← Chapters

အကြံအစည်တစ်ခု 

Vol. 46 Ch. 627

အကြံအစည်တစ်ခု 

Vol. 46 Ch. 627

" ခဗျား ဘာတွေကြံနေတာလဲ " ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများရပ်တန့်သွားပြီး နောက်သို့လှည့်ကာ နှာမှုတ်၍ ဧရာမသစ်ပင်ကြီးအား စိုက်ကြည့်နေလိုက်၏။

" ခ‌ဗျားက ကျုပ်ကို မိန်းမတွေနဲ့ မြှူဆွယ်ဖို့ ကြိုးစားနေတာလား။ ကျုပ်က ကျယ်ပြန့်တာအိုနန်းတော်ရဲ့ မဟာထိပ်သီး အကြီးအကဲကြီးဗျ။ ဘယ်လိုလုပ်ပြီး.... ဟင် " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားပြီး ဧရာမသစ်ပင်ကြီးအား ဒေါသတကြီးနှင့် ဆူပူကြိမ်းမောင်းရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ ထို့နောက် သူသည် မျက်စိပေကလပ်ပေကလပ်နှင့် အတွေ့များထဲ၌ နစ်မျောသွားတော့သည်။

ဧရာမသစ်ပင်ကြီးမှာမူ ဝမ်ပေါင်လဲ့၏ တုံ့ပြန်မှုအား မြင်လိုက်ရသဖြင့် စိတ်ထဲတွင် သက်ပြင်းချမိသွား၏။ သူသည် ဘောင်ကျော်မိသွားပြီ ဖြစ်သည်။ သူသည် မစဉ်းစားမဆင်ခြင်ဘဲ ပြောလိုက်မိသောကြောင့် သူ၏ အကြံမှာ ဘူးပေါ်သလို ပေါ်သွားရပြီ မဟုတ်ပါလော။

" ဝမ်ပေါင်လဲ့က လျှော့တွက်လို့ရတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူး " ဧရာမသစ်ပင်ကြီးမှာ စိတ်ထဲတွင် ရေရွတ်လိုက်၏။ သူသည် အခြားနည်းလမ်းတစ်ခုခုကို သုံးခဲ့သင့်ကြောင်း သဘောပေါက်သွားတော့သည်။ ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ဉာဏ်ပြေးသူတစ်ယောက်ဖြစ်ရာ ဧရာမသစ်ပင်ကြီးမှာ သက်တူရွယ်တူလူ တစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရ၏။

ဧရာမသစ်ပင်ကြီး အတွေးများထဲ၌ နစ်မျောနေစဉ် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်လာတော့သည်။ ထို့နောက် သူသည် မျက်လုံးများအရောင်တောက်ပလာပြီး အလေးအနက် စဉ်းစားတွေးတောနေလိုက်၏။ ဧရာမသစ်ပင်ကြီး၏ စကားများကြောင့် သူသည် အကြံတစ်ခု ရသွားပြီဖြစ်သည်။

" တကယ်လို့ ငါ့မှာလည်း မွေးစားသမီးတစ်ယောက် ရှိပြီး သူက လီဝူချန်းရဲ့ တာအိုလက်တွဲဖော် ဖြစ်သွားမယ်ဆိုရင် လီဝူချန်းက ငါ့ကို တရိုတသေဆက်ဆံပြီးတော့ ငါနဲ့‌တွေ့တဲ့အချိန်တိုင်း ငါ့ကို ယောက္ခမကြီးလို့ ခေါ်ရတော့မှာလေ... "

" သူ သူ့ရဲ့ အရင်ဘဝကို ပြန်မှတ်မိသွားပြီးတော့ တာအိုဂိုဏ်းသား ဖြစ်သွားမယ်ဆိုရင်တောင် ငါ့ကို တရိုတသေ ဆက်ဆံနေရဦးမှာ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိသွားသဖြင့် စိတ်လှုပ်ရှားသွား၏။ အကယ်၍ ထိုအကြံအစည်ကိုသာ အကောင်အထည် ဖော်နိုင်မည်ဆိုပါက သူ၏ ဘေးကင်းလုံခြုံမှုမှာ အာမခံချက် ရရှိသွားမည်ဖြစ်သည်။ လီဝူချန်းတစ်ယောက် မည်မျှပင် အစွမ်းထက်လာစေကာမူ ဝမ်ပေါင်လဲ့မှာ အမြဲတမ်း သူ့ထက် ဝါကြီးနေမည် မဟုတ်ပါလော။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ ဧရာမသစ်ပင်ကြီးမှာ သူ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သဖြင့် မှင်တက်သွား၏။ သူ သံသယစိတ်များ ဝင်လာချိန်မှာပင် ဝမ်ပေါင်လဲ့မှာ ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်တော့သည်။ ထို့နောက် သူသည် ဧရာမသစ်ပင်ကြီး၏ ပခုံးအား အားပါပါပုတ်ကာ သဘောကျနေသည့် မျက်ဝန်းများဖြင့် ဆိုလိုက်၏။

" တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီး။ ခဗျားက တကယ်ကို ဝါရင့်သမ္ဘာရင့် လူတစ်ယောက်ပဲဗျ။ ကောင်းတယ်ဗျာ။ ကောင်းတယ်။ ကျုပ် ခဗျားကို အများကြီးမျှော်လင့်ထားတယ် " ဝမ်ပေါင်လဲ့မှာ အော်ဟစ်ရယ်မောကာ ဆိုလိုက်၏။ ထို့နောက် သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ စိတ်ဓာတ်တက်ကြွစွာဖြင့် ထွက်ခွာသွားသောကြောင့် ဧရာမသစ်ပင်ကြီး သူ၏နောက်တွင် မျက်စိပေကလပ်ပေကလပ်နှင့် ကျန်ရစ်ခဲ့တော့သည်။ ဧရာမသစ်ပင်ကြီးမှာမူ သံသယစိတ်များ ကြီးထွားလာရပြီဖြစ်သည်။ သူသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ တစ်စုံတစ်ခုအား အရိပ်အမြွှက် ပြနေခဲ့ခြင်းဖြစ်သည်လောဟု တွေးနေမိတော့သည်။

ဝမ်ပေါင်လဲ့မှာမူ သူ၏နောက်ရှိ အတွေးများထဲ၌ နစ်မျောနေသော ဧရာမသစ်ပင်ကြီးအား လျစ်လျူရှုကာ ရှေ့သို့ ဆက်လျှောက်သွားလိုက်ပြီး စိတ်ထဲ၌ သူ၏အကြံအစည်အား ပြီးပြည့်စုံအောင် လုပ်နေလိုက်တော့သည်။ သူသည် သေသေချာချာ စဉ်းစားကြည့်လိုက်လေလေ သူ၏ အကြံအစည်မှာ ပို၍ ယုတ္တိရှိလာလေလေ ဖြစ်နေ၏။ ထို့ကြောင့် သူသည် စိတ်လှုပ်တရှားဖြင့် သူ၏မွေးစားသမီးအဖြစ် ရွေးချယ်နိုင်မည့်လူများကို ‌စဥ်းစားကြည့်လိုက်တော့သည်။ သူ ပထမဆုံး စဉ်းစားမိလိုက်သည့် လူမှာ လီယီဖြစ်သည်။

" မဖြစ်ပါဘူး။ သူက ကိုယ်လုံးကိုယ်ပေါက်သာလှတာ ဦးနှောက်က ပါတာမဟုတ်ဘူး။ တကယ်လို့ ငါသာ သူ့ကို ငါ့ရဲ့ မွေးစားသမီးအဖြစ် သတ်မှတ်ပြီးတော့ လီဝူချန်းနဲ့ အောင်သွယ်ပေးလိုက်မယ်ဆိုရင် ငါ့အတွက် ဘာကောင်းကျိုးမှ ရှိလာမှာမဟုတ်ဘူး။ ငါက သူ့ရဲ့အဖေအစစ် ဖြစ်နေရင်တောင် သူက လီဝူချန်းကို အသုံးချပြီးတော့ ငါ့ကို ရှင်းထုတ်ပစ်ဖို့ ကြံစည်နေမှာ သေချာတယ် "

ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းလိုက်၏။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတော‌လိုက်ပြီးနောက် ယွီဟွားရှန်ထျန်းဂိုဏ်းမှ ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး စိတ်ဆတ်ကာ စကားကို တည့်တိုးပြောတတ်သော မိန်းကလေးအား သတိရသွားသည်။ သူမဆိုလျှင် လီဝူချန်းနှင့် သင့်တော်သည့်ပုံ ပေါ်ပေသည်။

" သူလည်း မဖြစ်သေးပါဘူးကွာ။ လီဝူချန်းက သာမန်မိန်းကလေးတွေကိုပဲ ကြိုက်မယ့် ပုံစံမျိုး။ တကယ်လို့ ငါသာ သူတို့နှစ်ယောက်ကို အတင်းပေးစားလိုက်မယ်ဆိုရင် သူက ငါ့ကို ပိုမုန်းသွားလောက်တယ် " ဝမ်ပေါင်လဲ့မှာ ခေါင်းခဲလာရပြီဖြစ်သည်။ သူသည် ယခုလို အောင်သွယ်ရေးလုပ်ငန်းများ၌ ကျွမ်းကျင်မှုမရှိပေ။ ထိုအချိန်တွင် သူသည် မျက်လုံးများ အရောင်လက်သွားပြီး ဘေးဘက်သို့ မျက်စောင်းထိုးကာ ဧရာမသစ်ပင်ကြီးအား လှမ်းကြည့်လိုက်တော့သည်။

" ဒီ အဘိုးကြီးရဲ့ ခေါင်းထဲမှာ မကောင်းတဲ့ အကြံအစည်တွေနဲ့ပဲ ပြည့်နေမှာ။ သူ့ကို လုပ်ခိုင်းရမယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လာရင် သူ‌က ကျွမ်းကျင်နေမှာ သေချာတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ပြုံးမိသွား၏။ ထို့နောက် သူသည် ဧရာမသစ်ပင်ကြီးအား စိုက်ကြည့်ကာ ဖော်ရွေသည့်လေသံဖြင့် ဆိုလိုက်၏။

" တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီး "

ဧရာမသစ်ပင်ကြီးမှာ အတွေးများထဲတွင် နစ်မျောနေပါသော်လည်း ဝမ်ပေါင်လဲ့အား သေသေချာချာ အကဲခတ်နေခဲ့၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ အပြုံးကို မြင်လိုက်ရသောအခါ သူ၏ခေါင်းထဲ၌ အတွေးတစ်ခုပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် သူသည် အသက်ရှူသံများ ရပ်တန့်သွားပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ချက်ချင်းလျှောက်တင်လိုက်၏။

" ကျွန်တော့်က ' တာအိုရောင်းရင်း ' လို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူးဗျာ။ အကြီးအကဲကြီး။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ' အမြဲ‌စိ‌မ်းသစ်ပင်လေး ' လို့ပဲ ခေါ်ပါ "

ဧရာမသစ်ပင်ကြီး၏ ပြောဆိုပြုမူပုံများကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ကျေနပ်သွားရ၏။ ဧရာမသစ်ပင်ကြီးမှာ သူထင်ထားသလောက် မဆိုးပေ။ သူသည် ခိုင်းသည့်အတိုင်း လုပ်ပြီး စည်းနှင့်ဘောင်နှင့် နေတတ်သည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပြုံးမိသွားပြန်သည်။ ထို့နောက် သူသည် သိမ်မွေ့စွာ ဆိုလိုက်၏။

" ကောင်းပြီလေ အမြဲစိမ်းသစ်ပင်လေး။ ငါ မင်းကို တာဝန်တစ်ခု ပေးစရာရှိတယ် "

" အကြီးအကဲရဲ့ ဆန္ဒအတိုင်း ဖြစ်အောင်လုပ်ပေးပါ့မယ် " ဧရာမသစ်ပင်ကြီးမှာ တစ်ကိုယ်လုံးတုန်ရီသွားပြီး ရိုသေလေးစားမှု အပြည့်ရှိသော လေသံဖြင့် တည်ကြည်စွာ ပြန်ဖြေလိုက်၏။

" ကြီးကြီးမားမားကိစ္စကြီး တစ်ခုတော့ မဟုတ်ပါဘူးကွာ။ ပြည်ထောင်စုပျိုးပင် တတိယအသုတ်ထဲမှာ ကျုပ်ရဲ့မိတ်ဆွေတစ်ယောက်ပါတယ်။ ခဗျား သူ့ရဲ့နာမည်ကို ကြားဖူးထားပြီးသား ဖြစ်မှာပါ။ ကောင်းကင်တာအိုကျောင်းက မဟာထိပ်သီးအကြီးကဲကြီးရဲ့ တပည့် လီဝူချန်းလေ " ဝမ်ပေါင်လဲ့မှာ ဖြည်းဖြည်းချင်းပြောရင်း ဧရာမသစ်ပင်ကြီးအား အကဲခတ်နေလိုက်၏။

ဧရာမသစ်ပင်ကြီးမှာမူ လက်လွှတ်စပယ် မခန့်မှန်းရဲသောကြောင့် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိအောင် ဂရုစိုက်နေလိုက်၏။ သူသည် ဝမ်ပေါင်လဲ့နှင့် လီဝူချန်းတို့၏ကြားမှ ဆက်ဆံရေးအကြောင်းကို မေးခွန်းထုတ်နေမည် မဟုတ်ပေ။ သူသည် ဘေးကင်းကင်း နေလိုပါက မေးခွန်းများမမေးဘဲ ဝမ်ပေါင်လဲ့ ခိုင်းသည့်အတိုင်းသာ လိုက်လုပ်ရန်လိုအပ်ကြောင်း သိထားသည်။

" ကျုပ် ဂိုဏ်းတူညီလေး လီဝူချန်းအကြောင်းကို သိထားတာ နည်းနည်းတော့ ကြာပါပြီ။ သူ့ဆီမှာ လက်တွဲဖော် မရှိတာ တော်တော်ကြာနေပြီမလို့ သူ ထီးကျန်နေရတာကို မမြင်ရက်တော့လိုပါ။ ခဗျား သူ့ကို ဂိုဏ်းထဲက အမျိုးသမီး ကျင့်ကြံသူလေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါလား... ကျုပ် ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို ခဗျား သဘောပေါက်တယ်မလား " ဝမ်ပေါင်လဲ့မှာ သွယ်ဝိုက်၍ ပြောလိုက်၏။

ဧရာမသစ်ပင်ကြီးမှာ အင်္ဂါဂြိုဟ်၏ လက်ထောက်ဘုရင်ခံ မဟုတ်ပါလော။ သူသည် ပြည်ထောင်စုကြီးထဲ၌ မွေးဖွားလာခဲ့သည့် လူသားတစ်ယောက် မဟုတ်ပါသော်လည်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ဖူးပြီးသား ဖြစ်ပေသည်။ သို့ဖြစ်ရာ သူသည် ပြည်ထောင်စုကြီး၏ အကြောင်းကို ကောင်းကောင်းကြီးနားလည်ထား၏။ သူသည် ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသည့်အခါတွင် သူဆိုလိုချင်သည့် အဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။ ထို့ကြောင့် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့ခိုင်းသည့်အတိုင်း လုပ်ရန် သဘောတူလိုက်၏။

" အကြီးအကဲကြီးရဲ့ လီဝူချန်းအပေါ်ထားတဲ့ စေတနာကြောင့် ကျွန်တော်ရဲ့ နှလုံးသားတစ်ခုလုံးတောင် တုန်ရီသွားရပါတယ်။ ကျွန်တော်က အခုမှ တာအိုနန်းတော်ထဲကို ရောက်လာတဲ့အပြင် လီဝူချန်းအကြောင်း ကောင်းကောင်းမသိသေးတာမလို့ လတ်တလောအတွင်းမှာ အကြီးအကဲဆီကနေ အကူအညီ ခဏခဏ လာတောင်းဖို့ လိုရင်လိုပါလိမ့်မယ်။ အဲတာမလို့ အကြီးအကဲ ခွင့်လွှတ်ပေးဖို့ ကြိုတင်တောင်းဆိုထားပါရစေ "

ဝမ်ပေါင်လဲ့မှာ ဧရာမသစ်ပင်ကြီး၏ စကားများကို ကြားလိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွား၏။ ဧရာမသစ်ပင်ကြီးမှာ သူသည် ဝမ်ပေါင်လဲ့၏ အကြံအစည်အား နားလည်ပြီး လီဝူချန်းအား သေချာစောင့်ကြည့်ပေးထားမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့အား အသိပေးနေခြင်း ဖြစ်ပေသည်။

" ကျုပ်လို ကျင့်ကြံသူတွေက အေးအေးဆေးဆေးနေဖို့ လိုတယ်။ အဲတာမလို့ ခဏခဏတော့ လာပြီးမနှောင့်ယှက်ပါနဲ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။

ဧရာမသစ်ပင်ကြီးမှာလည်း သဘောတူလိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ စကားကို နားလည်ထားပြီးသားဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ့ကို လီဝူချန်းအား သေချာစောင့်ကြည့်ထားရန်နှင့် သူ့အား အနှောင့်အယှက် ပေးမိသလို ဖြစ်သွားမည်ကို စိုးရိမ်နေစရာမလိုရန် ပြောလိုက်ခြင်းဖြစ်ပေသည်။

ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ နှစ်ပတ်တိတိ ပြေးလွှားနေလိုက်ပြီးနောက် နောက်ဆုံးတွင် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ရောက်ရှိလာတော့သည်။ သူတို့ ပြန်ရောက်သွားသည်နှင့် ဧရာမသစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့ ပေးအပ်ထားသည့်တာဝန်များကို စတင်ဆောင်ရွက်နေလိုက်တော့သည်။ သူသည် အပြန်လမ်းတွင် အစီအစဉ်တစ်ခုကို အသေးစိတ် ရေးဆွဲထားခဲ့ပြီးသား ဖြစ်သည်။ ထို့အပြင် မဟာထိပ်သီးအကြီးအကဲကြီးတစ်ယောက်မှာ သူ့အား ကူညီထောက်ပံ့ပေးနေသည်ဖြစ်ရာ သူသည် မည်သည့်အခက်အခဲနှင့်မှ မကြုံတွေ့ခဲ့ရပေ။

သူသည် ပြည်ထောင်စု အဖွဲ့အစည်းထဲ၌ ဝမ်ပေါင်လဲ့နှင့် ဂိုဏ်းချုပ်ကြီးရှုပြီးလျှင် အစွမ်းအထက်ဆုံးကျင့်ကြံသူ ဖြစ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ကျယ်ပြန့်တာအိုနန်းတော်မှာလည်း ဧရာမသစ်ပင်ကြီး၏ အကြောင်းကို သေချာစုံစမ်းထားပြီးသား ဖြစ်သည်။ သူသည် လူတစ်ယောက်မဟုတ်သလို သူ၏ခန္ဓာကိုယ်မှာလည်း အသွေးအသားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်း မရှိပေ။ သူသည် သစ်ပင်တစ်ပင်အဖြစ်မှ ကျင့်ကြံသူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းဖြစ်ပြီး တမူထူးခြားသော အရည်အအသွေးများစွာကို ပိုင်ဆိုင်ထား၏။

ဝမ်ပေါင်လဲ့မှာမူ ထိုကိစ္စများကို မေ့ထားလိုက်ပြီး သူ၏ ကျင့်ကြံခြင်းအပေါ် ပြန်၍အာရုံစိုက်လိုက်၏။ သူသည် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ပေါင်းစည်းခဲ့သည့် တာအိုဂိုဏ်းသား၏ ညာဘက်လက်အား ကျင့်သားရလာအောင် လေ့ကျင့်နေခဲ့သည်။ သူသည် ၎င်း၏ စွမ်းအားနှင့် သူ၏ တောင့်ခံနိုင်စွမ်းတို့ကို စမ်းသပ်နိုင်ရန် ၎င်းအား ကြိမ်ဖန်များစွာ စမ်းသုံးကြည့်ခဲ့၏။

ဝမ်ပေါင်လဲ့မှာ အကြိမ်ကြိမ် ကြိုးစားခဲ့ပြီးနောက် သူသည် ထိုလက်ကြီး၏ စွမ်းအားများကို သုံးကြိမ်တိတိ ထုတ်လွှတ်နိုင်စွမ်းရှိကြောင်း သိခဲ့ရ၏။ သူသည် ၎င်း၏ စွမ်းအားများကို ထုတ်လွှတ်လိုက်သည့် အချိန်တိုင်း ထိတ်လန့်ကြောက်ရွံ့သွားရသလို စိတ်လှုပ်ရှားသွားရသည်လည်း ဖြစ်သည်။ ၎င်းမှာ စွန်းဟေ့အား တစ်ချက်တည်းနှင့် ချေမှုန်းနိုင်စွမ်းရှိနေသော စွမ်းအားမျိုး ဖြစ်နေသည် မဟုတ်ပါလော။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ နောက်ဆုံးအဆင့်ဖြစ်သော လျှပ်စီးလက်ချောင်းကိုလည်း ပိုမိုကျွမ်းကျင်လာပြီဖြစ်သည်။ ထို့အပြင် သူသည် လက်ကြီးနှင့် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာတို့ကို ပေါင်းစည်းခဲ့ပြီးနောက် အကြံတစ်ခုရသွား၏။ ထို့ကြောင့် သူသည် ထာဝရဝိညာဉ်အဆင့်ရှိ ကြယ်အစွယ်သားရဲနှစ်ကောင်၏ ရုပ်အလောင်းများကို ထုတ်ယူကာ သူ၏ ချပ်ဝတ်တန်ဆာကြီးနှင့် ပေါင်းစည်းရန် ကြိုးစားကြည့်လိုက်ပါသော်လည်း မအောင်မြင်ခဲ့ပေ။

" ပထမအကြိမ် အောင်မြင်သွားခဲ့တာက လက်ကြီးက နတ်ဘုရားလက်နက်တစ်ခု ဖြစ်နေလို့များလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်၏။ ထို့ကြောင့် သူသည် စိတ်မပါလက်မပါနှင့် လက်လျှော့လိုက်ရတော့သည်။ ထို့နောက် သူသည် မဟာထိပ်သီးအကြီးအကဲကြီး၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ ရုပ်သေးရုပ်များအား သန့်စင်နိုင်မည့် နည်းလမ်းများကို လေ့လာကြည့်လိုက်၏။ သူသည် အချက်အလက်အချို့ ရှာဖွေတွေ့ရှိခဲ့ပါသော်လည်း အောင်မြင်နိုင်ရန် ထပ်၍ လေ့လာရဦးမည်ဖြစ်သည်။

လက်ရှိတွင် ဝမ်ပေါင်လဲ့အတွက် အရေးအကြီးဆုံးမှာ အမြုတေထိပ်ဆုံးအဆင့်မှ ယွမ်ယင်အဆင့်သို့ ဖောက်ထွက်ဖို့ရာ ပြင်ဆင်ရန်ပင်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ မဟာထိပ်သီးအကြီးအကဲကြီးတစ်ယောက် ဖြစ်နေသောကြောင့် ယွမ်ယင်အဆင့်သို့ တက်လှမ်းနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်သော မှတ်တမ်းအမျိုးမျိုးကို လေ့လာဖတ်ရှုနိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ယွမ်ယင်ဝိညာဉ် အမျိုးမျိုးရှိကြောင်း သိရှိခဲ့ရ၏။ စုစုပေါင်း ယွမ်ယင်ဝိညာဉ် အမျိုးအစားသုံးရာကျော် ရှိပေသည်။ ၎င်းတို့အားလုံးမှာ အနည်းငယ်ခန့် ကွဲပြားခြားနားနေကြသောကြောင့် မိမိ ရွေးချယ်လိုက်သည့် ယွမ်ယင်ဝိညာဉ်မှာ မိမိ၏အနာဂတ်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုယွမ်ယင်ဝိညာဉ် အမျိုးအစားများကို လေ့လာရင်း သူ ရွေးချယ်လိုသည့်အမျိုးအစားကို စဉ်းစားတွေးတောနေ၏။ ထို့အပြင် သူသည် မမလေးကိုလည်း အကြံဉာဏ်တောင်းခဲ့သဖြင့် သူမသည်လည်း သူမ၏ ထင်မြင်ချက်များကို မျှဝေပေးခဲ့သည်။ ထို့နောက် သူမသည် အတွေ့အကြုံရင့်သန်သည့် လူတစ်ယောက်၏ လေသံဖြင့် ဆိုလိုက်၏ " နင် ငါ‌ရွေးပေးတဲ့ ယွမ်ယင်ဝိညာဉ်တွေထဲက တစ်ခုကိုသာ ရအောင်ဖန်တီးလိုက်။ ငါ့မှာ အဲဒီ ယွမ်ယင်ဝိညာဉ်တွေကို အဆင့်မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုရှိတယ်။ အဲလို အဆင့်မြှင့်တင်ပြီးသွားရင် နင့်အတွက် အရမ်းကို အကျိုးရှိသွားမှာ "

All Chapters