← Chapters

ထူးဆန်းသောအခြေအနေများ

Vol. 108 Ch. 1510

ထူးဆန်းသောအခြေအနေများ

Vol. 108 Ch. 1510

မန်ဟို အရက်အိုးအား နှုတ်ခမ်းနားတေ့၍ တစ်ကျိုက်သောက်တော့မည့်အချိန်မှာပဲ အလင်းတန်းတစ်တန်းသည် ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် ချဉ်းကပ်လာ၏။ ၎င်းက ပစ်မှတ်က မန်ဟိုမဟုတ်လောက်ပေ။ အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကကို အိမ်ဖွဲ့ထားသော ဝဲကြီးဖြစ်တန်ရာသည်။

မန်ဟိုသည် ထိုအလင်းတန်းကို မြင်သည်နှင့် ထရပ်လိုက်၏။ ခေါင်းစုတ်ဖွားနှင့် သက်လတ်ပိုင်းလူတစ်ယောက်အား အလင်းတန်းထဲ၌ တွေ့နိုင်လေသည်။ စုတ်တီးစုတ်ပဲ့ဖြစ်နေသည့်တိုင် ထိုလူသည် ရှိန်လောက်ဖွယ်အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ သူက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကအား ပိတ်ထားသည့် အတားအဆီးကို ဝင်တိုက်လိုက်တော့သည်။

ဒုန်းးးးးးးးး။ အရာအားလုံး တသိမ့်သိမ့်တုန်သွား၏။ သက်လတ်ပိုင်းလူမှာ သွေးတစ်ပွက် အန်လိုက်ရလေသည်။ သူက မျက်လုံးများနီစွေးနေလျက် ခေါင်းနောက်လှန်ကာ ဟားတိုက်အော်ရယ်သည်။

“မင်းက ဘယ်သူမဝင်နိုင်အောင် အာကာပြင်ကျယ်ကို ပိတ်ထားတယ်ပေ့ါလေ။ အေး ကိစ္စမရှိဘူး

“ငါ သေသွားခဲ့တာ ခေတ်ပေါင်းများစွာ ကြာပြီဆိုပေမယ့် ဘယ်အရာဆိုမဆို ငါ့နည်းငါ့ဟန်နဲ့ လုပ်ခဲ့တယ်။ မင်းက ငါ့ဝိညာဉ်ကို ဒီနေရာမှာ အယောင်ပြပြီး ငါ့မွေးစားသားငယ်ကို နားချခိုင်းနိုင်မယ်လို့ ထင်နေတာလား ဟမ်.... အေး အဲဒီလိုဖြစ်လာမှမဟုတ်ဘူးကွ” ထိုလူသည် တဟားဟားရယ်ပြီးနောက် မန်ဟို့အား လှည့်ကြည့်သည်။

မန်ဟိုမှာ မည်သူမှန်း မြင်လိုက်လျှင် အံ့ဩလွန်း၍ ချာချာလည်သွားတော့သည်။

“အဖေ....” သူက အလိုလိုခေါ်လိုက်မိသည်။

ဤသက်လတ်ပိုင်းလူသည် သူ၏အဖေအရင်း ဖန်ရှုံ့ဖုန်းမဟုတ်၊ နဝမတောင်ပင်လယ်၏ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းမှ ပါရာဂွန်.... သူ၏မွေးစားအဖေ ခဲယွင်ဟိုင်မှတစ်ပါး အခြားမဟုတ်ပေ။

ည၏ အတိတ်မှတ်ဉာဏ်ထဲတွင် သူတို့နှစ်ယောက် ဆုံတွေ့ခဲ့ကြပြီး ထိုနေရာမှာ ပုံရိပ်ယောင်မျှသာ ဖြစ်သည်ဟု မန်ဟို အစကထင်ခဲ့သော်လည်း နောက်ပိုင်း တကယ့်ဘဝအပေါ်တွင်ပါ သက်ရောက်မှု‌ရှိကြောင်း သိခဲ့ရသည်။

ထိုစဉ်တုန်းက ခဲယွင်ဟိုင်သည် မန်ဟိုက သူ့သားအစစ်မဟုတ်မှန်း သိခဲ့သော်လည်း မည်သို့ဆိုစေ သူ့ကို ချစ်ပေးခဲ့၏။ ထိုအချိန်က သူ့ဘဝတွင် ငတ်မွတ်နေခဲ့သော ဖခင်မေတ္တာကို ပထမဆုံးခံစားခဲ့ရသည့် အချိန်ဖြစ်ခဲ့လေသည်။

မှတ်ဉာဏ်များသည် မန်ဟို့စိတ်ထဲ၌ ပွင့်လန်းလာကာ အချိန်နှင့်အမျှ ထင်ရှားလာ၏။ ရုတ်တရက် အမြင်များဝေဝါးသွားသဖြင့် မန်ဟိုမှာ တုန်ရီလာတော့သည်။

ခဲယွင်ဟိုင်က သူ့ကို လှမ်းကြည့်၍ နွေးထွေးကြင်နာစွာ ပြုံးပြသည်။ သူက တဟားဟား ရယ်လျက် ဆို၏။ “ဟိုအာ သား ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်မှ ဖြစ်မယ်။ ဒီနေရာက အရာအားလုံးက အလိမ်အညာတွေပဲ။ အဖေ သေသွားရင် ဒီနေရာက လှည့်ကွက်တစ်ခုဆိုသာ သက်သေပြနိုင်လိမ့်မယ်။ အဖေ မသေရင်လည်း အဲ့ဒါက သားကို လှည့်စားနေတဲ့ လှည့်ကွက်တစ်ခု ဖြစ်ဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ အဖေက... ဟိုးအရင်ကတည်းက သေသွားခဲ့ပြီးသား မဟုတ်လား” ခဲယွင်ဟိုင်သည် ချာခနဲ လှည့်သွားပြီး မန်ဟို တုန်ရီစွာ ကြည့်နေစဉ်မှာပင် အတားအဆီးအား ဝင်တိုက်လိုက်၏။ သူကား သူ၏အသက်ဓာတ်အလုံးစုံကို အသုံးပြုရင်း မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားနေလေသည်။ အတားအဆီးအား သူ တိုက်လိုက်သည့်အခါ အတားအဆီးသည် သူ့ကို တားဖို့ ကြောက်ခမန်းလိလိစွမ်းအားဖြင့် ပြန်ရိုက်ခတ်၏။

ထိုအခိုက်အတန့်တွင် သူက အော်ပြောသည်။ “ဟိုအာ အဖေ့ရဲ့သားလေး။ မှတ်ထား ... ကောင်းကင်တာအိုမှာ ပြစ်ချက်တစ်ခုရှိတယ်။ ကမ္ဘာပေါ်မှာ ဘယ်အရာမှ မပြည့်စုံသလို၊ ဘယ်အရာမှ မပျက်စီးဘဲ မနေဘူး။ အရာအားလုံးက သားနှလုံးသားထဲမှာ ရှိနေတယ်

“ဒီကလူတိုင်းက အစစ်အမှန်နဲ့ အတုအယောင်ကို ရှင်းရှင်းလင်းလင်း မခွဲတတ်သေးတာပါလို့ အဖေ့ကို ပြောကြတယ်။ အဲ့ဒါမှန်တယ် အဖေ မခွဲတတ်သေးဘူး။ ဒါပေမဲ့ သား အမှန်တရားကို မြင်စေဖို့အတွက် အဖေ သေဖို့ ဝန်မလေးဘူး”

စွမ်းအားသည် ခဲယွင်ဟိုင်ကို ရိုက်ခတ်ကာ သူ့အား အစိတ်စိတ်အမြွှာမြွှာ ပြတ်ထွက်သွားစေသည်။ သူ၏အသားစများက ပတ်ဝန်းကျင်တစ်ခွင် ပြန့်ကြဲသွားတော့သည်။

သူကား အမှန်တရားကို ဖော်ထုတ်ဖို့ သူ၏သေခြင်းတရားကို အသုံးပြုခဲ့လေသည်။

သူကား မုသားကန့်လန့်ကာကို ထိုးဖောက်၍ မန်ဟို မြင်နိုင်အောင် အသေခံပြခဲ့၏။

သူကား သူ မှန်ကန်ကြောင်း သေခြင်းဖြင့် သက်သေပြခဲ့သည်။

မန်ဟိုသည် အရက်အိုးကို လွှင့်ပစ်လိုက်၏။ ခဲယွင်ဟိုင် မွစာကြဲသေဆုံးသွားခဲ့သော နေရာကို ကြည့်နေစဉ် စွမ်းအားတို့ သူ့ကိုယ်ထဲ၌ အုံကြွလာသည်။ ခဲယွင်ဟိုင်၏စကားများက မန်ဟို့ကို တုန်ရီလာစေ၏။ သူ၏မျက်လုံးများ နီစွေးလာပြီး သူ၏အရှိန်အဝါလည်း ဝုန်းခနဲ ထွက်ပေါ်လာသည်။

“အဖေ...” မန်ဟိုသည် မျက်ရည်များစီးကျလျက် တုန်ရီစွာ ခေါ်လိုက်၏။ စောစောက သူ့မှာ အရှုံးပေးဖို့ အဆင်သင့်ဖြစ်နေခဲ့လေသည်။ ယခုတော့ ထိုအတွေးများ မရှိတော့။ သူ ရောက်နေသော ကမ္ဘာနှင့်ပတ်သက်သည့် သူ၏သံသယများသည် ချက်ချင်းဆိုသလို ကြီးထွားလာ၏။ သူ့မှာ ခဲယွင်ဟိုင်၏အသားစ၊ သွေးမြူမှုန်များကို ကြည့်ရင်း မျက်ရည်များ ပိုမိုစီးကျလာသည်။ ရင်တွင်တစ်ဆို့၍ ‌မောဟိုက်ခြင်းလည်း ဖြစ်လာ၏။

သူ့စိတ်ကား အတွင်းထဲ၌ ငုပ်လျှိုးနေသော အတွေးမျှင်များ၏ လက်ထဲမှ ရုန်းထွက်လာတော့မည့်အလားပင်။ ထိုအတွေးမျှင်များသည် သူ၏အစိတ်အပိုင်းအားလုံးတွင် ပြည့်နှက်နေရာယူနေခဲ့သော်လည်း ရုတ်တရက် သူ့ကိုယ်တွင်းမှ အလင်းရောင်များဖြာထွက်လာ၏။ သို့သော် တစ်ဆက်တည်းမှာပင် ဖိအားတစ်ခုကား ဤကြယ်တာရာကောင်းကင်၌ ပေါ်လာခဲ့လေပြီ။

ထိုဖိအားသည် သတိပေးချက်တစ်စုံတရာမရှိဘဲ ရောက်ရှိလာခဲ့ပြီး ချက်ချင်းဆိုသလို မန်ဟို့ကို လွှမ်းခြုံသွား၏။ ၎င်းက ရုန်းထွက်လာတော့သည့် သူ၏အတွေးများနှင့် သူ့ကို ဖိနှိပ်နေလေသည်။

ဖိအားနှင့် နိုးထခြင်းစွမ်းအားသည် သူ၏ခန္ဓာကိုယ်ကို စစ်မြေပြင်အဖြစ် အသုံးချလျက် တိုက်ခိုက်နေကြ၏။ သွေးများ မန်ဟို့ပါးစပ်မှ ပန်းထွက်လာပြီး သူ၏အတွေးများ ဖိနင်းခံလိုက်ရသဖြင့် မန်ဟိုမှ နောက်ယိုင်သွားတော့သည်။

သူသည် မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် စပ်ဖျဉ်းဖျဉ်းနာကျင်နေသော သူ့ရင်ဘတ်အား ငုံ့ကြည့်၏။ ကြေးမုံက သူ့ကိုယ်ထဲသို့ လှိုင်းတစ်လှိုင်းအား ပို့လွှတ်ပေးနေသည်။ မန်ဟိုမှာ အသက်ရှူမြန်လာပြီး နီရဲနေသောမျက်လုံးများဖြင့် ခေါင်းမော့လိုက်သည်။

စိတ်မောလူမောသက်ပြင်းချသံများ ကြားလိုက်ရသည်။ ဖက်တီးအပါအဝင် လူတိုင်းလူတိုင်း မန်ဟို့ကို စိတ်မချမ်းမသာဖြစ်နေသောအမူအရာများဖြင့် ကြည့်နေကြသည်။

“နိုးလာဖို့ အခက်ခဲဆုံးဖြစ်နေတဲ့သူက မန်ဟိုမဟုတ်ဘဲ ခဲယွင်ဟိုင်ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

“အေးကွာ၊ အဲဒီလိုပဲ သက်သာမလာရင် လက်တွေ့ဘဝနှင့် အိပ်မက်ကို မခွဲခြားတတ်တော့ဘူး ...”

ဤအချိန်တွင် လူတိုင်းနီးပါး မန်ဟို့ကို စကားပြောနေကြသည်။

“မန်ဟို မင်းမြင်လား။ သူ ရူးသွားတာ တွေ့တယ်မလား။ မင်း အခုလိုတွေဝေနေလို့ မဖြစ်ဘူးကွာ။ အာကာပြင်ကျယ်ထဲမှာ မင်း ကြုံတွေ့ခဲ့ရသမျှအရာအားလုံးက အတုအယောင်တွေ အိပ်မက်တွေ သက်သက်ပဲ”

“စိတ်နှင့်ကိုယ်ကပ်အောင် မလုပ်နိုင်ရင် မင်းလည်း အဲဒီလိုနိဂုံးချုပ်ရလိမ့်မယ်။ မင်းစိတ် ဖောက်ပြန်သွားလိမ့်မယ်”

“မန်ဟို ထတော့”

“မန်ဟို မင်းဘာလို့ ရှင်းရှင်းလင်းလင်း မတွေ့နိုင်တာလဲ။ အဲဒီလူက အိပ်မက်ထဲ ပိတ်မိနေတာကြာလွန်းလို့ လက်တွေ့ကို မရင်ဆိုင်နိုင်တော့တာ။ ငါ မင်းကို သိတယ်။ မင်းက တစ်နည်းနည်းနဲ့ သူနဲ့ ရင်းနှီးနေတာ ငါ ပြောနိုင်ပေမယ့် အဲဒီလူရဲ့လုပ်ရပ်ကို မင်းအပေါ် သက်‌ရောက်ခွင့်ပေးလိုက်လို့ မဖြစ်ဘူးနော်”

“မန်ဟို အိပ်မက်ထဲက ဆက်ဆံ‌ရေးတွေ၊ ပတ်သက်မှုတွေက အစစ်မဟုတ်ဘူးကွ။ မင်း လက်တွေ့ဘဝကို ရင်ဆိုင်ရမယ်”

မန်ဟိုမှာ တစ်ကမ္ဘာလုံး ချာချာလည်နေသလို ခံစားနေရသည်။ နိုးထနေသောမှတ်ဉာဏ်များနှင့် ဖိစီးနေသောဖိအား၏ တိုက်ပွဲက ရှေ့မတိုးနောက်မဆုတ်သာအခြေအနေသို့ ရောက်ရှိသွားသဖြင့် မန်ဟိုသည် စိတ်မရှည်တော့ဘဲ ခေါင်းမော့၍ အော်လိုက်လေသည်။ “ပိတ်ထားကြစမ်း”

သူ့အသံက မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်သွားသည်။ ရုတ်တရက် အနှစ်သာရ ၉ ခုအဆင့်၏အရှိန်အဝါက ပတ်ဝန်းကျင်တစ်လျှောက် လိမ့်ထွက်သွား၏။ မန်ဟိုမှာ ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ဟိန်းဟောက်နေလေသည်။

“ပိတ်ထား

“ပိတ်ထား

“ပိတ်ထားကြစမ်း”

သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ အနှစ်သာရ ၉ ခုအဆင့်စွမ်းအားဖြင့် အသံလှိုင်းတစ်လှိုင်းအား ဖြာစီးသွားစေသည်။ အသံလှိုင်းသည် မရေမတွက်နိုင်သော ဂြိုဟ်သိမ်များကို မီးလောင်ပြာချလျက် ဖြာထွက်ရိုက်ခတ်သွားသဖြင့် တဂျိန်းဂျိန်းထစ်ချုန်းသံများ ကျယ်လောင်ဆူညံနေ၏။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ မန်ဟို ယခုလိုတိုက်ကွက်တစ်ကွက်အား ထုတ်လွှတ်လိမ့်မည်ဟု မထင်ထားခဲ့ကြသဖြင့် အသံလှိုင်း၏ရိုက်ခတ်မှုအောက်ဝယ် တဖောင်းဖောင်း ပေါက်ကွဲသေဆုံးကုန်ကြတော့သည်။

ဖက်တီး၊ ချူယွီယန်၊ လီလင်းအာ၊ ဖန်းတုံးအာ၊ ဖန်ယု၊ စွန်းဟိုက်... တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ကြရသည်။

သူတို့သေဆုံးသွားသော အခိုက်အတန့်တွင် ဒေါသတကြီးဟိန်းဟောက်သံကြီးတစ်သံ သောင်းကျန်းနေသကဲ့သို့ လေထုသည် ပုံပျက်ရှုံတွသွား၏။ ထိုဟိန်းဟောက်သံ၏ပိုင်ရှင်မှာ မန်ဟို ယခုကဲ့သို့လုပ်လိမ့်မည်ဟု မထင်ထားခဲ့သည့်အလားပင်။

ပတ်ဝန်းကျင်ရှိ အရာအားလုံး ပျောက်ကွယ်သွားသည်။ မန်ဟိုမှာ သွေးတချို့ ထပ်အန်လိုက်ရ၏။ သူက ဆံပင်စုတ်ဖွားဖြင့် လူသေများ၏အကြွင်းအကျန်ပြာများကို ကြည့်ပြီးနောက် ခပ်ဩဩကြီး ရယ်သည်။ ရယ်သံမှာ တဖြည်းဖြည်း ခါးသီးနေသံပေါက်လာတော့သည်။

သူက ဝဲက ပိတ်ထားသော အတားအဆီးကို လှမ်းကြည့်ပြီးနောက် ၎င်းထံ စတင်ပျံသန်းသွား၏။

“ငါရဲ့သေခြင်းက လှည့်ကွက်ဟုတ်မဟုတ် သက်သေပြလိမ့်မယ်” သူ့ခေါင်းသည် တဆစ်ဆစ်ထိုးအောင့်နေ၏။ မျက်စိတစ်မှိတ်အတွင်း သူကား တဟားဟားရယ်လျက် အတားအဆီးအား ဝင်တိုက်လိုက်လေပြီ။ ဒုန်းးးးးးးးး

ချက်ချင်း ကမ္ဘာဖျက်စီးစွမ်းအားတစ်ရပ်က သူ့ကို ပြန်တွန်းထုတ်သည်။ သူ့အရိုးများ စိစိညက်ညက် ကြေသွားပြီး သူ့အသားများလည်း စုတ်ပြတ်သပ်ကုန်သည်။

သို့ထိတိုင် သူကား မသေသေးပေ....

သူသည် ကုန်းရုန်းထပြီး အတားအဆီးကို ဝင်တိုက်ပြန်သည်။ ဤအခိုက်အတန့်တွင် ဒေါသတကြီးအော်သံတစ်သံ ပဲ့တင်ထပ်လာသည်။ သူ့ဆရာ၊ ချန်ဖန်းနှင့် ပင်လယ်ပြာဂိုဏ်းမှ လူများ ရောက်လာခြင်းဖြစ်၏။ သူ့ဇနီးလည်း ရှိနေသည်။

ချန်ဖန်းက မန်ဟို့ကို လှမ်းဆွဲပြီး မန်ဟို့ဇနီးက မျက်ရည်လည်ရွှဲနှင့် မန်ဟို့အား ဖက်သည်။

“ရူးနေလားကွ” ချန်ဖန်းက မာန်မဲသည်။ ပင်လယ်ပြာဂိုဏ်းမှ အခြားသူများလည်း မန်ဟို့ကို ချုပ်ဖို့ လာကြ၏။

မန်ဟိုက သူ့ဇနီးနှင့်ဆရာအပါအဝင် လူတိုင်းကို ကြည့်သည်။ နောက်ဆုံးတော့ သူ့အကြည့်သည့် ချန်ဖန်းဆီ ရောက်သွား၏။ ဘာပြောရမလဲ သူ မသိပေ။ တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်သော်လည်း သွေးများသာ အန်လိုက်ရပြီး သူ့မှာ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့သည်။

မန်ဟို ပြန်နိုးလာသောအခါ ပင်လယ်ပြာဂိုဏ်းသို့ ပြန်ရောက်နေ၏။ သူ့ဇနီးက စိတ်ပူနေသောမျက်လုံးများဖြင့် သူ့ကို မျက်စိအောက်မှ အပျောက်မခံဘဲ ကြည့်နေသည်။

မန်ဟိုမှာ တိတ်ဆိတ်စွာ လှဲနေသည်။ သူ၏မျက်ဝန်းများသည် ဗလာကျင်းနေ၏။ သူ့ကို လာတွေ့သူများ ရောက်လာသော်လည်း သူ့မျက်ဝန်းများက အမြဲတစေ ဗလာကျင်းလျက်သာ။ သူသည် စကားလည်းမပြော၊ နေ့နေ့ညည ပြတင်းပေါက်၌ ထိုင်ရင်း မိုးနှင့်မြေကိုသာ ကြည့်နေတတ်သည်။ မည်သူမှ သူ ဘာတွေးနေလဲ မပြောပေ။

ကြေးမုံထံမှ အပူလှိုင်းက ပိုမိုအားကောင်းလာသည်ကို မန်ဟိုတစ်ယောက်တည်းသာ သတိထားမိသည်။ စစချင်း ထိုလှိုင်းသည် တစ်လမှ တစ်ခါလောက်သာ စီးဖြာတတ်၏။ သို့သော် ယခုတွင် အကြိမ်ပေါင်းများစွာ ဖြာနေလေပြီ။ ထိုမျှသာမက သူ့မျက်ဝန်းထဲရှိ ဤကမ္ဘာသည် အောက်၌ဖုံးကွယ်ခံထားရသော တစ်စုံတစ်ခုကို ဖော်ပြဖို့ အခွံနွှာခံနေရသကဲ့သို့ အဆက်မပြတ် တွန့်လိမ်ပုံပျက်နေ၏။

အပူလှိုင်းက သူ့ကိုယ်တစ်လျှောက် ဖြာဆင်းနေသော်လည်း သူ၏ဒဏ်ရာများကို‌တော့ ကုသမပေးပေ။ သို့သော် မန်ဟိုသည် ဒဏ်ရာများကို ဂရုမစိုက်၊ ပြတင်းပေါက်အပြင်ကိုသာ အမြဲငေးနေ၏။

ဖက်တီးနှင့်အခြားသူများကို သတ်ခဲ့သည့် အကျိုးဆက်က ဖြစ်ပွားနေပြီဖြစ်သည်။ သူတို့၏ဂိုဏ်းများသည် ဒေါသူပုန်ထသွားကြ၍ မန်ဟို့ကို သူတို့လက်ထဲ အပ်ဖို့ ပင်လယ်ပြာဂိုဏ်းအား ဖိအားပေးကြသည်။

ပင်လယ်ပြာဂိုဏ်းကလည်း ငြင်းဆိုရာ စစ်ပွဲကြီး စတင်တော့သည်။

တိုက်ပွဲသည် လျင်မြန်စွာ ပြင်းထန်လာ၏။ မကြာမီ တိုက်သံခိုက်သံများအား ပင်လယ်ပြာဂိုဏ်း၏ဂြိုဟ်ပေါ်၌ပင် ကြားလာရသည်။ ဂိုဏ်းသားပေါင်းမရေမတွက်နိုင်အောင် သေဆုံးကုန်ကြသည်။ တချို့ဂိုဏ်းများကမူ ပင်လယ်ပြာဂိုဏ်းထဲအထိ ထိုးဖောက်ဝင်ရောက်လာခဲ့ကြချေပြီ။

ပေါက်ကွဲသံများ ဆူညံနေသော်လည်း မန်ဟိုက အဖက်မလုပ်၊ သူ့ဇနီးနှင့် တစ်ဂိုဏ်းတည်းသားများမှ ကြည့်သောအကြည့်များကိုလည်း ဂရုမစိုက်။ သူတို့၏အကြည့်များတွင် စိုးရိမ်မှု၊ ထိတ်လန့်မှု၊ ကဲ့ရဲ့မှုနှင့် မုန်းတီးမှုတို့ပင် ပါရှိနေသည်။

မန်ဟိုကား ထိုအကြည့်များကို မတုံ့ပြန်ပေ။

တဖြည်းဖြည်း မန်ဟို့အား ရန်သူ့လက်ထဲ ထည့်ပေးဖို့ အော်ပြောနေသံများ ဂိုဏ်းအတွင်း၌ ဟိန်းထွက်လာသည်။ သို့သော် သူ့ဆရာ၊ ချန်ဖန်းနှင့် တချို့ဂိုဏ်းသားများသည် ထိုသို့လုပ်မည့်အစား အသေခံဖို့သာ စိတ်ပိုင်းဖြတ်ထားကြ၏။ မန်ဟိုကတော့ တိတ်ဆိတ်စွာသာ စောင့်ကြည့်နေသည်။ မြင်နေရသောမြင်ကွင်းက သူ့ရင်ထဲတွင် ခံစားချက်လှိုင်းတံပိုးများ အုံကြွလာစေသော်လည်း သူသည် ၎င်းတို့အား ပြင်းပြင်းထန်ထန် ဖိနှိပ်ထား၏။

မည်သည့်အခြေအနေအထိ သွားမည်လဲ သူ မြင်ချင်လေသည်။

နောက်ဆုံးတော့ တစ်လကြာသော် ရန်သူဂိုဏ်းများသည် ပင်လယ်ပြာဂိုဏ်း၏ ပင်မဂိတ်ကို ချိုးဖျက်စီးနင်းလာကြ၏။ သတ်ဖြတ်မှုများအား အတောမသပ်နိုင်အောင်ပင်။ မန်ဟိုသည် သူ့ကို ကာကွယ်ရင်း သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာရနေသော ဇနီးဖြစ်သူကို ကြည့်နေ၏။ ဓားပျံတစ်လက် သူ့သားနဖူးထဲ စိုက်ဝင်သွားသည်ကိုလည်း သူ ကြည့်နေသည်။ ကောင်လေးသည် ‘အဖေ, အဖေ’ ဟု တိုးတိုးလေး ခေါ်ရင်း သေဆုံးသွား၏။ မန်ဟိုမှာ ပူဆွေးသောကရောက်နေသော်လည်း ထိုအရာအားလုံးကို လျစ်လျူရှုထားလေသည်။

“တော်သင့်ပြီ၊ တော်သင့်ပြီ....” သူက ခါးသီးစွာ ရယ်ရင်း ပြောနေ၏။

All Chapters