← Chapters

အရာအားလုံး ပြိုကွဲသွားခြင်း

Vol. 109 Ch. 1512

အရာအားလုံး ပြိုကွဲသွားခြင်း

Vol. 109 Ch. 1512

ပင်လယ်ပြာဂိုဏ်းတစ်ဂိုဏ်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ မန်ဟိုနှင့် ချန်ဖန်းသာလျှင် ရပ်ကျန်ခဲ့၏။

“မန်ဟို မင်း..” ချန်ဖန်းမှာ ယခုလေးတင် ဖြစ်ပျက်သွားခဲ့သော အဖြစ်အပျက်များကို မယုံနိုင်ဖြစ်လျက် တုန်ရီနေသည်။ သူ့မျက်ဝန်းများတွင် ဝမ်းနည်းမှု၊ အမျက်ဒေါသနှင့် ဇဝေဇဝါဖြစ်နေမှုတို့ ရောထွေးနေတော့သည်။

မန်ဟိုက အလောင်းများကို ကြည့်၍ သက်ပြင်းချသည်။ ထို့နောက် သူ့လက်ဝါးထဲ ဝင်ဖို့ အသည်းအသန်ကြိုးစားနေသည့် လောကပါလမျိုးစေ့ကို ကြည့်၍ ဖိချေလိုက်လေသည်။

ချန်ဖန်းသည် နားမလည်နိုင်ဖြစ်နေသောအမူအရာဖြင့် မန်ဟို့ကို ကြည့်နေ၏။ “မင်းက ကိုယ့်ဂိုဏ်းကိုတောင် ပြန်သတ်ရက်ခဲ့တာပဲ။ ဇနီးနဲ့ ဆရာဖြစ်သူကိုတောင် မချန်ခဲ့ဘူး။ အကုန်လုံးက ပုံရိပ်ယောင်ကမ္ဘာလေးတစ်ခုအတွက်ပေါ့လေ တန်လား မန်ဟို”

မန်ဟိုက သူ့ကို မော့ကြည်သည်။ “ချန်ဖန်း ငါ မင်းကို ငါ့အစ်ကိုကြီးအဖြစ် အမြဲလေးစားခဲ့တယ်... ဟန်ဆောင်နေတာတွေ တော်လိုက်တော့။ မင်းမှာ မင်းလျှောက်ရမယ့် လမ်းရှိတယ်။ မင်း ဘာကြောင့် အခုလိုလုပ်ခဲ့မှန်း ငါ မသိပေမယ့် မင်းမှာလည်း မင်းအကြောင်းနဲ့မင်း ရှိမယ်ဆိုတာ နားလည်တယ်။ ငါ မင်းကို အပြစ်မတင်ဘူး။ ငါ့မှာလည်း ငါလျှောက်ရမယ့် လမ်းရှိပြီးသားပဲ”

ချန်ဖန်းသည် ခါးသီးစွာဖြင့် ငိုင်ငိုင်ကြီး ရပ်နေ၏။ နောက်ဆုံးတော့ သူက ပြုံးသည်။ အပြုံးသည် ခါးသီးနေသောအပြုံးပင် ဖြစ်သည်။ “မင်း ဒီမှာ နစ်မျောသွားသရွေ့ ငါ့ရဲ့လင်းကလေးကို အသက်တကယ်ပြန်သွင်းပေးမယ်လို့ သူ ကတိပေးခဲ့တယ်။ သူ့အတွက် အဲဒီလိုလုပ်ပေးဖို့က လက်ကလေးလှန်သလို အလွယ်လေးပဲလေ

“မန်ဟို ငါ့ရဲ့လင်းက‌လေးကို အသက်ပြန်သွင်းဖို့ နည်းလမ်းမှန်သမျှ ငါ ချန်ဖန်း လုပ်ခဲ့ပြီးပြီ။ နှစ်ပေါင်းများစွာကုန်လွန်သွားပြီးတဲ့နောက်မှတော့ ဒါက ငါ့အတွက် တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်လာခဲ့တယ်။ မင်း ငါ့ကို အပြစ်တင်ပိုင်ခွင့် ရှိပါတယ်။ ငါ့ကို မုန်းတောင် မုန်းနိုင်ပါတယ်။ မန်ဟို ....ငါ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ တကယ်‌တောင်းပန်ပါတယ်ကွာ...”

မန်ဟိုလည်း စိတ်မကောင်းပေ။ ချန်ဖန်းကို ကြည့်နေစဉ် အမှတ်တရပေါင်းများစွာ သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ ချန်ဖန်းပြောသည့် လင်းကလေးဆိုသည်မှာ ယီးကျန့်ဂိုဏ်းမှ ရှန်လင်းဖြစ်ကြောင်း သူ သိလေသည်။

မန်ဟိုက ချန်ဖန်းကို လျစ်လျူရှုရင်း‌ ခေါင်းခါကာ သူ ကြုံတွေ့ခဲ့ရသည့် အန္တရာယ်အကြောင်း ပြန်သုံးသပ်နေသည်။ ကြေးမုံ၊ မွေးစားအဖေခဲယွင်ဟိုင်သေဆုံးခြင်းဖြင့် သက်သေပြခဲ့မှုအပြင် သူ၏ခိုင်မာသောစိတ်ခွန်အားကြောင့်သာမဟုတ်လျှင် ... သူသည် ဤနေရာထဲတွင် နစ်မျောသွားကာ ဟန်ပေ့ပြောခဲ့သည့်အတိုင်း ဖြစ်လာလိမ့်မည်။ လောကပါလသားတော်အဖြစ် သူမနှင့် တစ်လှေတည်းစီးရလိမ့်မည်။

ယခုတော့ ထွက်သွားဖို့ အချိန်ကျလေပြီ။ သူက ရှေ့တစ်လှမ်းတက်၍ စုတ်ဖြဲသည့်လက်ဟန် လုပ်လိုက်သည်။ သူ့အရှေ့ရှိ လေထုတွင် အက်ကွဲကြောင်းတစ်ကြောင်း ပွင့်ထွက်လာပြီး သူက ထိုထဲဝင်ဖို့ ပြင်လိုက်လေသည်။

“မန်ဟို မင်း ထွက်သွားလို့မရဘူး” ချန်ဖန်းက မျက်ရည်များစီးကျနေလျက် အော်သည်။ “မင်း ဒီမှာ နေရမယ်” သူ၏မျက်ဝန်းများတွင် အစွဲအလမ်းကြီးမှုနှင့် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်နေသည်။ သူက လက်နှစ်ဖက်လုံးကို မြှောက်လိုက်ရာ တစ်ကမ္ဘာလုံး တုန်ခါလာတော့သည်။ စိတ်ဆန္ဒတစ်ရပ် ဆင်းသက်လာဟန်တူပြီး ထိုစိတ်ဆန္ဒသည် ချန်ဖန်း၏ကိုယ်ထဲ စီးဆင်းသွားသယောင်ပင်။

ချန်ဖန်း၏စွမ်းအင်သည် တဟုန်ထိုးမြင့်တက်သွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ဆူပွက်လာ၏။ သွေးကြောပြာကြီးများက သူ့မျက်နှာတစ်ပြင်လုံးတွင် ဖောင်းကြွလာပြီး သူကား သိသိသာသာ တုန်ရီလာလေပြီ။ သူ့မျက်လုံးများက နီရဲသွားပြီး ရုတ်တရက် ဆင်ခြင်တုံတရား ပျောက်ကွယ်သွားပုံပေါ်သည်။ အစွဲအလမ်းသာလျှင် ကျန်ရှိတော့၏။

ရုတ်တရက် သူက မန်ဟို့ဆီ ပြေးဝင်သွားသော ခပ်ဝါးဝါးအတန်းတစ်တန်း ဖြစ်သွားသည်။ သူ၏ညာလက်ကို မြှောက်လိုက်သည့်အခါ မိုးကောင်းကင်သည် သူ့ကို ထောက်ပံ့ပေးထားပုံပေါ်ပြီး ကြယ်တာရာကောင်းကင်က သူ့လက်ထဲတွင် တည်ရှိသယောင် ထင်ရ၏။ ကြည့်ရခြင်းအားဖြင့် လောကပါလနတ်မင်း၏စိတ်ဆန္ဒသည် ဤကမ္ဘာထဲ၌ လှုပ်ရှားဖို့ ချန်ဖန်း၏ခန္ဓာကိုယ်ကို ပူးကပ်၍ ၎င်း၏အခွံအဖြစ် အသုံးပြုနေပုံပေါ်သည်။

ထစ်ချုန်းသံများ ပဲ့တင်ရိုက်ခတ်သွားပြီး မန်ဟိုမှာ လွင့်ထွက်သွားသည်။ သွေးများသည် သူ၏နှုတ်ခမ်းထောင့်မှ စီးကျလာကာ သူ့မျက်ဝန်းများတွင် ဝမ်းနည်းရိပ်တို့ ထင်ဟပ်နေ၏။ သူ့အရှေ့ရှိ လူမှာ မှီခိုရာဂိုဏ်းမှာကတည်းက ရင်းနှီးခဲ့သော သူ၏အစ်ကိုကြီးဖြစ်သည်။ တောင်ကောင်းကင်ဂြိုဟ်မှာတုန်းက ချန်ဖန်းသည် သူ၏အစ်ကိုအရင်းလို ဖြစ်ခဲ့၏။

သို့သော် ယခုတော့ သူတို့နှစ်ယောက် တိုက်ခိုက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။

ငဲ့ညာမှုသော်လည်း ၊ အညံ့ခံခြင်းသော်လည်း မရှိနိုင်။ ချန်ဖန်းသည် နောက်ဆုတ်မည်မဟုတ်၊ သူ၏ဇနီးကို အသက်ပြန်သွင်းဖို့အတွက် အရာအားလုံးကို လောင်းကြေးထပ်ထားခဲ့ပြီဖြစ်သည်။

မန်ဟိုလည်း အလျှော့မပေးနိုင်။ သူသာ ရှုံးသွားလျှင် ဤနေရာတွင် နစ်မျောကာ မည်သည့်အရာကိုမဆို ဆုံးရှုံးရလိမ့်မည်။ ဤနေရာသည် အစစ်လည်းဟုတ်သလို၊ အတုလည်းဖြစ်၏။ အရာဝတ္ထုများက စစ်မှန်သည်။ မစစ်မှန်သည်ကတော့ ၎င်းတို့သည် ပစ္စုပ္ပန်တွင် တည်ရှိခြင်းမဟုတ်၊ အတိတ်တွင် ရှိနေခြင်းပင်။

မန်ဟိုက ခါးသီးစွာ ပြုံးသည်။ ထို့နောက် သူ့ရင်ဘတ်သူ လက်ဝါးဖြင့် ရိုက်လိုက်ရာ ကြေးမုံသည် သူ၏ခန္ဓာကိုယ်ကို ချပ်ဝတ်ပမာ လွှမ်းခြုံသွားသော အနက်ရောင်အမျှင်များအသွင် ပြောင်းသွား၏။ စစ်လက်နက်သည်လည်း သူ့လက်ထဲတွင် ပေါ်လာကာ သူသည် ချန်ဖန်းဆီ ပြေးဝင်သွားသော အလင်းတန်းတစ်တန်းဖြစ်သွားတော့သည်။

ဂျိန်းးးးးး။ မိုးနှင့်မြေ ကြေမွသွားပြီး တောင်များ ပြိုကျကုန်သည်။ သူတို့နှစ်ယောက် တိုက်ခိုက်ရင်း ကြယ်တာရာကောင်းကင်ဆီ ပျံတက်သွားသည့်အခါ ပင်လယ်ပြာဂိုဏ်းမှာ မှုန့်မှုန့်ညက်ညက် ကြေလျက်သာ ကျန်ခဲ့တော့၏။

ချန်ဖန်းက လောကပါလနတ်မင်း၏စိတ်ဆန္ဒထံမှ စွမ်းအားဖြင့် တိုက်ခိုက်နေ၍ သူ ထုတ်လွှတ်နေသော နတ်ဘုရားစွမ်းရည်မှာ ဆန်းပြားလေသည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ... ၎င်းက မှတ်ဉာဏ်ခြယ်လှယ်အစွမ်းမျိုး ဖြစ်သည်။

အဆိုပါအစွမ်းသည် အလွန်တရာအန္တရာယ်များ၏။ ၎င်းက မန်ဟို့မှတ်ဉာဏ်အတွင်းရှိ ချန်ဖန်းနှင့်ပတ်သက်သော မှတ်ဉာဏ်များကို ပစ်မှတ်ထားကာ ထိုနေရာများရှိ ချန်ဖန်းအားလုံးကို သူ့စိတ်အား တစ်ပြိုင်တည်း ထိုးနှက်နေစေသည်။

လက်ရှိမန်ဟိုသာ ပစ်မှတ်ထားခံနေရခြင်းမဟုတ်။ တောင်ကောင်းကင်ဂြိုဟ်နှင့် မှီခိုရာဂိုဏ်းအပါအဝင် အချိန်စီးကြောင်းတစ်လျှောက် တည်ရှိခဲ့သော မန်ဟိုအားလုံးကို ပစ်မှတ်ထားနေသည်။

စကားလုံးများဖြင့် ပေါ်လွင်အောင်ရှင်းပြဖို့ကား ခက်ခဲပေသည်။ ရှင်းရှင်းပြောရလျှင် မန်ဟိုနှင့် ချန်ဖန်း လက်ရှိအချိန်တွင် တိုက်ခိုက်နေစဉ်မှာပင် မန်ဟို့စိတ်မှာလည်း စူးအောင်နာကျင်နေရခြင်းမျိုးပင်။

ချန်ဖန်းနှင့်ပတ်သက်သည့် သူ၏မှတ်ဉာဏ်အားလုံး အုံကြွသောင်းကျန်းနေသကဲ့သို့ သူ၏မှတ်ဉာဏ်များ အရှိတရားမှ ခွဲထွက်နေသည်ကို မန်ဟို ခံစားနေရသည်။ ဤမှော်အစွမ်းသည် နတ်ဘုရားစွမ်းရည်လေးသာ မဟုတ်ပေ။ ၎င်းသည် သဘာဝအားဖြင့်သော်လည်းကောင်း၊ မှော်အားဖြင့်သော်လည်းကောင်း လွန်ကျူးသော တာအိုတစ်ခုဖြစ်၏။

ထိုကဲ့သို့အရာမျိုးအား မန်ဟို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။

သို့သော် ချန်ဖန်းကို နှိမ်နင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းက သူ့စိတ်ထဲ၌ တည်ရှိသော မှတ်ဉာဏ်အားလုံးထဲတွင် သူ့ကို အနိုင်ယူခြင်းဖြစ်ကြောင်း သူ သိလေသည်။

လက်တွေ့အရှိတရားထဲ၌ သူတို့တိုက်ခိုက်နေစဉ် မန်ဟိုသည် ကောင်းကင်ဘုံ ၃၃ ဘုံ တောင်ပင်လယ်လောကအပေါ် သက်ဆင်းလာတော့မည့်အချိန်ကို ပြန်တွေးမိလိုက်၏။ သူ တောင်ပင်လယ်များကို ခုခံဖို့ ပြင်လိုက်စဉ်မှာပဲ ချန်ဖန်းက ရုတ်တရက် သူ့ကို လာတိုက်ခိုက်လေသည်။

တစ်ချိန်တည်းမှာပင် တောင်ကောင်းကင်ဂြိုဟ်ပေါ်၌ မန်ဟိုသည် ချန်ဖန်းဆီ အလည်သွား၏။ ရှန်လင်း၏ကျောက်ဆောင်ရှေ့တွင် သူတို့ အရက်ထိုင်သောက်နေစဉ် ရုတ်တရက် ချန်ဖန်း၏မျက်လုံးများက မီးဝင်းဝင်းတောက်လာပြီး မန်ဟို့ကို ဓားဖြင့် ခုတ်လေသည်။

တစ်ချိန်တည်းမှာပင် သူသည် မှီခိုရာဂိုဏ်းမှ ထွက်ခွာလာပြီး တောင်ကောင်းကင်မြေများသို့ ခြေဆန့်နေသည့်အချိန်သို့ ပြန်ရောက်သွား၏။ ထိုအချိန်တွင် တောင်ပိုင်းဒေသအတွင်း၌ ချန်ဖန်းနှင့် ဆုံစည်းလေသည်။ ချန်ဖန်းက သူ့ကို မြင်လျှင် ဝမ်းသာသွားသော်လည်း ... သူ၏မျက်နှာမှာ ရက်စက်ကြမ်းကြုတ်လာပြီး သူ့ကို တိုက်ခိုက်တော့၏။

သူတို့သည် မှီခိုရာဂိုဏ်း၌ မြင့်မြတ်သော ဝိညာဉ်ကျမ်းစာကို ယူဖို့ ဂိုဏ်းကြီးများ ရောက်လာသည့်အချိန်ကို ပြန်ရောက်သွားကြ၏။ ကျန်ဂိုဏ်းသားများ အသီးသီးခေါ်သွားခံနေရစဉ် မန်ဟိုသည် တောင်ထိပ်ပေါ်၌ တစ်ယောက်တည်းရပ်လျက် ယီးကျန့်ဂိုဏ်းမှ သက်လတ်ပိုင်းလူတစ်ယောက် ချန်ဖန်းအား ဂိုဏ်းထဲ ဝင်ချင်လား မေးနေသည်ကို ခါးသီးစွာ ကြည့်နေ၏။

ချန်ဖန်းက ပြန်ဖြေတော့မည့်အချိန်မှာပဲ ရုတ်တရက် မျက်လုံးများ မီးဝင်းဝင်းတောက်လာသည်။ သူက မပြောမဆို မန်ဟို့အား လှည့်တိုက်ခိုက်တော့သည်။

မန်ဟိုနှင့် ချန်ဖန်း မှီခိုရာဂိုဏ်း၌ အတူတူထိုင်နေသောတစ်ချိန် ရှိသည်။ ချန်ဖန်းသည် မန်ဟို့ကို မှီခိုရာဂိုဏ်းအကြောင်း မိတ်ဆက်ပေးနေရင်းတန်းလန်း မျက်လုံးများ အေးစက်လာပြီး သူ့ကို တိုက်ခိုက်လေသည်။

မန်ဟို ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည့် ပထမဆုံးနေ့တုန်းက သူနှင့် ဖက်တီးနှစ်ယောက်သား အစေခံတန်းလျားသို့ လိုက်ပါပို့ဆောင်ခံနေရစဉ် ရုတ်တရက် ဝါးတားတားအရိပ်တစ်ခုက တောင်ထိပ်ပေါ်မှ ထိုးဆင်းလာသည်။ ထိုအရိပ်သည် မန်ဟို့ကို သတ်တော့မည့်အလား ပြေးဝင်လာ၏။

ဤအရာအားလုံးက အရှိတရားနှင့် တစ်ပြိုင်တည်းဖြစ်ပျက်နေခြင်းပင်။ မန်ဟိုမှာ ချန်ဖန်း၏ ထပ်တလဲလဲသတ်ခြင်းခံနေရသော သူ့ကိုယ်သူနှင့် ချန်ဖန်းကို ထပ်တလဲလဲသတ်နေသော သူ့ကိုယ်သူလည်း ကြည့်ရင်း သွေးအန်လိုက်ရသည်။ မှတ်ဉာဏ်များသည် တစ်ခုအပေါ် တစ်ခုထပ်သွားပြီး တစ်ချိန်တည်းမှာပင် သူတို့၏တိုက်ပွဲအစစ်လည်း ပြင်းထန်လာသည်။

သူတို့တိုက်ခိုက်နေသော မှတ်ဉာဏ်များသည် မျိုးစေ့များအသွင် ပြောင်းသွား၏။ ထူးခြားသောနည်းလမ်းတစ်ခုဖြင့် ထိုမျိုးစေ့များမှာ သူ့စိတ်ထဲတွင် စိုက်ပျိုးခြင်းခံလိုက်ရသည်။

“မန်ဟို” ချန်ဖန်းက အော်သည်။ “‌လောကပါလသားတော်၊ လောကပါလနတ်မင်းရဲ့ တမန်တော်လုပ်လိုက်စမ်းပါ။ မင်းနာကျင်မှုတွေကို ဖယ်ထုတ်ပစ်လိုက်၊ ဒါတွေအားလုံးက ကြိုတင်သတ်မှတ်ထားပြီးသားတွေပဲ” ထို့နောက် သူက ဟိန်းဟောက်သည်။ “လောကပါလဝင်္ကပါ”

ဘုန်းးးးးးးးးးးးးး သူ၏ကြွက်သားများ၊ သွေးများအားလုံး အငွေ့ပျံသွားသည်။ အရေပြားနှင့် အရိုးသာ ကျန်ခဲ့လေသည်။ ဖြစ်ပေါ်လာသော သွေးမြူများသည် လောကပါလနတ်မင်း၏စိတ်ဆန္ဒအပြည့်ဖြင့် မန်ဟို့ကို ဖုံးလွှမ်းဖို့ အလိပ်လိပ်ဖြာထွက်လာ၏။

တစ်ချိန်တည်းမှာပင် မန်ဟို့ကိုယ်အတွင်းရှိ မျိုးစေ့များသည်လည်း လောကပါလနတ်မင်း၏စိတ်ဆန္ဒကို ထုတ်လွှတ်လျက် မြူခိုးများအဖြစ် ပေါက်ကွဲကုန်သည်။ မန်ဟို၏ကိုယ်အတွင်းနှင့် အပြင်နှစ်မျိုးလုံး၌ လောကပါလနတ်မင်း၏စိတ်ဆန္ဒ စိမ့်ဝင်ပျံ့နှံ့သွားပြီး သူ့အား လောကပါလနတ်မင်း၏ သား ၊ တမန်တော်ဖြစ်လာအောင် ဖိအားပေးဖို့ မြူတို့သည် ဖြာထွက်လာကြ၏။

မန်ဟို ပြန်တိုက်ခိုက်တော့မည့်အချိန်မှာပဲ သူ့သွေးဆက်စွမ်းအားက သူ့ကို ခုခံပေးခြင်းမရှိကြောင်း သတိထားမိလိုက်သည်။ လောကပါလနတ်မင်း၏စိတ်ဆန္ဒသာ တခြားတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ဝင်ဖို့ ကြိုးစားလျှင် ဤမျှလောက် ထိရောက်လွယ်ကူမည်မဟုတ်ပေ။

ဤဖြစ်စဉ်က ပြီးပြည့်စုံသော ပူးကပ်ခြင်းမျိုးအလား၊ လောကပါလစိတ်ဆန္ဒအတွက် မန်ဟိုမှာ အထူးတလည် ပြင်ဆင်ခံခဲ့ရသည့်အလားပင်။

သွေးဆက် သို့မဟုတ် မိစ္ဆာချီဖြစ်စေ၊ သူ၏မှတ်ဉာဏ်ထဲ၌ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လောကပါနတ်မင်း၏စိတ်ဆန္ဒ စိမ့်ဝင်လာသည့်အခါ မန်ဟိုမှာ ၎င်းနှင့်ပတ်သက်၍ တစ်ခုခုလုပ်ဖို့ အစွမ်းအစကင်းမဲ့နေသယောင်ပင်။ သို့သော် လောကပါလနတ်မင်း၏စိတ်ဆန္ဒက ရုတ်တရက် တုံ့ခနဲ ရပ်သွားလေသည်။

ထိုစိတ်ဆန္ဒက သူ၏ဝိညာဉ်၊ သွေးနှင့် မိစ္ဆာချီကိုပင် သိမ်းပိုက်နိုင်သည်။ သို့သော် ၎င်း သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားရင်း ဖြာထွက်လာစဉ် ပြင်းပြင်းထန်ထန် တွန်းလှန်မှုကို ကြုံတွေ့လိုက်ရ၏။

အဆိုပါတွန်းလှန်မှုက ကြေးမီးအိမ်ဆီမှ လာလေသည်။

ထိုမျှသာမက သူ၏ခန္ဓာကိုယ်မှာ ကြေးမီးအိမ်မှ အသစ်ပြန်တည်ဆောက်ပေးထားခြင်းဖြစ်၍ လောကပါလနတ်မင်း၏စိတ်ဆန္ဒအတွက် အပြည့်အဝမသင့်တော်ပေ။ ထို့ကြောင့် ဤအရေးပါဆုံးအခိုက်အတန့်တွင် လောကပါလနတ်မင်း၏ စိတ်ဆန္ဒသည် ရုတ်တရက် ရွေ့လျားနေခြင်း ရပ်တန့်သွား၏။

ထိုအခိုက်အတန့်တွင် ကြေးမီးအိမ်၏မီးတောက်သည် မီးထတောက်လာကာ လျှို့ဝှက်ဆန်းကြယ်အရောင်အဝါကို လောကပါလနတ်မင်း၏စိတ်ဆန္ဒအား တိုက်ခိုက်ဖို့ ဖြန့်ကျက်လိုက်၏။ ထိုနှစ်ခုကား မီးနှင့်ရေလို မအပ်စပ်ပေ။

ထိုသို့ဖြစ်ပျက်နေစဉ် မိုးနှင့်မြေ၌ တည်ရှိသော လောကပါလနတ်မင်း၏ အဆုံးမဲ့စိတ်ဆန္ဒက ကြေးမီးအိမ်ကို သုတ်သင်ဖို့ မန်ဟို့ကိုယ်ထဲ စီးနင်းဝင်ရောက်လာ‌တော့သည်။

အတိမ်းအစောင်းမခံသော အခိုက်အတန့်ဖြစ်၏။ မန်ဟိုမှာ သွေးတစ်ပွက် အန်၍ မျက်လုံးများ နီရဲ‌တောက်ပလာတော့သည်။ ကြေးမီးအိမ်နှင့် လောကပါလနတ်မင်းစိတ်ဆန္ဒသည် တစ်ခုကိုတစ်ခု တိုက်ခိုက်ကြသည့်အချိန်မှာပင် မန်ဟိုက ညာလက်ကို ဆန့်ထုတ်ပြီးနောက် ပိုင်းချလိုက်၏။

“ချုပ်နှောင်မှော်အစွမ်း၊ ကံကြွေးပြုစားခြင်း”

အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူသည် ချန်ဖန်း၏ကံကြွေးကို ရှာဖို့ မိစ္ဆာချုပ်နှောင်မှော်အစွမ်းကို အသုံးပြုနေ၏။ မရေမတွက်နိုင်သော ကံကြွေးမျှင်များ သူ့ခေါင်းပေါ်တွင် ပေါ်လာပြီး ချန်ဖန်းနှင့် ချိတ်ဆက်နေသည့် အမည်းရောင်အမျှင်တစ်မျှင် ရှိနေသည်။

“ပြတ်တောက်လိုက်စမ်း” မန်ဟိုသည် စစ်လက်နက်ဖြင့် အမျှင်အား ပိုင်းဖြတ်ရင်း ဟိန်းဟောက်၏။

All Chapters