ပွင့်လန်းလာသော ပန်းပွင့်ငယ်
Vol. 61 Ch. 852
အခြားခေါင်းဆောင်ကြီးများသည် ကြယ်တာရာကောင်းကင်ထက်ရှိ နန်းတော်ထဲတွင် စိတ်ဆိုးမာန်ဆိုး ငြီးတွားနေကြ၏။
"သေစမ်း ငါ နည်းနည်းလေးပဲ နောက်ကျသွားတာကို အလားအလာရှိတဲ့ ကြယ်တစ်ပွင့် ဆုံးရှုံးလိုက်ရပြီ။ သူများလက်ထဲ ပါသွားရတယ်လို့"
ဖက်တီး ဂိုဏ်းသားအဖြစ် ရွေးချယ်ခံလိုက်ရသဖြင့် အပြင်လောကတွင် အံ့ဩခြင်းလှိုင်းတံပိုးကြီးများ တလိပ်လိပ် ထနေတော့သည်။
"အဲဒီဖက်တီးနာမည်က ဘာလဲ ပြန်ပြောစမ်းပါဦး။ သူ့ကို အထွတ်အမြတ်မြေငါးမြေထဲက ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်က ခေါ်သွားတာ ယုံတောင် မယုံနိုင်ဘူး"
"သူ့နာမည်က လီဖူကွေ့ဆိုတာ သေချာတယ်။ သူ့ဘဝက အခုကစပြီး သေချာပေါက် ပြောင်းလဲသွားပြီ"
"ကျောက်တိုင်ဆယ့်သုံးတိုင် နတ်ဘုရားစွမ်းရည်ကို ဖန်တီးနိုင်ခဲ့တာကြည့်ရင် လီဖူကွေ့က သေချာပေါက် ရွေးချယ်ခံတစ်ဦးပဲ။ စဉ်းစားကြည့် ၊ သိပ်မကြာခင် သူ ကျင့်ကြံအဆင့်တက်လိမ့်မယ်။ နောက်ဆုံးကျရင် တာအိုရှာဖွေခြင်းအထိ ကျိန်းသေတက်ပြီး အင်မော်တယ် ဖြစ်လာနိုင်တယ်"
"ဒါနဲ့ သူ ရပ်နေတဲ့ သစ်ပုံကြီးက ဘယ်လိုဖြစ်တာပါလိမ့်မယ်။ ဘယ်လိုလုပ်ပြီး ခွေးကိုက်ရာလို ကိုက်ရာတွေ ပြည့်နေတာလဲ။ အစကတည်းက အဲ့လိုလား"
အပြင်ဘက် နဝမတောင်နှင့်ပင်လယ်ရှိ စောင့်ကြည့်နေသူတိုင်းမှာ စိတ်ထဲတွင် တုန်လှုပ်နေကြလေသည်။ တချို့က မည်သည့်အရာမှ မစဉ်းစားနိုင်။ တချို့က မနာလိုနေကြသည်။
ဆွေးနွေးသံများ ဆက်လက်ဆူညံနေစဉ် အနုသုခုမရုပ်ခန္ဓာ ရှေးဟောင်းလမ်းပေါ်မှ နောက်ထပ်ထစ်ချုန်းသံတစ်သံ ကြားလိုက်ရသည်။ ဤတစ်ခေါက်တွင် ၎င်းသည် လီရှိချီထံမှ လာ၏။ ယခုတွင် သူမ၏ဝတ်ရုံမှာ သွေးရောင်အတိပြီးနေလေပြီ။ သူမက သွေးသစ်ခွ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည့်အလား ၎င်း၏ဘေးတွင် တင်ပျဥ်ခွေထိုင်နေသည်။
သူမသည် မျက်လုံးဖွင့်လိုက်ပြီး ထိုအခိုက်အတန့်တွင် .... သွေးသစ်ခွကား ညှိုးကျသွား၏။
ထိုသို့ဖြစ်ပျက်သောအခါ လီရှိချီ၏ မျက်နှာသည် တစ်ခါမှ မမြင်ခဲ့ဖူးသော စိတ်အားတက်ကြွမှုအရိပ်အယောင်ဖြင့် တောက်ပလာသည်။ ချက်ချင်းပင် သူမ၏ကျင့်ကြံခြင်းအခြေခံကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းသို့ ရောက်လုနီးသည်အထိ မြင့်တက်သွား၏။
စစချင်း သူမသည် တွေဝေနေသော်လည်း စိတ်ကြည်လင်သွားလျှင်ချင်း သူမ၏နူးညံ့သောလက်ကလေးဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် လေပေါ် လက်ညှိုးထိုးလိုက်သည်။ ခေါင်းထက်ရှိ ကောင်းကင်အကုန်လုံး သွေးရောင်ပြောင်းသွားပြီး သွေးသစ်ခွတစ်ပွင့်သည် သူမအပေါ်တွင် ဖြစ်တည်လာကာ ဖြေးညင်းစွာ ပွင့်လန်းလာ၏။
ထစ်ချုန်းသံကြီး ပဲ့တင်ထပ်သွားပြီး သွေးရောင်ကောင်းကင်မှ ကျောက်တိုင်တစ်တိုင်ပြီးတစ်တိုင် ကျလာသည်။ တစ်တိုင်၊ နှစ်တိုင်၊ သုံးတိုင် ... ဆယ်တိုင်၊ ဆယ့်နှစ်တိုင် .... ဆယ့်သုံးတိုင်....
အဆုံးသတ်တွင် ကျောက်တိုင်ဆယ့်လေးတိုင်သည် လီရှိချီ၏ပတ်ပတ်လည်ရှိ မြေကြီးအပေါ်တွင် မားမားမတ်မတ် ရပ်တည်လိုက်ရာ အရာအားလုံးကို တုန်ခါလာစေသည်။ လီရှိချီ ထရပ်လိုက်သည့်အခါ သူမသည် အားလုံး၏အာရုံစိုက်ရာ ဖြစ်လာ၏။
နဝမတောင်နှင့်ပင်လယ်ရှိ ပရိသတ်များမှာ အုံးအုံးကြွက်ကြွက် ဖြစ်သွားလေသည်။
"ဘုရားရေ။ သူက ဟိုဖက်တီးထက်တောင် အံ့ဩစရာကောင်းသေးတယ်။ ကျောက်တိုင် ဆယ့်လေးတိုင်တဲ့လား"
"သူက သွေးသစ်ခွနဲ့ပတ်သက်ပြီး ဉာဏ်အလင်းရသွားတာမလား။ သွေးသစ်ခွဘုရားကျောင်းကတော့ သေချာပေါက် အသေရရ အရှင်ရရ ဖြစ်တော့မှာ။ သူ့ကို ခေါ်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး"
"အနုသုခုမရုပ်ခန္ဓာရှေးဟောင်းလမ်းအပေါ်မှာ ရွေးချယ်ခံနှစ်ယောက် ဘယ်လိုလုပ်ပေါ်လာနိုင်တာတုန်း။ တစ်ယောက်မှ အရင်တုန်းက မျက်စိကျစရာမကောင်းခဲ့ပေမယ့် အခုတော့ အံ့ဖွယ်ပဲဟေး"
ဖက်တီးတုန်းက ကြယ်တာရာကောင်းကင်နန်းတော်မှ ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်ခေါင်းဆောင်ကြီးအပါအဝင် ခေါင်းဆောင်ကြီးငါးဦး ပျံထွက်လာခဲ့သည်။ သို့သော် ယခုတွင် လူခုနစ်ယောက် လေပေါ် ပျံတက်သွား၏။ တာအိုဆရာအစည်းအရုံးသုံးခုက တုတ်တုတ်မလှုပ်သော်လည်း အထွတ်အမြတ်မြေငါးမြေ၏ လဆည်းဆာရေကန်မှ ခေါင်းဆောင်ကြီးပင်လျှင် လှုပ်ရှားနေလေပြီ။
ခေါင်းဆောင်ကြီးခုနစ်ယောက်က မှန်သားပြင်သို့ တစ်ပြိုင်တည်း ရောက်ရှိသွားကြပြီးနောက် နတ်မီးလျှံစမ်းသပ်ပွဲလောကထဲရှိ လီရှီချီ၏အရှေ့တွင် ပေါ်လာသည်။
"ကလေးမ၊ အထွတ်အမြတ်မြေငါးမြေထဲက တစ်မြေဖြစ်တဲ့ လဆည်းဆာရေကန်ကို ဝင်ချင်လား'
"အထွတ်အမြတ်မြေငါးမြေမှာ ရွေးချယ်ခံတွေ အများကြီးရှိနေပြီးသား" ခုနစ်ယောက်အနက်မှ နောက်တစ်ယောက်က ပြောသည်။ "သူတို့ထဲ ဝင်ရင် မင်းအနေနဲ့ ဘယ်တော့မှ ထင်ပေါ်လာနိုင်မှာမဟုတ်ဘူး။ မင်းရဲ့ နားလည်နိုင်စွမ်းအပေါ် အခြေခံရင် အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းမှာ လက်ရှိမျိုးဆက်ရဲ့ ဧကရီတစ်ပါး သေချာပေါက် ဖြစ်လာနိုင်တယ်" လူတိုင်းကား လီရှိချီကို စည်းရုံးဖို့ ကြိုးစားနေကြလေသည်။
ဤအခိုက်အတန့်တွင် သွေးရောင်ဝတ်ရုံဝတ်ထားသော အဘိုးကြီးတစ်ဦးက ရုတ်တရက် စကားပြောလာသည်။
"မင်းက သွေးသစ်ခွအကြောင်း ဉာဏ်အလင်းရသွားပြီး အဲ့ဒါကို သုံးရင်း နတ်ဘုရားစွမ်းရည်တစ်ခု ဖန်တီးခဲ့တယ်။ အဲဒီအခြင်းအရာအရ မင်းရဲ့ကံတရားဟာ သွေးသစ်ခွဘုရားကျောင်းနဲ့ ပတ်သက်နေပြီးသားဆိုတာ သက်သေထူနေတာပဲ။ ငါတို့ဘုရားကျောင်းထဲဝင်ပါ။ မင်း ငါတို့ရဲ့ သန့်စင်သမီးတော်အလောင်းအလျာ ဖြစ်လာလိမ့်မယ်" ကျန်ခေါင်းဆောင်ကြီးခြောက်ဦးလုံး တုန်လှုပ်သွားကြသည်။ နတ်မီးလျှံစမ်းသပ်ပွဲအတွင်းမှ ရွေးချယ်ခံရသူများအနေဖြင့် ပုံမှန်ဆိုလျှင် အစမ်းကာလကို ဖြတ်သန်းရ၏။ သို့သော် သွေးသစ်ခွဘုရားကျောင်းမှ ခေါင်းဆောင်ကြီးက ပြိုင်ပွဲဝင်တစ်ဦးကို သူတို့၏သန့်စင်သမီးတော်အဖြစ် လုပ်ဖို့ ကမ်းလှမ်းနေရာ စည်းမျဉ်းနှင့် မညီညွတ်ပေ။ သို့စေကာမူ သူမသည် သွေးသစ်ခွနှင့်ပတ်သက်၍ ဉာဏ်အလင်းရခဲ့သည့်အတွက် အခြားသူများမှာ နားလည်ပေးနိုင်လေသည်။
လီရှိချီက သွေးသစ်ခွဘုရားကျောင်းမှ အဘိုးကြီးကို တခဏ တိတ်ဆိတ်စွာ ကြည့်သည်။ နောက်ဆုံးတော့ သူမသည် ဒူးညွှတ်အရိုအသေပေးလိုက်၏။
"စီနီယာ၊ ကျွန်မက လီရှိချီပါ။ သွေးသစ်ခွဘုရားကျောင်းကို ဝင်ရောက်လိုပါတယ်"
အပြင်လောကကြီးရှိ အုတ်အော်သောင်းနင်းဖြစ်နေမှုများမှာ ပို၍ပင် ပြင်းထန်သွားသည်။ လီရှိချီသည် သွေးသစ်ခွဘုရားကျောင်းခေါင်းဆောင်ကြီးနှင့်အတူ ထွက်ခွာသွားပြီးနောက် ထိုအဖွဲ့အစည်းမှ ကျင့်ကြံသူများသည် လီရှိချီဆိုသော မိန်းကလေးတစ်ဦးသည် နဂါးဂိတ်ပေါက်ကို ခုန်တက်သွားသော ငါးသဖွယ် သူမ၏စာမေးပွဲကို ထူးထူးချွန်ချွန် အောင်ခဲ့ပြီဖြစ်ကြောင်း သိသွားကြလေ၏။
နောင်တစ်ချိန်တွင် သူမ၏ဂုဏ်ကျက်သရေသည် လီဖူကွေ့ထက်ပင် သာလွန်လိမ့်မည်။ သူမသည် သွေးသစ်ခွနှင့်ပတ်သက်၍ ဉာဏ်အလင်းပွင့်ခဲ့ပြီး ထိုမှတစ်ဖန် နတ်ဘုရားစွမ်းရည်တစ်ခုကို ဖန်တီးခဲ့၏။ သွေးသစ်ခွကြောင့် တည်ထောင်ခဲ့သော သွေးသစ်ခွဘုရားကျောင်းအတွက် ဤအခြင်းအရာက သူမကို သန့်စင်သမီးတော်အလောင်းအလျားတစ်ဦးဖြစ်ဖို့ အရည်အချင်းပြည့်မှီစေခဲ့လေသည်။
ဤအချိန်တွင် မန်ဟိုသည် အင်မော်တယ်အပျက်အစီး ၇၂ ခုကို ဖြတ်သန်းခဲ့ပြီးလေပြီ။ ဖက်တီးနှင့် လီရှိချီကြောင့် သူ့ကို သိပ်အာရုံမရှိကြတော့ပေ။ သို့သော် မြင့်မားသောကျင့်ကြံအဆင့်များဖြင့် လူတချို့သည် အနာဂတ်ကို ချင့်ချိန်စဉ်းစားတတ်ပြီး လေးလေးနက်နက် ရှုမြင်တတ်၏။
သူတို့က ဆွေးနွေးမှုများတွင် မပါဝင်သော်လည်း မန်ဟို အင်မော်တယ်အပျက်အစီးအမျိုးမျိုးမှ ဉာဏ်အလင်းများ ရနေသည်ကို မြင်လျှင် စိတ်ထဲတွင် တုန်လှုပ်နေကြလေသည်။ နန်းတော်ထဲရှိ ခေါင်းဆောင်ကြီးများလည်း ဤအခြင်းအရာကို အာရုံစိုက်နေသော်လည်း မည်သူမျှ စကားစပြောခြင်းမရှိပေ။
ယခုတွင် အခြားဂိုဏ်းများသည် မန်ဟို့ကို ပြိုင်လုဖို့ ကြိုးစားလျှင် တာအိုဆရာအစည်းအရုံးသုံးခုကို ကလန်ကဆန်လုပ်ရလိမ့်မည်ဖြစ်ကြောင်း သိသာလာ၏... တာအိုအဖွဲ့အစည်းသုံးခုက နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုလုံး၏ တာဝန်ရှိသူမဟုတ်ပါလော။
နတ်ဘုရားစွမ်းရည်ဖန်တီးမှုစစ်ဆေးခြင်းတွင် ပြင်းထန်သောရည်မှန်းချက်များနှင့် လူများသာ အင်မော်တယ်အပျက်အစီးများစွာမှ ဉာဏ်အလင်းရနိုင်ကြောင်း လူတိုင်း ကောင်းကောင်းသိကြ၏။ တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းတွင်ဖြစ်စေ၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းဖြစ်စေ၊ အနုသုခုမရုပ်ခန္ဓာဖြစ်စေ မန်ဟိုနှင့် တူနေသောလမ်းကို လျှောက်နေကြသူများရှိ၏။ အများစုက လက်တစ်ဆုပ်မျှသာ ဉာဏ်အလင်းရထားကြရာ မန်ဟိုနှင့်တော့ ဆီနှင့်ရေလို ကွာခြားလေသည်။
အပြင်လောကရှိ လူများ လီရှိချီနှင့် ဖက်တီးအကြောင်း ဆွေးနွေးနေကြစဉ် ဝမ်ယိုချိုင်သည် ကြေးမုံ၏အရှေ့၌ တင်ပျဉ်ခွေထိုင်လျက်ရှိ၏။ သူ၏မျက်လုံးများမှာ နီရဲတွတ်နေပြီး သွေးများ တရဟော စီးကျနေသည်။ သူ့မှာ သရဲဝင်စီးခံထားရသည့်အလား တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေလေသည်။
"ငါ ဒီထက်ပိုမြင်နိုင်တယ်။ ငါအရာအားလုံးကို မြင်နိုင်တယ်..."
"ငါ့ပင်ကိုယ်ပါရမီက တုန်းဟူလို မထက်သန်သလို၊ ငါ့ကျင့်ကြံခြင်းအခြေခံကလည်း မန်ဟို့လို မကောင်းမွန်ဘူး။ ဒါပေမဲ့ ငါ နောက်ဆုတ်ဖို့ ငြင်းဆန်တယ်" ဝမ်ယိုချိုင်၏မျက်လုံးများမှ သွေးများပိုမိုကျလာပြီး သူ့သူငယ်အိမ်များမှာ ပေါက်ကွဲတော့ခါနီးလေပြီ။
"ဒါက ငါ့ရဲ့ တစ်ခုတည်းသော အခွင့်အရေး။ အရင်အဆင့်တွေတုန်းက ဘယ်သူမှ ငါ့ကို အရေးမလုပ်ခဲ့ဘူး။ ဒါပေမဲ့ အခု .... ငါ ထင်ပေါ်လာစေရမယ်
"ငါ .... အကုန်လုံးကို မြင်ချင်တယ်။ ကံတရားအကုန်လုံးကို မြင်ချင်တယ်။ ငါ့မျက်လုံးတွေက မိုးကောင်းကင်ရဲ့အလွန်မှာ ရှိနေတဲ့အရာတွေ၊ မြေကြီးအောက်မှာ ရှိနေတဲ့ မြေအောက်ကမ္ဘာကို မြင်ရမယ်" သူ၏မျက်လုံးများ သွေးများ အဆက်မပြတ် စီးကျလာပြီး သူ၏သူငယ်အိမ်များမှာ ကြေမွစပြုလာသည်။
အသက်ဆယ်ရှိုက်ကြာသော် ဝမ်ယိုချိုင်ထိုင်နေသည့် ကမ္ဘာထဲမှ ထစ်ချုန်းသံကြီးတစ်သံ ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဝမ်ယိုချိုင်၏ ခပ်တိုးတိုး ရေရွတ်သံအား ကြားရနိုင်သည်။
"ငါ အခု မြင်ရပြီ..." သူ စကားပြောလိုက်သည်အခိုက်အတန့်တွင် သူ၏မျက်လုံးများ ရုတ်တရက် တစစီ ကြေမွသွား၏။ သူ့အရှေ့ရှိ အရာအားလုံး အမှောင်ဖုံးသွားပြီး ဤအခိုက်အတန့်တွင် ထာဝရ ပျောက်ကွယ်သွားလေပြီ။ သူ၏မျက်လုံးများ ကြေမွသွားပြီးနောက်တွင် သူက ၎င်းတို့ကို ပိတ်လိုက်သည်။
ကြွေမွခြင်းသည် စက္ကန့်ဝက်လေးအတွင်း ဖြစ်ပျက်သွားခဲ့ပြီး ထိုအခိုက်အတန့်တွင် ဝမ်ယိုချိုင်၏ပတ်ပတ်လည်ရှိ ကမ္ဘာသည် အက်ကွဲပြီး ..... အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွား၏။
အရာအားလုံး ပျက်စီးနေစဉ် သူက ထရပ်လိုက်သည်။ ကျောက်တိုင်များက တစစီဖြစ်နေသော ကောင်းကင်ထက်မှ တစ်တိုင်ပြီးတစ်တိုင် ကျလာသည်။ ယခုတွင် အပြင်လောကရှိ အာရုံအားလုံးမှာ ဝမ်ယိုချိုင်အပေါ် ကျရောက်နေလေပြီ။
သူတို့သည် ကမ္ဘာလောကပျက်စီးသွားသည်ကို မြင်ပြီး ကျောက်တိုင်များ ကျလာသည်ကိုလည်း တွေ့ကြလိုက်ရ၏။ လူတိုင်း ပါးစပ်အဟောင်းသားပင်။
တစ်တိုင်၊ ငါးတိုင်၊ ဆယ်တိုင်၊ ဆယ်သုံးတိုင်၊ ဆယ့်ငါးတိုင် ...
ကျောက်တိုင်စုစုပေါင်းဆယ့်ခြောက်တိုင် ကျလာပြီး မျက်လုံးများပိတ်လျက် တိတ်ဆိတ်စွာ ရပ်နေသော ဝမ်ယိုချိုင်ကို လှည့်ပတ်လိုက်ကြသည်။
"အခုကစပြီး ငါ့မျက်လုံးတွေဟာ အမြဲပိတ်နေလိမ့်မယ်။ သူတို့ ပြန်ပွင့်လာတဲ့အခါ ကောင်းကင်နဲ့မြေကြီးဟာ အံ့ဖွယ်အပြောင်းအလဲတွေနဲ့ ကြုံတွေ့ရလိမ့်မယ်
"ငါ့နတ်ဘုရားစွမ်းရည်ကို ... အမှောင်ဆုံးည လို့ ခေါ်စေ"
ဝမ်ယိုချိုင်၏ ဟိန်းထွက်လာစဉ် နဝမတောင်နှင့်ပင်လယ်မှာ တအံ့တဩ ကြည့်နေကြတော့သည်။
"ကျောက်တိုင်ဆယ့်ခြောက်တိုင်။ တကယ်ကြီး ဆယ့်ခြောက်တိုင်ဟ"
"အံ့ဩဘနန်းပဲ။ ရှေးခေတ်ကနေ ဒီနေ့အချိန်အထိ အဲဒီထက်သာတာဆိုလို ရှေးမှတ်တမ်းတွေမှာ မှတ်သားခံခဲ့ရတဲ့ နဝမပင်လယ်နတ်လောကက ဆရာဖန်းပဲ ရှိတယ်"
"တာအိုဆရာအစည်းအရုံးသုံးခုတောင် တုန်လှုပ်သွားလိမ့်မယ်လို့ ငါ လောင်းရဲတယ်"
ကြယ်တာရာကောင်းကင်နန်းတော်ထဲတွင် ဂိုဏ်းအသီးသီး၏ ခေါင်းဆောင်ကြီးများစွာသည် ဝမ်ယိုချိုင်ကို ကြည့်ကာ ပင့်သက်ရှိုက်မိသွားကြ၏။ သူတို့ပင်လျှင် မြင်နေရသောအရာကြောင့် တုန်လှုပ်သွားကြသည်။
"သူက နတ်ဘုရားစွမ်းရည်တစ်ခု ဖန်တီးဖို့ ကိုယ့်မျက်လုံးကို ဖျက်စီးပြီး အကန်းခံလိုက်တယ်။ ဒါမဲ့ သူရဲ့ အတိုက်အခိုက်စွမ်းရည်ကို ထည့်တွက်ရင် အနုသုခုမရုပ်ခန္ဓာအဆင့်မှာတောင်မှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကို သတ်နိုင်တယ်။ သူ တာအိုရှာဖွေခြင်းအဆင့်ရောက်လို့ မျက်လုံးဖွင့်လိုက်ရင် ရလဒ်က အင်မတန် အံ့ဖွယ်ကောင်းလိမ့်မှာ"
"ဘယ်လောက်ရက်စက်လိုက်လဲ ၊ ဘယ်လောက်ခေါင်းမာလိုက်လဲ"
လူဆယ်ယောက်က မှန်သားပြင်ထံသို့ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ထွက်သွားကြသည်။ အမြန်ဆုံးက လဆည်းဆာရေကန်မှ ခေါင်းဆောင်ကြီးပင်။ သို့သော် သူက မှန်သားပြင်ထဲ မဝင်ဘဲ လှည့်၍ ကျန်ရှိသူများကို အရိုအသေပေးလေသည်။
"ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အမျိုးသမီးတို့ ၊ တာအိုရောင်ရင်းတို့။ လဆည်းဆာရေကန်က ဒီကလေးအတွက် အတော်လေး သင့်တော်ပါတယ်။ လကွယ်သွားရင် ကောင်းကင်မှာ ဘာအလင်းရောင်မှ မကျန်ခဲ့ပါဘူး။ အဲ့ဒီအစား ညအမှောင်ထုက အဆုံးမရှိအောင် နက်ရှိုင်းလာပါတယ်။ ကျုပ်နဲ့ ဒီကလေးကို ပြိုင်မလုကြဖို့ .... တောင်းဆိုချင်ပါတယ်ခင်ဗျာ
"တာအိုဆရာအစည်းအရုံးသုံးခုက တာအိုအကြီးအကဲတို့၊ လဆည်းဆာရေကန်ကို မျက်နှာအနည်းငယ်ပေးရင် နောက်နောင် ကျေးဇူးပြန်ဆပ်ပါ့မယ်လို့ ကတိပြုပါတယ်" သူက လက်ယှက်ပြီး လေးလေးနက်နက် အရိုအသေပေးလိုက်သည်။ လူတိုင်းကား မျက်လုံးများ တလက်လက် တောက်ပနေလျက် ရပ်လိုက်ကြသည်။ ဘယ်သူမှ ဘာမှမပြောဘဲ တာအိုဆရာအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးများကို လှည့်ကြည့်လိုက်ကြသည်။
နဝမပင်လယ်နတ်လောကမှ ခေါင်းဆောင်ကြီးက တခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ပြဿနာမရှိဘူး"
တာအိုဆရာအစည်းအရုံးသုံးခု၏ ခေါင်းဆောင်နေရာတွင် ထိုင်နေသူမှာ တန်ခိုးရှင်တစ်ဦးအသွင်ဆောင်သော အဘိုးကြီးဖြစ်သည်။ သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်သော အမူအရာရှိ၏။ သူစကားပြောလိုက်စဉ် အင်မော်တယ်ချီတို့က သူ့ကို လှည့်ပတ်သွားသည်။ "ဒီမှာ အင်မော်တယ်ရှေးတာအိုဆရာများအဖွဲ့နဲ့ ရေစက်ပါတဲ့ တစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူက နတ်မီးလျှံစမ်းသပ်ပွဲအတွင်း ငါတို့ဆီ ဝင်မှာ မဟုတ်ဘူး။ တကယ်တမ်း ဒီပွဲကျင်းပဖို့ ငါ သဘောတူခဲ့တဲ့ တစ်ခုတည်းသောအကြောင်းရင်းက သူ့ကို မြင်ချင်လို့ပဲ။ မင်းပြောတဲ့လူက သူမဟုတ်တဲ့အတွက် ငါ မင်းကို မတားဘူး"
သူ့ဘေးတွင် မြင့်မြတ်သောရေစီးဓားဂူမှ အဘိုးကြီးတစ်ယောက် ရှိသည်။ သူက အတော်လေး အေးစက်ပြီး ရက်စက်သောဓားတစ်လက်သဖွယ် အပြုံးနှင့် ပြုံးလိုက်သည်။
"ငါလည်း ဒီကလေးကို သဘောကျပေမယ့် ... ဟမ်" မြင့်မြတ်သောရေစီးဓားဂူမှ အဘိုးကြီး စကားပြောရုံရှိစဉ် ရုတ်တရက် သူ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး မှန်သားပြင်များကို လှမ်းကြည့်လိုက်သည်။ သူ့ဘေးရှိ နဝမပင်လယ်နတ်လောကနှင့် အင်မော်တယ်ရှေးတာအိုဆရာများအဖွဲ့မှ ခေါင်းဆောင်ကြီးတို့လည်း ထိုနည်းတူ ကြည့်လိုက်ကြ၏။
"၉၁"
"သူက အင်မော်တယ်အပျက်အစီး ၉၁ ခုကနေ ဉာဏ်အလင်းရထားပြီပြီ"
တာအိုရှာဖွေခြင်းရှေးဟောင်းလမ်း၌ မန်ဟိုသည် စေတီမြင့်မြင့်အပေါ်တွင် ရပ်နေ၏။ သူ၏မျက်လုံးများ ပွင့်လာသောအခါ တွေဝေနေသောပုံစံရှိသော်လည်း လျင်မြန်စွာ စိတ်ကြည်လင်သွားလေသည်။ သူက တုံ့ဆိုင်းမနေဘဲ နောက်တစ်နေရာသို့ ဦးတည်သွား၏။
သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး အင်မော်တယ်အပျက်အစီးများ ထပ်ရှာရင်းနောက်ဆုံးတွင် ၉၂ ခုမြောက်၊ ၉၃ ခုမြောက်ကို ရှာတွေ့သွားလေသည်။
ရှေးဟောင်းလမ်းများအပေါ်တွင် အချိန်များ ကုန်ဆုံးသွားသည်။ တစ်ယောက်ပြီးတစ်ယောက် နတ်ဘုရားစွမ်းရည်များ ဖန်တီးကြသော်လည်း တစ်ခုမှ အစောပိုင်း၌ ဖြစ်ပွားခဲ့သောအရာများလောက် အံ့ဩစရာမကောင်းပေ။ ချန်ဖန်းသည် နတ်ဘုရားစွမ်းရည် ဖန်တီးခဲ့သော်လည်း ကျောက်တိုင်ရှစ်တိုင်သာ ကျရောက်လာခဲ့၏
အခြားအခြေအနေများတွင် ဆိုလျှင် ၎င်းက အံ့ဖွယ်ကောင်းမည်ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် ထူးထူးခြားခြား မဖြစ်တော့ပေ။
အချိန်များ ကုန်လွန်သွားပြီး ယခုတွင် နတ်ဘုရားစွမ်းရည်များ မဖန်တီးသေးဘဲ အင်မော်တယ်အပျက်အစီးများမှ ဉာဏ်အလင်းများ ဆက်လက်ရှာဖွေနေသေးသော ပြိုင်ပွဲဝင်များအပေါ် အာရုံပိုစိုက်နေကြလေသည်။ ဤလူများ မအောင်မြင်လျှင် မအောင်မြင်မည်၊ အောင်မြင်ပါက မိုးကောင်းကင်ကို ဖီဆန်နေသော ရလဒ်များ ဖြစ်လိမ့်မည်ဟု လူတိုင်းသိကြ၏။
ပြန်လည်၍ ၊ မန်ဟိုသည် အားလုံး၏ အာရုံစိုက်ရာဖြစ်လာသည်။ ယခုတွင် သူ ဉာဏ်အလင်းရခဲ့သော အင်မော်တယ်အပျက်အစီးအရေအတွက်မှာ ဆရာဖန်းထက်ပင် များနေချေပြီ။
"၉၆"
"သူက တကယ်ပဲ အပျက်အစီး ၉၉ ခုလုံးကနေ ဉာဏ်အလင်းရတော့မှာလား။ ရှေးခေတ်ကနေ ယနေ့ထက်ထိ အဲဒီလိုလုပ်နိုင်ခဲ့တာ လူတစ်ရာထက် မပိုခဲ့ဘူး။ ဟုတ်တာပေါ့ အဲဒီလူတွေထဲကမှာမှ ဆရာဖန်းက ကျောက်တိုင်ဆယ့်ကိုးတိုင် နတ်ဘုရားစွမ်းရည်ကို ဖန်တီးနိုင်ခဲ့တဲ့ တစ်ယောက်တည်းသောလူလေ"
"ဘယ်သူမှ ဆရာဖန်းနဲ့ မယှဉ်နိုင်ဘူး။ ဖန်မု နတ်ဘုရားစွမ်းရည်ဖန်တီးတဲ့အခါ... ကျောက်တိုင်ဘယ်နှတိုင် ကျလာမလဲ မသိဘူးနော်"
***