ဝက်ဝံ(ရှုံး)က အလင်းထဲမှာ၊ လီချန်ရှို့က အမှောင်ထဲမှာ
Vol. 12 Ch. 162
ယွင်ကျုန်းစစ် မကြည့်လိုက်နိုင်ခင်မှာပင် လီချန်ရှို့နှင့် ရှုံးလင်လိတို့သည် “ တောတောင်ရေမြေ ”ပန်းချီကားအတွင်းသို့ ရောက်ရှိသွားပြီဖြစ်သည်။
အာကာသနတ်မင်းယွင်ကျုန်းစစ်သည် ထိုကိစ္စကို ဆက်စုံစမ်းမနေတော့ဘဲ ထရပ်သည့်တပည့်ငယ်များကို ဆက်လက်ဆွဲခေါ်လိုက်လေသည်။
ထိုရန်ကျောင်းတော်မှ တပည့်နှစ်ဦးတွင် ရှုံးလင်လိကို ပို၍စိတ်ဝင်စားနေကြ၏။
သို့သော် သူမသည် နှစ်တစ်ထောင်လျှင် တစ်ကြိမ်သာထွက်ပေါ်လာသည့် တွေ့ရခဲသော မိန်းမပျိုလေးဖြစ်သောကြောင့် မဟုတ်ပေ။ သူမသည် စုန်းကဝေလူသားတစ်ဦးသာ ဖြစ်သည်။
ယွင်ကျုန်းစစ်သည် နှစ်ပေါင်းများစွာ နေထိုင်လာပြီးသူတစ်ဦးဖြစ်သဖြင့် သူမမြင်ဖူးသည့်အရာဟူ၍ မရှိသလောက်ပင်။
ယွင်ကျုန်းစစ်သည် စုန်းကဝေ၊ မိစ္ဆာ၊ နဂါးနှင့် ဇာမနီသွေးတို့ နှစ်ဆယ်ရာခိုင်နှုန်းစီ ရောနှောနေသော လူသားချီကျင့်ကြံသူများကိုပင် တွေ့ခဲ့ဖူးသူဖြစ်သည်။ စုန်းကဝေလူသားလေးတစ်ယောက်ကို စကားထဲထည့်ပြောရန်ပင်မလိုပေ။
သူသည် ကိစ္စများစွာကို မြင်ဖူးထားပြီးသူတစ်ဦးဖြစ်သဖြင့် မအံ့ဩတော့ပေ။
သူ၏လက်အတွင်းရှိ “တောတောင်ရေမြေပန်းချီကား”သည်လည်း မည်သို့မှပြောင်းလဲမသွားပေ။ သို့သော် ပန်းချီကားထဲတွင် နေရာအနှံ့အညီအမျှရှိနေသော အနက်ရောင်အစက်အပြောက်လေးများ ရှိနေပြီဖြစ်သည်။
ခေတ္တကြာပြီးနောက် ရေကန်ဘေးတွင် ထရပ်မည့်သူမရှိတော့ပေ။
ယွင်ကျုန်းစစ်သည် ပန်းခြင်း၏ အဖုံးကိုဟလိုက်၏။ ခြင်းအတွင်းမှ ပုလဲလုံးခြောက်လုံး ပျံထွက်လာ၏။ နတ်ဝိဇ္ဇာအိုကြီးယွင်ကျုန်းစစ်၏ တန်ခိုးများကြောင့် ပုလဲလုံးများသည် တောက်ပစွာ လင်းလက်နေလေသည်။
ထို့နောက် ယွင်ကျုန်းစစ်သည် သူ၏လက်ကို မြှောက်၍ ပန်းချီကားကို ပစ်လွှတ်လိုက်၏။ ပန်းချီကားသည် ရေကန်ပေါ်တွင် ဝဲပျံနေ၏။
ပုလဲလုံးခြောက်လုံးသည် ပျံသန်းသွားပြီး ပန်းချီကား၏ ပတ်ပတ်လည်တွင် ဝဲနေ၏။ ပုလဲလုံးများကို နတ်အလင်းများက လွှမ်ခြုံသွားပြီး ရေကန်မျက်နှာပြင်အထက်တွင် ပါးလွှာသောတိမ်အလွှာလေးတစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက် ထိုတိမ်အလွှာလေးထဲတွင် ပန်းချီကားအတွင်း၌ ဖြစ်ပျက်နေသော မြင်ကွင်းများပေါ်လာလေသည်။ မြင်ကွင်းများသည် ပြောင်းလဲနေ၏။
ယွင်ကျုန်းစစ်သည် မုတ်ဆိတ်မွေးကို သပ်၍ တည်ငြိမ်စွာပြောလိုက်၏။
“ မိတ်ဆွေတို့... မိတ်ဆွေတို့ရဲ့ နတ်အာရုံတွေကို ဒီပုလဲတွေထဲကို ပို့လွှတ်လိုက်ပါ။ အဲ့လိုဆို ပန်းချီကားအတွင်းမှာ ဖြစ်ပျက်နေတဲ့ မြင်ကွင်းတွေအကုန်လုံးကို မြင်နိုင်ပါလိမ့်မယ်... ပန်းချီကားထဲက ကိုယ်ကြိုက်တဲ့နေရာကို ကြည့်လို့ရပါတယ် ”
ထိုသို့ပြောပြီးနောက် ပိန်ပါးသော နတ်ဝိဇ္ဇာအိုကြီးသည် ပန်းခြင်းကိုကိုင်၍ ကောင်းကင်ပေါ်ရှိ ပွဲကြည့်စင်ဖြစ်သော နတ်ကျွန်းပေါ်သို့ ပြန်သွားလေတော့သည်။
သူသည် နတ်ရတနာအနည်းငယ်ကိုသာ ပြသခဲ့ခြင်းဖြစ်သော်လည်း ထိုနေရာရှိလူများသည် အံ့အားသင့်သွားကြ၏။
ချန်ကျောင်းတော်၏ အာကာသနတ်မင်းများသည် အမှန်ပင် သာလွန်ထူးကဲလေသည်။ ရတနာပုလဲများနှင့် ပန်းချီကား၏ ပေါင်းစပ်မှုသည် အမြုတေနတ်ရတနာအစစ်အမှန်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သော်လည်း တောတောင်ရေမြေပန်းချီကားကဲ့သို့ အစွမ်းကြီးသည့် နတ်ရတနာသည်ပင် အာဒိကပ္ပလောက၏ အစစ်အမှန်ရတနာတစ်ခုဟု သတ်မှတ်နိုင်ပြီဖြစ်သည်။
နတ်ဝိဇ္ဇာမဖြစ်လာသေးသော တပည့်များနှင့် ပန်းချီကားအတွင်းသို့ လိုက်မဝင်သွားသောတပည့်များသည် မော့ကြည့်ကာ ရေကန်အထက်ရှိ မြင်ကွင်းများကို ကြည့်လိုက်လေသည်။
နတ်အာရုံများသည်လည်း ရတနာပုလဲလုံးခြောက်လုံးအတွင်းသို့ ဝင်သွားကြပြီး သူတို့တပည့်များ၏ စွမ်းဆောင်မှုများကို ကြည့်လိုက်ကြ၏။ ကျောင်းတော်သုံးကျောင်းမှ ပညာရှင်များသည်လည်း ပန်းချီကားအတွင်းရှိ မြင်ကွင်းများကိုကြည့်နေကြ၏။ သူတို့ထဲမှ အများစုသည် တပည့်များသွားလာလှုပ်ရှားနေကြသည်ကို ပြုံး၍ကြည့်နေကြလေသည်။
အရှင်ရွှမ်းဒူသည် ကောင်းကင်ပေါ်တွင် တစ်ဦးတည်းထိုင်နေ၏။
သူသည် သူ့ကိုယ်သူ မှော်အစွမ်းများသုံး၍ ဖုံးကွယ်ထား၏။ အာကာသနတ်မင်း နောက်ဆုံးအဆင့်ရှိသူများသည်ပင် သူ၏ရုပ်သွင်အစစ်အမှန်ကို မြင်နိုင်မည်မဟုတ်ပေ။
ထိုအခိုက်တွင် ချန်ကျောင်းတော်၏ တပည့်ခေါင်းဆောင် ကွမ်းချန်စစ်နှင့် ကျဲကျောင်းတော်၏ တပည့်ခေါင်းဆောင် တာအိုရသေ့တုပေါင်တို့သည် ရန်ကျောင်းတော်၏ အကြီးဆုံးအစ်ကိုကြီးကို လျှို့ဝှက်အကဲခတ်နေကြ၏။
ကွမ်းချန်စစ်သည် အမှန်တွင် ချန်ကျောင်းတော်၏ ဝါအကြီးဆုံးတပည့်မဟုတ်ပေ။ သူသည် ချန်ကျောင်းတော်သို့ တောင်ဝင်ရိုးစွန်းနတ်ဝိဇ္ဇာနောက်မှ ဝင်လာသူဖြစ်သည်။
သို့သော် တောင်ဝင်ရိုးစွန်းနတ်ဝိဇ္ဇာသည် တန်ခိုးရှင်အရှင်ယွမ့်ရှစ်ထျန်းကျွင်းကို အဖော်ပြုပေးနေ၏။ ထို့ကြောင့် ကွမ်းချန်စစ်သည် ကျောင်းတော်၏ ကိစ္စများကို တာဝန်ယူလုပ်ကိုင်ရ၏။ သို့ဖြစ်ရာ သူ၏ ကျောင်းတော်အတွင်းရှိ ရာထူးသည် တောင်ဝင်ရိုးစွန်းနတ်ဝိဇ္ဇာထက် ပိုကြီးနေသယောင်ရှိလေသည်။ ထိုသို့ဖြင့် ကွမ်းချန်စစ်သည် တပည့်ခေါင်းဆောင်ဖြစ်လာခြင်းပင်။
တန်ခိုးရှင်သုံးပါးအနက် သူတို့၏ဆရာများဖြစ်ကျသော အရှင်ယွမ့်ရှစ်ထျန်းကျွမ်းနှင့် အရှင်လင်းပေါင်ထျန်းကျွမ်းတို့သည် အရှင်ထိုက်စန့်လောင်ကျွင်းကို မည်မျှလေးစားမှုရှိကြောင်း အခြားသူများမသိချင်နေမည် ကွမ်းချန်းစစ်နှင့် တာအိုရသေ့တုပေါင်တို့ကမူ သိကြ၏။
အရှင်ထိုက်စန့်လောင်ကျွင်းသည် အရှင်ရွှမ်းဒူကို မည်မျှကာကွယ်ပေးထားကြောင်းကိုလည်း သူတို့သိကြ၏။
ရန်ကျောင်းတော်၏ ယင်-ယန် ထိုက်ကျိပန်းချီကား၊ ရွှမ်ဟွမ်းလင်လုံဘုံကျောင်း၊ လေ-မီး တရားထိုင်ဖျာနှင့် အစရှိသည့် နာမည်ကြီးရတနာများကို အရှင်ရွှမ်းဒူ အသုံးပြုခဲ့ဖူး၏။
ထို့ကြောင့် ကွမ်းချန်းစစ်နှင့် တာအိုရသေ့တုပေါင်တို့သည် သူ့တို့ဆရာဦးလေး၏ တစ်ဦးတည်းသော တရားဝင်တပည့်ကို အာရုံစိုက်ကြည့်နေကြခြင်းပင်။
အရှင်ရွှမ်းဒူပြုံးသွားသည်ကို သူတို့တွေ့လိုက်ရ၏။ အရှင်ရွှမ်းဒူသည် မျက်လုံးပိတ်၍ ထိုင်နေခြင်းပင်။ သူသည် ပန်းချီကားအတွင်းမှ အခြေအနေများကို ကြည့်နေခြင်းဖြစ်နိုင်ပေသည်။
‘ အစ်ကိုရွှမ်းဒူက ဘယ်သူ့ကိုကြည့်နေတာလဲ ’
တချိန်တည်းမှာပင် တာအိုရသေ့တုပေါင်နှင့် ကွမ်းချန်စစ်တို့၏ ရင်ထဲတွင် ထိုမေးခွန်းပေါ်လာ၏။ သို့သော် သူတို့သည် အမျိုးမျိုးနိမိတ်ဖတ်ကြည့်သော်လည်း အရှင်ရွှမ်းဒူ မည်သူ့ကိုကြည့်နေကြောင်း မသိနိုင်ကြပေ။
ထိုအခိုက်တွင် အရှင်ရွှမ်းဒူ၏ အာရုံသည် ရန်ကျောင်းတော်မှ အမည်မသိတပည့်တစ်ဦးအပေါ်တွင် ကျရောက်နေခြင်းပင်။
အရှင်ရွှမ်းဒူ၏ အစွမ်းဖြင့်ဆိုလျှင် ပန်းချီကားအတွင်းရှိ လီချန်ရှို့၏ အပြောအဆိုအားလုံး၊ လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်နေနိုင်ပေသည်။
ထိုမျှသာမကသေး အရှင်ရွှမ်းဒူသည် လီချန်ရှို့ကို အခြားမည်သူများ သူနှင့်တချိန်တည်း စောင့်ကြည့်နေကြောင်းကိုပါ သိနိုင်လေသည်။
ထိုအခိုက်တွင် လီချန်ရှို့ကို စောင့်ကြည့်နေသူမှာ သူတစ်ဦးတည်းသာဖြစ်သော်လည်း ကိစ္စမရှိပေ။ အသက်နှစ်ရာပင် မပြည့်သေးသော်လည်း ကောင်းကင်ပြစ်ဒဏ်ခံယူကာ ကောင်းကင်နတ်မင်းအဆင့်သို့ တိုက်ရိုက်တက်သွားပြီး အာကာသနတ်မင်းအဆင့်ရောက်ရန် သိပ်မလိုတော့သော လီချန်ရှို့ကဲ့သို့ တပည့်မျိုးသည် အမြဲတောက်ပနေမည်သာ။
‘ ငါ ဒီအခွင့်အရေးကိုအသုံးချပြီး ဒီတပည့်လေးကို စောင့်ကြည့်ရမယ် ’
‘ သူ့ရဲ့ အမူအကျင့်တွေက ငါ့နဲ့စကားပြောခဲ့တုံးကအတိုင်းလိုသာဆိုရင် သူ့ကို တုသိတာနန်းတော်ကို ဝင်နိုင်အောင်လုပ်ပေးပြီး ငါ့ဆရာကို နောက်ထပ်တပည့်တစ်ယောက် လက်ခံဖို့ဖျောင်းဖျပေးလို့ရတယ် ’
‘ အနာဂတ်မှာ အခုလိုပွဲမျိုးတွေမှာ သူက ရန်ကျောင်းတော်ရဲ့ ကိုယ်စားပြုအနေနဲ့ တက်ရောက်မယ်ဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ ’
အရှင်ရွှမ်းဒူ၏ မျက်နှာပေါ်ရှိ အပြုံးသည်ပို၍ တောက်ပလာ၏။
ထိုအခိုက်တွင် လူအုပ်၏အရှေ့တွင် ထိုင်နေသော ကျောက်ကုန်းမင်သည် ပျင်းရိငြီးငွေ့စွာ သမ်းလိုက်၏။ ထိုတပည့်များ တိုက်ခိုက်သည်ကို ကြည့်ရခြင်းမှာ အမှန်ပင် ပျင်းစရာကောင်းလေသည်။
သူသည် ထိုသို့အားနေလျှင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းသို့သွား၍ သူ၏ ညီနောင်ပင်လယ်စောင့်နတ်မင်းကိုသာ သွားရှာလိုပေသည်။ သူသည် “ နှစ်တစ်သောင်းကြာရင်တောင် ကျုပ် ပြန်ကောင်းလာဦးမှာ မဟုတ်ဘူး ” ဟူသော တာအိုကိုဆွေးနွေးနိုင်ပေသည်။
ဤအကြိမ်တွင် သူသည် သူ၏ညီမချန်ရှောင်းကိုပါ ခေါ်သွားပြီး ပင်လယ်စောင့်နတ်မင်းနှင့် မိတ်ဆက်ပေးရပေမည်။ ထိုမှသာ သူ၏ညီမလေးသည် နောင်တွင် အခြားသူများ၏ အနိုင်ကျင့်မှုကို မခံရမည်ဖြစ်သည်။
*****
တောတောင်ရေမြေပန်းချီကားအတွင်းရှိ လူသူကင်းရှင်းနေသော တောအုပ်တစ်ခုအတွင်း၌...
လီချန်ရှို့သည် ကျောက်တုံးကြီးတစ်တုံး၏ အနောက်တွင် ထိုင်နေလေသည်။ သူနှင့်အတူဝင်လာသော ရှုံးလင်လိသည် ထိုကျောက်တုံးပင်။
ပန်းချီကားအတွင်းရှိ လောကသည် အကန့်အသတ်ရှိပေသည်။
ထိုအထဲတွင် တပည့်များသည် ပိတ်မိနေပြီဖြစ်သည်။
သူတို့သည် နေရာအနှံ့တွင် ရတနာများလိုက်ရှာရမည် ဖြစ်သည်။ အကယ်၍ တပည့်များအချင်းချင်းတွေ့ခဲ့ပါမူ တိုက်ခိုက်၍ အရှုံး၊ အနိုင်ဆုံးဖြတ်ရမည်ဖြစ်သည်။
ထိုအခြေအနေကို လီချန်ရှို့ ရင်းနှီးနေ၏။
ထိုအခြေအနေသည် လီချန်ရှို့ ယခင်ဘဝတွင် ဆော့ခဲ့ဖူးသော ဂိမ်းတစ်ခုနှင့် ဆင်လေသည်။
ထိုဂိမ်းကိုကစားသူများသည် သူတို့နည်းသူတို့ဟန်ဖြင့် ကစားကြ၏။ ဥပမာအားဖြင့် အချို့သူများသည် ဂိမ်းထဲသို့ရောက်သည်နှင့် သေတ္တာများအဖြစ်ပြောင်းလဲကြ၏။ အချို့သည် သတင်းပို့သမားများအဖြစ် ဆော့ကြ၏။ ဖားလူသားများအတွက် အစာဖြစ်သွားသည့် သူများလည်းရှိ၏။ အချို့သူများသည် ပုန်းအောင်း၍ ဆော့ကစားကြသည်။
သို့သော် ယခုလီချန်ရှို့ ကြုံတွေ့နေရသည်မှာ ဂိမ်းတစ်ခုမဟုတ်ပေ။
လီချန်ရှို့သည် သူ၏နတ်အာရုံများကို ဖြန့်ကျက်ထား၏။ သူသည် သူနှင့်မရင်းနှီးသော တပည့်အများအပြားကို အာရုံရခဲ့ပြီးဖြစ်သည်။ အစပိုင်းတွင် လူတိုင်းသည် သတိကြီးကြီးထားကာ တစ်ဦးနှင့်တစ်ဦး စူးစမ်းရန်ကြိုးစား၍ အလျင်အမြန် ပြန်ဆုတ်ခွာသွားကြပေသည်။
ထို့ပြင် တပည့်များအချင်းချင်း တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့လျှင် လူတိုင်းသည် နှစ်ဖွဲ့အဖြစ် အညီအမျှပိုင်းခြားရမည်ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်သတ်တိုက်ပွဲ တစ်ခုဖြစ်လာရန် မဖြစ်နိုင်ပေ။
အမြော်အမြင်အရှိဆုံးဟု ပြောနိုင်သည့်အကွက်မှာ ရတနာများကို ရှာခြင်းသာဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ပို၍လုံခြုံပေလိမ့်မည်။
သို့သော် လုံခြုံမှုအရှိဆုံးနည်းလမ်းသည် လီချန်ရှို့၏နည်းလမ်းပင်။ သူသည် ထောင့်တစ်နေရာကိုရှာ၍ ပုန်းအောင်းနေပေမည်။
လီချန်ရှို့သည် လက်ရှိနေရာထက် ပို၍လုံခြုံသောနေရာကိုရှာ၍ ပြိုင်ပွဲပြီးဆုံးသွားသည်အထိ ဆက်ပုန်းနေရန် ဆုံးဖြတ်လိုက်သည်။
သို့သော် လီချန်ရှို့ ကိစ္စတစ်ခုကို တွေးတောနေမိ၏။
‘ ‘သွား’ (去) ဆိုတာ ဘာအဓိပ္ပာယ်လဲ ’
( အကယ်၍ ထိုစကားလုံး၏ အရှေ့တွင် ‘ငါ’(我) (ဝေါ်) ဟူသော စကားလုံးကိုထည့်လိုက်ပြီး အသံထွက်မှားကာ (ဝေါ်ချီး)ဟု မထွက်ဘဲ (ဝေါ်ချောင်) (卧槽) ဟုထွက်ခဲ့ပါလျှင် “ချီးပဲ” ဟုဆဲသည်နှင့်တူသွားပေလိမ့်မည်။ )
“ ပင်...အစ်ကိုဝမ်းကွဲ ”
ဒူးပိုက်၍ ကွေးညွတ်ထိုင်နေသော ရှုံးလင်လိသည် နူးညံ့စွာမေးလိုက်၏။
“ ညီမတို့ ဘယ်အချိန်ထိ ဒီမှာပုန်းနေမှာလဲ ”
“ ပြီးတဲ့အထိ ပုန်းနေမှာလေ ”
လီချန်ရှို့ အသံပို့လွှတ်လိုက်၏။
“ ‘အစ်ကိုဝမ်းကွဲ’ ဆိုတာကို စိတ်ထဲက အကြိမ်းငါးရာရွတ်နေ။ ငါ့ကိုယ်ပွားရဲ့ နေရာကိုပေါ်မသွားစေနဲ့ ”
“ ဟုတ်ကဲ့... ”
ရှုံးလင်လိ လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။ သူမသည် မျက်လုံးမှိတ်၍ စတင်ရွတ်ကာ အကြိမ်ရေတွက်နေလိုက်လေသည်။
လီချန်ရှို့သည် သူ၏လက်ဝဲလက်ဖဝါးကို ဖြန့်၍ မြက်ခင်းစိမ်းများဖြင့် ပြည့်နှက်နေသော မြေပြင်ကို ထိကြည့်လိုက်သည်။
လောကအသေးလေးတစ်ခုကို ဖန်ဆင်းရန် အခြေခံအကျဆုံး လိုအပ်ချက်မှာ ဓာတ်ကြီးငါးပါးပြည့်စုံမှုနှင့် ယင်-ယန်တို့၏ မျှတမှုဖြစ်သည်ဟု သူရှေးဟောင်းကျမ်းစာများတွင် ဖတ်ခဲ့ဖူးလေသည်။
ထို့ကြောင့် ယင်းပန်းချီကားအတွင်းရှိ လောကအသေးလေးတွင် မြေကိုယ်ယောင်ဖျောက်အတတ်ကို လွတ်လွတ်လပ်လပ်သုံးနိုင်ပေသည်။
သို့သော် မြေပြင်သည် အနည်းငယ်ပါး၍ ကောင်းကင်သည် အနည်းငယ်နိမ့်လေသည်။ သူ့အနေဖြင့် စွမ်းအားအမြောက်အမြား ထုတ်၍မရပေ။
‘ ငါ အဆိပ်မညီမလေးနဲ့ တခြားသူတွေကို သွားကူညီရမလား။ ဂိုဏ်းထဲမှာ နတ်ရတနာနည်းနည်းထပ်ရှိလာရင် ကောင်းတဲ့ကိစ္စပဲ ’
လီချန်ရှို့သည် ခေတ္တမျှတွေးတောလိုက်ပြီး ထိုအတွေးများကို ခေါင်းထဲမှထုတ်လိုက်လေသည်။ သူသည် ထိုကိစ္စများကိုမတွေးဘဲ ဆက်၍ပုန်းအောင်းနေရန်သာ ဆုံးဖြတ်လိုက်၏။
ဤအချိန်သည် သူ၏ သိုသိုသိပ်သိပ်နေထိုင်နိုင်သည့်အရည်အချင်း အစစ်အမှန်ကို ထုတ်ပြရမည့်အချိန်ပင်။
ရှုံးလင်လိ လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ အစ်ကိုဝမ်းကွဲ... ညီမရွတ်ပြီးသွားပါပြီ ”
“ လင်လိ... မင်း ကိုယ်ယောင်ဖျောက်အတတ် တစ်ခုခုကို သုံးတတ်လား ”
“ ဟင့်အင်း... ”
“ ရတယ်..ကိစ္စမရှိပါဘူး။ ငါက ခဏနေရင် မြေကြီးထဲဝင်သွားမယ်။ ငါ့ရဲ့ အသံကိုနားထောင်ပြီး မြေပေါ်မှာလမ်းလျှောက်သွား... ငါတို့ ပုန်းအောင်းဖို့နေရာတစ်ခုရှာပြီး ဒီလူတွေကြားက ပဋိပက္ခတွေကနေပြီး ရှောင်နေကြမယ် ”
“ အိုး... ဟုတ်ကဲ့ ”
ရှုံးလင်လိသည် ရိုရိုကျိုးကျိုး ပြန်ပြောလိုက်၏။
လီချန်ရှို့သည် မြေကိုယ်ယောင်ဖျောက်အတတ်ကိုသုံး၍ မြေကြီးအတွင်းသို့ ဝင်သွား၏။ သူသည် ရှုံးလင်လိကို လမ်းညွှန်လိုက်၏။ ရှုံးလင်လိသည် အလင်းထဲတွင်ရှိနေချိန်တွင် သူသည်အမှောင်ထဲမှာ ရှိနေ၏။ သူတို့နှစ်ဦးသည် ပန်းချီကား၏ အစွန်းသို့ ဦးတည်သွားနေကြသည်။
အပြင်တွင် ပညာရှင်များစွာ ရှိနေသဖြင့် လီချန်ရှို့သည် သူ၏မှော်အစွမ်းများကို ထင်သလိုအသုံးပြု၍ မရပေ။ ရှုံးလင်လိကို အလင်းထဲတွင်ထား၍ စက္ကူကိုယ်ပွားကို အမှောင်ထဲတွင်ထားကာ သူကမူ စက္ကူကိုယ်ပွား၏ ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေရပေမည်။
ထိုသို့ဆိုလျှင် ပို၍လုံခြုံပေလိမ့်မည်။
အရှင်ရွှမ်းဒူသည် လီချန်ရှို့တစ်ယောက် အခြားသူများနှင့်တိုက်ခိုက်ကာ သူ၏မှော်စွမ်းရည်အချို့အား ဖော်ပြသည်ကို ကြည့်ရန်မျှော်လင့်ထား၏။
လီချန်ရှို့သည် မြေကြီးအတွင်းသို့ဝင်သွား၍ ရှုံးလင်လိနှင့်အတူ ပန်းချီကားအစွန်းသို့သွားနေသည်ကို တွေ့လိုက်ရသောအခါ အရှင်ရွှမ်းဒူ တွေးတောလိုက်၏။
‘ ဒီကောင်လေးက တကယ်စိတ်ဝင်စားစရာကောင်းတာပဲ ’
ထို့နောက် သူသည် လီချန်ရှို့ကို နောက်တစ်နာရီခန့် ဆက်လက်စောင့်ကြည့်လိုက်သည်။
တဖြည်းဖြည်းဖြင့် အရှင်ရွှမ်းဒူ၏ ရင်ထဲတွင် သံသယများဖြစ်ပေါ်လာလေတော့သည်။
‘ သူကဘာလို့ ပုန်းနေတာလဲ ’
‘ အဲဒီမှာသူကလွဲရင် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိတဲ့သူ နှစ်ယောက်၊ သုံးယောက်လောက်ပဲရှိတာပါ ’
နောက်ဆုံးတွင် လီချန်ရှို့သည် တောင်ကြားတစ်ခုရှိ ကျောက်တုံးကြီးတစ်တုံးရှိ အက်ကွဲကြောင်းတစ်ခုကို တွေ့လိုက်၏။ သူသည် ကျောက်တုံးပတ်ပတ်လည်တွင် ပုံရိပ်ယောင်အလွှာနှစ်လွှာကို ဖန်ဆင်းလိုက်ပြီး ရှုံးလင်လိကို ထိုကျောက်တုံးနှင့် ကျန့်(၁၀၀)အကွာတွင်ရှိသော အခြားကျောက်ပက်ကြားတစ်ခုထဲတွင် ပုန်းအောင်းခိုင်းလိုက်လေသည်။
အရှင်ရွှမ်းဒူ၏ နှုတ်ခမ်းစွန်းနှစ်ဖက်သည် ပြုံးမနေတော့ပေ။ သူ၏ နှုတ်ခမ်းစွန်းများသည် အကြိမ်အနည်းငယ် တွန့်သွားကြ၏။
‘ မင်းက တိုက်ခိုက်ဖို့လူရှာပြီး ကိုယ့်ကိုယ်ကို နာမည်ကြီးလာအောင် မလုပ်ဘူးလား။ မင်းက အဲ့နေရာမှာပဲ သစ်သားတုံးကြီးလို မလှုပ်မယှက် ပုန်းနေတော့မှာလား ’
အရှင်ရွှမ်းဒူတစ်ယောက် ရယ်ရမလို၊ ငိုရမလိုဖြစ်သွားသည်။ သို့သော် သူရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။
‘ ဒီကောင်လေးရဲ့ စိတ်နေသဘောထားက ငါ့ရဲ့ဆရာနဲ့ တူတာပဲ။ အဲဒါကြောင့် ဆရာက သူ့ကို သတိထားမိတာနေတယ် ’
သို့သော် ... အရှင်ရွှမ်းဒူသည် တည်တည်ငြိမ်ငြိမ်ဆက်နေလိုက်ပြီး သူ၏လက်ချောင်များကို ညင်သာစွာ လှုပ်ယမ်းလိုက်၏။
ပန်းချီကားထဲတွင် လီချန်ရှို့ ပုန်းအောင်းနေသောနေရာအနီးရှိ မိစ္ဆာသားရဲနှစ်ကောင်းသည် တုန်လှုပ်သွားပြီး နွေးရုံသာရှိသေးသည့် သူတို့၏ အသိုက်အသစ်များအတွင်းမှ ထွက်လိုက်ကြ၏။ ၎င်းတို့သည် တောင်များကိုဖြတ်ကာ တောင်ကြားဆီသို့ ဦးတည်သွားလိုက်ကြလေသည်။
ထိုမိစ္ဆာသားရဲနှစ်ကောင် စတင်လှုပ်ရှားလိုက်ကတည်းက လီချန်ရှို့၏ နတ်အာရုံများသည် ထိုမိစ္ဆာသားရဲနှစ်ကောင်ကို အာရုံရခဲ့ပြီးဖြစ်သည်။ မိစ္ဆာသားရဲဆိုသည်မှာ မိစ္ဆာများအကြားတွင် လူသားအသွင် မပြောင်းလိုသောမိစ္ဆာများ သို့မဟုတ် မပြောင်းနိုင်သောမိစ္ဆာများကို ရည်ညွှန်းခြင်းဖြစ်သည်။ ၎င်းတို့သည် သဘာဝအတိုင်း နေနှင့်လတို့၏ အစွမ်းများကို စုပ်ယူ၍ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်နိုင်လေသည်။ မိစ္ဆာသားရဲအများစုသည် အသိဉာဏ်သိပ်မရှိသော်လည်း တိုက်ခိုက်သတ်ဖြတ်ရာတွင်မူ လွန်စွာအစွမ်းကြီးလေသည်။
ထိုအခိုက်တွင် တောင်ကြားဆီသို့ ပြေးလာနေသော မိစ္ဆာသားရဲနှစ်ကောင်သည် မူလနတ်ဝိဇ္ဇာအဆင့်တွင်ရှိနေပေသည်။ ၎င်းတို့သည် တပည့်များကို လေ့ကျင့်ရာတွင် အသုံးပြုသည့် မိစ္ဆာသားရဲများဖြစ်သည်။
သူ့အား တစ်စုံတစ်ယောက်က စမ်းသပ်နေခြင်းဖြစ်ရမည်ဟု လီချန်ရှို့ သဘောပေါက်နေပြီဖြစ်သည်။
ခေတ္တမျှတွေးတောပြီးနောက် လီချန်ရှို့သည် သူ၏အင်္ကျီလက်အတွင်းမှနေ၍ အဆင့်နိမ့်အဆိပ်ပုလင်းနှစ်ပုလင်းကို ထုတ်လိုက်သည်။ တချိန်တည်းမှာပင် သူသည် ရှုံးလင်လိကို အမိန့်အချို့ပေးလိုက်၏။
ရှုံးလင်လိသည် ရုတ်ခြည်းပင် ကျောက်ပက်ကြားထဲမှ ခုန်ထွက်လိုက်ပြီး နောက်လှည့်ကာ တောင်နံရံကို နှစ်ချက်ထိုးလိုက်၏။ သူသည် ပဲ့ကျလာသည့် ကျောက်တုံးများအကြားမှ သူ မကြိုက်သည့် ကျောက်တုံးအနည်းငယ်ကို ရွေးချယ်လိုက်လေသည်။
ခေတ္တကြာပြီးနောက် မိစ္ဆာသားရဲနှစ်ကောင်သည် တောင်ကြားအတွင်းသို့ အပြေးဝင်လာ၏။ မိစ္ဆာအရောင်အဝါများ ထွက်ပေါ်လာပြီး ၎င်းတို့သည် အဆက်မပြတ်ဟိန်းလိုက်ကြသည်။ ဆယ်ကျန့်ရှည်သော ပန်းစိမ်းစပါးအုံးမြွေကြီးနှင့် နံရိုးများမှနေ၍ အတောင်ပံတစ်စုံထွက်နေပြီး ခန္ဓာကိုယ်တွင် အနက်ရောင်အခိုးအငွေ့များလွှမ်းခြုံနေသော မိစ္ဆာကျားကြီးတို့သည် ရှုံးလင်လိကို ကြည့်လိုက်ကြသည်။
ရှုံးလင်လိ မည်သည့်စကားကိုမှ မဆိုခဲ့ချေ။ သူမ၏ တုတ်ခိုင်သောခန္ဓာကိုယ်ကြီးသည် အံ့အားသင့်ဖွယ်ခွန်အားများ ပိုင်ဆိုင်လေသည်။ သူမသည် ကျောက်တုံးကြီးနှစ်တုံးကို ကိုင်ကာ မိစ္ဆာသားရဲနှစ်ကောင်ကို စိုက်ကြည့်လိုက်၏။
မိစ္ဆာသားရဲနှစ်ကောင်သည်လည်း တုံ့ဆိုင်းမနေပေ။ ၎င်းတို့သည် ဟိန်းလိုက်ပြီး ရှေ့သို့ပြေးထွက်လာ၏။
ထိုနေရာမှ အသံကြောင့် စောင့်ကြည့်နေသူများ၏ နတ်အာရုံများသည် ထိုနေရာကို ကြည့်လိုက်ကြလေသည်။
သို့သော် ထိုနတ်ဝိဇ္ဇာများသည် မိစ္ဆာကျားကြီး လေထဲတွင်ပျံနေခြင်းနှင့် မိစ္ဆာစပါးအုံးကြီး မြေပေါ်တွင် လျှောသွားနေခြင်းကိုသာ အာရုံခံနိုင်၏။ ထိုမိစ္ဆာသားရဲများ မည်သို့ရောက်ရှိလာကြောင်းကိုမူ သူတို့မသိကြပေ။ ၎င်းတို့သည် ရှုံးလင်လိနှင့် ကျန့်ငါးဆယ်သာ ကွာတော့လေသည်။ ၎င်းတို့သည် မျက်စိတစ်မှိတ်အတွင်းမှာပင် သူမအပေါ်သို့ ခုန်အုပ်ကြပေတော့မည်။
ထိုအခိုက်တွင် လီချန်ရှို့သည် ခပ်ဖြည်းဖြည်း အသံပို့လွှတ်လိုက်၏။
“ ထုလိုက်တော့ ”
သူအသံပို့လွှတ်ပြီးသွားသောအခါ မိစ္ဆာသားရဲနှစ်ကောင်သည် ရပ်တန့်သွား၏။ မိစ္ဆာစပါးအုံးကြီးသည် ခေါင်းထောင်၍ တွန်လိုက်၏။ မိစ္ဆာကျားကြီးသည်လည်း မြေပေါ်သို့ပြုတ်ကျလာပေသည်။
ရှုံးလင်လိသည် ကိုယ်ကိုလှည့်၍ ကျောက်တုံးကြီးနှစ်တုံးကို ပစ်လွှတ်လိုက်လေသည်။ ကြိတ်ဆုံကျောက်ကဲ့သို့ ကျောက်တုံးကြီးနှစ်တုံးသည် ၎င်းတို့ထံ ပျံဝင်သွားလေ၏။
ဒုန်း...ဒုန်း...
စပါးအုံးကြီး၏ခေါင်း ပိပြားသွား၏။ ၎င်း၏ ကြီးမားသောခန္ဓာကိုယ်ကြီးသည်လည်း နောက်သို့လန်သွားလေသည်။
မိစ္ဆာကျားသည် ပို၍အဖြစ်ဆိုးပေသည်။ ၎င်းအပေါ်သို့ ကျောက်တုံးကြီးပြုတ်ကျလာသဖြင့် မြေပေါ်တွင် ပြားကပ်သွားလေသည်။ ၎င်းသည် နှစ်ချက်မျှသာ တွန့်လိုက်နိုင်ပြီး ၎င်း၏ခြေထောက်များ လှုပ်ရှားနေမှု ငြိမ်သက်သွားလေတော့သည်။
‘ ပြီးပြီ... ’
လီချန်ရှို့သည် ထိုဖြစ်စဉ်တစ်ခုလုံးတွင် ဖင်တစ်ချက်ပင် ကြွရန်မလိုခဲ့ပေ။
နတ်အာရုံသုံးကာ စောင့်ကြည့်နေကြသူများသည် ရှုံးလင်လိ၏ ထက်မြက်သော မှော်စွမ်းရည်များကို ချီးကျူးလိုက်ကြ၏။
ပန်းချီကားအပြင်ရှိ အရှင်ရွှမ်းဒူသည် လက်မြှောက်၍ ကိုယ့်နဖူးကိုယ် ပိတ်ရိုက်လိုက်၏။ သူသည် မသိမသာခေါင်းခါလိုက်ပြီး အနီးရှိ မိစ္ဆာသားရဲများကို ဆက်လက်ရှာဖွေလိုက်ပေသည်။
ယနေ့တွင် သူ လီချန်ရှို့ကို ကိုယ်တိုင်လှုပ်ရှားလာအောင် မလုပ်နိုင်ဟု သူ မယုံကြည်ပေ။
မကြာမီတွင် မိစ္ဆာသားရဲအနည်းငယ်သည် တောင်ကြားဆီသို့ ပြေးလွှားလာကြ၏။
လီချန်ရှို့ မျက်မှောင်ကြုတ်သွားပြီး မိစ္ဆာကျားနှင့် မိစ္ဆာစပါးအုံးတို့ကို သွားရည်ကျနေသော ရှုံးလင်လိကို သတိပေးလိုက်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ပြေးလိုက်လေတော့သည်။