်းပြကြလေသည်။ ဥပမာအားဖြင့် တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ကျိဝူယိုသည် သူသည် အတုမဲ့တုအယ်၏ တပည့်ဖြစ်ပြီး အတုမဲ့တုအယ်နောက်သို့ နှစ်ပေါင်းများစွာလိုက်၍ သင်ယူခဲ့ကြောင်း ပြောလေသည်။ သူသည် အဘယ်ကြောင့် တုနတ်ဝိဇ္ဇာဂိုဏ်းကို တည်ထောင်ခဲ့ကြောင်းလည်း ရှင်းပြ၏။
ရန်ကျောင်းတော်လက်အောက်ခံ နတ်ဝိဇ္ဇာဂိုဏ်းသည် ခြောက်ဂိုဏ်းသာရှိရာ မကြာမီမှာပင် သူတို့၏ ရှင်းပြမှုများ ပြီးဆုံးသွားလေတော့သည်။
သို့သော် ကျဲကျောင်းတော်နှင့် ချန်ကျောင်းတော်လက်အောက်ခံ ဂိုဏ်းများမှ ဂိုဏ်းချုပ်များသည် သူတို့၏ ဇစ်မြစ်နှင့် နောက်ခံကို စတင်ရှင်းပြသောအခါတွင်မူ နတ်ကျွန်းများပေါ်ရှိ နတ်ဝိဇ္ဇာအကြီးအကဲအချို့သည် သူတို့၏ လက်ချောင်းများကိုထိ၍ နိမိတ်ဖတ်လိုက်ကြ၏။ မကြာမီတွင် သူတို့သဘောပေါက်သွားကြလေတော့သည်။ သူတို့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ထိုချီကျင့်ကြံသူများကို သင်ကြားပေးခဲ့ဖူးကြောင်း ပြန်အမှတ်ရသွားလေ၏။
လီချန်ရှို့သည် ထောင့်တွင်ထိုင်၍ ကောင်းကင်ပေါ်ရှိ ခမ်းနားသောမြင်ကွင်းများကို မော့ကြည့်နေ၏။ သူ၏စိတ်ထဲတွင် ခံစားချက်များဖြင့် ပြည့်နေ၏။
အနာဂတ်တွင် ပြဿနာများဖြင့် မကြုံရလျှင် ကောင်းပေလိမ့်မည်။
သို့သော် ထိုအတွေးသည် စိတ်ကူးယဉ်ဆန်သောအတွေးသာဖြစ်သည်။ အကြောင်းအရာတော်တော်များကို ကြိုတင်သတ်မှတ်ထားပြီးဖြစ်ပြီး ထိုနိယာမများကို လူသားများက မပြောင်းလဲနိုင်ပေ။
လောကအတွင်းရှိ အရာအားလုံးသည် သဘာဝအတိုင်း ဖြစ်ပျက်နေကြခြင်းပင်။ အရာအာလုံးတွင် သူ့နိယာမဖြင့်သူ ရှိလေသည်။ ကောင်းကင်နှင့် မြေကြီးသည် သက်ရှိများကို အဆုံးမဲ့စွမ်းအားကြီးခွင့် မပြုထားပေ။ အကယ်၍ သူသာ အသက်ရှည်ရှည်နေလိုပါက သဘာဝအတိုင်းစီးမျှော...
‘ နေပါဦး... ’
လီချန်ရှို့သည် စိတ်ထဲမှရေရွတ်လိုက်ပြီး သူ၏ သဘောပေါက်နားလည်လာမှုများကို ရပ်တန့်လိုက်ရလေသည်။ သူသည် ဖြစ်ပေါ်နေသော သဘောပေါက်နားလည်လာမှုများကို စုပ်ယူလိုက်ပြီး သူ၏နှလုံးသားထဲတွင် ဖိနှိပ်ထားလိုက်လေတော့သည်။
ထပ်၍သာ သဘောပေါက်နားလည်ခဲ့ပါလျှင် သူသည် သူ၏ဉာဏ်အလင်းပွင့်မှုကို ထိန်းချုပ်နိုင်မည်မဟုတ်တော့ပေ။ ထို့ပြင် ထိုဉာဏ်အလင်းပွင့်မှုသည် သူ့ကို အဆင့်အနည်းငယ် တက်သွားစေမည်ဖြစ်သည်။
ထိုအခြင်းအရာသည် လွန်စွာအန္တရာယ်များပေသည်။
လင်းအယ်၏ ဥပမာရှိပြီဖြစ်သဖြင့် လီချန်ရှို့သည် သတိကြီးကြီးထားရပေမည်။
‘ အများကြီးမတွေးနဲ့... ’
လီချန်ရှို့ သက်ပြင်းချလိုက်ပြီး ဂိုဏ်းများ၏ ဇစ်မြစ်နှင့် နောက်ခံများအကြောင်းကို ဆက်နားထောင်နေလိုက်လေသည်။
အကယ်၍ တွေ့ဆုံပွဲသည် ထိုကဲ့သို့သာဖြစ်လျှင် အတော်လေး အဓိပ္ပာယ်ရှိသည်ဟု လီချန်ရှို့တွေးလိုက်မိ၏။ ကျောင်းတော်သုံးကျောင်းလက်အောက်ခံ ဂိုဏ်းများသည် အချိန်အတော်ကြာ တည်ငြိမ်မှုရှိနေမည်ဖြစ်သည်။
သို့သော် မကြာမီမှာပင် လီချန်ရှို့ ကြိုတင်မျှော်လင့်ထားသည့် ‘ လက်ရည်စမ်းပြိုင်ပွဲ ’သည် လီချန်ရှို့ မမျှော်လင့်ထားသည့် ပုံစံဖြင့် ရောက်ရှိလာလေတော့သည်။
ထိုနေရာတွင် ကျောင်းတော်သုံးကျောင်းစလုံးမှ အကြီးအကဲများရှိနေ၏။ ထို့ပြင် နတ်ဝိဇ္ဇာမဖြစ်သေးသော တပည့်ငယ်များလည်း များစွာရှိနေ၏။ တစ်ဦးချင်းပြိုင်နေလျှင် ပြီးတော့မည်မဟုတ်ပေ။
ထို့ကြောင့် ချန်ကျောင်းတော်မှ အာကာသနတ်မင်းတစ်ပါးတစ်ဖြစ်လည်း အာဒိကပ္ပလောက၏ ပစ္စည်းပြုလုပ်ရာတွင်ဆရာတစ်ဆူဖြစ်သော “ နံပါတ်တစ် ပစ္စည်းပြုလုပ်သူ ”ဟုကျော်ကြားသည့် ယွင်ကျုန်းစစ်သည် ပန်းခြင်းလေးကိုကိုင်၍ ထရပ်လိုက်၏။
ယွင်ကျုန်းစစ်သည် အမြုတေနတ်ရတာတစ်ပါးဖြစ်သည့် “ တောတောင်ရေမြေပန်းချီကား ”ကို ထုတ်လိုက်၏။ ပန်းချီကားအတွင်းတွင် လောကအသေးလေးတစ်ခုရှိလေသည်။ ထို့ပြင် ယွင်ကျုန်းစစ် ပြုလုပ်ထားသော “ ရတနာအသေးလေးများ ”လည်းရှိ၏။ ကျဲကျောင်းတော်မှ နတ်ဝိဇ္ဇာတစ်ရာကျော်သည်လည်း အဝေးသို့ပျံသန်းသွားကာ ကြမ်းကြုတ်သောသားရဲများကို ဖမ်းလာပြီး ပန်းချီကားအတွင်းသို့ ထည့်လိုက်လေသည်။
ကြီးမှူးကျင်းပသော နတ်ဝိဇ္ဇာဂိုဏ်းငါးဂိုဏ်းသည်လည်း စည်းမျဉ်းများသတ်မှတ်လိုက်၏။ အသက်နှစ်ရာအောက်ရှိသော တပည့်အားလုံး ထိုပန်းချီကားအတွင်းသို့ ဝင်ခွင့်ရှိ၏။ ကောင်းမွန်စွာစွမ်းဆောင်နိုင်သူများကို ဆုလာဘ်များစွာ ချီးမြှင့်မည်ဖြစ်သည်။
ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် ထရပ်ခဲ့လျှင် ပန်းချီကားအတွင်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။
ထို့ကြောင့် နတ်ဝိဇ္ဇာဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများသည် သူတို့၏ တပည့်များကို ညွှန်ကြားလိုက်၏။ တပည့်တစ်ဝက်ခန့် ထရပ်လိုက်၏။ ထိုတပည့်များကို ပန်းချီကားအတွင်းမှ ထွက်ပေါ်လာသော အလင်းတန်းများက ဆွဲယူကာ ပန်းချီကားအတွင်းသို့ သွင်းလိုက်လေသည်။
လီချန်ရှို့သည် လှုပ်ပင်မလှုပ်ခဲ့ချေ။ သူသည် သူ၏နေရာတွင်သာ တည်တည်ငြိမ်ငြိမ်ထိုင်နေ၏။
သူသည် တုနတ်ဝိဇ္ဇာဂိုဏ်းကို အရှက်ရစေမည်မဟုတ်ပေ။
သို့သော် ထိုအခိုက်တွင် ကောင်းကင်ပေါ်ရှိ နတ်ဝိဇ္ဇာတစ်ပါးသည် ပြုံး၍ သူ၏လက်ချောင်းလေးများကို ကျင်လည်စွာ လှုပ်ရှားလိုက်၏။ လီချန်ရှို့တစ်ယောက် နှလုံးသားအတွင်း၌ ဉာဏ်အလင်းပွင့်မှုတစ်ခုကို ခံစားလိုက်ရပြီး စာလုံးတစ်လုံးကို တွေ့လိုက်ရ၏။
“ သွား ”
လီချန်ရှို့ မျက်မှောင်ကြုတ်လိုက်ပြီး အတန်ငယ် ပူပန်သွား၏။ သို့သော် သူ တုံ့ဆိုင်းမနေခဲ့ပေ။ သူသည် “ တန်ခိုးရှင်၏ ညွှန်ကြားချက် ”ကို လိုက်နာလိုက်ပြီး သူဘေးရှိ ရှုံးလင်လိကို လက်တို့လိုက်၏။ သူတို့နှစ်ဦးသည် အတူတကွထရပ်လိုက်လေသည်။ ကောင်းကင်ပေါ်ရှိ အရှင်ရွှမ်းဒူသည် မျက်တောင်ခတ်လိုက်၏။ သူသည် ထိုအခါမှသာ လီချန်ရှို့ဘေးရှိ သံမျှော်စင်ကြီးကို သတိထားမိလိုက်ခြင်းပင်။ အရှင်ရွှမ်းဒူ၏ မျက်နှာထားသည် အနည်းငယ် ထူးဆန်းသွား၏။
ရွှေရောင်လင်းတန်းတစ်ခုသည် လီချန်ရှို့နှင့် ရှုံးလင်လိတို့ကို ပန်းချီကားအတွင်း ဆွဲခေါ်သွားလေ၏။ ပန်းချီကားကို ထိန်းချုပ်နေသော ယွင်ကျုန်းစစ်သည် အာကာသနတ်မင်းတစ်ပါးဖြစ်သော်လည်း အတန်ငယ် မျက်မှောင်ကြုတ်သွား၏။
‘ ဒီရန်ကျောင်းတော်က တပည့်နှစ်ယောက်က ဘာလို့... လေးနေရတာလဲ ’