← Chapters

ပါရာဂွန်တံတား

Vol. 61 Ch. 856

ပါရာဂွန်တံတား

Vol. 61 Ch. 856

ဤသည်မှာ နဝမတောင်နှင့်ပင်လယ်၌ ဤနတ်မီးလျှံစမ်းသပ်ပွဲကို မရေမတွက်နိုင်အောင် ကျင်းပခဲ့သောအကြိမ်များတစ်လျှောက်လုံး ထားရှိခဲ့သည့် မျှော်လင့်ချက်ဖြစ်သည်။

၎င်းက တကယ်တမ်း ဂိုဏ်းသားလက်ခံခြင်းထက် ပို၍အရေးပါသော အကြောင်းရင်းတစ်ခုဖြစ်၏။

အကြီးအကဲသုံးဦးမှာ မဆိုစလောက် အသက်ရှူမြန်နေကြသော်လည်း သူတို့၏မြင့်မားသောကျင့်ကြံခြင်းအခြေခံနှင့် အာရုံစူးစိုက်နိုင်စွမ်းကို ထည့်တွက်လျှင် ထိုကဲ့သို့မျှော်လင့်ချက်တစ်ခုဖြင့် ဂိုဏ်းသားလက်ခံပွဲအား နှစ်ပေါင်းမည်မျှကျင်းပခဲ့စေကာမူ အရေးမကြီး။ သူတို့၏မျက်နှာရိပ်မျက်နှာကဲအား အခြားသူများ အကဲခတ်နိုင်ခွင့်ပေးမည်မဟုတ်ပေ။

သို့သော် အခြေအနေနှင့်ပတ်သက်ပြီး ထူးဆန်းနေမှုများကို အနည်းငယ် ရိပ်မိလိုက်သော ခွန်လွန်အစည်းအရုံးမှ အဘိုးကြီး၏မျက်လုံးများတွင် မသိသာသော အံ့ဩတုန်လှုပ်မှုအရိပ်အယောင်အား မြင်ရနိုင်သည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွား၏။ နာရီအနည်းငယ်ကြာသော် ထစ်ချုန်းသံကြီးတစ်သံသည် မန်ဟို့ကို လွှမ်းခြုံ၍ လျင်မြန်စွာ ပျောက်ကွယ်သွားပြန်ပြီးနောက် ... ပို၍ကြီးမား‌သော ပြင်းအားဖြင့် မြည်ဟည်းလာပြန်သည်။

ဤအခြင်းအရာက မန်ဟိုဖန်တီးနေသော နတ်ဘုရားစွမ်းရည်သည် စွမ်းအားတိုးလာနေကြောင်း ညွှန်ပြနေ၏။

နဝမတောင်နှင့်ပင်လယ်ရှိ ပရိသတ်ထုကြီးမှာ ဝဲမှန်သားပြင်များမှတစ်ဆင့် မန်ဟို့ကို မမှိတ်မသုန် ကြည့်နေကြသည်။ သူတို့သည် သူ မည်မျှလက်ဖျားခါလောက်မည့် နတ်ဘုရားစွမ်းရည်မျိုး ဖန်တီးမည်လဲ သိရဖို့ စိတ်ဝင်တစား စောင့်ဆိုင်းနေကြ၏။

"စောစောက တာအိုမှော်သိုင်းက ကျောက်တိုင် ၂၁ တိုင်ကို ကျလာစေခဲ့တယ်။ ပြီးတော့ သူက နောက်ထပ်နတ်ဘုရားစွမ်းရည်တစ်ခုကို စဖန်တီးနေတယ်တဲ့လား။ သူ အောင်မြင်သွားရင် ... ကျောက်တိုင်ဘယ်နှတိုင် ပေါ်လာလိမ့်မလဲ"

"ကြားတောင် မကြားဖူးဘူးကွာ။ ရှေးဟောင်းမှတ်‌တမ်းတွေမှာ တာအိုဆရာအစည်းအရုံးသုံးခု ဒီနတ်မီးလျှံစမ်းသပ်ပွဲကို ပထမဆုံးကျင်းပခဲ့တဲ့အကြောင်း မှတ်သားမထားပေမယ့် အခုထိ သိမ်းထားခဲ့တဲ့ မှတ်တမ်းတွေမှာတော့ ဒီအံ့ဖွယ်ဖန်မုလို ကြယ်ပွင့်တွေကို တုန်လှုပ်စေနိုင်ခဲ့တဲ့ ဘယ်သူမှ မရှိခဲ့ဖူးဘူး"

"အဲဒီလိုရွေးချယ်ခံတစ်ယောက်က ဘယ်ဂိုဏ်းကိုပဲဝင်ဝင် အကုန်လုံးရဲ့အာရုံစိုက်ရာ ဖြစ်လိမ့်မှာပဲ။ ဒီနေ့မတိုင်ခင်အထိ သူ့နာမည်ကို မကြားခဲ့ဖူးတာ ထူးဆန်းတယ်"

စကားသံများသည် အပြင်လောကတွင်သာမက ရှေးဟောင်းလမ်းအပေါ်ရှိ ပြိုင်ပွဲဝင်များအကြားတွင်ပါ ပဲ့တင်ထပ်နေသည်။ လူတိုင်း မန်ဟိုကြောင့် တုန်လှုပ်နေကြလေပြီ။

သူတို့အားလုံးသည် .... မန်ဟို၏ ထူးချွန်ပြောက်မြောက်သော ဖန်တီးမှုကို စောင့်စားနေကြ၏။

နောက်တစ်‌နေ့တွင် ပို၍ကြောက်မက်ဖွယ်ကောင်းသော ထစ်ချုန်းသံကြီးတစ်သံကို ကြားလိုက်ရသည်။ နောက်ရက်များတွင် အသံကြီးသည် ‌တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းတစ်လျှောက်လုံး လွှမ်းမိုးသွား၏။ သုံးရက်ကြာသော် ... ၎င်းက အစပြန်စပြန်သည်။ အနုသုခုမရုပ်ခန္ဓာရှေးဟောင်းလမ်းနှင့် တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းမှ လူများပင် ကြားလိုက်ရသည်။

၎င်းက ရှေးဟောင်းလမ်းတစ်လုံးတွင် ပြည့်နှက်သွားလေသည်။

ပို၍များပြားသောလူများ အံ့ဩမှင်သက်သွားကြသည်။

လေးရက်ကြာသော် မန်ဟို့ထံမှ ပဲ့တင်ထပ်လာသည့် ပြင်းထန်သော ထစ်ချုန်းသံကြီးက ဝဲများမှတစ်ဆင့် ‌နဝမတောင်နှင့်ပင်လယ်အထိ ရောက်ရှိသွားသည်။

ထိုသို့ဖြစ်ပျက်သောအခါမှ နောက်ဆုံး မန်ဟိုက မျက်လုံးများ ဖွင့်လိုက်လေသည်။

ထိုအခိုက်အတန့်တွင် သူ၏မျက်ဆံများမှ အကန့်အသတ်မဲ့ တောက်ပနေသော အရောင်အဝါများ ဖြာထွက်လာရာ သူ့ကို မျက်နှာချင်းဆိုင်လိုက်သည့် မည့်သူမဆို မျက်စိကန်းသွားနိုင်လောက်၏။ မန်ဟိုက တည်ငြိမ်အေးဆေးသောအမူအရာဖြင့် လက်ကို လေပေါ်မြှောက်လိုက်သည်။ သူ၏စိတ်ထဲတွင် ပထမတံတား၏ပုံရိပ်သည် ဖျောက်ဖျက်၍မရအောင် စွဲထင်နေပြီး ထာဝရတစ်လျှောက်လုံး ပျောက်ကွယ်သွားမည်မဟုတ်ပေ။

သူ လက်နှစ်ဖက်ကို လေထဲ မြှောက်လိုက်သည့်အခါ သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးသည် တုန်ခါစပြုလာပြီး မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာ၏။ လေထုသည် လည်သွားပြီး တစ်လွှာပြီးတစ်လွှာ ကြေမွလာသည်။ အသက်ရှိုက်စာအနည်းငယ်လေးအတွင်း သူ၏ပတ်ပတ်လည်ရှိ မြေကြီးများ စိစိညက်ညက် ကြေသွားပြီး ပြိုကွဲစပြုလာသည်။ လေများ တဝေါဝေါ တိုက်ခတ်လာပြီး လေထုကား ပျက်စီးသွားချေပြီ။

မန်ဟိုကမူ တင်ပျဉ်ခွေထိုင်လျက်ရှိသေးသော်လည်း သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ လွင့်စင်ပြိုကွဲလာသဖြင့် သူသည် ‌မီတာသုံးရာမြင့်သော ကျောက်တိုင် ၂၁ တိုင်ဖြင့် ခြံရံလျက် ဟင်းလင်းပြင်၏အလယ်တွင် လွင့်မျောနေသည့်အလားပင်။

ဤအခိုက်အတန့်တွင် ရုတ်တရက် ခေါင်းအထက်ရှိ အနန္တအာကာသဟင်းလင်းပြင်ထဲမှ လာနေသော ထစ်ချုန်းသံကြီးတစ်သံကို ကြားလိုက်ရသည်။ ၎င်းကား ဟိန်းဟောက်သံကြီးသဖွယ်ဖြစ်ပြီး ကျောက်တိုင်များက ၎င်းကို အဖော်ပြုလျက် ကျ‌ဆင်းလာလေသည်။

တစ်တိုင်၊ နှစ်တိုင် ၊ သုံးတိုင် .... စုစုပေါင်းကိုးတိုင်က အခြားနှစ်ဆယ့်တစ်တိုင်နှင့် ပေါင်းစည်းသွားသည်။ ထိုမျှသာမက ဤကျောက်တိုင်အသစ်များမှာ ငွေရောင်ဖြစ်၏။

၎င်းတို့၏အသွင်သဏ္ဌာန်က ကျန်နှစ်ဆယ့်တစ်တိုင်ထက် ခမ်းနားကြီးကျယ်ပြီး အံ့ဖွယ်ကောင်းလှပေသည်။

ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးများမှာ မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြပြီး နဝမတောင်ပင်လယ်ရှိ လူအုပ်ကြီးများမှာတော့ ချက်ချင်း မယုံကြည်နိုင်မှုတို့ဖြင့် အုတ်အော်သောင်းနင်းဖြစ်သွားတော့သည်။

"သူက နတ်ဘုရားစွမ်းရည်ကို ဖန်တီးလို့တောင် မပြီးသေးဘူးလေ။ အခုမှ စွမ်းအင်စုစည်းရုံလေး ရှိသေးတာကို ကျောက်တိုင်တွေက ကျလာပြီတဲ့လား"

"ဒီကျောက်တိုင်တွေက ငွေရောင်တွေဟ။ တစ်ခါမှ ကြားတောင်မကြားဖူးဘူး"

"ဒီနတ်ဘုရားစွမ်းရည်က သေချာပေါက် ကောင်းကင်ကို အာခံနေတာပဲ။ မဟုတ်ရင် စွမ်းအင်လေး လှုပ်ရှားလာပြီး ပြည့်တောင် မပြည့်စုံသေးဘဲနဲ့ ဘယ်လိုလုပ်ကျောက်တိုင်တွေ ကျလာမှာတုန်း"

"ဒါ ဘာနတ်ဘုရားစွမ်းရည်လဲ"

လူအုပ်ကြီး ဆူညံပွက်လောရိုက်နေစဉ် မန်ဟိုကတော့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု ကင်းမဲ့နေသော မျက်လုံးများနှင့် တည်ငြိမ်သော မျက်နှာထားဖြင့် ထိုင်နေသည်။ သူ၏စိတ်မှာ ပထမတံတားနှင့်ပတ်သက်၍ ဆင်ခြင်သုံးသပ်ရာတွင် တိတ်ဆိတ်စွာ နစ်မြောနေသယောင်ပင်။

သူ၏စွမ်းအင်သည် ပို၍ပင်အားကောင်းလာ၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာပြီးနောက် သူ့စိတ်ထဲရှိ တံတား၏ပုံရိပ်သည် ပို၍ကြီးမားလာကာ မျက်စိတစ်မှိတ်အတွင်း သူ့တစ်ကိုယ်လုံးကို လွှမ်းမိုးသွားတော့သည်။

သူကား တံတားဖြစ်လာခဲ့သည့်အလားပင်။

တစ်ချိန်တည်းမှာပင် ... တံတားက သူ ဖြစ်လာခဲ့ချေပြီ။

စကားလုံးများဖြင့် ဖော်ပြ၍မတတ်နိုင်သော နာကျင်မှုက သူ့ကို စိုးမိုးသွားသည်။ သူ့ကိုယ်တွင်းရှိ ချီစီးဆင်းမှုလမ်းကြောင်းတစ်‌ရာကျော် ပြတ်ထွက်သွားသကဲ့သို့ နာကျင်မှုမျိုးပင်။

ရုတ်တရက် သူ၏ခန္ဓာကိုယ်ထဲ၌ ... အကြောတစ်ရာပေါ်လာသဖြင့် ချွေးသီးချွေးပေါက်ကြီးများ သူ၏မျက်နှာတစ်လျှောက် စီးကျလာသည်။

ဤအကြောတစ်ရာမှာ ယခင်က သူ့ကိုယ်ထဲတွင် မတည်ရှိခဲ့သော အင်မော်တယ်အကြောများဖြစ်၏။ သို့သော် တံတားပြန့်ကားလာသည့်အခါ ၎င်းက ၎င်းတို့ကို ပွင့်လာအောင် ဖိအားပေးခဲ့လေသည်။ တခဏသာ ခံမည်ဖြစ်ပြီး ထာဝရမဟုတ်သော်လည်း ၎င်းသည် မန်ဟို၏အင်မော်တယ်အခြေအတွက် ပုံကြမ်းတစ်ခုကို ဖော်ဆောင်ပေးလိုက်သည်။

သူ့တွင် ရှိနှင့်ပြီးသား ထာဝရအင်မော်တယ်အကြောကို ထည့်ပေါင်းလျှင် ၎င်းကို မြင်လိုက်သည့် မည်သူကိုမဆို လုံးလုံးလျားလျား ဆွံ့အမှင်သက်သွားစေမည့် မြင်ကွင်းတစ်ခုဖြစ်သည်။ သို့သော် တာအိုဆရာအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးသုံးဦးပင်လျှင် သူ့ကိုယ်ထဲတွင် ဖြစ်ပျက်နေသော အရာများကို မြင်နိုင်စွမ်းမရှိပေ။ အတင်းအကြပ် ကြည့်လျှင်တောင်မှ မျက်စိကျိန်းဖွယ်အလင်းရောင်ကိုသာ မြင်ရလိမ့်မည်သာ။

မန်ဟို၏ကိုယ်ထဲတွင် အကြောတစ်ရာ အတင်းအဓမ္မအဖွင့်ခံလိုက်ရသော အခိုက်အတန့်တွင် ကျောက်တိုင်ကြီးများက တဝုန်းဝုန်း ကျရောက်လာပြန်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းတို့က ရွှေရောင်ကျောက်တိုင်ကိုးတိုင်ဖြစ်၏။

ဤရွှေရောင်ကျောက်တိုင်ကိုးတိုင်က အပြင်လောကရှိ လူအုပ်ကြီးအပြင် နတ်မီးလျှံစမ်းသပ်ပွဲအတွင်းရှိ အခြားပြိုင်ပွဲဝင်များကို ဗြောင်းဆန်သွားစေသည်။

"‌ကျောက်တိုင် ဆယ့်ရှစ်တိုင်"

"မြတ်စွာဘုရား။ ငွေကျောက်တိုင်ကိုးတိုင်၊ ရွှေကျောက်တိုင်ကိုးတိုင်။ နတ်ဘုရားစွမ်းရည်ကို အပြည့်အစုံ မဖန်တီးရသေးတာတောင်.... ကျောက်တိုင်ဆယ့်ရှစ်တိုင် ကျလာပြီတဲ့လား"

"ဒီလူက ရွေးချယ်ခံတွေကြားမှာ အတုမရှိပဲ"

မန်ဟိုသည် အပြင်လောကမှ စကားသံများကို မကြားရပေ။ သူ၏ခန္ဓာကိုယ်မှာ တုန်ရီနေပြီး သူ ဖန်တီးခဲ့သော နတ်ဘုရားစွမ်းရည်မှာ အတုမရှိအစွမ်းထက်သည်ဆိုသော ခံစားချက်ဖြင့် ပြည့်နှက်နေ၏။ ၎င်းမှာ သူ၏လက်ရှိကျင့်ကြံခြင်းအခြေခံဖြင့်ပင် အသုံးပြု၍မရသော မှော်သိုင်းတစ်ခု ဖြစ်နေသယောင်ပင်။

၎င်းသည် အသုံးပြုရန်အတွက် အကြောတစ်ရာပွင့်ဖို့ လိုအပ်သော မှော်သိုင်းဖြစ်၏။

ပို၍အားနည်းသော ပုံစံကို ထုတ်ဖော်ဖို့ရန်ပင် အနည်းဆုံး အကြောငါးဆယ် လိုအပ်လိမ့်မည်။

လောလောလောဆယ်တွင် သူ၏အကြောတစ်ရာလုံးမှာ အတင်းအကြပ် အဖွင့်ခံထားရသော်လည်း ၎င်းက ယာယီသာဖြစ်ကြောင်း မန်ဟိုသိ၏။ သူသည် နတ်ဘုရားစွမ်းရည်ဖန်တီးမှု၏ ရလဒ်ဖြစ်သော သူ၏ကံကြမ္မာကောင်းမှ စွမ်းအားကို ငှားယူထားဖြစ်၍ ၎င်းမှာ ကြာကြာခံမည့်အရာမဟုတ်ပေ။ သို့သော် မန်ဟို့အတွက်တော့ ၎င်းအား ကံကြမ္မာကောင်းအဖြစ် မှတ်ယူနိုင်သေးသည်။ ၎င်းက သူ့အတွက် လမ်းတစ်လမ်းဖွင့်ပေးခဲ့သည့်အတွက် သူလုပ်ရန်မှာ ရှေ့တစ်လှမ်းတက်ရုံသာဖြစ်ပြီး အစစ်အမှန်အင်မော်တယ်နယ်ပယ်ထဲ အတားအဆီးမရှိ ဝင်ရောက်နိုင်ပေမည်။

"ငါ အချိန်တစ်ခုအထိ ဒီမှော််သိုင်းကို မသုံးနိုင်ရင်တောင်မှ အပြည့်အဝဖန်တီးလို့ ရသေးတယ်" သူသည် ခိုင်မာပြတ်သားသော မျက်လုံးများဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်အဝကို ထုတ်ဖော်လိုက်ရာ အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားတော့သည်။

တ‌ဖြေးဖြေး တံတားတစ်စင်း၏ပုံရိပ်သည် သူ၏အနောက်တွင် စတင်မြင်သာလာ၏။

တံတားသည် ဝိုးတိုးဝါးတား ပုံရိပ်ယောင်လေး တစ်ခုသာ ဖြစ်၏။ ထင်ရှားပြတ်သားသော တံတားပုံရိပ်ကို တစ်ရာရာခိုင်နှုန်းအဖြစ် သတ်မှတ်နိုင်လျှင် ဤပုံရိပ်ယောင်ကား ဆယ်ရာခိုင်နှုန်းသာ ဖြစ်လိမ့်မည်။

သို့သော် ဆယ်ရာခိုင်နှုန်းနှင့်ပင်လျှင် ၎င်းသည် ရှေးကျသောအရှိန်အဝါတစ်ခုနှင့် ပြည့်နှက်နေသေး၏။ ၎င်းကား တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းဖြင့် မကိုက်ညီသော သဘာဝနိယာမတစ်ခုဖြင့် ပြည့်နှက်နေသယောင်ပင်။ ထိုသဘာဝနိယာမသည် ‌ကောင်းကင်ကြီး၏အမိုးခုံးကို နှစ်ခြမ်းခြမ်း၍ ကောင်းကင်ကြီးအား ... ၎င်း၏ခြေထောက်အောက်တွင် ထားရှိနိုင်သည့်အလား မိုးကောင်းကင်ကို အာခံနေလေသည်။

စွမ်းအင်သည် ၎င်းကြည့်လိုက်သည့်အခါ သက်ရှိသတ္တဝါအားလုံး ဒူးထောက်ရှိခိုးရုံမှတစ်ပါး ရွေးချယ်စရာမရှိသည့်အလား တင်စီးနေသည်။ ၎င်းကား အကြီးမြတ်ဆုံးသောစွမ်းအားတစ်ရပ်ဖြစ်၏ ။

မန်ဟိုမှာ ပိုပို၍တုန်ရီလာသည်။ အဖွင့်ခံခဲ့ရသော အကြောတစ်ရာသည် စောစောက မျက်စိကျိန်းမတတ် တောက်ပနေခဲ့သော်လည်း ယခုတွင် ၎င်းတို့၏အလင်းရောင်ကို တံတားမှ စုပ်ယူနေသည့်အလား မှေးမှိန်စပြုလာသည်။

မျက်စိတစ်မှိတ်အတွင်း အကြောသုံးဆယ်သာ ပွင့်လျက်ကျန်တော့၏။ ဤအခိုက်အတန့်တွင် သွေးရူးသွေးတန်းဖြစ်နေသော ခိုင်မာပြတ်သားမှုတို့ မန်ဟို၏မျက်လုံးများတွင် တောက်ပလာသည်။ သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ပြီး သူ့ကိုယ်ထဲရှိ အင်မော်တယ်အကြောအားလုံးမှာ မှေးမှိန်လာ၏။ ထိုအခိုက်အတန့်တွင် တံတားကား ရုတ်တရက် နှစ်ဆယ်ရာခိုင်နှုန်း ထင်ရှားလာလေပြီ။

ထိုနှစ်ဆယ်ရာခိုင်နှုန်းက အင်မော်တယ်အပျက်အစီးနယ်အတွင်းရှိ ရှေးဟောင်းလမ်းသုံးလမ်းလုံးကို တုန်ခါလာစေသည်။ နန်းတော်ထဲရှိ ခေါင်းဆောင်ကြီးများမှာ ချာချာလည်နေကြလေသည်။ သူတို့သည် က္ကန္ဒြေမဆည်နိုင်အောင် တုန်လှုပ်နေကြပုံပင်။ အပြင်ဘက် နဝမတောင်နှင့်ပင်လယ်တွင် သွေးအန်လိုက်ကြရသော ကျင့်ကြံသူတချို့ပင် ရှိ၏။

ထိုမျှသာမက ခေါင်းအထက်ရှိ ဟင်းလင်းပြင်ထဲတွင် .... ခုနစ်ရောင်စဉ်‌ကျောက်တိုင်ကိုးတိုင် ပေါ်လာသည်။

ငွေရောင်ကိုးတိုင်၊ ရွှေရောင်ကိုးတိုင်၊ ခုနစ်ရောင်စဉ်ကိုးတိုင်။

တစ်လောကလုံး ကြက်သေသေသွားသည်။

"အဲဒါ ဘာနတ်ဘုရားစွမ်းရည်လဲ"

"တာအိုမှော်သိုင်း‌တောင်မဟုတ်ဘူး၊ လျှို့ဝှက်မှော်သိုင်းထက်တောင် သာတယ်။ အဲဒါက ဘာမှော်သိုင်းများလဲ"

"မဟုတ်မှ ... မဟုတ်မှ ဒဏ္ဍာရီလာ ပါရဂွန်မှော်သိုင်းလား"

တာအိုဆရာအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးသုံးဦးမှအပ ၊ ကြယ်တာရာကောင်းကင်နန်းတော်ရှိ လူတိုင်းမှာ အံ့ဩနေသော မျက်နှာထားများဖြင့် ထရပ်နေခဲ့ကြလေပြီ။

"ပါရာဂွန်မှော်သိုင်း။ ဖန်မုက စိတ်ဝိညာဉ်နယ်ပယ်မှာတင် ပါရာဂွန်မှော်သိုင်းတစ်ခုကို ဖန်တီးနိုင်တယ်ဆိုတော့ သူ့ရဲ့ဗီဇစိတ်ဟာ တကယ်ကို လက်ဖျားခါဖွယ်ပေပဲ"

"သူ့အနေနဲ့ အခု အဲဒီမှော်သိုင်းကို မသုံးနိုင်ပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းအခြေခံ အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ရင် ရှေးဟောင်းနယ်ပယ်ရဲ့ ပညာရှင်တွေကို သတ်ဖို့ ဒီသိုင်းကို သုံးနိုင်သွားလိမ့်မယ်"

ခေါင်းဆောင်ကြီးများမှာ ယခုတွင် အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။ နဝမတောင်ပင်လယ်ရှိ ပရိသတ်ထုကြီးမှာ ဆွံ့အနေပြီး မျက်လုံးအပြူးသား ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့သည် ပါရာဂွန်မှော်သိုင်းက ဘာမှန်းမသိကြသော်လည်း မန်ဟို့အနောက်တွင် တံတားပေါ်လာသည့်အခါ သူတို့၏ကျင့်ကြံခြင်းအခြေခံများ တုန်ရီနေသည်ကို ခံစားလိုက်ကြရ၏။

မန်ဟို၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့မှာ ဆက်မသွားနိုင်တော့ပေ။ တံတားသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်လာပြီး သူ၏ခန္ဓာကိုယ်မှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွား၏။ သို့သော် သူ့မှာ အတိုင်းထက်အလွန် ပင်ပန်းနေပြီး ဖျားနာနေသည့်အလား မျက်နှာဖြူဆုပ်နေသည်။ သို့သော် သူ၏မျက်လုံးများကား စူးရှတောက်ပနေသေး၏။

"အဲဒီတံတားပေါ်လာတဲ့အခါ အကြီးမြတ်ဆုံးဖြစ်ပြီး အနှိုင်းမဲ့ပေတယ်။ အဲဒီလိုဆိုမှတော့ သူ့နာမည်က ....

"ပါရဂွန်တံတား ဖြစ်သင့်တယ်

"ဒါဟာ ငါ့ရဲ့ ဒုတိယမြောက်နတ်ဘုရားစွမ်းရည်ပဲ"

မန်ဟိုက သူ့ကို နေရာအသီးသီးမှ ကြည့်ရှုနေသည့် မျက်လုံးများ၏အကြည့်အောက်ဝယ် ဖြေးညင်းစွာ ထရပ်လိုက်သည်။

မန်ဟိုသည် အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် မျက်လုံးများ ပိတ်လိုက်ကာ သူ၏နတ်ဘုရားအာရုံကို ကျောက်တိုင်လေးဆယ့်ရှစ်တိုင်ထံသို့ ဖြန့်ကျက်လိုက်၏။

သူက ရုတ်တရက် အသက်ရှူသွင်းလိုက်ရာ ကျောက်တိုင်များသည် တုန်ရီလာပြီးနောက် အင်မော်တယ်ချီကို စတင်ထုတ်လွှတ်လာကြသည်။ ၎င်းက နူးညံ့သော စွမ်းအားတစ်ရပ်အသွင်ပြောင်းကာ မန်ဟို့ထံ အပြေးအလွှား ဝင်ရောက်လာရင်း ဝဲတစ်ဝဲပမာ သူ့ကို ရစ်သိုင်းလှည့်ပတ်လိုက်သည်။ ၎င်းကို သူ၏ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်သည့်အခါ သူ၏အင်မော််တယ်အကြောမှာ ချီကို အငမ်းမရ စုပ်ယူ၍ အသက်ဝင်လာသယောင်ပင်။

သုံးဆယ်ရာခိုင်နှုန်း ၊ လေးဆယ်ရာခိုင်နှုန်း ၊ ငါးဆယ်ရာခိုင်နှုန်း ၊ ခြောက်ဆယ်ရာခိုင်နှုန်း ၊ ခုနစ်ဆယ်ရာခိုင်နှုန်း ။

အင်မော်တယ်အပျက်အစီးများနယ်သို့ မလာခင်တုန်းက မန်ဟို၏အင်မော်တယ်အကြောသည် ပုံရိပ်ယောင်သာ ဖြစ်ခဲ့၏။ သို့သော် ယခုတွင် ၎င်းကား အင်မော်တယ်ချီကို အငမ်းမရ စုပ်ယူစားသုံးနေလေပြီ။ ကျောက်တိုင်များ စတင်ပျောက်ကွယ်လာပြီး နောက်ဆုံးတစ်ခု မရှိတော့သည့်အချိန်တွင် သူ့ကိုယ်ထဲရှိ အင်မော်တယ်အကြောသည် ရှစ်ဆယ်ရာခိုင်နှုန်းတိတိ အစိုင်အခဲဖြစ်လာ၏။

ဤသည်မှာ ရှေးဟောင်းကြေးဆီမီးအိမ်မှ ဖော်ဆောင်ပေးခဲ့သော အင်‌မော်တယ်ရှေးဟောင်းတာအိုအကြောတစ်ကြော ဖြစ်သည်။ ၎င်းကား မျက်မှောက်ခေတ်ကျင့်ကြံသူများ ပိုင်ဆိုင်နိုင်သည်ထက် သာလွန်ပြီး ရှေးခေတ်မှ လာသော အင်မော်တယ်အကြောတစ်ကြောပင်။ ရွှေတုန်းလျှိုပြောစကားအရ ၎င်းက မန်ဟို၏ကံတရားကို ပြောင်းလဲပေးခဲ့သည်။

ယခုတွင် ၎င်းကား ရှစ်ဆယ်ရာခိုင်နှုန်း ပြီးမြောက်သွားပြီး အင်မော်တယ်အင်အားကို ထုတ်လွှတ်နေလေပြီ။ ယခု မန်ဟို၏ကျင့်ကြံခြင်းအခြေခံကား အစစ်အမှန်အင်‌မော်တယ်တစ်ဦးနည်းတူ ပြင်းထန်သော စွမ်းအင်တို့ဖြင့် ဟုန်းဟုန်းတောက်နေတော့သည်။

ရှစ်ဆယ်ရာခိုင်နှုန်း ရုပ်လုံးပေါ်လာသော အင်မော်တယ်အကြောတစ်ကြောဖြင့် သူသည် ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့်အလားပင်။ သူကား ယခုထက်ထိ အစစ်အမှန်အင်မော်တယ်တစ်ဦးမဟုတ်သေးသော်လည်း တကယ်တမ်း... ဆေးလုံးမိစ္ဆာ အစစ်အမှန်အင်မော်တယ်ဖြစ်လာတုန်းကထက်ပင် အစွမ်းထက်လေ၏။

***

All Chapters