← Chapters

လျှို့ဝှက်သော သဲလွန်စများ

Vol. 61 Ch. 854

လျှို့ဝှက်သော သဲလွန်စများ

Vol. 61 Ch. 854

"သူ ရှာတွေ့သွားပြီ" နန်းတော်ထဲရှိ တာအိုဆရာအစည်းအရုံးသုံးခုမှ အဘိုးကြီးသုံးဦးသည် တောက်ပနေသော မျက်လုံးများဖြင့် စောင့်ကြည့်နေကြ၏။ အထူးသဖြင့် တစ်မျက်နှာလုံး မဝင်းပစဖူး ဝင်းပနေသော အင်မော်တယ်ရှေးတာအိုဆရာများအဖွဲ့မှ အဘိုးကြီးပင်။

"သူက ရှေးခေတ်ကနေ ယနေ့အချိန်အထိ စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံခြင်းအခြေခံနဲ့ ရှေးဟောင်းလမ်းကို လျှောက်လှမ်းပြီး ပရမတ္တအခြေကို ရှာတွေ့ခဲ့တဲ့ ပထမဆုံးလူပဲ"

"သူ့အနေနဲ့ အနားကနေမဟုတ်ဘဲ အဝေးကနေပဲ ကြည့်နိုင်တယ်။ သူ့နတ်ဘုရားအာရုံနဲ့ စိတ်စွမ်းအားအရ အဲ့ဒါက အန္တရာယ်မကင်းဘူးဆိုတာ ဆုံးဖြတ်နိုင်လိမ့်မယ်။ အဆင်အခြင်မဲ့ အနားကပ်သွားမှာ မဟုတ်ဘူး"

"အဲဒါက သူ့ရဲ့ကံကြမ္မာကောင်းအပေါ် မူတည်တယ်။ ဒီဆဋ္ဌမအဆင့် ၊ သတ္တမအဆင့်နှင့် အဋ္ဌမအဆင့်ကမ္ဘာတွေမှာ အချိန်က အပြင်လောကရဲ့ အချိန်နဲ့မတူဘူး။ တကယ်တမ်း အဲဒီမှာ တစ်ရက် ဉာဏ်အလင်းရှာဖွေတာက ဒီအပြင်မှာဆို ဆယ်နှစ်တာအချိန်နဲ့ တူမှာ"

တီးတိုးစကားပြောသံများ နန်းတော်ထဲတွင် ပြည့်နှက်နေသည်။

ဆန့်ကျင်ဘက်တွင် နဝမတောင်နှင့်ပင်လယ်ရှိ လူအုပ်ကြီးမှာ ဆူဆူညံညံ စကားပြောနေကြသည်။

၉၉ ခုမြောက် အလင်းစက်ကို မြင်လျှင် လူတိုင်း ၎င်း၏အဓိပ္ပာယ်ကို သိသွားကြလေသည်။ အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြပြီး ဖန်မု၏နာမည်ကား ရှိသမျှလူတိုင်း၏ ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သွားတော့သည်။

အပြင်ရှိလူများ ဆူညံပွက်လောရိုက်နေစဉ် မန်ဟိုက မျက်လုံးများ ဖွင့်လိုက်သည်။ သူသည် တခဏ အသက်ပြင်းပြင်း ရှူပြီးနောက် အံတင်းတင်းကြိတ်၍ မျက်လုံးများ ထပ်မှိတ်လိုက်၏။ သူက အံ့ဖွယ်တံတားကိုးစင်းကို လေ့လာရန် နတ်ဘုရားစွမ်းရည်ကို ထပ်မံဖြန့်ကျက်လိုက်ပြန်သည်။

တံတားသည် ပြည့်စုံသယောင်ရှိသော်လည်း ပြည့်စုံခဲ့လျှင် ၎င်းတို့ကို ကြည့်ရုံလေးနှင့် အသက်ထွက်သွားမည်ဖြစ်ကြောင်း မန်ဟို သိလေသည်။ ယခု အဝေးမှ ကြည့်လေးရုံးနှင့်ပင် သူ့မှာ ဒဏ်ရာရသွားလေပြီ။ တကယ်တမ်း တံတားများ ပျက်စီးနေ၍ တော်သေးသည်။ မဟုတ်လျှင် သူ၏ကျင့်ကြံခြင်းအခြေံကို ထည့်တွက်ပါက သူ၏နတ်ဘုရားအာရုံ ၎င်းတို့ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ့မှာ မုချ အသက်နှင့်ကိုယ် အိုးစားကွဲသွားပေလိမ့်မည်။

"‌ဒီလို မိုးကောင်းကင်ကို အာခံနေတဲ့ အံ့ဖွယ်တံတားကိုးစင်းက ဖျက်စီးခံထားရတယ် ... ဒါတွေက တံတားတင်မဟုတ်ဘူး။ ကျင့်ကြံသူတွေ မယုံကြည်နိုင်ဖွယ်‌ကောင်းလောက်အောင် ကျင့်ကြံအဆင့် တိုးတက်သွားစေဖို့ ၊ အံ့ဖွယ်စွမ်းအားနယ်ပယ်ရောက်အောင် တွန်းပို့ပေးဖို့ ဖန်တီးခံထားရတာတွေပဲ

"ဒီလိုဟာမျိုးကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး။ ဒါ ငါ့အတွက် အတိုင်းထက်အလွန် ကံကောင်းတာပဲ" မန်ဟိုသည် ထိုအကြောင်း တွေးနေစဉ် ရုတ်တရက် စိတ်နှလုံးတုန်ရီသွား၏။

"နတ်ဘုရားစွမ်းရည်တစ်ခုပဲ ဖန်တီးနိုင်ရမယ်လို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းမရှိဘူး... အဲဒီလိုဆိုမှတော့ ဘာကြောင့် နှစ်ခု မဖန်တီးဘဲ နေဦးမလဲ" မူလက မန်ဟိုသည် နတ်ဘုရားစွမ်းရည်တစ်ခုသာ ဖန်တီးရန် အစီအစဉ်ချထားပြီးဖြစ်သော်လည်း တံတားကိုးစင်းကို မြင်ပြီးနောက် ဉာဏ်အလင်းအသစ်တစ်ခုက သူ၏စိတ်ထဲဲတွင် ပေါ်လာခဲ့ကာ နတ်ဘုရားစွမ်းရည်တစ်ခုပုံသဏ္ဌာန်ပြောင်းသွားလေသည်။ ထိုမျှသာမက သူသည် မည်သည့်အကြံကိုမှ လက်လျှော့လိုခြင်းမရှိပေ။

ပထမနတ်ဘုရားစွမ်းရည်သည် သူ၏ပင်ကိုယ်စရိုက်နှင့် လို‌အပ်ချက်မရှိ ကိုက်ညီသည်။ ဒုတိယတစ်ခုကိုမူ မန်ဟို အမှန်တကယ် ပိုင်ဆိုင်ချင်၏။

သူက အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် တွေးနေသည်ကို ရပ်လိုက်သည်။ သူသည် နတ်ဘုရားအာရုံကို တံတားကိုးစင်းအပေါ်နှင့် ဖိအားကို တောင့်ခံရာတွင် အာရုံစိုက်လိုက်သည်။ သူကား တံတားပုံရိပ်ကို သူ၏စိတ်ထဲတွင် မှတ်သားနေသည်သာမက ပို၍အနားကပ်သွားရင်း သက်ရောက်နေသော ဖိအားမှ အကျိုးအမြတ်အနည်းငယ် ရရှိရန် အားထုတ်လိုက်သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

ဆက်ရက်ကြာသော် လေးယောက်သာ ကျန်တော့သည်။ ကျန်သုံးယောက်မှာ အင်မော်တယ်အပျက်အစီးများမှ ဉာဏ်အလင်းဆက်ရှာ၍ မရတော့ကြောင်း သဘောပေါက်လိုက်သဖြင့် နတ်ဘုရားစွမ်းရည်များ ဖန်တီးရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုသုံးယောက်အနက် အင်မော်တယ်အပျက်အစီးအများဆုံးရှာဖွေနိုင်ခဲ့သူကား အလင်းစက် ၇၆ စက်ကို ပိုင်ဆိုင်ထား၏။

သူတို့ဖန်တီးသည့် နတ်ဘုရားစွမ်းရည်များမှာ အစွမ်းထက်လေသည်။ တစ်ယောက်က ကျောက်တိုင်ဆယ့်တစ်တိုင်ကို ကျဆင်းလာခဲ့ရာ အာရုံများစွာ အစိုက်ခံလိုက်ရသည်။

ဆယ်ရက်ကြာသွားပြီး ရှေးဟောင်းလမ်းများအပေါ်တွင် ကျန်ရှိသူလေးယောက်အနက်မှ နှစ်ယောက်မှာ ဆက်မသွားနိုင်တော့ဘဲ နတ်ဘုရားစွမ်းရည်များ ဖန်တီးဖို့ ရွေးချယ်လိုက်ကြသည်။ တစ်ယောက် အင်မော်တယ်အပျက်အစီး ၈၉ ခု ရှာတွေ့ခဲ့သော ခြင်အုပ်ကြီးနှင့် လူငယ်ဖြစ်၏။ ထိုအခိုက်အတန့်တွင် သူက ကျောက်တိုင်ဆယ့်သုံးတိုင် နတ်ဘုရားစွမ်းရည်ကို ဖန်တီးခဲ့လေသည်။

အတော်များများမှာ ဤအခြင်းအရာကြောင့် အံ့အားသင့်သွားကြပြီး လူငယ်မှာ လျင်မြန်စွာ ထင်ရှားကျော်ကြားလာတော့သည်။

ဤအခိုက်အတန့်တွင် ရှေးဟောင်းလမ်းအပေါ်၌ နှစ်ယောက်သာ ကျန်တော့၏။ တစ်ယောက်က မန်ဟို၊ တစ်ယောက်က မျက်နှာဖုံးနှင့်လူငယ် လီရန်။

လီရန်သည် ၉၃ ခု မြောက် အင်မော်တယ်အပျက်အစီးကို ရှာတွေ့ခဲ့ပြီး ယခုတွင် ဆရာဖန်းကို သာသွားသည့် ဒုတိယမြောက်လူဖြစ်လာသည်။

သူနှင့် မန်ဟိုကား နဝမတောင်နှင့်ပင်လယ်တစ်ခုလုံး၏ အာရုံစိုက်ရာ ဖြစ်လာချေပြီ။

သုံးရက်ထပ်ကြာသွားသည်။ မန်ဟိုမှာ သွေးအနည်းငယ်အန်၍ မျက်လုံးများ ဝေဝါးသွားသည်။ ကုန်ဆုံးသွားခဲ့သည့် ရက်နှစ်ဆယ်ကျော်အတွင်း သူသည် တံတားကိုးစင်းကို ဆင်ခြင်သုံးသပ်ပြီး ၎င်းတို့၏ပုံရိပ်ကို စိတ်ထဲတွင် ခတ်နှိပ်နေသဖြင့် ကြိမ်ဖန်များစွာ ဒဏ်ရာရခဲ့လေသည်။

၎င်းက ခက်ခဲပြီး သူ၏အားကောင်းသော စိတ်စွမ်းအားဖြင့် နှေးတော့နှေးသော်လည်း သေချာပေါက် ဆက်လက်တောင့်ခံနိုင်၏။ သူသည် မဖြစ်နိုင်သည့်အရာကို မမှန်းသူဖြစ်၍ ပထမတံတားကိုသာ စိတ်ထဲ မှတ်သားနေလေသည်။

နောက်ဆုံးတွင် ၂၁ ရက်မြောက်နေ့ ရောက်လာသည်။ ဤအထူးနေရာတွင် ထိုအချိန်အတိုင်းအတာသည် အပြင်လောက၌ နှစ်နှစ်ရာ အချိန်ဖြုန်းခြင်းနှင့် ညီမျှ၏။ အရှေ့တွင် ပထမတံတား၏ပုံရိပ် ရုပ်လုံးပေါ်လာသဖြင့် ထစ်ချုန်းသံကြီး မန်ဟို့စိတ်ထဲ၌ ပြည့်နှက်သွားပြီး ဉာဏ်အလင်းတို့ဖြင့် ကွန့်မြူးသွားတော့သည်။

ထိုအခိုက်အတန့်တွင် သူသည် စိတ်ထဲ၌ တံတားမည်မျှပျက်စီးနေသလဲ အတိအကျ ခံစားသိရှိသွား၏။ ရုတ်တရက် တံတား၏ကိုးဆယ်ရာခိုင်နှုန်းမှာ ပျောက်ကွယ်သွားပြီး ပထမဆုံးတံတားမှာ ... တကယ်တမ်း လက်သီးဆုပ်အရွယ် ကျောက်ခဲတစ်ခဲဖြစ်နေကြောင်း တွေ့ရလိုက်သည်။

၎င်းသည် ကျောက်ခဲတစ်ခဲသာ ဖြစ်သော်လည်း ၎င်းကို ကြည့်ရုံလေးကပင် မန်ဟို့ကို သွေးအန်သွားစေပြီး သူ ၎င်းအနားကပ်သွားပါက ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ဖျက်စီးခံရလိမ့်မည်ဟု သိလိုက်၏။

ပထမတံတား၏ အခြေအနေအစစ်အမှန်ကို နားလည်သည့်အခါ တံတား၏ကောက်ကြောင်းက သူ့စိတ်ထဲတွင် ပေါ်လာပြီး မြင်ကွင်းတစ်ခုအား မြင်လာရသည်။

မြင်ကွင်းထဲတွင် ဧရာမနေကြီးကိုးစင်းက အံ့ဖွယ်ရုပ်တုကြီးတစ်ရုပ်ကို ဆွဲငင်နေသည်။ ၎င်းတို့မှာ အလွန်ကြီးမားလှသဖြင့် အဆုံးများကိုပင် မမြင်ရပေ။ မရေမတွက်နိုင်သော ကျင့်ကြံသူများတပ်ဖွဲ့တစ်ဖွဲ့က လေထဲတွင် ဧရာမတွင်းပေါက်ကြီးတစ်ပေါက်အား ဖြဲပေးလိုက်သော တိုက်ကွက်များထုတ်လွှတ်ပြီးနောက် ဝင်ရောက်သွားကြသည်။

အံ့ဖွယ်ရုပ်တုကြီး၏အနောက်တွင် မိုးကောင်းကင်ကို တုန်ခါနေစေသော ရင်သပ်ရှုမောစရာတံတားကိုးစင်းရှိသည်။ အရာအားလုံးကို လွှမ်းခြုံနေသည့် အကန့်အသတ်မဲ့အလင်းရောင်က ၎င်းတို့ထံမှ ဖြာထွက်နေလေသည်။

ထိုမြင်ကွင်းက မန်ဟို၏စိတ်ကို တုန်ရီသွားစေပြီး အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းတွင် မြင်ခဲ့ရသောအရာများကို သတိရလိုက်စေသည်။ ပုံရိပ်တချို့က တစ်ထပ်တည်းပင်။

ထို့နောက် မြင်ကွင်းပြောင်းလဲသွားသည်။ ကမ္ဘာတုန်ဟည်းစစ်ပွဲကြီးတစ်ပွဲအား သူ မြင်လိုက်ရ၏။ မရေမတွက်နိုင်သော သက်ရှိအရာများ အသတ်ခံနေရပြီး နက္ခတ်တာရာများ ပျက်စီး‌သွားသည်။ ကြယ်တာရာကောင်းကင်မှာ ကြေမွသွားပြီး အသက်တစ်ချက်ရှူတိုင်း အဆုံးမရှိသော အသက်များစွာ နိဂုံးချုပ်ကြကုန်၏။

တံတားကိုးစင်းက ကြယ်တာရာကောင်းကင်ကို စတင်ပျက်စီးလာစေသည့် ကြောက်မက်ဖွယ် ဖိအားကြီးကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် မန်ဟိုသည် အပေါ်တွင် ဧရာမပုံရိပ်ကြီးသုံးခု ပေါ်လာသည်ကို မြင်လိုက်ရ၏။ သူတို့ ပူးပေါင်းလိုက်သောအခါ ကြယ်တာရာကောင်းကင်မှာ ပျောက်ကွယ်သွားပြီး တည်ရှိသမျှ အရှိန်အဝါအားလုံး စုပ်ယူခံလိုက်ရသည့်အလား ကမ္ဘာလောကကြီးမှာ မည်းမှောင်သွား၏။ စုပ်ယူခံလိုက်ရသော အရှိန်အဝါများက တောင်ကိုးလုံးဖြစ်လာပြီးနောက် တံတားကိုးစင်းကို ဖိချလိုက်သည်။

တံတားများ ... ကြေမွသွား၏။

မြင်ကွင်းမှာ ဗြုန်းစားကြီး အဆုံးသတ်သွားသည်။ မန်ဟိုမှာ ပုံရိပ်များ မပျောက်ကွယ်ခင် သုံးသပ်ရန်ပင် အချိန်မရလိုက်ပေ။ သူ့မှာ ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားနှင့် ကျန်ခဲ့၏။ သူ၏စိတ်မှာ ဗလာကျင်းနေပြီး တုန်ရီနေသည်။

"အဲဒီတောင်ကိုးလုံး...." မန်ဟိုမှာ ဟောဟဲလှိုက်နေသည်။ သူ ခံစားနေရသည်အရ ကြီးမားသောလျှို့ဝှက်ချက်ကြီးတစ်ခု၏ အစသေးသေးလေးတစ်စကိုသာ မြင်ခဲ့ရခြင်းဖြစ်သည်။

"ဘာကြောင့် ငါနေနေတဲ့လောကမှာ တောင်တစ်လုံးစီကို လှည့်ပတ်နေတဲ့ ‌ဂြိုဟ်‌လေးလုံးစီနဲ့ တောင်ကိုးလုံး၊ ပင်လယ်ကိုးစင်းပဲ ပါဝင်တာလဲ

"ငါ တစ်ခါမှ နက်နက်နဲနဲ မတွေးခဲ့ဖူးဘူး။ ဘာကြောင့် တောင်ကောင်းကင်ဂြိုဟ်က ထူးခြားနေတာလဲ။ ဘာကြောင့် အဲဒီအပြင်လူက ငါ့မိဘနှစ်ပါးကို ‌စောင့်ရှောက်ခိုင်းခဲ့တာလဲ

"ပြီးတော့ တောင်ကောင်းကင်ဂြိုဟ်ပေါ်က ရှေးဟောင်းတာအိုရေကန်တွေရဲ့အောက်မှာ ငါရောက်သွားခဲ့တဲ့ နေရာကရော ဘာလဲ။ အဲဒီနေရာမှာ ဖိနှိပ်ပိတ်လှောင်ခံထားတဲ့ အရာတွေက ... အင်မော်တယ်တွေဟာ ပရမ်းပတာဖြစ်မှုအားလုံးရဲ့ အရင်းအမြစ်လို့ ပြောနေခဲ့ကြတယ်

"အဲဒီအဓိပ္ပါယ်က ဘာလဲ" မန်ဟို့အသက်ရှူသံများမှာ တစ်ခါမှမပြင်းထန်စဖူး ပြင်းထန်လာပြီး သူ့မှာ တဆတ်ဆတ် တုန်နေတော့သည်။ သူသည် ယခုတွင် ဆိုလိုရင်းကို တွေးမိနေသော်လည်း အမှန်ဟု မထင်ရဲဖြစ်‌နေ၏။

သူ၏စိတ် တုန်ရီနေစဉ် သူ့အရှေ့ရှိ တံတားကိုးစင်းမှာ ပျောက်ကွယ်သွားလေသည်။ ဤတစ်ခေါက်တွင် ၎င်းတို့ကား အမှန်တကယ် ပျောက်ကွယ်သွားခြင်းဖြစ်၏။ မန်ဟို  မျက်လုံးမှိတ်၍ နတ်ဘုရားအာရုံဖြင့် ရှာကြည့်သောအခါတွင်ပင် ရှာမတွေ့တော့ပေ။

အတန်ကြာ တိတ်ဆိတ်နေပြီးနောက် မန်ဟိုက သက်ပြင်းဖွဖွ ချလိုက်သည်။ မြင်ကွင်းကိစ္စမှာ လက်ရှိအခြေအနေနှင့် အလှမ်းဝေးကွာသော တစ်စုံတစ်ခုဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံအရ ထိုကဲ့သို့လျှို့ဝှက်ချက်များကို စုံစမ်းဖို့ အရည်အချင်းမပြည့်မှီသေးပေ။

"တစ်နေ့ ငါ အကုန်လုံး နားလည်လိမ့်မယ်" သူက ခိုင်မာပြတ်သားသောမျက်လုံးများဖြင့် တွေးလိုက်သည်။ သူသည် အသက်ပြင်းပြင်းရှုပြီးနောက် နတ်ဘုရားအာရုံကို နောက်ဆုံးအကြိမ် ဖြန့်ကျက်လိုက်၏။ တံတားများကို လိုက်ရှာဖို့ မဖြစ်နိုင်တော့ကြောင်း မြင်လျှင် သူက လင်းယွင်ကျစ် ဖော်ပြခဲ့သော အင်မော်တယ်စံအိမ်ကို လိုက်ရှာဖို့ စိတ်ပိုင်းဖြတ်လိုက်တော့သည်။

ရက်အနည်းငယ်ကြာသည့်တိုင် သူ့မှာ လက်ဗလာဖြစ်နေသေးသည်။ မည်သည့်နည်းလမ်းသုံးစေကာမူ၊ မျက်လုံးများပိတ်ထားလျက်နှင့်ပင် မည်သည့်အင်မော်တယ်စံအိမ်ကိုမှ မခံစားရသေးပေ။ အမှန်တွင် လုံးဝရှာတွေ့နိုင်မည်မဟုတ်ကြောင်း အတန်အသင့် သေချာသွားသည့်အတွက် သူက တံတားကိုးစင်းရှိခဲ့သောနေရာတွင် တင်ပျဉ်ခွေထိုင်ကာ နတ်ဘုရားစွမ်းရည်ဖန်တီးခြင်း စတင်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

သူသည် မိန်းမောသွားသောအခြေအနေသို့ လျင်မြန်စွာ ဝင်ရောက်သွား၏။

‌အတွေးများစွာနှင့်အတူ မရေမတွက်နိုင်သောပုံရိပ်များ သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ အင်မော်တယ်အပျက်အစီး ၉၉ ခုတွင် သူ ရရှိခဲ့သော ဉာဏ်အလင်းများသည် အတူတကွ ပေါင်းစည်းလာပြီး နောက်ဆုံးတွင် သူ၏စိတ်ထဲမှ သူတစ်ယောက်တည်းနှင့် သက်ဆိုင်သော နတ်ဘုရားစွမ်းရည်ဖြစ်သည့် စိတ်ဆန္ဒတစ်ခု ထွက်လာ၏။

မန်ဟို နတ်ဘုရားစွမ်းရည်ဖန်တီးဖို့ ဈာန်ဝင်စားနေစဉ် လီရန်သည် ၉၅ ခုမြောက် အင်မော်တယ်အပျက်အစီးအား ဖြတ်လာခဲ့သော်လည်း ၉၆ခု မြောက်ကို ရှာမတွေ့တော့ပင်။

တခဏကြာသော် သူ့မှာ နှမြောတသဖြစ်နေသည်ကို ရပ်ပြီး နတ်ဘုရားစွမ်းရည်ဖန်တီးခြင်း စတင်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

ဤအခိုက်အတန့်တွင် နဝမတောင်နှင့်ပင်လယ်ရှိ လူတိုင်းအပြင် ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးများမှာ မန်ဟိုနှင့် လီရန် မည်သည့်နတ်ဘုရားစွမ်းရည်များ ဖန်တီးမည်လဲ စောင့်စားနေကြ၏။

နန်းတော်ထဲတွင် တစ်ယောက်မှ သတိမထားမိသော အရာတစ်ခု ရှိသည်။ တာအိုဆရာအစည်းအရုံးသုံးခုမှ အကြီးအကဲများမှာ တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ဝဲမှန်သားပြင်များကို ကြည့်နေပုံပေါ်သော်လည်း ထိုအကြည့်များထဲ၌ စိတ်ပျက်နေသောအရိပ်အယောင်များအား မြင်ရနိုင်သည်။

ထိုကဲ့သို့ အရိပ်အယောင်များမှာ ဖုံးကွယ်ခံထားရသည့်တိုင်  မထင်မှတ်ထားသော စိတ်ပျက်မှုတော့ မဟုတ်ပေ။

နေ့ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ နဝမတောင်နှင့်ပင်လယ်ရှိ ပရိသတ်များအကြား မျှော်လင့်ချက်များမှာ ပို၍သာကြီးထွားလာ၏။

"ဖန်မုနဲ့ လီရန် ဖန်တီးနေတာ ဘယ်လိုနတ်ဘုရားစွမ်းရည်အမျိုးအစားတွေပါလိမ့်။ ဘယ်သူက ကျောက်တိုင်အများဆုံးရလိမ့်မလဲ"

"ငါကတော့ ဖန်မုကို မှန်းတယ်။ သူက အင်မော်တယ်အပျက်အစီး ၉၉ ခုကို ဉာဏ်အလင်းရခဲ့တာမလား။ ကြားတောင်မကြားဖူးဘူး"

"အဲဒီလိုဆိုတိုင်း ဖန်မုဖြစ်ရမှာလား။ သူက ကံကောင်းသွားတာသက်သက်ပဲ။ အဆုံးကျရင် အကောင်းဆုံးနတ်ဘုရားစွမ်းရည်ကို လီရန် ဖန်တီးနိုင်လိမ့်မယ်လို့ ငါ ‌လောင်းရဲတယ်"

"တစ်ယောက်မှ ကျောက်တိုင်ဆယ့်ခြောက်တိုင် နတ်ဘုရားစွမ်းရည်ကို မဖန်တီးနိုင်ရင် ဝမ်ယိုချိုင်က ဆဋ္ဌမ၊ သတ္တမနဲ့ အဋ္ဌမအဆင့်မှာ ပထမနေရာရသွားပြီလို့ ဆိုလိုတယ်"

နှစ်ရက်ကြာသော် ရုတ်တရက် မျက်နှာဖုံးနှင့်လီရန်၏ပတ်ဝန်းကျင်မှာ မီးများ တဟုန်းဟုန်း ထတောက်လာသည်။

မီးတောက်များသည် အနက်ရောင်ဖြစ်ပြီး မိုးကောင်းကင်ကို ချက်ချင်း လင်းထိန်သွားစေသည်။ လီရန်က မျက်လုံးများ ဖွင့်လိုက်ပြီး သူ၏မျက်ဆံများမှာ မီးတောက်နေတော့သည်။

မီးတောက်များက မြေပြင်ကို လွှမ်းခြုံ၍ အရာအားလုံးကို မီးလောင်ပြာချရင်း သူ၏ပတ်ပတ်လည်တွင် သောင်းကျန်းနေသည်။ တစ်ကမ္ဘာလုံးမှာ မီးပင်လယ်ဖြစ်လာပြီးနောက် အပူကို မခံနိုင်တော့သည့်အလား အရည်ပျော်ကျလာသည်။ ယခုတွင် လီရန်နှင့် သူ့ကမ္ဘာထဲတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို နဝမတောင်နှင့်ပင်လယ်ရှိလူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေပြီ။

နဝမတောင်ပင်လယ်ရှိ နေရာများစွာမှ ပင့်သက်ရှိုက်သံများ ထွက်လာပြီး ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးများကား ထူးဆန်း‌စွာ တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အထွတ်အမြတ်မြေငါးမြေ၏ မီးနတ်ဆိုးအရိုးများ‌မြေမှ အဘိုးကြီးမှာ မျက်လုံးများပြူးလျက် ရွှန်းရွှန်းစားစား မကြည့်မိဘဲ မနေပေ။

"လီရန်က အံ့ဖွယ်ပဲ။ ဘယ်လိုနတ်ဘုရားစွမ်းရည်မျိုး သူ ဖန်တီးခဲ့တာပါလိမ့်မယ်။ တစ်ကမ္ဘာလုံးကိုတောင် အရည်ပျော်ကျသွားစေတယ်တဲ့လား"

"သူ့က အနည်းဆုံးကျောက်တိုင် ၁၆ တိုင်တော့ ရလိမ့်မယ်။ သူ့နတ်ဘုရားစွမ်းရည်က ဝမ်ယိုချိုင်နဲ့ အဆင့်တူလောက်ပေမယ့် ခံစားချက်အရတော့ ပိုအစွမ်းထက်တယ်"

လီရန်သည် မျက်နှာဖုံးအောက်တွင် ဂုဏ်ယူနေသော မျက်နှာထားဖြင့် ဖြေညှင်းစွာ ထရပ်လိုက်၏။ ထို့နောက် အသက်သုံးကြိမ် ရှူသွင်းလိုက်သည်။

အသက်တစ်ရှိုက်တိုင်း အရာအားလုံးတုန်ခါသွားပြီး မီးတောက်ပင်လယ်မှာ ပို၍ဝေးဝေးသို့ ဖြွာထွက်သွားသည်။ အသက်သုံးရှိုက်ပြီးနောက် တစ်ကမ္ဘာလုံးမှာ မီးတောက်များ၏ ဝါးမြိုခြင်းခံထားရလေပြီ။ နောက်ဆုံးတွင် လီရန်က အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

လီရန် အသက်ရှူသွင်းလိုက်သောအခါ လောကထဲရှိ မီးတောက်အားလုံးမှာ တဟုန်းဟုန်း တောက်လာပြီး သူ၏ခန္ဓာကိုယ်ထဲ အပြေးအလွှားဝင်ရောက်လာသည်။

ထို့နောက် သူ၏ခန္ဓာကိုယ်မှ ထစ်ချုန်းသံကြီးတစ်သံထွက်လာပြီး မည်သူမှ

မီးတောက်များကို မမြင်ရသော်လည်း လီရန်ကို ကြည့်လျှင် မီးဟပ်ခံရသောနာကျင်မှုမျိုးကို ခံစားရလေသည်။

"ခန္ဓာမှော်သိုင်း"

"ဘုရားရေ၊ ဖန်တီးရတာ အခက်ဆုံးလေ။ ခန္ဓာမှော်သိုင်းတဲ့လား

"ရိုးရိုးတောင်မဟုတ်ဘူး တာအိုမှော်သိုင်းနည်းပါးပဲ"

"မပြည့်စုံသေးတဲ့ တာအိုမှော်သိုင်းဆိုပေမယ့် သေချာပေါက် ပြိုင်ဘက်ကင်းတယ်။ နောင်ကျ သူ အဲ့ဒါကို အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံနိုင်ရင် တကယ့် ဒဏ္ဍာရီလာတာအိုမှော်သိုင်းအဖြစ် သန့်စင်လို့ရနိုင်ခြေများတယ်"

***

All Chapters