← Chapters

သစ္စာကြီးမားသော စရိုက်

Vol. 61 Ch. 851

သစ္စာကြီးမားသော စရိုက်

Vol. 61 Ch. 851

အနုသုခုမရုပ်ခန္ဓာရှေးဟောင်းလမ်းအပေါ်တွင် နောက်ထပ်ရင်းနှီးသော လူတစ်ယောက် ရှိသေးသည်... လီရှိချီ။

အဖြူရောင်ဝတ်ရုံရှည်လေးနှင့် သူမသည် အင်မော်တယ်အပျက်အစီးတစ်ခု ရှာမတွေ့မချင်း နတ်ဘုရားအာရုံကို ဖြန့်ကျက်လျက် အနက်ရောင်မြေကြီးကိုဖြတ်၍ ဖြေးညှင်းစွာ လျှောက်သွားနေ၏။

သူမက ကြုံရာကျပန်း မရွေးချယ်သလို အပျက်အစီးများအား အလောတကြီး စစ်ဆေးခြင်းလည်း မရှိပေ။ ယင်းက သူမ၏စရိုက်ဖြစ်သည်။

အချိန်အနည်းငယ်ကြာ လမ်းလျှောက်လာပြီးနောက်ဆုံး သူမသည် သွေးကန်တစ်ကန်ကို ဖြတ်လာ၏။ တစ်ခါတုန်းက ကန်သည် နက်‌စောက်ခဲ့သော်လည်း ယခုတွင် သိပ်များများစားစား မကျန်တော့ပေ။

ကန်အောက်ခြေတွင် သွေးရောင်ပန်းတစ်ပွင့်အား မြင်ရနိုင်၏။

၎င်းက သွေးကဲသို့ နီရဲနေသော သစ်ခွပန်းတစ်ပွင့်ဖြစ်လေသည်။

သွေးသစ်ခွတစ်ပွင့်။

လီရှိချီက သစ်ခွကို တိတ်ဆိတ်စွာ တခဏ ကြည့်နေပြီးနောက် သူမ၏မျက်လုံးများတွင် ခိုင်မာပြတ်သားသောအလင်းရောင်တစ်စ ပေါ်လာပြီး သူမက ၎င်းထံသို့ လမ်းလျှောက်သွား၏။ ဤသည်မှာ သူမ ရွေးချယ်လိုက်သော ပထမဆုံးအပျက်အစီးပင်။ ယခုတွင် သူမသည် စိတ်ပိုင်းဖြတ်ပြီးပြီဖြစ်၍ လက်လျှော့တော့မည်မဟုတ်ပေ။ ယင်းက သူမ၏ စရိုက်ပင်။

"ဒီလောကမှ ကံကြမ္မာကောင်းများများစားစား မရှိဘူး" သူမက ခပ်တိုးတိုးလေး ရေရွတ်သည်။ "ငါလည်း အကုန်လုံး မရယူနိုင်ဘူး။ ငါ့အတွက် သင့်တော်တယ်ဆိုရုံနဲ့တင် လုံလောက်ပြီ" သူမ သွေးသစ်ခွဆီသို့ လျှောက်သွားနေစဉ် ဆထက်တိုးလာသော ဖိအားကို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူမသည် တင်ပျဉ်ခွေထိုင်၍ ဆင်ခြင်သုံးသပ်ရာတွင် စိတ်ရောကိုယ်ပါ နှစ်မြုပ်လိုက်သဖြင့် သူမ၏အမူအရာမှာ တွေဝေငေးကြောင်သွားလေ၏။

ရှေးဟောင်းလမ်းသုံလမ်းပေါ်ရှိ အကုန်လုံးနီးပါး နက်နက်ရှိုင်းရှိုင်း ဈာန်ဝင်စားနေကြသည်။ တချို့က လီရှိချီနည်းတူ ဂရုတစိုက် ရွေးချယ်သည်။ တချို့က အပျက်အစီးတစ်ခုပြီးတစ်ခု စမ်းကြည့်သည်။

ပင်ကိုယ်စရိုက်အမျိုးမျိုး၊ လမ်းအထွေထွေ။

အချိန်များ ကုန်လွန်သွားသည်။ လူတိုင်းသည် သူတို့၏ကိုယ်ပိုင်နတ်ဘုရားစွမ်းရည်များနှင့်ပတ်သက်၍ ဉာဏ်အလင်းရအောင် ကြိုးစားရင်း သူတို့၏အနာဂတ်အတွက် တိုက်ခိုက်နေကြလေ၏။ နဝမတောင်နှင့်ပင်လယ်အပြင်ရှိ လူအုပ်ကြီးလည်း စိတ်ရှည်ရှည် စောင့်ကြည့်နေကြသည်။ ဤသည်မှာ မှော်သိုင်းတစ်ခုကို ကူးယူခြင်းမျိုးမဟုတ်ဘဲ နတ်ဘုရားစွမ်းရည်ကို ဖန်တီးခြင်းဖြစ်သည်။ လူတစ်ယောက် နတ်ဘုရားစွမ်းရည်ကို မြှင့်တင်ဖို့ အချိန်ယူလေလေ၊ ၎င်းက ရင်သပ်ရှုမော‌ဖွယ်ကောင်းလေလေ ဖြစ်လာမည်။

"ဒီအဆင့်သုံးဆင့်ပြီးရင် နေ့ချင်းညချင်း ကျော်ကြားလာပြီး ဂိုဏ်းအားလုံးရဲ့ အာရုံကို ဆွဲဆောင်မယ့် လူတွေ သေချာပေါက် ပေါ်ထွက်လာလိမ့်မယ်။ နာမည်စာရင်းပေါ်မှာ ရှိရှိ၊ မရှိရှိ ချက်ချင်း ရွေးချယ်ခံရမယ့် လူတချို့တောင် ရှိလောက်မယ်"

"အဲဒီလိုပဲ အပြတ်အသတ်ရှုံးနိမ့်ပြီး အရင်က ရထားတဲ့ အခွင့်ကောင်းတွေအကုန်လုံး ဆုံးရှုံးသွားမယ့် လူတွေလည်း ရှိလိမ့်မယ်"

"ငါတို့‌ တစ်‌ယောက်ယောက် ကျောက်တိုင်နှစ်တိုင်နတ်ဘုရားစွမ်းရည်ကို ဖန်တီးနိုင်မလား သေသေချာချာ ကြည့်ရမယ်။ နောင်ကျရင် အဲဒီလူက ကျိန်းသေ ရွေးချယ်ခံ ဖြစ်လာမှာ"

ဤကဲ့သို့စကားသံများသည် နတ်မီးလျှံစမ်းသပ်ပွဲအား လူအများ စုရုံးကြည့်ရှုနေကြသော နဝမတောင်နှင့်ပင်လယ်၏ နေရာအနှံ့အပြားမှ ထွက်လာလျက်ရှိ၏။ ထိုလူများအနက် တချို့သည် ထိုက်ယန်ကျစ်ကဲ့သို့ တောင်ကောင်းကင်ဂြိုဟ်ထံ သွားရောက်ခဲ့ဖူးသူများဖြစ်ပြီး အများစုမှာ မန်ဟို၏နာမည်ကို ကြားသာကြားဖူးပြီး မမြင်ဖူးသူများ ဖြစ်ကြသည်။

ဤအခိုက်အတန့်တွင် ဤရွေးချယ်ခံအားလုံးသည် အတွေးကိုယ်စီ၊ ခံစားချက်များကိုယ်စီဖြင့် နတ်မီးလျှံစမ်းသပ်ပွဲကို ကြည့်နေကြလေသည်။

ပြိုင်ပွဲဝင်ပြိုင်နေသူများက တစ်နေ့တွင် သူတို့၏ဂိုဏ်းများအတွင်း၌ သူတို့၏ပြိုင်ဘက်များ ဖြစ်လာနိုင်ကြောင်း သူတို့ကောင်းကောင်းသိလေသည်။

အချိန်များ ကုန်သွားသည်။ မကြာမီ သုံးရက်ကြာခဲ့လေပြီ။ မန်ဟိုကား အင်မော်တယ်အပျက်အစီး ၁၉ ခုကို ဖြတ်သန်းခဲ့ပြီးပြီဖြစ်သည်။ သူသည် တစ်ခုစီတွင် အချိန်နည်းနည်းစီ ကုန်ဆုံးပြီးနောက် သူနှင့်ပတ်သက်၍ တစ်စုံတစ်ခုက ချွတ်ယွင်းနေသည်လား စိတ်ပျက်လက်ပျက် တွေးနေတော့၏။

"စိတ်ပျက်စရာကောင်းလိုက်တာ..." သူက သက်ပြင်းတစ်ချက်ချကာ ပြောသည်။ "ဘယ်လိုလုပ်ပြီး ဒီအပျက်အစီး‌တွေမှာ ငါရခဲ့တဲ့ ဉာဏ်အလင်းတွေက ဝိညာဉ်ကျောက်တုံးတွေနဲ့ တစ်ခုမဟုတ်တစ်ခု ပတ်သက်နေရတာတုန်း ..." လောလောဆယ်တွင် သူသည် ဧရာမကြေးမုံကြီးတစ်ချပ်ထံ လျှောက်သွားနေပြီး ၎င်းအပေါ် အကြည့်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ကျောက်တုံးတစ်တုံးထုတ်၍ ၎င်းအပေါ် တင်လိုစိတ်များ တဖွားဖွား ဖြစ်ပါ်လာလေသည်။

တခဏကြာသော် မန်ဟိုသည် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်နေသော မျက်နှာထားဖြင့် ကြေးမုံမှ ထွက်ခွာလာခဲ့သည်။

"ကြည့်ရတာ ဒီအပျက်အစီးတစ်ခုချင်းစီက ငါ့ကို ဝိညာဉ်ကျောက်တုံးတွေအကြောင်း အလိုလို တွေးခိုင်းနေတဲ့ အတိုင်းပဲ။ အကြွေးစာချုပ်တွေအကြောင်းလည်း ရှောင်လွှဲမရဘဲ တွေးမိပြန်ရော ... အေး အဲ့ဒီလိုဆိုမှတော့ လုံးဝသူမတူတဲ့ နတ်ဘုရားစွမ်းရည်တစ်ခု ဖန်တီးလိုက်ရုံပဲ ရှိတာပေါ့" သူသည် အသက်ပြင်းပြင်းရှုရင်း စိတ်ပိုင်းဖြတ်၍ မျက်လုံးများ ထူးဆန်းစွာ တောက်ပလာတော့သည်။ ထိုအကြောင်းတွေးလေလေ၊ သူ၏ရွေးချယ်မှုက ‌ယုတ္တိရှိလေလေပင်။

သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ နောက်အင်မော်တယ်အပျက်အစီးဆီသို့ ထွက်သွားတော့သည်။

အချိန်များ ကုန်လွန်သွားသည်။ ပြီးခဲ့သောရက်များအတွင်း ဖက်တီးသည် ကြိမ်ဖန်များစွာ သတိလစ်လိုက်၊ သတိပြန်လည်လာလိုက် ဖြစ်နေခဲ့၏။ သူကား နိုးလာတိုင်း မှိုကို ကိုင်၍ ပါးစပ်ကြီးဖြဲပြီး ကိုက်စားတတ်လေသည်။ လောလောဆယ်တွင် သူသည် မှော်မှိုကြီး နောက်ဆုံးလက်ကျန်တစ်လုပ်ကို စားနေ၏။ သူ့မှာ အစအနလေးပင် ကျန်ခဲ့မှာ စိုးသဖြင့် မှော်မှိုပေါက်နေခဲ့သော သစ်သားပုံကြီးကို တစ်ကိုက်ကိုက်၍ မြိုချလိုက်ပြီးနောက် ကျေနပ်အားရမှုနှင့် မျှော်လင့်ချက်တို့အပြည့်ဖြင့် သတိလစ်သွားတော့သည်။

ချန်ဖန်းသည် ကျောက်ဆောင်အရှေ့တွင် သူ့ချစ်ဇနီး၏ပန်းချီကို ရေးခြယ်ရင်း ရပ်နေဆဲဖြစ်သည်။ သူ၏စုတ်ချက်များက သွက်လက်ပြီး ရှန်လင်း၏ပုံရိပ်မှာ ပို၍ထင်ရှားလာကာ စုတ်ချက်တစ်ချက်တိုင်းနှင့်အတူ အသက်ဝင်လာ၏။

ဝမ်ယိုချိုင်က သွေးမျက်ရည်များ မျက်နှာမှ စီးကျ၍ အဝတ်အစားများအပေါ် ကျလာသည့်တိုင်အောင် ကြေးမုံ၏အရှေ့တွင် ဆက်ထိုင်နေသည်။ သူ့တစ်ကိုယ်လုံးမှာ တုန်ရီနေပြီး သူ၏မျက်နှာနှင့်လည်ပင်းတို့တွင် သွေးကြောပြာကြီးများ ဖောင်းကြွနေ၏။ သူ၏အမူအရာကား ခက်ထန်ပြီး အကျည်းတန်နေလေသည်။

"ငါ ဒီထက်ပိုပြီး မြင်နိုင်တယ်"

လီရှိချီ သွေးသစ်ခွကို တိတ်ဆိတ်စွာ စိုက်ကြည့်နေစဉ် မူလက ဖြူဆွတ်နေခဲ့သော သူမ၏အဝတ်အစားများသည် ပန်းနည်းတူ နီရဲလာ၏။

သုံးရက်ကြာသွားသည်။ မန်ဟိုကား ယခုတွင် အင်မော်တယ်အပျက်အစီး ၃၉ ခုကို ဖြတ်သန်းခဲ့ပြီးလေပြီ။ ဤအခိုက်အတန့်တွင် အနုသုခုမရုပ်ခန္ဓာရှေးဟောင်းလမ်းမှ ထစ်ချုန်းသံကြီးတစ်သံ ပဲ့တင်ထပ်လာပြီး ရှေးဟောင်းလမ်းများကို စောင့်ကြည့်နေခဲ့သော ကျင့်ကြံသူအားလုံး မျှော်လင့်ချက်များဖြင့် အနုသုခုမရုပ်ခန္ဓာ ဝဲမှန်သားပြင်ကို လှမ်းကြည့်လိုက်ကြသည်။

"တစ်ယောက်တော့ အောင်မြင်သွားပြီ"

"အသံက အနုသုခုမရုပ်ခန္ဓာ ရှေးဟောင်းလမ်းကနေ လာတာ။ ကျောက်တိုင်ဘယ်နှတိုင် ပေါ်လာမလဲ မသိဘူး"

ကြယ်တာရာကောင်းကင်တွင် မျောလွင့်နေသော နန်းတော်ထဲရှိ ခေါင်းဆောင်ကြီးများအားလုံး လှမ်းကြည့်လာကြသည်။

‌အနုသုခုမရုပ်ခန္ဓာရှေးဟောင်းလမ်းအပေါ်တွင် အဘိုးကြီးတစ်ဦးသည် ခေါင်းနောက်လှန်၍ အားပါးတရ အော်ရယ်နေ၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ပတ်ပတ်လည်ရှိ အနက်ရောင်ရွှံ့များ ရုတ်တရက် လေပေါ် မြောက်တက်သွားပြီးနောက် ရုပ်တုတစ်ရုပ်အား ဖန်တီးလိုက်ကြသည်။ ၎င်းတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိပြီး ပြည့်စုံသွားသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်အင်အားကို ထုတ်လွှတ်‌လိုက်လေသည်။

"ဒီသင်္ချိုင်းမြေကနေ ငါ ဉာဏ်အလင်းရခဲ့ပြီ" ထိုလူက ကြေညာသည်။ "ဒီမြေကြီးမှာ စိတ်ဝိညာဉ်တွေ ပါရှိတယ်။ ဒီမှာ မြှုပ်ခံခဲ့ရတဲ့ လူတွေရဲ့ နတ်ဘုရားစိတ်ဆန္ဒတွေအဖြစ် ကူးပြောင်းပစ်လို့ ရနိုင်တဲ့ စိတ်ဝိညာဉ်တွေ။ အဲ့ဒါက ငါ့ရဲ့ နတ်ဘုရားစွမ်းရည် ဖြစ်လာတဲ့အတွက် အခုကစပြီး ... စိတ်ဝိညာဉ်မျိုးဆက်ဟု ခေါ်‌တွင်စေ"

အဘိုးကြီး၏အသံ ဟိန်းထွက်လာစဉ် ကျောက်တိုင်နှစ်တိုင်သည် ဟင်းလင်းပြင်မီ ထွက်လာကာ သူ့အရှေ့ရှိ မြေကြီးပေါ် ကျရောက်လာ၏။ အားကောင်းသောအလင်းရောင်ကား တစ်လောကလုံးတွင် ပြည့်နှက်သွားရင်း ကြည့်နေသူများ မြင်ရအောင် အရာအားလုံးကို ဖော်ပြလိုက်သည်။

"ကျောက်တိုင်နှစ်တိုင် ... မဆိုးဘူး။ ဒီလူက ကောင်းသားပဲ"

"သူက အချိန်အနည်းဆုံးပဲ။ စောစောက ဘယ်သူမှ သူ့ကို သတိမထားမိခဲ့ပေမယ့် အခု လူတွေ သူ့ကို အာရုံစိုက်လာတော့မယ်" စောင့်ကြည့်နေသူများအကြား ဆွေးနွေးမှုများ ဆက်လက်ဖြစ်ပွားနေစဉ် ဂိုဏ်းအသီးသီးမှ ကိုယ်စားလှယ်များသည် အဘိုးကြီး၏နာမည်ကို စာရင်းထဲတွင် အလျင်အမြန် ထည့်လိုက်၏။

သို့သော် အဘိုးကြီး၏ရယ်သံကြီး ဟိန်းထွက်နေဆဲရှိစဉ် ထစ်ချုန်းသံများသည် ရှေးဟောင်းသုံးလမ်းမှ မြည်ဟည်းလာသည်။ ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်လည်း နတ်ဘုရားစွမ်းရည်များ ဖော်ဆောင်လိုက်ခဲ့ပြီးလေပြီ။

ကျောက်တိုင်တစ်တိုင်ပြီးတစ်တိုင် တဝုန်းဝုန်း ကျရောက်လာသည်။ သို့သော် နှစ်တိုင်ထက် မပိုကြ။

နောက်ရက်များတွင် ပြိုင်ပွဲဝင်တစ်ယောက်ပြီးတစ်ယောက်သည် သူတို့၏နတ်ဘုရားစွမ်းရည်များကို ဖော်ဆောင်ပြီးလာကြ၏။ ရှေးဟောင်းလမ်းသုံးလမ်းလုံး အတူတူပင်။ အနည်းဆုံး ကျောက်တိုင်တစ်တိုင်တော့ ပေါ်လာပြီး အများဆုံး လေးခုက အတော်များများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့လေသည်။

ရုတ်တရက် ခုနစ်‌ရက်မြောက်နေ့တွင် တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းအပေါ်၌ ယခင်က မည်သည့်အရာနှင့်မှ မတူသော ဟိန်းဟောက်သံကြီးတစ်သံအား ကြားလိုက်ရသည်။

အရွယ်ပြောင်းလဲအစွမ်းနှင့် အဘိုးကြီးသည် ယခုတွင် အကောင်းဆုံးအရွယ်ဖြစ်သည့် သက်လတ်ပိုင်းအရွယ်ပြောင်းထား၏။ သူက လေပေါ်တွင် ပျံဝဲရင်း မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာ သူ့ကိုယ်အပေါ်၌ အရေပြားနောက်တစ်လွှာ ပေါ်လာစေသည်။ ထို့နောက် အရေခွံလဲနေသည့်အလား ၎င်းက ပြန်ကွာကျလာသည်။ အသားများ စုတ်ပြတ်ခြင်းမရှိဘဲ အရေခွံပြင်လိုက်ကြီးကျွတ်သွားခြင်းသာ ဖြစ်၏။

အရေပြားက ပြုံးနေသော်လည်း အပြုံးမှာ ကြည့်ဖို့ရန် ကြောက်စရာကောင်းလှလေသည်။

"ငါ ဒီနတ်ဘုရားစွမ်းရည် အသက်ဝင်စီးခြင်း ကို ဖန်တီးခဲ့ပြီ" သူက လေလယ်တွင် ပျံဝဲနေလျက် အေးစက်စက် ပြောသည်။ "ငါ ဖန်တီးလိုက်တဲ့ ဒီအရေပြားက အတုအယောင်အင်မော်တယ်တစ်ဦးရဲ့ ခန္ဓာကိုယ်တောင်မှ ဝင်စီးနိုင်တယ်" ကျောက်တိုင်ရှစ်တိုင် ကျရောက်လာသဖြင့် အရာအားလုံး တုန်ခါသွားသည်။

ထိုကျောက်တိုင်ရှစ်တိုင်က အရိုင်းဆန်သောအရောင်များကို ပြိုးပြိုးပြက်ပြက် လက်သွားစေပြီး နဝမတောင်ပင်လယ်ရှိ လူအုပ်ကြီးအား ဆူညံပွက်လောရိုက်သွားစေ၏။

‌ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးတချို့၏ မျက်ဝန်းများတွင်ပင် အံ့ဩမှုတို့ ဖြတ်ပြေးသွားသည်။

"ကျောက်တိုင်ရှစ်တိုင်။ ဘယ်လောက်အံ့ဩစရာကောင်းတဲ့ ဖန်တီးမှုလဲ"

"သူက အရှေ့အဆင့်တွေမှာ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပြီး ကျောက်တိုင်ရှစ်တိုင် နတ်ဘုရားစွမ်းရည်ကို ဖန်တီးနိုင်ခဲ့တယ်ဆိုတော့ အလားအလာကောင်းရှိတာ သေချာတယ်"

"ဟားဟားဟား တာအိုဆရာအစည်းအရုံးသုံးခုက သူ့ကို နှစ်ခေါက်ကြည့်ကောင်း မကြည့်လောက်ပေမယ့် ပင်လယ်ခုနစ်စင်းဂိုဏ်းကတော့ သူ့လိုလူမျိုးကို ရွေးချယ်မှဖြစ်မယ်"

အပြင်လောကတွင်လည်း အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။ ကျောက်တိုင်ရှစ်တိုင်သည် လောလောဆယ်တွင် ပေါ်ပေါက်လာခဲ့သမျှထဲ အများဆုံးပင်။

ကျောက်တိုင်ရှစ်တိုင် ကျလာသည့်အခိုက်အတန့်မှာပင် အရေးကြီးသောအခြေအနေကို ရောက်ရှိသွားခဲ့သည့်အလား ရှေးဟောင်းလမ်းစမ်းသပ်ပွဲအတွင်းရှိ ပုံရိပ်များထံမှ ဟိန်းဟောက်သံများ ကြားလိုက်ရသည်။ နတ်ဘုရားစွမ်းရည်များပေါ်လာသော်လည်း ‌ရှစ်တိုင်ကျရောက်လာခြင်းမရှိပေ။ အလွန်ဆုံး ခြောက်တိုင်သာ။

သို့သော် .... အနုသုခုမရုပ်ခန္ဓာရှေးဟောင်းလမ်းမှ ကြောက်စရာဆူညံသံကြီးတစ်သံ ထွက်လာပြီး အရာအားလုံး တဂျုန်းဂျုန်း တုန်ခါလာသည်။ လေများ တဝေါဝေါ တိုက်ခတ်လာပြီး ကြီးမားသောစွမ်းအင်တစ်ရပ်က ကျောက်တိုင်ရှစ်တိုင်နှင့် အဘိုးကြီးကိုပင် မွန်းကြပ်သွားစေ၏။ မကြာမီ အပြင်လောကရှိ အစွမ်းထက်ပညာရှင်အားလုံး လှမ်းကြည့်နေကြလေပြီ။

ဆူညံသံ၏ အရင်းအမြစ်ကား .... ဖက်တီးပင်။

သူသည် အရှေ့အဆင့်များတွင် သူ၏စည်းမဲ့ကမ်းမဲ့မှုကြောင့် သိပ်အထင်ကြီးခြင်းမခံခဲ့ရပေ။ ယခုတွင် သူက မျက်လုံးများ ဖွင့်လိုက်ပြီး ၎င်းတို့မှာ စစချင်း ငေးကြောင်နေပုံရသော်လည်း ဧရာမသစ်သားပုံကြီး၏တစ်ဝက်ခန့်မှာ အစားခံထားရကြောင်း မြင်လိုက်ရသည်။ ၎င်းကား ဝက်သိုက်ကြီးအလား ဖရိုဖရဲ ဖြစ်နေ၏။

ဖက်တီးသည် ကုန်းရုန်းထပြီး ရုတ်တရက် ပါးစပ်ဟကာ လေကို ပြင်းပြင်းရှူသွင်းလိုက်သည်။ ထိုလေက ကောင်းကင်ကြီးကို တုန်ခါသွားစေပြီး တိမ်တိုက်များကို စုလာစေသည်။ မျက်စိတစ်မှိတ်အတွင်း ... ဧရာမပါးစပ်ကြီးအား ကောင်းကင်ထက်တွင် မြင်လာရလေပြီ။

ပါးစပ်ကြီးတွင် ဘလိတ်ဓားတမျှ ချွန်မြသော သွားများပြည့်နေပြီး မြေကြီးကို ကိုက်ချနေစဉ် မီတာသောင်းပေါင်းများစွာ ကျယ်သည်အထိ ကြီးသထက်ကြီးလာ၏။ ဧရာမပါးစပ်ကြီးက တစ်လုပ်တည်းနှင့် အရာအားလုံးကို ကိုက်ချလိုက်သဖြင့် အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ရီသွားလေသည်။

အပြင်ရှိ လူတိုင်းမှာ မျက်လုံးကြီးများ ပြူး၍ ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြလေသည်။

ဤအခိုက်အတန့်တွင် ကျောက်တိုင်ဆယ့်သုံးတိုင်က ဝုန်းခနဲ ကျရောက်လာသည်။ ၎င်းတို့ ဖက်တီး၏ပတ်ပတ်လည်တွင် ပျံဝဲနေစဉ် ဖက်တီး၏မျက်လုံးများသည် ငေးကြောင်နေရာမှ ရှင်းလင်းပြတ်သားလာ၏။

"ကျောက်တိုင်ဆယ့်သုံးတိုင်။ အဲဒီဖက်တီး ... ဘယ် ဘယ်လိုနတ်ဘုရားစွမ်းရည်ကို ဖန်တီးလိုက်တာလဲ"

"ကျောက်တိုင် ဆယ့်သုံးတိုင်။ အဲ့ဒါက ဆရာဖန်းနဲ့ယှဉ်ရင် ဒုတိယပဲ။ ဒီဖက်တီးလေးက တယ်ဟုတ်သကိုး။ သူ့မှာ အဲဒီလောက်အားကောင်းတဲ့ ဗီဇစိတ်ရှိနေတာ ဘယ်တော့မှ မခန့်မှန်းထားခဲ့ဘူး"

ကြယ်တာရာကောင်းကင်ရှိ နန်းတော်ထဲတွင် ဂိုဏ်းခေါင်းဆောင်ကြီးများအားလုံး မျက်လုံးများဝိုင်းစက်ပြူးကျယ်လျက် ကြည့်နေကြသည်။ ‌တာအိုဆရာအစည်းအရုံးသုံးခုပင်လျှင် အံ့အားသင့်သွားကြသည်။ ဤအခိုက်အတန့်တွင် အထွတ်အမြတ်မြေငါးမြေမှ ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်၏ ခေါင်းဆောင်ကြီးက ရုတ်တရက် ထရပ်လိုက်သည်။ ၎င်းသည် အံ့ဩဘနန်း အမြန်နှုန်းဖြင့် ဖြစ်ပြီး မည်သူမှ မတုံ့ပြန်နိုင်ခင် ရှေ့ထွက်သွား၍ မှန်သားပြင်အတွင်း ဝင်‌ရောက်ပျောက်ကွယ်သွား၏။

အခြားခေါင်းဆောင်ကြီးလေးယောက်က ထရပ်လိုက်သော်လည်း သူ့လောက် မမြန်ပေ။ ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်မှ ခေါင်းဆောင်ကြီးက ဖက်တီး၏အရှေ့တွင် ဖျတ်ခနဲ ပေါ်လာသည်။ သူ့တွင် ပခုံးကိုကျော်၍ ကျနေသော မီးခိုရောင်ဆံပင်များ ပိုင်ဆိုင်ထားပြီး ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။

"ဒီနတ်ဘုရားစွမ်းရည်ရဲ့ နာမည်က ဘာလဲ" ရုပ်လုံးဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူက မေးသည်။ သူသည် လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်ကာ ဘယ်သူမှ ဝင်မလာနိုင်အောင် ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ချလိုက်၏။

ဖက်တီးမှာ တုန်ရီစပြုလာသည်။

"ကျုပ် မသိဘူး" သူသည် ဤအဘိုးကြီး မည်သည့်နေရာမှ ပေါ်လာသည်လဲ မသိသဖြင့် ပြန်ဖြေလိုက်သည်။ "ကျုပ် အခုလေးတင် အဲဒီသစ်သားနည်းနည်းနဲ့ မှော်မှိုကို စားပြီးတော့ အရမ်းဗိုက်ဆာနေတယ်လို့ အိပ်မက်မက်တယ်။ ပြီးတော့ သွားတွေ ယားလာဝာာနဲ့ သွားတွေကို တိုက်စားပြီး စားချင်လာတာ"

"‌သိပ်ကောင်းတယ်။ သိပ်ကောင်းတယ်။ ဒီလိုသစ္စာကြီးမားတဲ့ စရိုက်၊ ပြောင်မြောက်တဲ့ နတ်ဘုရားစွမ်းရည်။ အခုကစပြီး အဲ့ဒါကို ‌မိုးကောင်းကင်ဝါးမြိုသိုင်းလို့ ခေါ်တွင်စေ

"မင်း ငါတို့ဂိုဏ်းသားအနေနဲ့ ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်ကို ဝင်ချင်လား" အဘိုးကြီး၏မျက်လုံးများသည် လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပသွားပြီး ဖက်တီးကို အသိအမှတ်ပြုသလို ကြည့်သည်။

"အာ ဟုတ်ကဲ့" ဖက်တီးက မျက်တောင်တဖျပ်ဖျပ် ခတ်လျက် ပြန်ဖြေသည်။ ထို့နောက် သူက မေးသည်။ "ဒါပေမဲ့ ... ဒါပေမဲ့ ကျုပ် အိမ်က ကိုယ်လုပ်တော်တွေကိုရော ဘာလုပ်ရမလဲ။ ကျုပ်နဲ့အတူ လိုက်လာလို့ရလား"

"ငါထင်တဲ့အတိုင်း မင်းက ဆက်ဆံရေးတွေကို တန်ဖိုးထားတဲ့ ယောက်ျားတစ်ယောက်ကိုး။ မပူနဲ့။ မင်းရဲ့ကိုယ်လုပ်တော်တွေလည်း ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်ကို ဝင်ခွင့်ရမယ်" အဘိုးကြီးက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။ ဖက်တီးမှာ တောက်ပသော အလင်းရောင်ကို ဝန်းရံခံလိုက်ရပြီးနောက် ပျောက်ကွယ်သွားပြီး သူ့ပတ်ပတ်လည်ရှိ ကမ္ဘာကြီးပြိုကျသွား၏။ ကြယ်တာရာကောင်းကင်ရှိ နန်းတော်ထဲတွင် ခေါင်းဆောင်ကြီးများမှာ မပျော်သော်လည်း ဘာမှမတတ်နိုင်ကြပေ။

***

All Chapters