တံတားကိုးစင်း
Vol. 61 Ch. 853
အပြင်ဘက် နဝတောင်နှင့်ပင်လယ်တွင် လူတိုင်းသည် မန်ဟို့ကို ကြည့်ရင်း ဆွေးနွေးနေကြ၏။
"စောစောက ဝမ်ယိုချိုင်ဆိုတဲ့တစ်ယောက်ထက် သူ သာကောင်း သာလိမ့်မယ်။ ဒါမှမဟုတ် ဘယ်သူသိနိုင်မလဲ မယှဉ်လည်း မယှဉ်နိုင်လောက်ဘူး"
"သူက ဝမ်ယိုချိုင်နောက်မှာတော့ ဘယ်တော့မှ ကျန်ခဲ့မှာမဟုတ်ဘူး။ ရှေးခေတ်ကနေ အခုထက်ထိ အင်မော်တယ်အပျက်အစီး ၉၀ ကျော် ဉာဏ်အလင်းရခဲ့တဲ့လူက တစ်ရာတောင်မပြည့်ဘူးလေ"
"ဖန်မုမှာ ကြောက်စရာနတ်ဘုရားအာရုံနဲ့ စိတ်စွမ်းအားရှိတယ်လို့ ပြောနိုင်တယ်။ သူ့ရဲ့ နောက်ဆုံးဖန်တီးမှုဖြစ်တဲ့ နတ်ဘုရားစွမ်းရည်က သူရဲ့ ဗီဇစိတ်အတွက် စစ်ဆေးမှုတစ်ခု ဖြစ်လိမ့်မှာပဲ"
ကြယ်တာရာကောင်းကင်နန်းတော်တွင် ခေါင်းဆောင်ကြီးတစ်ယောက်ချင်းစီသည် မန်ဟို့ကို ကိုယ်စားပြုသော မှန်သားပြင်အား မမှိတ်မသုန် ကြည့်နေကြ၏။
လူတိုင်း ထိုကဲ့သို့ မှန်သားပြင်များကို အာရုံစိုက်နေကြစဉ် မန်ဟိုက မြင့်မားသောကျောက်ကမ်းပါးစွန်းတစ်ခုတွင် ရပ်နေသည်။ သူက မျက်လုံးများ ဖွင့်လိုက်ပြီး သူ၏အမူအရာမှာ ပုံမှန်အတိုင်း တွေဝေငေးကြောင်လျက်ရှိ၏။ ထို့နောက် နောက်တစ်နေရာသို့ ဦးတည်သွားလေသည်။
ကျောက်ကမ်းပါးအနားတွင် ရှေးဟောင်းဝတ်ပြုကျောင်းတစ်ကျောင်းရှိသည်။ ဤသည်မှာ သူ ဉာဏ်အလင်းရခဲ့သည့် ၉၇ ခုမြောက် အင်မော်တယ်အပျက်အစီးဖြစ်ရာ အပြင်လောကရှိ သူ၏မှန်သားပြင်အပေါ်တွင် အလင်းစက်နောက်တစ်စက် ပေါ်လာလေသည်။ ထိုအခြင်းအရာက လူတိုင်းကို အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။
"အင်မော်တယ်အပျက်အစီး ၉၇ ခု။ ဒီဖန်မုက မိုးကောင်းကင်ကို ဖီဆန်နေတာပဲ"
"သူ ပိုလို့တောင် မိုးကောင်းကင်ကို ဖီဆန်နေတဲ့ နတ်ဘုရားစွမ်းရည်ကို ဖန်တီးနိုင်မလား မဖန်တီးနိုင်ဘူးလား သိရဖို့ မစောင့်နိုင်တော့ ဘူး"
"ပြောလို့မရဘူးကွ။ အဲဒီလို လုပ်ခဲ့တဲ့လူတွေထဲမှာ ဆရာဖန်းတစ်ယောက်ပဲ ပြိုင်ဘက်ကင်းနတ်ဘုရားစွမ်းရည်ကို ဖန်တီးနိုင်ခဲ့တာ"
မန်ဟိုနည်းတူ နတ်မီးလျှံစမ်းသပ်ပွဲတွင် လှည့်လည်သွားလာနေသော အခြားသူများအနက် မန်ဟိုပြီးလျှင် အင်မော်တယ်အပျက်အစီးအများဆုံးနှင့် လူတွင် ၈၃ ခုသာ ရှိလေသည်။
ယင်းက မျက်နှာဖုံ့းနှင့် လူငယ်ဖြစ်သည်။ မန်ဟိုသာ နတ်မီးလျှံစမ်းသပ်ပွဲတွင် မပါဝင်ခဲ့လျှင် သူ့မှာ ယခင်အဆင့်များ၌ အားလုံးအာရုံစိုက်ရာဖြစ်ပြီး ယခု ပထမနေရာဖြစ်မှာ ဖြစ်သည်။
မှန်သားပြင်ပေါ်ရှိ မန်ဟို၏ပုံရိပ်က သူ့အတွက်တော့ အရိပ်ကြီးသဖွယ်ပင်။
လောလောဆယ်တွင် သူသည် သူ့ကမ္ဘာအပြင်၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်လဲ မသိပေ။ အံတင်းတင်းကြိတ်၍ ဆက်သွားနေစဉ် သူ၏အမူအရာမှာ စိတ်ပိုင်းဖြတ်ထားသော ဟန်ရှိသည်။ သူက အင်မော်တယ်အပျက်အစီး ၈၃ ခုမြောက်မှ ထွက်လာခဲ့ပြီး နောက်တစ်ခုကို စရှာနေ၏။
အချိန်များ ပိုမိုကုန်ဆုံးလာစဉ် သူတို့၏ တိုးတက်မှုမှာ နှေးသထက် နှေးလာသည်။ ရက်အနည်းငယ်ကြာမှ နောက်ဆုံး မန်ဟိုသည် ၉၇ ခုမြောက် အင်မော်တယ်အပျက်အစီးမှ ဉာဏ်အလင်းရလိုက်၏။ ထိုနေရာတွင် အတန်ကြာ တင်ပျဉ်ခွေထိုင်နေပြီးနောက် သူက ဖြေးညင်းစွာ ထရပ်ပြီး နောက်တစ်နေရာ ချောက်နက်ကြီးဆီသို့ ဦးတည်သွားလေသည်။
အတိတ်တုန်းက ဥက္ကာခဲကြီးတစ်ခဲ ဤနေရာသို့ ကျလာခဲ့သည့်အလား ချောက်နက်ထဲ၌ တလက်လက်တောက်ပနေသော အလင်းရောင်ကို မြင်ရနိုင်သည်။
ဤသည်မှာ မည်သူမဆို ရှာတွေ့နိုင်သည့်နေရာမဟုတ်ပေ။ ရှာတွေ့သူတိုင်းလည်း ဖိအားကို တောင့်ခံဖို့ ခက်ခဲကြောင်း တွေ့ရပေမည်။ မန်ဟိုသာလျှင် မယုံကြည်နိုင်ဖွယ် နတ်ဘုရားအာရုံ၊ ကြောက်မက်ဖွယ် စိတ်စွမ်းအားတို့ဖြင့် ချောက်ထဲ ဆင်းနိုင်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်၏။
"၉၈" အပြင်လောကရှိ လူအုပ်ကြီးမှာ အံ့ဩတုန်လှုပ်နေကြပြီး ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးများမှာတော့ တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။
"တစ်ခုပဲ ကျန်တော့တယ်။ အဲ့ဒါပြီးရင် ၉၉ ခုပြည့်ပြီ"
"ရှေးခေတ်ကနေ ယနေ့ထက်ထိ စိတ်ဝိညာဉ်နယ်ပယ်က ဘယ်သူမှ တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်က အင်မော်တယ်အပျက်အစီး ၉၉ ခုလုံးကို ဉာဏ်အလင်းမရခဲ့ဖူးဘူး"
"ဒီဖန်မုက ဘယ်သူပါလိမ့်။ သူ ဘယ်ကလာတာလဲ။ အဲဒီအတိုင်းသာ တကယ်လုပ်နိုင်ရင် သူ့ကျော်ကြားမှုက နဝမတောင်တစ်ခုလုံးကို တသိမ့်သိမ့် တုန်သွားစေလိမ့်မယ်" အပြင်လောကတွင် ဆူညံနေသော်လည်း ကြယ်တာရာကောင်းကင်နန်းတော်မှာ သုဿန်တစပြင်ပမာ တိတ်ဆိတ်နေ၏။
ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်ကြီးများသည် အာရုံစိုက်နေကြသော်လည်း ဘယ်သူမှ စကားမပြောကြပေ။
နတ်မီးလျှံစမ်းသပ်ပွဲရှိ အခြားပြိုင်ပွဲဝင်များကိုမူ အာရုံမရှိကြပေ။ ၈၈ ခုမြောက် အင်မော်တယ်အပျက်အစီးသို့ ရောက်ရှိနေသော မျက်နှာဖုံးနှင့် လူငယ်ပင်လျှင် မန်ဟို့နောက်တွင် ဖြစ်သည်။
ငါးရက်ကြာသွားသည်။
မန်ဟိုက မျက်လုံးများကို ဖြေးဖြေးချင်း ဖွင့်လိုက်သည်။ သူသည် ပင်ပန်းနေပုံရပြီး ယခင်ပင်ပို၍ တွေဝေငေးကြောင်နေ၏။ ဤတစ်ခေါက်တွင် သူ့မှာ မနိုးထနိုင်မည့်အခြေအနေ၏ အစပ်နားသို့ ရောက်နေခဲ့လေသည်။ ချောက်နက်သည် ကျောက်သားအစအနများဖြင့် ပြည့်နေပြီး တစ်ခုစီက မတူညီသောအရှိန်အဝါတစ်ခုစီကို ထုတ်လွှတ်နေ၏။ ထိုအရှိန်အဝါများက အတူပေါင်းစုရင်း စိတ်ကို စိုးမိုးသွားသည့် ရှေးဟောင်းဝဲကြီးတစ်ဝဲအသွင် ပြောင်းသွားလေသည်။
သူ့မှာ ရှေးခေတ်တစ်ခေတ်မှ တိုက်ရိုက်လာသော တာအိုမှော်ကျင့်စဉ်တစ်ခုကို ကြုံတွေ့နေရသည့်အလားပင်။ တစ်စုံတစ်ယောက်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ခေါင်းအထက်ရှိ ကြယ်တစ်စင်းသည် ဥက္ကာခဲကြီးအဖြစ်ကျလာကာ မြေကြီးကို ဝုန်းခနဲ ဝင်တိုက်သွား၏။
ကြီးမားသော အားကြီးက မြေပြင်ကို အက်ကွဲသွားစေပြီး ခေါင်းအထက်ရှိ နက္ခတ်တာရာများတချို့လည်း ကြေမွသွားတော့သည်။ ထိုအခိုက်အတန့်တွင် မန်ဟိုသည် သူ၏နတ်ဘုရားအာရုံ တစစီစုတ်ဖြဲခံနေရသကဲ့သို့ ခံစားခဲ့ရ၏။ သူ၏စိတ်စွမ်းအားကြံ့ခိုင်မှုကြောင့်သာ စိတ်မလွင့်သွားအောင် ထိန်းလိုက်နိုင်ခြင်းဖြစ်သည်။
"ပိုပိုပြီး ခက်လာတယ် ..." သူက တွေးသည်။ "ငါ အင်မော်တယ်အပျက်အစီး ၉၈ခု ကနေ ဉာဏ်အလင်းရခဲ့ပြီးပြီ။ လင်းယွင်ကျစ်ပြောပုံအရဆိုရင် အင်မော်တယ်အပျက်အစီး ၉၉ ရှိတဲ့အပြင် အကောင်းပကတိ အင်မော်တယ်စံအိမ်တစ်လုံး ရှိသေးတယ်တဲ့
"ဒါပေမဲ့ နတ်ဘုရားအာရုံဖြန့်ကျက်ကြည့်တော့ နောက်ဆုံးအင်မော်တယ်အပျက်အစီးကို အာရုံရခဲ့ပေမယ့် အင်မော်တယ်စံအိမ်ကို မတွေ့ရဘူး
"ကံဆိုးစွာနဲ့ ငါ့နတ်ဘုရားအာရုံနဲ့တောင်မှ နောက်ဆုံးအင်မော်တယ်အပျက်အစီးရဲ့ နေရာအတိအကျကိုမဟုတ်ဘဲ အကြမ်းဖျင်းလောက်ပဲ ခံစားရတာ။ ဒါပေမဲ့ အဲဒီနေရာက .... အရမ်းအန္တရာယ်များတယ်လို့လည်း အာရုံရနေတယ်" တခဏကြာသော် သူသည် ထရပ်ပြီး ချောက်ထဲမှ တိတ်ဆိတ်စွာ ထွက်လာ၏။ ထို့နောက် ချောက်အစွန်းတွင် ရပ်ကာ တွေးနေသည်။
သူ့မှာ လောလောဆယ်တွင် ဆက်သွားရမည်လား၊ ဤမှာတင် နတ်ဘုရားအာရုံကို ဖန်တီးရမည်လား တွေဝေနေသည်။ ဤအခိုက်အတန့်တွင် သူသည် မည်သည့်နတ်ဘုရားစွမ်းရည်အမျိုးအစားမျိုး ဖန်တီးချင်သလဲ အကြံတချို့ ရနေပြီဖြစ်၏။
တခဏကြာသော် သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားမှုတို့ဖြင့် တောက်ပလာတော့သည်။ သူသည် အလွယ်တကူ နောက်ဆုတ်တတ်သော လူစားမျိုးမဟုတ်ပေ။ အန္တရာယ်များလျှင်တောင်မှ ခေါင်းမာသူဖြစ်၏။ ထို့ကြောင့်သာမဟုတ်လျှင် စာပေသမားတစ်ယောက်ဘဝမှ အစစ်အမှန်အင်မော်တယ်စွမ်းအား ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့မည်မဟုတ်ပေ။
"နတ်ဘုရားစွမ်းရည်အားကောင်းလေလေ၊ ကျောက်တိုင်များများ ကျလာမှာ။ ငါ ကျောက်တိုင်တွေ လိုတယ်" မန်ဟိုက အသက်ပြင်းပြင်းရှူ၍ တွေဝေနေသောအတွေးများကို ခေါင်းထဲမှ ထုတ်ပြီးနောက် သူ၏နတ်ဘုရားအာရုံမှ ညွှန်ပြနေသော ၉၉ခုမြောက် အင်မော်တယ်အပျက်အစီးရှိရာသို့ ဆက်သွားလိုက်သည်။
နေရာအတိအကျမသိသော်လည်း ရှာတွေ့လိမ့်မည်ဟု မန်ဟို ယုံကြည်ချက်ရှိ၏။ အချိန်နည်းနည်းလေး ထပ်လိုရုံသာ။
တစ်ရက် ၊ နှစ်ရက် ၊ သုံးရက် ....
ဂိုဏ်းအမျိုးမျိုး၏ ခေါင်းဆောင်ကြီးများ စောင့်ကြည့်နေကြသဖြင့် ကြယ်တာရာကောင်းကင်နန်းဝောာ်မှာ တိတ်ဆိတ်နေလေသည်။
ထို့နောက် ရှေးဆန်သောအသံတစ်သံ နန်းတော်အတွင်းတွင် ပဲ့တင်ထပ်လာသည်။ ဤလူသည် စကားတစ်ခွန်းမှ မပြောခဲ့ဖူးသလို၊ ဂိုဏ်းသားလက်ခံခြင်းလည်း မရှိခဲ့ပေ။ သူကား ခွန်လွန်အစည်းအရုံးမှ အဘိုးကြီးတစ်ဦးဖြစ်၏။
"သူ ၉၉ ခုမြောက် အင်မော်တယ်အပျက်အစီးကို ရှာတွေ့နိုင်လောက်မလား။ ကျုပ် သိချင်နေတာ တစ်ခုရှိတယ်။ ရှေးဟောင်းလမ်းသုံးခုလုံးမှာ အတူတူဖြစ်တဲ့ ဒီ ၉၉ ခု မြောက် အပျက်အစီးက .... ဘာနဲ့တူမလဲ ဆိုတာပဲ
"တာအိုဆရာအစည်းအရုံးသုံးခုက တာအိုရောင်ရင်းတို့ ကျုပ်ရဲ့သံသယကို ဖြေဖျောက်ပေးနိုင်မလား"
ထိုကိစ္စနှင့်ပတ်သက်၍ အခြားဂိုဏ်းများသာ စပ်စုလျှင် တာအိုဆရာအစည်းအရုံးသုံးခုကား အဖက်လုပ်မည်မဟုတ်ပေ။ သို့ရာတွင် ခွန်လွန်အစည်းအရုံးကတော့ မတူ။ တာအိုဆရာအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးသုံးဦးသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးနောက် နဝမပင်လယ်နတ်လောကမှ အဘိုးကြီးက စကားပြောလာသည်။
"ဒဏ္ဍာရီတွေအရ တန်ခိုးကြီးမားတဲ့ ပါရဂွန်ကြီးသုံးဦးဟာ အင်မော်တယ်ရှေးဆရာအကြီးအကဲတွေအားလုံးကို စုစည်းခဲ့တယ်။ သူတို့က ကမ္ဘာလောကရဲ့ အင်မော်တယ်ချီတွေအကုန်လုံးကို ထုတ်ပြီး .... ပရမတ္တကောင်းကင်လျှောက်လှမ်းခြင်းအခြေဟောင်းဖြစ်တဲ့ အနန္တစိတ်ဝိညာဉ်တစ်ခုဆီ ပူဇော်စတေးခဲ့ကြတယ်"
ဤစကားလုံးများက ခေါင်းဆောင်ကြီးအားလုံးထံမှ ပင့်သက်ရှိုက်သံများ ထွက်လာစေသည်။ သူတို့၏မျက်နှာများအပေါ်တွင် အံ့အားသင့်သွားသောအမူအရာများပေါ်လာပြီး တချို့က ထရပ်လိုက်ကြသည်။
"ဘာ"
"ဒဏ္ဍာရီလာ ပရမတ္တအခြေ"
ခွန်လွန်အစည်းအရုံးအကြီးအကဲ၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ သူက ဘာမှမပြောသော်လည်း သူ၏အမူအရာအရ တုန်လှုပ်သွားကြောင်း သိသာသည်။
အချိန်များ ကုန်လွန်သွားပြီး မန်ဟိုသည် ၉၉ ခုမြောက် အင်မော်တယ်အပျက်အစီးကို ဆက်လက်ရှာဖွေနေ၏။ ရှေးဟောင်းလမ်းသုံးလမ်းပေါ်တွင် နတ်ဘုရားစွမ်းရည်ဖန်တီးသူများ များပြားလာသည်။ လက်လျှော့ရန် ရွေးချယ်သွားကြသူများလည်း ရှိ၏။
ရက်အနည်းငယ်ကြာသော် ရှေးဟောင်းလမ်းသုံးလမ်းပေါ်တွင် နတ်ဘုရားစွမ်းရည် မဖန်တီးရသေးသူ ခုနစ်ယောက်သာ ကျန်တော့သည်။
ထိုခုနစ်ယောက်သည် အထူးအာရုံစိုက်ရာ ဖြစ်လာ၏။ လူတိုင်းမှာ ဘာဖြစ်မည်လဲ မြင်ရဖို့ စောင့်နေကြလေသည်။ အနုသုခုမရုပ်ခန္ဓာရှေးဟောင်းလမ်းပေါ်တွင် တစ်ယောက်၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းရှေးဟောင်းလမ်းပေါ်တွင် နှစ်ယောက်ဖြစ်ပြီး တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်တွင် လေးယောက်ကျန်သည်။
သူတို့ထဲမှ တစ်ယောက်သည် မျက်နှာဖုံးနှင့် လူငယ်ဖြစ်ကာ နောက်တစ်ယောက်က ခြင်များနှင့် ကျင့်ကြံသူဖြစ်၏။
"ဒီနတ်မီးလျှံစမ်းသပ်ပွဲက တစ်ယောက်ယောက် ကျောက်တိုင် အတိုင်နှစ်ဆယ်ထက် ကျော်နိုင်ရင် ဒီခုနစ်ယောက်ထဲက ဖြစ်လိမ့်မယ်"
"အင်မော်တယ်အပျက်အစီးအခု ၉၀ နဲ့ အဲဒီတစ်ယောက်ကို တွေ့လား။ သူ့နာမည်က လီရန် ၊ မျက်နှာဖုံးနဲ့ကျင့်ကြံသူ။ သူက အခု ၉၀ ကို ဉာဏ်အလင်းရတဲ့ နောက်တစ်ယောက်ဖြစ်လာပြီ"
"တကယ် အံ့ဩဘ ကမ္ဘောဇပဲ။ အခု နတ်မီးလျှံစမ်းသပ်ပွဲမှာ အင်မော်တယ်အပျက်အစီး အခု ၉၀ ကနေ ဉာဏ်အလင်းရသွားတဲ့ ဒုတိယလူထွက်လာပြီပေါ့"
မျက်နှာဖုံးနှင့်လူငယ် လီရန်ကို စတင်အာရုံစိုက်လာကြစဉ် အပြင်လောကရှိ လူအုပ်ကြီးထံမှ တအံ့တဩရေရွတ်သံများ ထွက်လာသည်။ ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးများမှာမူ သူတို့လည်း ရံဖန်ရံခန် မျက်နှာဖုံးနှင့်လူငယ်၏ မှန်သားပြင်ကို လှမ်းလှမ်းကြည့်လာကြသည်။
လောလောဆယ်တွင် မန်ဟိုသည် နတ်ဘုရားအာရုံ၏ စေစားရာအတိုင်း ၉၉ ခုမြောက် အင်မော်တယ်အပျက်အစီးကို ရှာဖွေရင်း ဟင်းလင်းပြင်ကို ဖြတ်၍ လမ်းလျှောက်နေသည်။ ခုနစ်ရက်ကြာခဲ့ပြီဖြစ်ပြီး သူ၏နတ်ဘုရားအာရုံမှ လမ်းပြနေသော နေရာအားလုံးကို ရှာခဲ့ပြီးလေပြီ။ သို့သော် အပျက်အစီးကို ယခုထက်ထိ ရှာမတွေ့သေးပေ။
"ဘယ်နေရာမှာလဲကွာ...." ရုတ်တရက် မန်ဟိုက တုံ့ခနဲ ရပ်သွားသည်။ သူသည် မျက်မှောင်ကြုတ်ရင်း ဘေးဘီဝဲယာကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး မျက်လုံးမှိတ်လိုက်၏။ သူက နတ်ဘုရားအာရုံကို ထပ်မံဖြန့်ကျက်လိုက်ရာ အရှေ့တွင် အင်မော်တယ်အပျက်အစီးများရှိကြောင်း စမ်းတဝါးဝါး အာရုံရလိုက်သည်။ မျက်လုံးဖွင့်ကြည့်သောအခါ ဘာမှမမြင်ရပေ။
မန်ဟိုက မျက်လုံးထပ်ပိတ်လိုက်ပြန်သည်။ ထို့နောက် ပြန်မဖွင့်ဘဲ လမ်းစလျှောက်သည်။ ဤနည်းအတိုင်း နှစ်နာရီခန့် လျှောက်ပြီးသော် ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။
သူသည် မျက်လုံးများပိတ်ထားသည့်တိုင် သူ၏အရှေ့တည့်တည့်တွင် အံ့ဖွယ်တစ်စုံတစ်ခုကို မြင်လိုက်ရ၏။
တံတားကိုးစင်း...
ခမ်းနားကြီးကျယ်သော တံတားကြီးကိုးစင်းသည် အထက်မိုးကောင်းကင်သို့ ဆန့်တန်းနေသယောင်ပင်။ ပထမတံတားထက် ဒုတိယတံတားမြင့်လျက်၊ ဒုတိယတံဝာားထက် တတိယတံတားက မြင့်လျက် လေပေါ် မြောက်တက်နေသော ဤတံတားကိုးစင်း၏မြင်ကွင်းမှာ ပြိုင်ဘက်ကင်းလောက်အောင် ရင်သပ်ရှုမောဖွယ် ကောင်းပေသည်။ ၎င်းတို့သည် အကန့်အသတ်မရှိ ကျယ်ပြောသော ကြယ်တာရာကောင်းကင်နှင့် ချိတ်ဆက်နေသော လှေကားကြီးအလားပင်။
တံတားများကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးနေစဉ် လူတစ်ယောက် ဤတံတားများ၏အဆုံးထိ လျှောက်နိုင်လျှင် ထိုလူသည် အနှိုင်းမရှိ အစွမ်းထက်လာလိမ့်မည်ဟု မန်ဟို တဖြေးဖြေး ခံစားလာရသည်။
မန်ဟို၏ခန္ဓာကိုယ်မှု တုန်ရီနေ၏။ သူ့ကို ချက်ချင်း အသားပြားဖြစ်အောင် လုပ်နိုင်ပုံရသော ကြောက်ခမန်းလိလိဖိအားကြီးက တံတားများထံမှ ဖြာထွက်နေလေသည်။ ယခုအချိန်တွင် ၎င်းက အားကုန်ထုတ်လွှတ်နေခြင်းမဟုတ်ဘဲ တံတားများကို လှည့်လည်နေရုံသာ ဖြစ်၏။
သို့ပင်ငြား မန်ဟိုမှာ သွေးတစ်လုပ် အန်လိုက်ပြီး နောက်သို့ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားသည်။ ဤတံတားကိုးစင်းမှာ တကယ်တမ်း မပြည့်စုံသေးကြောင်း သူ အာရုံရလိုက်လေသည်။ ၎င်းတို့သာ အကောင်းပကတိအတိုင်း ရှိနေလျှင် ၎င်းတို့ကို ကြည့်လိုက်မိရုံလေးနှင့် မည်သူမဆို ခန္ဓာကိုယ်နှင့်တကွ ဝိညာဉ်ပါ ပျက်စီးသွားရနိုင်၏။
"ဒီတံတားကိုးစင်းက ဘာတွေလဲ" သူ့မှာ မျက်လုံးမဖွင့်ရဲပေ။ သူသည် နတ်ဘုရားအာရုံဖြင့် ဂရုတစိုက် ကြည့်ရှုပြီး မြင်ကွင်းတစ်ခုကို စတင်ပုံဖော်လိုက်၏။
လွန်ခဲ့သော နှစ်ပေါင်းကုဋေကုဋာတုန်းက ဖြစ်ပျက်ခဲ့သော ပုံရိပ်ယောင်များကို သူ မြင်လိုက်ရသည်။ တံတားများပေါ် လျှောက်လှမ်းဖို့ ကြိုးစားနေသော နေတစ်စင်းသဖွယ် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ သို့သော် ထိုလူမှာ ပထမတံတားကို မဖြတ်နိုင်မီ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားလေသည်။
အကန့်အသတ်မရှိသော အအေးဓာတ်ကို ထုတ်လွှတ်နေသည့် ဆံဖြူအဘိုးကြီးတစ်ယောက်ကို သူ မြင်လိုက်သည်။ သူက ပထမတံတားအပေါ် တက်သွား၏။ ထို့နောက် ဒုတိယတံတား....
သူက မြင့်သထက်မြင့်မြင့် တက်သွားရင်း ပိုပို၍ အင်အားကြီးမားလာသည်။ အဆုံးသတ်တွင် ကောင်းကင်ရှိ အရောင်အားလုံးနှင့် မြေပြင်တို့ မှေးမှိန်ပျောက်ကွယ်လာသည်။ ကိုးစင်းမြောက်တံတားသည် အဘိုးကြီး၏ ခြေလှမ်းများကို တောင့်မခံနိုင်သည့်အလား တုန်ခါလာသည်။
အဘိုးကြီးက အဆုံးသို့ ရောက်သွားပြီး နောက်ဆုံးတံတားအပေါ်တွင် ရပ်လိုက်သည်။ ထို့နောက် လှည့်လာကာ မန်ဟိုသည် သူ၏မျက်လုံးများကို ပြတ်ပြတ်သားသား မြင်လိုက်ရ၏။ ထိုအခိုက်အတန့်တွင် မန်ဟို့စိတ်ထဲ၌ ထစ်ချုန်းသံကြီး ပြည့်နှက်သွားတော့သည်။
သွေးများ သူ၏ပါးစပ်မှ ပန်းထွက်သွားပြီး သူ့မှာ နောက်တစ်ဖန် ယိမ်းယိုင်သွားပြန်သည်။ ခေါင်းပြန်ထောင်လိုက်သောအခါ သူက တွေဝေတုံ့ဆိုင်းမရှိ မျက်လုံးများ ဖွင့်လိုက်၏။
သူ၏မျက်လုံးများ ဖွင့်လိုက်လျှင်ချင်း တံတားကိုးစင်း ပျောက်ကွယ်သွားသည်။ သူ့ခေါင်းအထက်က လေထုမှာ မည်သည့်အရာဝတ္ထုမှ ရှိမနေပေ။
"ဒီနေရာက ၉၉ ခုမြောက် အင်မော်တယ်အပျက်အစီးရဲ့ တည်နေရာပဲ" မန်ဟိုမှာ ပင့်သက်ရှိုက်နေပြီး သူ၏မျက်လုံးများက ထူးဆန်းစွာ တောက်ပလာသည်။ သူသည် ပါးစပ်မှ သွေးများကို သုတ်၍ တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ ဒဏ်ရာများကို ကုသလိုက်သည်။
ဤအခိုက်အတန့်တွင် အပြင်လောကရှိ မန်ဟို့ကို ကိုယ်စားပြုသော မှန်သားပြင်ပေါ်တွင် ၉၉ စက် မြောက် အလင်းစက် ပေါ်လာသည်။
၉၉ !
***