← Chapters

လူအုပ်ကြီးနောက် လိုက်သွားခြင်း

Vol. 108 Ch. 1509

လူအုပ်ကြီးနောက် လိုက်သွားခြင်း

Vol. 108 Ch. 1509

မန်ဟိုက လက်ယှက်၍ ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။ တခဏကြာသော် မန္တန်ဝင်္ကပါထဲ မဝင်ဘဲ ဘေးတွင် ရပ်စောင့်နေဖို့သာ ဆုံးဖြတ်လိုက်၏။

တစ်နာရီကြာသော် မန္တန်ဝင်္ကပါ၏ တာဝန်ကျဂိုဏ်းသား စိတ်မရှည်တော့သည့်အချိန်မှာပင် အလင်းတန်းတစ်တန်းက အဝေးမှ ချဉ်းကပ်လာလေသည်။

“အစ်မရှုပဲ” အနားပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများ၏မျက်လုံးထဲတွင် လေးစားရိုသေမှုတို့ ပေါ်လာကြပြီး သူတို့အားလုံး လက်ယှက်နှုတ်ဆက်လိုက်ကြသည်။

မန်ဟိုက အလင်းတန်းထဲရှိ အမျိုးသမီးကို မော့ကြည့်သည်။ သူမသည် အဖြူရောင်ဂါဝန်ကို ဝတ်ထားပြီး လက်ဖျားခါလောက်အောင် မလှသော်လည်း နှစ်လို့ဖွယ်ကောင်းပြီး မဖော်ပြတတ်သောအငွေ့အသက်ကို ထုတ်လွှတ်နေ၏။ သူမပုံစံက အေးစက်ပုံရသော်လည်း ချဉ်းကပ်မရပုံတော့မပေါ်ပေ။

မန်ဟိုမှာ တုန်ရီစွာဖြင့် သူမကို ကြည့်နေမိသည်။ ရုတ်တရက် သူမသည် အရှိန်လျှော့၍ သူ့ကို ငုံ့ကြည့်၏။ သူတို့အကြည့်ချင်း ဆုံသွားလေပြီ။

အချိန်တွေ ရပ်တန့်သွားသယောင်ပင်။

ရှုချင်က တိတ်ဆိတ်စွာ ပျံဆင်းလာပြီး သူမလမ်းသူမ ဆက်သွားမည့်အစား နေရာရွှေ့ပြောင်းမုခ်ဝထံ ဆင်းလာ၏။ သူမ မန်ဟို့အရှေ့သို့ ဆင်းသက်လိုက်စဉ် ရေတာအိုဂိုဏ်းသားများက လေးစားစွာ လက်ယှက်အရိုအသေပေးကြသည်။

ရှုချင်သည် မန်ဟို့ကို သူစိမ်းလိုကြည့်၏။ သူမအမူအရာအရ သူသည် သူမအတွက် မိတ်ဆွေဟောင်းတစ်ယောက်ထက် မပိုသည့်အလား သူတို့နှစ်ယောက်ကြား၌ မည်သည့်ပတ်သက်မှုမှ မရှိသယောင်ပင်။

“မင်း ပြန်သက်သာလာပြီလား” မန်ဟိုက ရုတ်တရက် မေးသည်။

“ရက်ပိုင်းလောက်ပဲ တွေဝေခဲ့တာ” သူမက အေးစက်စက် ပြန်ဖြေသည်။ “ဒါပေမဲ့ အစစ်အမှန်နဲ့ အတုအယောင်ကို ငါ ပြောနိုင်နေပြီ”

အတန်ကြာသော် မန်ဟိုက ပြုံး၍ ဆိုသည်။ “ဝမ်းသာပါတယ်”

ထို့နောက် သူက လှည့်၍ မန္တန်ဝင်္ကပါထဲ ဝင်လိုက်၏။

ထိုအခိုက်မှာပင် ရှုချင်က စကားထပ်ပြောသည်။ “နင်ရော အခုတလော အဆင်ပြေလား”

မန်ဟိုသည် ရှုချင်ကို ပြန်လှည့်ကြည့်၏။ “အခုတလော ဆိုတာ ... ဆန်းကြယ်အိတ်လောကထဲမှာကို ပြောတာလား။ အာကာပြင်ကျယ်စကြဝဠာပေါင်းစုထဲမှာကို ပြောတာလား”

“နင် အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကထဲ ရောက်နေတာ ငါ့ထက် ပိုကြာတယ်။ အဲဒီကအရာတွေအားလုံး အိပ်မက်လေးတစ်ခုထက် မပိုဘူးဆိုတာတော့ နင်သိသင့်တယ် မန်ဟို။ ပုံရိပ်ယောင်ထဲမှာ နေမနေနဲ့တော။ နိုးထဖို့ အချိန်ကျပြီ

“ငါ နင့်ဆီဆင်းလာတာ ပြောစရာရှိလို့။ မကြာခင် အရှင်လောကနတ်မင်းရဲ့စိတ်ဆန္ဒက ၉၉ဆက်မြောက်မျိုးဆက်အတွက် လောကပါလသားတော်ကို ရွေးချယ်တော့မယ်။ ဒီနှစ်ထဲမှာ ဖြစ်မှာဆိုတော့ နင်သာ လောကပါလသားတော်ဖြစ်လာခဲ့ရင် ငါတို့နှစ်ယောက် အရင်လိုပြန်တွဲနိုင်လောက်မှာ။ ဒါပေမဲ့ နင့်အခုပုံစံအတိုင်းဆို အဲဒီလိုဖြစ်လာတော့မှာမဟုတ်ဘူး ထင်ပါရဲ့” သူမက ခေါင်းခါ၍ သူ့အား နောက်ဆုံးအကြိမ်ကြည့်ကာ ထွက်သွားတော့သည်။

မန်ဟိုသည် အသက်ဝင်နေသောမန္တန်ဝင်္ကပါ၏အရှေ့၌ သူမထွက်သွားသည်ကို ကြည့်ရင်း ရပ်ကျန်ခဲ့၏။ သူမ၏စိမ်းကားမှုကို သူ ခံစားလိုက်ရ၍ ရုတ်တရက် ထရယ်တော့သည်။ သူ၏ရယ်သံကြီး ကျယ်သထက် ကျယ်လောင်လာစဉ် မန္တန်ဝင်္ကပါသည် ဂျုန်းခနဲ မြည်သွားပြီးနောက် သူကား ပျောက်ကွယ်သွားလေပြီ။

ကြယ်တာရာကောင်းကင်ထဲတွင် သူ ပြန်ပေါ်လာသောအခါ သူသည် ရယ်နေဆဲဖြစ်၏။ နောက်ဆုံးတော့ ရယ်သံမှာ နင်လာသည်။ သူ့မျက်ဝန်းထဲတွင် ရူးချင်စိတ်တို့ ပြည့်နှက်နေသည်။

“ငါ သက်သာလာပြီတဲ့လား။ ချန်ဖန်လည်း သက်သာသွားပြီ။ ရှုချင်လည်း သက်သာသွားပြီ။ တကယ်ပဲ အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကထဲမှ ဖြစ်ခဲ့သမျှ အရာအားလုံးက အိပ်မက်လေးတစ်ခုပဲလား။ ဟင့်အင်း ငါ မယုံဘူး။ ဘာကြောင့် ဒီလိုရင်နာနေရတာလဲ။ သူက ရှုချင်မဟုတ်ဘူး

“မဟုတ်ဘူး...

“မဟုတ်ဘူး ...”

“မဟုတ်ဘူးးးးးးးး” မန်ဟိုသည် ခေါင်းနောက်လှန်ကာ ဟားတိုက်ရယ်၏။ သူ့မျက်လုံးများ နီရဲလာသည်။ တစ်ချိန်တည်းမှာပင် မမြင်ရသောအမျှင်များပေါ်လာသဖြင့် သူ၏ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ပုံပျက်ရှုံ့တွသွားသည်။ ၎င်းတို့သည် သူ၏လက်ရှိအခြေအနေကို အခွင့်အကောင်းယူကာ သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့ထဲ စတင်တိုးဝင်လာကြ၏။

သို့သော် ရုတ်တရက် သူ့ရင်ဘတ်ပေါ်ရှိ ကြေးမုံက ပို၍ပူသောလှိုင်းတစ်လှိုင်းအား သူ၏ခန္ဓာကိုယ်တစ်လျှောက် ဖြာဆင်းသွားစေသည်။ ၎င်းသည် သူ့ကို တုန်ရီလာစေပြီးနောက် စိတ်ငြိမ်လာစေ၏။ ပတ်ပတ်လည်မှ ဝိုင်းနေသောအမျှင်များက နောက်တွန့်သွားကြပြီး ပျောက်ကွယ်သွားကြတော့သည်။

မန်ဟို့စိတ်သည် တဖြည်းဖြည်း တည်ငြိမ်လာပြီး သူ၏မျက်လုံးများက လင်းလက်တောက်ပလာ၏။ တစ်ခုခုတော့ လုံးဝမူမမှန်ပေ။ ရှုချင်ကို တွေ့ပြီးနောက် သူ့စိတ်အခြေအနေသည် ကောက်ကာငင်ကာ ပြောင်းလဲသွားခဲ့၏။ ယခုပြန်တွေးကြည့်သောအခါ တစ်စုံတစ်ခုက သူ့ကို လွှမ်းမိုးဖို့ ကြိုးစားနေခဲ့သလို အထိန်းအကွပ်မဲ့သွားခဲ့ကြောင်း သူ သဘောပေါက်လိုက်သည်။

မန်ဟိုသည် မျက်လုံးများမှေးကျဉ်းလျက် ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် အာကာပြင်ကျယ်အဖွဲ့အစည်းထံ တဟုန်ထိုး ဦးတည်သွား၏။

ရက်အနည်းငယ်ကြာသော် ရေတာအိုဂိုဏ်းနှင့် ပင်လယ်ပြာဂိုဏ်း၏ ဂြိုဟ်များထက် အရွယ်အစားပိုမိုကြီးမားသော ဂြိုဟ်တစ်လုံး အရှေ့တွင် ပေါ်လာသည်။

တဝဲဝဲလည်နေသောမြူများက ၎င်းကို လွှမ်းခြုံထားသည့်အတွက် ၎င်း၏မျက်နှာပြင်ကို မမြင်ရပေ။ သို့သော် ပင်မဂြိုဟ်၏နဘေးတွင် နေရာရွှေ့ပြောင်းခြင်းမုခ်ဝတည်ရှိသော ဂြိုဟ်တုတစ်လုံး ရှိသည်။

မန်ဟိုသည် အာကာပြင်ကျယ်အဖွဲ့အစည်း၏ဂြိုဟ်ကို ကြည့်လိုက်ပြီး ထိုးအောင့်လာသော ခေါင်းကိုက်မှုက သူ့အား ခေါင်းခါလိုက်စေ၏။ ထို့နောက် သူက ဂြိုဟ်တုသို့ သွား၍ နေရာရွှေ့ပြောင်းမုခ်ဝထဲ ဝင်ကာ ထွက်သွားတော့သည်။

ရက်အနည်းငယ်ကြာသည့်အခါတွင်တော့ ... ခရီးစဉ်၏အဆုံး အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကသို့ သူ ရောက်လာသည်။

၎င်းသည် အစဉ်မပြတ်လည်ရင်း တဂျုန်းဂျုန်းမြည်သံများကို အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေစေသော ဝဲကြီးတစ်ဝဲဖြစ်၏။ ပတ်ဝန်းကျင်တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ လွင့်မျောနေသည်ကို မြင်ရနိုင်ပြီး ၎င်းတို့အပေါ်တွင် ဝဲအား လေ့လာနေသော ကျင့်ကြံသူများစွာ ရှိနေသည်။

မန်ဟိုမှာ ဝဲကို ကြည့်ရင်း မူးဝေလာသည်။ သူ ဝဲထံ ပျံသွားသည့်အခါ အတော်များများက သူ့ကို သတိထားမိသွား၍ လှမ်းကြည့်ကြသည်။

သူသည် သူတို့ကို အရေးမစိုက်ဘဲ ဝဲကိုသာ မမှိတ်မသုန်ကြည့်ထား၏။ ဝဲဆီ မရပ်မနားပျံသန်းနေစဉ် သူ၏အသက်ရှူသံများ မြန်လာသည်။

မကြာမီ လှမ်းအော်နေသံများကို ကြားရသော်လည်း သူက အဖက်မလုပ်ပေ။ ထို့နောက် ဝဲအနားရောက်သွားသည့်အချိန်မှာပင် လူများ ဝဲထဲ ကြုံသလိုမဝင်နိုင်အောင် ဟန့်တားနေသော ချုပ်နှောင်စွမ်းအား၊ မမြင်ရသောအတားအဆီးတစ်ခုအား သူ ရုတ်တရက် ဝင်တိုက်မိလိုက်လေသည်။

ဘုန်းးးးးးးးးးး။ မန်ဟိုမှာ သွေးအန်လျက် နောက်လွင့်ထွက်သွားသည်။ အတားအဆီးအား မော့ကြည့်လိုက်သောအခါ ဝိုးတိုးဝါးတားမှတ်ဉာဏ်များက သူ့မျက်နှာဖြူဖျော့လာသည့်တိုင်အောင် သူ့ခေါင်းကား စူးအောင့်နာကျင်လာစေတော့သည်။

ဤအခိုက်အတန့်တွင် သူ့နာမည်အား တစ်ယောက်ယောက် ခေါ်လိုက်သည်ကို မန်ဟို ကြားလိုက်ရသည်။

အသံပိုင်ရှင်မှာ မသေချာသံပေါက်နေ၏။ မန်ဟိုလည်း လှည့်ကြည့်လိုက်သည့်အခါ ဇဝေဇဝါဖြစ်နေသာအမူအရာဖြင့် ဝဝဖိုင့်ဖိုင့်ရောင်ရင်းတစ်ယောက်အား မြင်လိုက်ရလေသည်။ သူတို့အကြည့်ချင်းဆုံသောအခါ သူက ခပ်ယဲ့ယဲ့ပြုံးပြလိုက်သည်။

“တကယ် မင်းပဲဟ။ ငါက လီဖူကွေ့လေ။ ဟုတ်သား မင်း ငါ့ကို သိချင်မှသိမှာ။ အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကထဲမှာတော့ ငါတို့က မိတ်ဆွေရင်းချာကြီးတွေကွ” လူဝကြီးက သက်ပြင်းချပြီး မန်ဟို့ကို ကိုယ်ချင်းစာသလို ကြည့်သည်။

“ဒီနေရာကို ရောက်လာမှတော့ မင်းလည်း မသက်သာသေးဘူးဆိုတာ သိသာတယ်။ ငါလည်း တလောကမှ ရှင်းရှင်းလင်းလင်း တွေးလာနိုင်တာ။ မင်း မကြာခင် သက်သာလာပါစေလို့ ငါ ဆုတောင်းပေးလိုက်ပါတယ်။ ဒါနဲ့ အထဲပြန်ဝင်ဖို့တော့ မကြိုးစားနဲ့။ ငါတို့အားလုံး ကြိုးစားကြည့်ပြီးပြီ။ အချည်းနှီးပဲ။ အရှင်လောကပါလနတ်မင်းက တင်းတင်းကြပ်ကြပ် ပိတ်ထားတယ်လေ”

မန်ဟိုသည် သူ့အရှေ့တွင် ရပ်နေသောလူကို ကြည့်၏။ သူ၏ဝိုးတိုးဝါးတားမှတ်ဉာဏ်ထဲရှိ ဖက်တီးက ဤဖက်တီးနှင့် အတော်တူလေသည်။

“မင်းလည်း သက်သာလာပြီကိုး...” မန်ဟိုက ခါးသီးစွာ ပြုံးလျက် ပြောသည်။

“အေး ငါတင်မဟုတ်ဘူး။ ချူယွီယန်၊ စွန်းဟိုက်နဲ့ ဝမ်ယိုချိုင်တို့ကို မှတ်မိလား။ သူတို့လည်း သက်သာလာပြီ” သူက ပြောပြောဆိုဆိုနှင့် လှည့်၍ လက်ယပ်ခေါ်လိုက်သည်။ အဝေးမှ အလင်းတန်းများ ပျံသန်းလာပြီး သူ၏ဝိုးတိုးဝါးတားမှတ်ဉာဏ်အတွင်းမှ ရင်းနှီးသောလူရိပ်များ ပေါ်လာ၏။

ဝမ်ယိုချိုင်၊ စွန်းဟိုက် နှင့် .... ချူယွီယန်။

သက်ပြင်းချရင်း သုံးယောက်လုံးသည် အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကထဲတွင် ဖြစ်ပျက်ခဲ့သောအရာများကို ပြန်တွေးနေသည့်အလား မန်ဟို့ကို ကြည့်ကြ၏။ အထူးသဖြင့် ချူယွီယန်ပင်။ မန်ဟို့ကို ကြည့်နေစဉ် သူမ၏အမူအရာက ဖတ်ဖို့ ခဲယဉ်းလေသည်။ သူမသည် အတွင်းထဲ၌ ဖြစ်ပျက်ခဲ့သည့်ဇာတ်လမ်းကို မယုံနိုင်သည့်အလား၊ သူမအတွက် မန်ဟို့ကို တမ်းတမ်းစွဲဖို့က မဖြစ်နိုင်သည့်အလား တွေးနေဟန်တူ၏။

“မင်း သိလား” ဖက်တီးက ပြောသည်။ “ငါတို့က ဂိုဏ်းရာချီက ရွေးချယ်ခံတွေပဲလေ။ အိပ်မက်ထဲမှာ မိတ်ဆွေတွေ ဖြစ်ခဲ့မှတော့ တကယ့်လက်တွေ့ဘဝမှာလည်း မိတ်ဆွေလုပ်ကြရင် မကောင်းဘူးလား” သူက တဟားဟားရယ်သည်။

“မင်းတို့အားလုံး သက်သာလာကြပြီပေါ့”

စွန်းဟိုက်နှင့် ကျန်ရှိသူများအားလုံး ခေါင်းညိတ်ကြသည်။ သူတို့မျက်ဝန်းထဲရှိ ကိုယ်ချင်းစာမှုသည် ထင်ရှား၏။

“ငါတို့အားလုံး သက်သာသွားပြီ” စွန်းဟိုက်က ပြောသည်။ “လူတိုင်းပဲ... မင်း ကျန်တဲ့လူတွေနဲ့ သွားစကားပြောသင့်တယ်ထင်တယ်။ ငါတို့က အိပ်မက်ထဲမှ ရေစက်ပါခဲ့ကြတာမဟုတ်လား။ ဟုတ်သားပဲ အဲဒီအတုအယောင်ကမ္ဘာထဲမှာ ဖန်ယုက မင်းအစ်မနော်” စွန်းဟိုက်က သက်ပြင်းချလိုက်သည်။

မန်ဟိုမှာ ချာချာလည်နေသည်။ သူသည် ဂြိုဟ်သိမ်များကို ကြည့်လိုက်ပြီး ထိုနေရာရှိ လူတိုင်းမှာ ရင်းနှီးနေကြောင်း တွေ့လိုက်ရ၏။ သူတို့ထဲက တစ်ယောက်ကား သူ့အစ်မ ဖန်ယုဖြစ်လေသည်။

သူ့မိဘနှစ်ပါး၊ သူ့ဆရာဆေးလုံးမိစ္ဆာ၊ ထိုက်ယန်ကျစ်၊ လီလင်းအာ၊ ဖန်းတုံးအာနှင့် ကျင်ရှန်း.....

မန်ဟိုသည် ရင်တဒိန်းဒိန်းခုန်နေလျက် သူ့မှတ်ဉာဏ်ထဲ၌ ရှိသော ဤလူများကို သွားတွေ့ဖို့ ဖက်တီးနောက်မှ လိုက်သွား၏။ သူတို့က သူ့ကို မြင်လျှင် သက်ပြင်းချပြီး အိပ်မက်ကမ္ဘာထဲတွင် ဖြစ်ပျက်ခဲ့သောအကြောင်းများကို လွမ်းဆွေးစွာ ပြောပြကြလေသည်။

ရက်အနည်းငယ်ကြာသော် လူတိုင်းနှင့် မန်ဟို စကားပြောကြည့်ပြီးပြီ ဖြစ်သည်။ နောက်ဆုံးတော့ သူ့မှာ ဂြိုဟ်သိမ်တစ်လုံးအပေါ်၌ တင်ပျဉ်ခွေထိုင်၍ အပိတ်ခံထားရသော ဝဲကို ငေးကြည့်မိနေသည်။ ဤနေရာရှိ လူတိုင်း သက်သာလာခဲ့ကြပြီဖြစ်သည်။ မန်ဟိုတစ်ယောက်တည်းသာ တွေဝေမြဲတွေဝေနေဆဲပင်။

သူ့မှာ ရုတ်တရက် အလွန်အထီးကျန်လာ၏။ သူ ခံစား‌နေသော တွေဝေရှုပ်ထွေးမှုက သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်မိစေသည်။ သူကြုံတွေ့ခဲ့ရသမျှ အရာအားလုံးက အတုအယောင်အိပ်မက်တစ်ခုသာ ဖြစ်သည်ဟု လူတစ်ယောက်တည်းက သူ့ကို အယုံသွင်းဖို့ ကြိုးစားခဲ့လျှင် သူ့ကိုယ်သူ မေးခွန်းထုတ်မိမည်မဟုတ်‌ပေ။ သို့သော် တစ်ယောက်တည်းမဟုတ်၊ နှစ်ယောက်၊ သုံးယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ၊ မရေမတွက်နိုင်သောလူပေါင်းများစွာက သူ့ကို တစ်ခုတည်းကိုသာ အပ်ကြောင်းထပ်မကပြောနေ၍ မန်ဟိုမှာ သူ့ကိုယ်သူ မေးခွန်းမထုတ်မိဘဲ မနေတော့ပေ။

“အားလုံးက တကယ်... အိပ်မက်လေးပဲလား...” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“အေးပေါ့ကွ” ဖက်တီးက ပြောရင်းဆိုရင်း မန်ဟို့ဘေးတွင် ထိုင်သည်။ သူသည် အသက်ပြင်းပြင်းရှူ၍ အရက်တစ်အိုးအား မန်ဟို့ဆီ ကမ်းပေးပြီးနောက် သူ့လက်ထဲရှိ အိုးကိုလည်း အကြာကြီးမော့သောက်လိုက်သည်။

ဝဲသည် ဆက်လက်လည်နေ၏။ သူတို့မှာ ဝေးလံသော ကြယ်တာရာကောင်းကင်တွင် ရှိနေကြသော်လည်း ဂြိုဟ်တစ်လုံးအပေါ်၌ ထိုင်နေသည်ထက်ပို၍ ထူးထူးခြားခြား မခံစားရပေ။

မန်ဟိုက ဖက်တီးလက်ထဲမှ အရက်အိုးကို ယူသည်။ သောက်မည့်အစား တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် ခါးသီးစွာ ရယ်တော့သည်။

“အေးကွာ။ အဲဒီလိုပဲ ထင်ပါတယ်...” သူက ခေါင်းခါရင်း ပြောသည်။ လောလောဆယ်တွင် သူ့ရင်ဘတ်အပေါ်ရှိ ကြေးမုံထံမှ ထုတ်လွှတ်နေသော အပူဓာတ်သည် အလွန်ပြင်းထန်လွန်းသဖြင့် သူ့အရေပြားပင် လောင်လာ၏။ သို့သော် သူ့မှာ သတိထားမိပုံမရဘဲ တစ်ကျိုက်မော့ဖို့ အရက်အိုးကို ‌မြှောက်လိုက်သည်။ အရက်အိုးက မျက်လုံးကိုကွယ်နေသည့်အတွက် ဖက်တီး၊ စွန်းဟိုက်၊ ဝမ်ယိုချုင်၊ ချူယွီယန်၊ လီလင်းအာ၊ သူ့မိဘနှစ်ပါးနှင့် သူ့ဆရာဆေးလုံးမိစ္ဆာပင် အပါအဝင် ပတ်ဝန်းကျင်ရှိ လူတိုင်း .... သူ တစ်ကျိုက်မော့မည်ကို မျှော်လင့်စောင့်စားနေကြောင်း မန်ဟို မမြင်ရပေ။

ထိုအချိန်မှာပဲ မထင်မှတ်ထားသည့်အရာတစ်ခု ဖြစ်ပျက်သွားသည်။

All Chapters