ငါ က မန် ဟို
Vol. 108 Ch. 1511
ပင်လယ်ပြာဂိုဏ်းတစ်ဂိုဏ်းလုံး အသုတ်သင်မခံရပေ။ မန်ဟိုသည် ပူဆွေးသောကများကို ရင်ဝယ်ပိုက်လျက် တိတ်ဆိတ်စွာ ရပ်နေ၏။ သူ့နှလုံးသားသည်လည်း တုန်ရီလျက်ရှိချေသည်။ ထိုစဉ် စိတ်ဆန္ဒတစ်ခုသည် ခံပြင်းစွာ တိုက်ခိုက်နေသော ကျင့်ကြံသူများကို ရုတ်တရက် ဒူးထောက်သွားစေသည်။
အဆိုပါစိတ်ဆန္ဒက လောကပါလနတ်မင်း၏စိတ်ဆန္ဒဖြစ်ပြီး ခုနစ်စဉ်ရောင်ခြည်အသွင်ဖြင့် ကြယ်တာရာကောင်းကင်တစ်လျှောက် ဖြန့်ကျက်လိုက်၏။
ပင်လယ်ပြာဂိုဏ်း၏တည်နေရာထဲတွင်သာ မဟုတ်၊ အာကာပြင်ကျယ်စကြဝဠာပေါင်းစုထဲရှိ ဂိုဏ်းရာချီလုံးကို လွှမ်းခြုံသွားခဲ့လေပြီ....
“အို ငါကိုယ်တော်၏ အသင်လူသားတို့ .... “ ရှေးဆန်သောအသံတစ်သံသည် အာကာပြင်ကျယ်စကြဝဠာပေါင်းစုထဲရှိ ကျင့်ကြံသူအားလုံး၏စိတ်ထဲသို့ ဝင်ရောက်လာကာ ဤအခိုက်အတန့်မှစ၍ သတ်ဖြတ်ခြင်းအား ခွင့်မပြုတော့ကြောင်း အမိန့်ထုတ်ပြန်၏။
သဘောထားကွဲလွဲမှုများ အဆုံးသတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် .... ၉၉ ယောက်မြောက် လောကပါလသားတော်က မည်သူမည်ဝါဖြစ်ကြောင်း မကြာမီ ကြေညာတော့မည်ဖြစ်၍ပင်။
နှစ်ဝက်အတွင်း လောကပါလသားတော်ဘွဲ့အတွက် နတ်မီးလျှံမဟာတိုက်ပွဲအား ကျင်းပမည်ဟု လောကပါလနတ်မင်းစိတ်ဆန္ဒက ဂိုဏ်းအားလုံးကို ပြောကြားခဲ့သည်။ အဆုံးသတ်တွင် ... လူတစ်ယောက်တည်းသာ ၉၉ ဆက်မြောက်မျိုးဆက်၏ လောကပါလသားတော်ဖြစ်လာနိုင်မည်။
ထိုပုဂ္ဂိုလ်သည် လောကပါလနတ်မင်း၏ ကောင်းချီးကို လက်ခံရရှိကာ လောကပါနတ်မင်းကိုယ်စား အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောထဲသို့ ဝင်၍ အလွန်အရေးပါသောတာဝန်တစ်ခုကို ထမ်းဆောင်ရလိမ့်မည်။
အသံက တစတစတိုးဝင်သွားပြီး ခုနစ်စဉ်ရောင်ခြည်သည် အာကာပြင်ကျယ်စကြဝဠာပေါင်းစု၏ ဂိုဏ်းရာချီအပေါ် မိုးပေါက်များသဖွယ် ရွာကျလာ၏။ ကျင့်ကြံသူများရှိသည့် နေရာတိုင်း ထိုအလင်းမိုးရွာလေသည်။
မိုးပေါက်တို့သည် လောကပါလမျိုးစေ့များဖြစ်ပြီး လောကပါလသားတော်ဖြစ်လာဖို့ နတ်မီးလျှံစမ်းသပ်ပွဲတွင် ဝင်ပါလိုသူတိုင်းသည် ဝင်ပါခွင့်ရဖို့ မျိုးစေ့တစ်စေ့အား စုပ်ယူရလိမ့်မည်။
ရန်သူဂိုဏ်းများ ဆုတ်ခွာသွားကြ၏။ တစ်ယောက်မှ လောကပါလနတ်မင်း၏အမိန့်များကို မဖီဆန်ရဲပေ။ တွန့်ဆုတ်နေခဲ့သူ တစ်ဦးတစ်ယောက်ပင် မရှိခဲ့။
သို့ဖြစ်၍ စစ်ပွဲပြီးဆုံးသွားလေပြီ။
ပင်လယ်ပြာဂိုဏ်းတွင် တိတ်ဆိတ်မှုသည် ခါးသီးမှုနေရာတွင် အစားထိုးဝင်ရောက်လာ၏။ လူတိုင်းသည် စောစောကလေးတင် အရှိန်အဟုန်ပြင်းထန်နေခဲ့သော သွေးချောင်းစီးတိုက်ပွဲကို မေ့လျော့သွားကြသည့်အလားပင်။ ဂိုဏ်း၏လက်ကျန်ဂိုဏ်းသားများနှင့် အကြီးအကဲအားလုံး စုဝေးကြသည်။ အလွန်အိုနေသောသူများမှအပ လူတိုင်း လောကပါလမျိုးစေ့တစ်စေ့ ရရှိကြ၏။
တစ်စေ့ကို ချန်ဖန်းမှ မန်ဟို့အား မေးသည်။
“တွေဝေနေတုန်းပါလား” ချန်ဖန်းက စိတ်မချမ်းသာစွာ ပြောသည်။ “မင်းဂိုဏ်းက လူတွေ ဘယ်လောက်သေသေ ဂရုမစိုက်ဘူးပေါ့လေ။ မင်းရဲ့သားအရင်း သေတာတောင်မှ တုတ်တုတ်မလှုပ်တာ ငါ အံ့ဩတယ်... ဒါတွေအားလုံးက အစစ်မဟုတ်ဘူး၊ အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကထဲမှ တွေ့ခဲ့ရတာကမှ အစစ်လို့ မင်း ပြောမယ်ထင်နေတာ” သူ့အသံတွင် ခံစားချက်များစွာ ရောထွေးနေသည်။
“ကဲ ဒီမျိုးစေ့ကို စုပ်ယူလိုက်တော့။ မင်း လောကပါလသားတော်ဖြစ်တာနဲ့ အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကဆီ ပြန်သွားနိုင်လိမ့်မယ်။ ဒါဆို ဘာကအစစ်လဲ ၊ ဘာကအတုလဲ မင်းကိုယ်တိုင် သွားကြည့်နိုင်မှာပေါ့ကွာ” ချန်ဖန်းသည် မန်ဟို့အရှေ့၌ လောကပါလမျိုးစေ့တစ်စေ့ကို ချပြီး မန်ဟို စုပ်ယူမည်ကို ရပ်စောင့်နေ၏။ လူတိုင်းလည်း အမူအရာအမျိုးမျိုးဖြင့် ကြည့်နေကြသည်။ တချို့က မုန်းတီးနေပုံပေါ်သည်၊ တချို့မျက်ဝန်းမှာတော့ ဒွိဟဖြစ်နေသယောင်ပင်။ အရာအားလုံးက မန်ဟို မီးမွှေးခဲ့သော စစ်ပွဲမှ အရင်းခံသည်။
မန်ဟိုသည် လောကပါလမျိုးစေ့ကို ကြည့်ရင်း ကျောထဲစိမ့်သွား၏။ သူ့ဇနီးက အသက်မရှိတော့သော သားဖြစ်သူကို ပွေ့လျက် အဝေးတွင် ထိုင်နေသည်။ သူမသည် စိတ်ဖောက်ပြန်သွားသည့်အလား အရူးကြီးလို ရယ်နေ၏။
မန်ဟိုက ဘာမှမပြောဘဲ မျိုးစေ့ကို ယူ၍ လေ့လာသည်။ ၎င်းကာ လူးလွန့်နေလေသည်။ ချန်ဖန်းပြောခဲ့သည့်အတိုင်း ဤမျိုးစေ့ကို စုပ်ယူခြင်းအားဖြင့် မန်ဟိုသည် လောကပါလသားတော်ဖြစ်လာနိုင်၏။ ထိုအခါ အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကထဲသို့ ပြန်သွားနိုင်မည်။
သို့သော် ကြေးမုံမှ သူ့ကိုယ်ထဲ စီးဆင်းဝင်ရောက်နေသော အပူလှိုင်းသည် ပူသထက် ပူလာနေ၏။ သူနှင့် တစ်သားတည်းဖြစ်တော့မည့်အလား အရေးပါသောအခိုက်အတန့်သို့ ရောက်ရှိနေခဲ့ပုံပေါ်သည်။ သူ ကြားနေခဲ့ရသည့် မသဲမကွဲအသံသည်လည်း ကြည်လင်ပြတ်သားစပြုလာ၏။
သူ့အမြင်များ ဝေဝါးသွားပြီး ရုတ်တရက် သူမဟုတ်သော နောက်မန်ဟိုတစ်ယောက်ကို မြင်လိုက်ရသည်။ ပင်လယ်ပြာဂိုဏ်းတွင် တင်ပျဉ်ခွေထိုင်နေသည့် သူ့ကိုယ်သူ မန်ဟို မြင်နေရလေသည်။ ထိုမန်ဟိုသည် မျိုးစေ့ကို စုပ်ယူ၍ လောကပါလသားတော်ဖြစ်လာဖို့ တိုက်ပွဲတွင် ဝင်ပြိုင်ခဲ့၏။ ပထမနေရာရခဲ့ကာ လောကပါလသားတော်ဖြစ်လာခဲ့သည်။
သူမဟုတ်သော ထိုမန်ဟိုက လောကပါလနတ်မင်းကို သွားရောက်ဂါဝရပြုသည်။ လောကပါလနတ်မင်း၏စိတ်ဆန္ဒသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေရာယူရင်း မျိုးစေ့အား ကြီးထွားလာစေ၏။ မကြာမီ စိတ်ဆန္ဒက သူ၏နေရာလပ်မကျန် ပြည့်နှက်သွားပြီးနောက် ထိုမန်ဟိုကား အာကာပြင်ကျယ်ဆန်းကြယ်အိတ်လောကထဲ ဝင်ရောက်သွားတော့သည်။
ဝင်လိုက်လျှင်ချင်း မိန်းမလှတစ်ဦးကို မြင်လိုက်ရသည်။ သူမသည် သူ့ကို မြင်လိုက်သည်နှင့် ပြုံး၏။
“ငါ ပြောတဲ့အတိုင်းပဲ နင် ပြန်လာတာနဲ့ လောကပါလသားတော် ဖြစ်နေမှာပါလို့”
မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ ထိုမြင်ကွင်းသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွလျက် နိဂုံးချုပ်သွား၏။ သူ မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ အရာအားလုံး ထင်ရှားပြတ်သားလာသည်။ မျိုးစေ့သည် သူ့လက်ထဲတွင် ရှိနေဆဲဖြစ်ပြီး သူ ကြည့်နေသည့်အချိန်မှာပင် သူ့အသားထဲ ဝင်တော့မည့်အလား အရည်ပျော်စပြုလာ၏။
ကြေးမုံမှ အပူဓာတ်ကား ပူမြဲပူလာနေဆဲပင်။ အပူလှိုင်း မန်ဟို့ကိုယ်ထဲ၌ ပြည့်နှက်သွားသည့်အခါ ကြေးမီးအိမ်တစ်လုံး ပေါ်လာသည်။ ကြည့်ရသရွေ့ အဆိုပါမီးအိမ်သည် တစ်နည်းနည်းဖြင့် မန်ဟိုမမြင်အောင် ဖုံးကွယ်ခံထားခဲ့ရသယောင်ပင်။ ယခုတော့ ပြန်ပေါ်လာလျှင်ချင်း မီးအိမ်က မည်သည့်အရာမှ သူ့ကိုယ်ထဲ ဝင်မလာနိုင်အောင် အလင်းရောင်ဖြန့်ကျက်လျက် တောက်ပလင်းထိန်လာသည်။
အလင်းရောင် သူ့ကိုယ်ထဲတွင် တောက်လာသည်နှင့်အမျှ မန်ဟို့မျက်လုံးထဲရှိ တွေဝေနေမှုသည် ယုတ်လျော့အားနည်းလာ၏။ အက်ကွဲသံများက သူ့စိတ်ထဲတွင် မြည်ဟည်းနေသည်။ မန်ဟိုသည် ခဲယွင်ဟိုင်အကြောင်းအပြင် ဖက်တီးနှင့်အခြားသူများ မည်သို့သေသွားခဲ့သည်ကို တွေးနေ၏။ တစ်ဂိုဏ်းတည်းသားများနှင့်အတူ သူ့သားလည်း အသတ်ခံခဲ့ရပုံကို တွေးနေသည်။
သို့သော် ထိုမှတ်ဉာဏ်များသည် အတော်လေးဝေဝါးစပြုနေလေပြီ။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲမှ ကန့်လန့်ကာတစ်ခုအား ဆွဲဖယ်လိုက်သကဲ့သို့ .... အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်နှင့် တောင်ပင်လယ်လောကအမှတ်တရအားလုံးသည် သူ့စိတ်ထဲသို့ ရေလှိုင်းများသဖွယ် အလုံးအရင်းစီးဆင်းဝင်ရောက်လာတော့သည်။ သူ့ကို အော်ပြောနေခဲ့သော အသံသည်လည်း သလင်းကျောက်ပမာ ရှင်းလင်းပြတ်သားလာ၏။
ထိုအသံသည် သူ့အသံပင် ဖြစ်ပြီး စကားလုံးလေးလုံးတည်းကိုသာ ပြောနေသည်။
“ငါ က မန် ဟို” သူက ခပ်တိုးတိုးရေရွတ်သည်။ ထို့နောက် ချန်ဖန်းကို ကြည့်လိုက်သည့်အခါ သူ၏မျက်လုံးများတွင် တွေဝေနေမှုတို့ စိုးစဉ်းမျှ မရှိတော့ပေ။ သူသည် သက်ပြင်းချရင်း ထရပ်လိုက်၏။
“အစ်ကိုကြီးချန်ဖန်း ကျွန်တော် မတွေဝေတော့ပါဘူး”
သူက နွေးထွေးနေသောအကြည့်ဖြင့် သူ့ဇနီးအား လှမ်းကြည့်သည်။
ချန်ဖန်းသည် သက်ပြင်းခိုးချနေသကဲ့သို့ ပို၍စိတ်မချမ်းမသာဖြစ်သွားဟန်တူ၏။ မန်ဟို့ဇနီးမှာ မန်ဟို့စကားကြောင့် တုန်ရီသွားပြီး တဟင့်ဟင့်ရှိုက်ငိုလျက် မန်ဟို့အား အပြေးလာ,ဖက်လေသည်။
“တိတ် တိတ် အကုန်လုံးအဆင်ပြေသွားပါပြီ...” မန်ဟိုက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ သူမမှာ သူ့ကို လွှတ်လိုက်ပါက တစ်သက်လုံးဆုံးရှုံးလိုက်ရမှာစိုး၍ တင်းကြပ်စွာ ဖက်ရင်း ပို၍ရှိုက်ငိုတော့သည်။
မန်ဟို့မျက်လုံးများသည် နီရဲနေသော်လည်း သူ့ဇနီးကို ငုံ့ကြည့်နေစဉ် တည်ငြိမ်နေပုံပေါ်၏။
မည်သူမှ မသိသည်ကတော့ မန်ဟိုမျက်လုံးပြန်ဖွင့်ပြီးနောက်တွင် သူ၏အမြင်မှာ ယခင်နှင့်လားလားမျှ မတူတော့ခြင်းကိုပင်။
ကောင်းကင်သည် ကြည်လဲ့မနေ၊ မြူခိုးများ ပြည့်နေ၏။ တောင်တွေလည်း စိမ်းစိုအုံ့ဆိုင်းနေခြင်းမရှိ၊ ပြောင်သလင်းခါလျက် ဗလာကျင်းနေသည်။ လှပစွာ တန်ဆာဆင်ယင်ထားသော ဂိုဏ်းသည်လည်း ယခုတွင် ပြိုကျပျက်စီးနေသော အပျက်အစီးများထက် မပို။
သူ့ဇနီးကတော့ ခြောက်ကပ်နေသော အလောင်းတစ်လောင်းသာ ဖြစ်သည်။ အမှန်တော့ ဂိုဏ်းရှိ လူတိုင်းနီးပါး ထိုအတိုင်းသာ။ တစ်ခါတုန်းက လှိုင်ကြွယ်ဝနေခဲ့သည့် စိတ်ဝိညာဉ်စွမ်းအင်သည်လည်း တကယ်တမ်း သေခြင်းအရှိန်အဝါနှင့် အပုပ်နံ့တို့ ဖြစ်နေသည်။
သူ့သား ရှစ်နှစ်အရွယ်ကောင်လေးသည် လူသားကောင်လေးမဟုတ်၊ လူပုတစ်ယောက်ဖြစ်ပြီး ခြောက်ကပ်နေသောအလောင်းလည်း ဖြစ်၏။ သူ့မျက်လုံးအိမ်များတွင် မျက်လုံးများမရှိ၊ လောက်မည်းမည်းကြီးများသာ လူးလွန့်နေသည်။
မိုးနှင့်မြေတစ်ခွင်တွင် မန်ဟိုအပြင် ပုံမှန်လူဆို၍ တစ်ယောက်တည်းသာ ရှိသည်... ချန်ဖန်း။
မန်ဟိုသည် အရာအားလုံးကို ကြည့်ပြီးနောက် မျက်လုံးပိတ်လိုက်၏။
သူ့ဇနီးမှာ နောက်ဆုံးတော့ သူမယောက်ျား ပြန်သက်သာလာသည်ကို ဝမ်းသာနေသည့်အလား ပြုံးနေသည်။ သူမ တစ်ခုခုပြောတော့မည့်အချိန်မှာပဲ.....
မန်ဟိုက နွေးထွေးနေသောအကြည့်ဖြင့် သူမဆံပင်များကို ပွတ်သပ်ပေးသည်။ သို့သော် သေချာကြည့်ပါက သူ့အကြည့်ထဲတွင် သနားနေသောအရိပ်အယောင်အား မြင်ရလိမ့်မည်။
“ညီလေး” ချန်ဖန်းက စိုးရိမ်ကြောင့်ကြနေဟန်ဖြင့် ပြောသည်။ “မင်း လောကပါလမျိုးစေ့ကို မြန်မြန်စုပ်ယူဖို့ လိုတယ် မဟုတ်ရင် ...”
“အစ်ကိုကြီးချန်ဖန်း” မန်ဟိုက တည်ငြိမ်စွာ ကြားဖြတ်ပြောသည်။ “ကျွန်တော် အချိန်ပေးတွေးကြည့်ပြီးတဲ့နောက်မှာတောင် အစ်ကိုကြီးကို စိတ်ပျက်စေခဲ့မိတဲ့အကြိမ်တစ်ကြိမ်ကိုမှ တွေးမရခဲ့ဘူး။ အစ်ကိုကြီး စိတ်ပျက်အောင် ကျွန်တော် တစ်ကြိမ်မှ မလုပ်ခဲ့ဘူးသလို၊ အစ်ကိုကြီးကို အမြဲတမ်းလေးစားခဲ့တယ်။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အစ်ကိုကြီးက ကျွန်တော့်အစ်ကိုကြီး အမြဲဖြစ်ခဲ့တယ်” မန်ဟိုက သူ့ဇနီးကို ဖက်၍ ချန်ဖန်းကို ကြည့်သည်။
ချန်ဖန်း ရင်ထဲထိတ်သွားပြီး တစ်ခုခုပြောရန်ပြင်လိုက်စဉ် မန်ဟို့အသံက မှော်အစွမ်းတစ်မျိုးဖြင့် ပြည့်နှက်နေသကဲ့သို့ ထွက်လာသည်။
“ကျွန်တော် မမေ့နိုင်ဘူး။ အစ်ကိုကြီး ပြောတဲ့ အတုအယောင်ဆိုတာတွေကို ကျွန်တော် မေ့မရဘူး။ စိတ်ထဲမှာ ရှိနေတာတွေကို ထုတ်ပစ်လို့မရဘူး။ အဲဒါတွေက အတုအယောင်တွေ၊ အိပ်မက်တွေသက်သက်ပဲ ဆိုရင်လည်း... ကျွန်တော် ဘယ်တော့မှ ပြန်ထမလာတော့ဘဲ အဲဒီအိပ်မက်ထဲမှာပဲ နစ်မျောသွားလိုက်မယ်” သူ့ဇနီး ရုတ်တရက် တောင့်တင်းသွားသည်ကို သူ ခံစားလိုက်ရသည်။ သနားနေသောမျက်ဝန်းများဖြင့် သူက သူ့လက်ကို သူမကျောအပေါ် ခပ်ပြင်းပြင်းဖိချလိုက်၏။
ရှိရှိသမျှ လူတိုင်း၏ အံ့အားသင့်သွားသော အကြည့်များအောက်ဝယ် ထိုရိုးရှင်းသောလှုပ်ရှားမှုလေးက သူ့ဇနီး၏အရှိန်အဝါကို ဖယ်ရှားကာ ဝိညာဉ်နုတ်လိုက်သည်။
“မင်းကို လွှတ်ပေးလိုက်တာ ပိုကောင်းတယ်” သူက တိုးသဲ့သဲ့ပြောသည်။ “ဒါမှ မင်းသေပြီးတဲ့နောက်မှာ မင်းအလောင်းနဲ့ ဝိညာဉ်ကို ဘယ်သူမှ ထိန်းချုပ်နိုင်မှာမဟုတ်တော့ဘူး”
ပတ်ပတ်လည်ရှိ လူအုပ်ကြီးမှာ မိုးကြိးဖြင့် ပစ်ချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားကြသည်။ အတန်ကြာတိတ်ဆိတ်နေပြီးနောက် ဒေါသတကြီးဟိန်းဟောက်သံများ ထွက်လာပြီး သူတို့၏မျက်လုံးများတွင် ထိတ်လန့်မှု၊ ကြောက်ရွံ့မှုတို့ ပြည့်နှက်နေတော့သည်။
ဂိုဏ်းအကြီးအကဲများ ပျံသန်းလာကြ၏။ ဂိုဏ်းချုပ်နှင့် တာအိုနယ်ပယ်ပညာရှင်များပင် မှင်သက်နေကြလေသည်။
“မန်ဟို” ချန်ဖန်းက မယုံနိုင်စွာ ဟိန်းဟောက်သည်။
တစ်ချိန်တည်းမှာပင် ယောက္ခမလည်း ဟုတ်သည့် မန်ဟို့ဆရာဆီမှ ဝမ်းနည်းပက်လက်အော်သံကြီး ထွက်လာသည်။ သူက ပျံသန်းလာပြီး သမီးဖြစ်သူ၏အလောင်းကို တုန်ရီစွာ ကြည့်နေပြီးနောက် မန်ဟို့အား လှမ်းကြည့်သည်။ ထို့နောက် သွေးတစ်ပွက်အန်ရင်း တဟားဟား ရယ်ကာ မန်ဟို့ဆီ ပြေးဝင်လာတော့သည်။
မန်ဟို့မျက်လုံးများသည် တည်ငြိမ်နေ၏။ ဤကမ္ဘာက ပြောင်းလဲသွားပြီမဟုတ်ပါလော။ ဤအခိုက်အတန့်တွင် ပြေးဝင်လာသောလူမှာ သက်လတ်ပိုင်းအရွယ်သူ့ဆရာ မဟုတ်၊ ရင်ဘတ်၌ ဟောင်းလောင်းပေါက်ဒဏ်ရာကြီးနှင့် အလောင်းတစ်လောင်းဖြစ်သည်။
မန်ဟိုက သက်ပြင်းချပြီး မျက်လုံးပိတ်လိုက်သည်။ ထိုလူ သူ့အနား ရောက်တော့မည့်အချိန်မှာပင် မန်ဟို့မျက်လုံးများ ပြန်ပွင့်လာ၏။ ၎င်းတို့သည် နီရဲနေသေးသော်လည်း ယခုတွင် မျက်ဆံများလည်း နီရဲနေချေပြီ။ သူက ညာလက်ကို ဆုပ်၍ လက်သီးတစ်လုံးပစ်သွင်းလိုက်ရာ သူ့ဆရာမှာ တစစီပေါက်ကွဲသွားတော့သည်။
ယင်းသည် မန်ဟို့ဆီမှ ထွက်လာသော အနှစ်သာရ ၉ ခု အထွတ်အထိပ်အဆင့် အတိုက်အခိုက်စွမ်းရည်ဖြစ်၏။
“အစ်ကိုကြီးမန်တော့ စိတ်ရူးဖောက်သွားပြီ”
“သူ့ကို သတ်ကြ” ဒေါကြီးမောကြီးဟိန်းဟောက်ကြိမ်းဝါးသံများက အကြီးအကဲများ၏ပါးစပ်မှ ထွက်လာကြသည်။ သူတို့ ပျံဝင်လာနေစဉ် မန်ဟိုသည် သနားကရုဏာသက်စွာဖြင့် ရှေ့တက်လိုက်၏။ သူက ဝါးခနဲ ဖြစ်သွားပြီး သူ့ကို ရင်ဆိုင်လိုက်ရသူတိုင်း ကျင့်ကြံအဆင့်မည်မျှပင်ဖြစ်စေ လက်ချောင်းလေးတစ်ချက်ကြောင့် အသက်နှင့်ခန္ဓာအိုးစားကွဲကုန်ကြလေသည်။
မကြာမီ မိုးနှင့်မြေသည် မှောင်မိုက်လာ၏။ မချိတင်ကဲအော်ဟစ်သံများ ကမ္ဘာပျက်နေသည်။ မန်ဟို သွားသည့်နေရာတိုင်း သေမင်းလည်း လိုက်ပါလာသည်။ သွေးများသည် မြေပြင်တစ်လျှောက် စီးဆင်းနေပြီး အလောင်းများအား မည်သည့်နေရာတွင်မဆို မြင်ရနိုင်၏။
သို့သော် မန်ဟို မြင်နေရသည်ကတော့ မတူ။ စီးနေသောသွေးများသည် အနီရောင်မဟုတ်၊ မည်းနက်ပြီး ညှီဟောင်၏။ ထိုမျှသာမက သူ့ကြောင့် သေဆုံးသွားခဲ့သော အလောင်းများမှာ သူ သူတို့ကို မသတ်ခင်ကတည်းက အလောင်းဘဝရောက်နေခဲ့ကြပြီးသားဖြစ်၏။