မဏ္ဍိုင်ငါးတိုင်
Vol. 109 Ch. 1513
ကြေးမီးအိမ်မပါလျှင် မန်ဟို၏ကံကြွေးသည် လောကပါလ၏စိတ်ဆန္ဒ စိုးမိုးနေသော ချန်ဖန်း၏မှတ်ဉာဏ်များကို ဖြတ်တောက်နိုင်ခဲ့မည်မဟုတ်ပေ။ သို့သော် ယခုတွင် ကြေးမီးအိမ်က လောကပါလနတ်မင်း၏စိတ်ဆန္ဒကို ဖမ်းချုပ်ပေးထား၍ မန်ဟိုသည် သူ့ကို ချိန်ရွယ်နေခဲ့သည့် အန္တရာယ်စွမ်းအားကို အဆုံးသတ်လိုက်နိုင်၏။
စောစောက သူတို့သည် လက်ရည်တူခဲ့သော်လည်း ယခုမူ စစ်လက်နက်က ချန်ဖန်း၏ကံကြွေးမျှင်ကို လုံးလုံးလျားလျား ဖြတ်တောက်လိုက်သဖြင့် ပြောင်းလဲသွားခဲ့လေပြီ။
မန်ဟိုနှင့် ချန်ဖန်းအကြား မည်သည့်ကံကြွေးမှ မတည်ရှိတော့ပေ။ သူ့မှတ်ဉာဏ်အတွင်းရှိ ချန်ဖန်းပုံရိပ်အားလုံး အတင်းအဓမ္မ ဖယ်ရှားခံလိုက်ရသည်။
ကြေးမီးအိမ်မှ အရောင်အဝါသည် လောကပါလနတ်မင်း၏စိတ်ဆန္ဒမှ စိုက်ပျိုးခဲ့သော မျိုးစေ့များကို လွှမ်းခြုံလျက် နှင်ထုတ်နေသဖြင့် ထိုမျိုးစေ့များက ဒေါသတကြီး အော်ဟစ်ကုန်ကြ၏။
သွေးများ မန်ဟို့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့မှာ ရုတ်တရက် အသက်ပိုကြီးသွားသယောင်ပင်။ စောစောတုန်းကသာ အနည်းငယ် မှားသွားခဲ့လျှင် သူ၏ဖြစ်တည်မှု အရှင်းဖယ်ရှားခံလိုက်ရလိမ့်မည်။
သူသည် တန်ခိုးရှင်တစ်ပိုင်းအဆင့် ကျင့်ကြံခြင်းအဆင့်ဖြင့် အာကာပြင်ကျယ်စကြဝဠာအပြင် ထွက်သွားခဲ့ပြီး လောကပါလတမန်တော်အဖြစ် ပြန်ရောက်လာခဲ့သည့် စုန့်တောက်စစ်အကြောင်း ပြန်တွေးလိုက်မိ၏။
စုန့်တောက်စစ်လည်း သူ့လိုအခြေအနေကို ရင်ဆိုင်ခဲ့ရလိမ့်မည်။ သို့ထိတိုင် တန်ခိုးရှင်တစ်ပိုင်းအဆင့်ဖြင့်ပင် သူ့ကို စောင့်ကြိုနေခဲ့သည့် ကံတရားကို မရှောင်ရှားနိုင်ခဲ့ပေ။ ကြေးမီးအိမ်သာ မပါလျှင် စုန့်တောက်စစ်နှင့် တူညီသောလမ်းကို သူ လျှောက်ရလိမ့်မည်။
လောကပါလနတ်မင်း၏စိတ်ဆန္ဒမှာ မန်ဟိုဆီမှ အတင်းအကြပ် ဖြတ်တောက်ခံလိုက်ရသည့်အခါ မိုးနှင့်မြေသည် ပြင်းထန်စွာ တုန်ရီလာပြီး ကြယ်တာရာကောင်းကင်တစ်လျှောက် အက်ကွဲကြောင်းများ ပွင့်ထွက်ကုန်၏။
“မန်ဟို အစ်ကိုကြီး မင်းကို စိတ်ပျက်စေမိတယ်” ချန်ဖန်းက ဟိန်းဟောက်ပြီးနောက် သူ့နဖူးသူ ပြင်းပြင်းရိုက်ချလိုက်သည်။
မန်ဟို့မျက်နှာပျက်သွားပြီး ဝင်ဆွဲဖို့ ရှေ့တက်လိုက်သော်လည်း ချန်ဖန်းသည် မြန်လွန်း၏။ ဘုန်းခနဲ ချန်ဖန်းမှာ ပေါက်ကွဲသွားတော့သည်။ သူကား ခန္ဓာနှင့်စိတ်ပါ အသတ်ခံလိုက်ရလေပြီ။
ရှန်လင်းအတွက် ချန်ဖန်းသည် တောင်ပင်လယ်လောက၏ပျက်သုဉ်းမှုကို မျက်ကွယ်ပြုခဲ့၏။ သူ့ညီ၏စိတ်ကို ဖယ်ရှားဖို့ လောကပါလနတ်မင်း၏စိတ်ဆန္ဒနှင့် ပူးပေါင်းခဲ့သည်။ အဆုံးသတ်တွင် သူသည် မန်ဟို့စိတ်ထဲရှိ မှတ်ဉာဏ်များကို လောကပါလနတ်မင်းစိတ်ဆန္ဒ၏ မျိုးစေ့များ ကူးစက်သွားအောင် လုပ်ခဲ့သည်အထိပင် တရားလွန်ခဲ့၏။
ထိုသို့လုပ်ခဲ့သည့်တိုင် ချန်ဖန်းသည် တစ်ခါမှ မရက်စက်၊ မကြမ်းကြုတ်ခဲ့ပေ။ မိမိကိုယ်ကို အပြစ်တင်နေသော စိတ်နှင့် တွေဝေမှုများသည် သူ့နှလုံးသားထဲ၌ အမြဲကိန်းအောင်းနေခဲ့၏။
မည်သို့အဆုံးသတ်မည်လဲ သိသာထင်ရှားလာသည့်အခါ ချန်ဖန်းမှာ မန်ဟို့ကို မျက်နှာချင်းမဆိုင်ဝံ့တော့၍ မိမိကိုယ်ကို အဆုံးစီရင်ဖို့သာ ရွေးချယ်လိုက်တော့သည်။ သူ၏သေဆုံးမှုက လျော်ကြေးဟု ဆိုရနိုင်လိမ့်မည်။
မန်ဟိုသည် ချန်ဖန်းအဆုံးစီရင်သွားသော နေရာကို ကြည့်ရင်း ရင်ထဲ တဆစ်ဆစ် နာကျင်နေ၏။ ချန်ဖန်း သူ့ကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့လျှင်တောင်မှ မန်ဟိုအနေဖြင့် သူ့အပေါ် အမုန်းမပွားမိပေ။ သူ့တွင် မိတ်ဆွေများ နည်းပါးလာခဲ့၍ အနားရှိသူအားလုံးကို သူ တန်ဖိုးထားလေသည်။
ချန်ဖန်း၏အဆုံးစီရင်မှုက ကမ္ဘာကြီးပျက်စီးနေမှုအား အရှိန်မြန်လာစေသည်။ မကြာမီ အရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသဖြင့် နားကွဲလုမတတ် ထစ်ချုန်းသံများ ကြားရနိုင်သည်။
ထိုသို့ဖြစ်ပျက်သောအခါ ကန့်လန့်ကာတစ်ခု အဖယ်ခံလိုက်ရသကဲ့သို့ ....အာကာပြင်ကျယ်၏အပြင်၌ရှိသော အမှန်တရားကို ဖော်ပြလိုက်တော့သည်။
အရာအားလုံး ရှင်းလင်းနေသည်။ အာကာပြင်ကျယ်စကြဝဠာထဲကလို မြူများမရှိ၊ သက်ရှိများ၏အရိပ်အယောင်ကိုလည်း မတွေ့ရ။ အကုန်လုံး ပျက်စီးနေပြီး သေခြင်းအရှိန်အဝါများ တငွေ့ငွေ့ထနေသည်။
အပျက်အစီးများ၊ အလောင်းများ ပြန့်ကြဲနေသည်။ ဖုန်များလည်း ထာဝရမျောလွင့်နေမည့်အလား ထင်ရသည်။
တစ်ချိန်တုန်းကတော့ မှန်သည်၊ ဂိုဏ်းပေါင်းရာချီနှင့် မရေမတွက်နိုင်သောကျင့်ကြံသူများဖြင့် အာကာပြင်ကျယ်စကြဝဠာပေါင်းစု ရှိခဲ့ဖူးသည်။ အကုန်လုံး မှန်ခဲ့၏.....
သို့သော် ယခုတွင် သူတို့၏ဂုဏ်ကျက်သရေမှာ ပျောက်ကွယ်သွားခဲ့လေပြီ။
ဤနေရာသည် ကြီးမားကျယ်ပြောသော်လည်း ခပ်လှမ်းလှမ်း၌ တစ်စုံတစ်ခုကို မြင်ရနိုင်သေးသည်။
ကြယ်တာရာကောင်းကင်ထဲ ထိုးတက်နေသည်အထိ မခန့်မှန်းနိုင်လောက်အောင် မြင့်မားသော မဏ္ဍိုင်ကြီးငါးတိုင်။
ဤတိုင်ငါးတိုင်ကို မန်ဟို ပထမဆုံးမြင်ဖူးခြင်းမဟုတ်ပေ။ သင်္ချိုင်း၏ မြေအောက်လိုဏ်ခေါင်းထဲမှာတုန်းက နတ်ဘုရားအာရုံမှတစ်ဆင့် မြင်ခဲ့ဖူးသည်။ သို့သော် ဤတစ်ခေါက်တွင် သူ၏မျက်စိနှစ်လုံးဖြင့် မြင်ရလေပြီ။
သို့သော် ဤတစ်ခေါက်တွင် ၎င်းတို့နှင့်ပတ်သက်၍ တစ်ခုခုထူးခြားနေသည်... ပန်းချီထဲမှာတုန်းက တိုင်ငါးတိုင်လုံးသည် မားမားမတ်မတ် ရပ်တည်နေ၏။ ယခုမူ သုံးတိုင်မှာ ဖျက်စီးခံထားရလေသည်။
နှစ်တိုင်တည်းသာ ကြယ်တာရာကောင်းကင်ထဲသို့ ဆန့်တန်းနေသည်။
မန်ဟိုသည် ၎င်းတို့ကို တိတ်ဆိတ်စွာ ကြည့်ပြီးနောက် မျက်လုံးများ လင်းလက်တောက်ပလာ၏။ သူ၏သွေးဆက်၊ မိစ္ဆာချီနှင့် တောင်ပင်လယ်လောက၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကြောင့် သူ့အနေဖြင့် အမှန်တရားကို ရိပ်စားခဲ့မိလေပြီ။
“ဟိုးတစ်ချိန်ကတည်းက ချထားခဲ့တဲ့ ဇာတ်ကွက်တစ်ကွက်
“လောကပါလနတ်မင်းသွေးဆက်တွေ။... သူတို့ကတော့ လောကပါလနတ်မင်းကို ကောင်းကျိုးပြုဖို့အတွက် ဖန်ဆင်းခံခဲ့ရတာ
“ပြီးတော့ မိစ္ဆာဟာ ... အင်မော်တယ်ကနေ ဆင်းသက်လာတယ်။ ငါက ပထမဆုံးမိစ္ဆာတော့ မဟုတ်ဘူး။ ငါ့အရှေ့မှာ အများကြီးရှိခဲ့ဖူးတယ်။ အကုန်လုံးက အင်မော်တယ်ဖြစ်လာမယ့်အချိန်လေးကျမှ ပြောင်းလဲခံခဲ့ရတာ။ မိစ္ဆာဟာ .... လောကပါလနတ်မင်း ပေါ်လာစေချင်တဲ့ အရာပဲ
“အင်း ... ငါတွေးနေတာတွေက ငါ့တစ်ဖက်တည်းအမြင်ကနေပဲ ဖြစ်ရင်ဖြစ်လောက်မယ်။ ဒီကြယ်တာရာကောင်းကင် တည်ရှိနေတဲ့ နှစ်တွေတစ်လျှောက်လုံး တကယ့်အတုမရှိမိစ္ဆာ တစ်ခါမှ ပေါ်မလာခဲ့ဖူးတာလည်း ဖြစ်နိုင်တယ်။ အရေးကြီးတဲ့အခိုက်အတန့်မှာ လောကပါလနတ်မင်းက သူတို့အားလုံးကို ရပ်တန့်လိုက်တာ ဖြစ်လောက်မယ်” မန်ဟိုသည် စုန့်တောက်စစ်အကြောင်း မတွေးမိဘဲ မနေပေ။
မန်ဟိုမှာ ဧရာမတိုင်ကြီးများကို အတွေးများဖြင့် ကြည့်ပြီးနောက် ၎င်းတို့ရှိရာသို့ အမြန်ဆုံး ပျံသန်းသွားတော့သည်။
အချိန်တွေ ကုန်လွန်သွားသည်။ မည်မျှကြာကြာ ပျံသန်းခဲ့ပြီမှန်း မသိသော်လည်း တစတစ နီးကပ်လာ၏။ နောက်ဆုံးတော့ ပျက်စီးနေသောတိုင်တစ်လုံးရှိရာသို့ သူ ရောက်သွားခဲ့သည်။ ထိုနေရာ၌ ပျံဝဲနေစဉ် မိုးနှင့်မြေကို လှုပ်ခတ်နိုင်သည့် အရှိန်အဝါတစ်ခုအား သူ ခံစားလိုက်ရသည်။ ၎င်းက အင်မော်တယ်၏အရှိန်အဝါလည်းမဟုတ်၊ မိစ္ဆာ၏အရှိန်အဝါလည်း မဟုတ်.... နတ်ဆိုး၏အရှိန်အဝါပင်။
နတ်ဆိုး၏အရှိန်အဝါကို အာရုံရလိုက်သည်နှင့် မန်ဟိုသည် နတ်ဆိုးလောကမြေထုအကြောင်း တွေးမိ၏။ ထို့နောက် စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်လောက်အောင် ကြီးမားသောတိုင်ကြီးဆီ လှမ်း၍ ၎င်း၏မျက်နှာပြင်အပေါ် အသာအယာ ဖိချလိုက်သည်။
သူ့လက် တိုင်မျက်နှာပြင်နှင့် ထိသွားလျှင်ချင်း အင်မတန်ကြီးမားသောအရှိန်အဝါကို ထုတ်လွှတ်နေသည့် လူတစ်ယောက်၏ပုံရိပ်အား သူ မြင်လိုက်ရသည်။ ထိုလူသည် ခေါင်းနောက်လှန်ကာ ဟိန်းဟောက်နေ၏။
ထိုပုဂ္ဂိုလ်သည် အန္တရာယ်များသော ဝဲတစ်ဝဲအတွင်း၌ မွေးဖွားလာခဲ့၏။ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ကွဲနေပြီး နှစ်ပေါင်းများစွာကြာသော် သူက ဝဲထဲမှထွက်လာခဲ့ကာ ကမ္ဘာလောကကြီးအား မုန်တိုင်းတစ်လုံး ရိုက်ခတ်စေခဲ့သည်။ အဆုံးသတ်၌ ထိုလူသည် ကမ္ဘာလိပ်ပြာကိုးကောင်အပေါ် နင်း၍ လက်ကို ဖြန့်ကာ မိုးကောင်းကင်အား ကိုင်လှုပ်ခံ၏။ သူ့ထံမှ ထူးခြားဆန်းပြားသောအရှိန်အဝါက ကြယ်တာရာကောင်းကင်အပြည့်နေရာယူရင်း ဖြာထွက်လာကာ မန်ဟို့အား ချာချာလည်သွားစေသည်။
ထိုစွမ်းအားသည် မိုးနှင့်မြေကို မှိန်ကျသွားစေပြီး၊ ဂြိုဟ်တာရာများအား ပြိုကျစေသည့်အပြင် ကြယ်တာရာကောင်းကင်ကိုလည်း သူ့အား ဦးခိုက်စေ၏။
မန်ဟို ကြည့်နေစဉ် ထိုလူသည် သူသိသည့်လူတိုင်းအတွက် သူ့ကိုယ်သူ စတေးကာ မြေထုတစ်ခုအသွင် ပြောင်းလိုက်လေသည်။
ထို့နေက် နှစ်ပေါင်းများစွာ ကုန်လွန်သွားသည်။ နောက်ဆုံးတော့ မြေထုအသွင် ပြောင်းခဲ့သော လူသည် တစ်ဖန်ပြန်ပေါ်လာ၏။ သူက မြေထုကို စွန့်ခွာကာ အာကာပြင်ကျယ်စကြဝဠာ၏အပြင်သို့ ထွက်သွားလေသည်။ ထိုနေရာရှိ ကြယ်တာရာကောင်းကင်က သူ့ကို လှမ်းဖမ်းလိုက်သော လက်ကြီးတစ်ဖက်အသွင် ပြောင်းသွားစဉ် သူ၏အမူအရာမှာ နာကျင်နေသည့်ဟန်ရှိသည်။
လူငယ်က လက်ကြီး၏လက်ချောင်းတစ်ဖက်ကို ဖြတ်လိုက်သဖြင့် အရောင်အဝါများ ပြိုးပြက်လက်သွား၏။ ထို့နောက် သူက အာကာပြင်ကျယ်စကြဝဠာ၏အပြင်ရှိ ဧရိယာမှ အဝေးတစ်နေရာသို့ ထွက်သွားကာ ပျောက်ကွယ်သွားတော့သည်။
အဖြတ်ခံလိုက်ရသည့် လက်ချောင်းမှာတော့ မန်ဟို့အရှေ့ရှိ တိုင်ပျက်ကြီးဖြစ်ပေသည်။
“တန်ခိုးရှင်ကျင့်ကြံသူ။ သူက သေချာပေါက် တန်ခိုးရှင်ကျင့်ကြံသူတစ်ယောက်ပဲ...” မန်ဟိုက လက်ပြန်ရုတ်လိုက်ပြီး သူ၏မျက်လုံများသည် ထူးဆန်းစွာ တောက်ပနေ၏။ သူ၏အမြင်အရ တိုင်အတွင်း၌ သူ မြင်ခဲ့သော လူငယ်သည် ... နတ်ဆိုးလောကမြေထုမှ တန်ခိုးရှင်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း မန်ဟို သေချာသည်။
လူငယ်၏နာမည်ကို မသိသော်လည်း သူ ခံစားခဲ့ရသော အရှိန်အဝါအပေါ် အခြေခံ၍ တန်ခိုးရှင်ဆိုသော သဘာတရားအား မန်ဟို အကြမ်းဖျင်းနားလည်လိုက်ပြီဖြစ်သည်။
သူက ရိပ်ခနဲ နောက်တိုက်ပျက်တစ်လုံးဆီ ပျံသန်းသွားသည်။ အချိန်တွေ ကုန်လွန်သွားသည်။ နောက်ဆုံးတော့ ဒုတိယတိုင်ဆီ ရောက်သွားသည့်အခါ သူသည် အသက်ပြင်းပြင်းရှူပြီးနောက် ၎င်း၏မျက်နှာပြင်အပေါ် လက်လှမ်းတင်လိုက်၏။
၎င်းကို ထိလိုက်လျှင်ချင်း သူ့စိတ်ထဲ၌ ထစ်ချုန်းသံများ ပြည့်နှက်သွားသည်။ တောင်ပေါ်ရွာလေးတစ်ရွာတွင် မွေးဖွားလာသော လူငယ်တစ်ယောက်ကို သူ မြင်လိုက်ရ၏။ သူသည် မွေးဖွားလာသည့်ဂြိုဟ်အပေါ်၌ သောင်းကျန်းစိုးမိုးခဲ့ကာ လမ်းတစ်လျှောက် သတ်ဖြတ်ရင်း အံ့ဖွယ်ဒဏ္ဍာရီတစ်ပုဒ်ကို ကိုယ်တိုင်ရေးသားခဲ့၏။ ထို့နောက် သတ်ဖြတ်ခြင်းလမ်းစဉ်ဖြင့် သူ့လောကတွင် ပါရာဂွန်တစ်ဦး ဖြစ်လာခဲ့လေသည်။
နောက်ပိုင်း ထိုလူသည် ခက်ခဲသောလမ်းတစ်လမ်းကို လျှောက်၏။ သူ့ဇနီးကို အသက်ပြန်သွင်းဖို့ အလို့ငှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ရင်း ထိပ်ဆုံးအထိ တိုက်ခိုက်သွားခဲ့သည်။ သူ တန်ခိုးရှင်အဆင့်တက်သောအခါ သူ၏ကြယ်တာရာကောင်းကင်တစ်ခုလုံးကို လှုပ်ခတ်စေခဲ့ချေသည်။
မန်ဟိုမှာ ထိုလူငယ်ကို မြင်လျှင်ချင်း တုန်လှုပ်အံ့ဩသွား၏။ သတ်ဖြတ်သူ နှင့် ထိုလူ သူ့ကို သင်ပေးခဲ့သော အချိန်လမ်းလျှောက်ပညာရပ်အကြောင်း မန်ဟို မတွေးမိဘဲ မနေပေ။
တိုင်ထဲရှိ လူငယ်နှင့် သတ်ဖြတ်သူသည် အင်မော်တယ်နတ်ဘုရားကမ္ဘာပေါ်ရှိ ရုပ်တုကြီးနှင့် ချွတ်စွပ်တူ၏.....
သူက အေးစက်တင်းမာသောအမူအရာဖြင့် ကြယ်တာရာကောင်းကင်ကို မော့ကြည့်သည်။ သူ့လက်၏ဝှေ့ယမ်းမှုက ဂြိုဟ်တာရာများကို လမ်းကြောင်းမှ သွေဖယ်သွားစေပြီး ကြယ်တာရာကောင်းကင်အား ပွင့်ထွက်လာစေသည်။ လူငယ်သည် အာကာပြင်ကျယ်စကြဝဠာ၏အပြင်သို့ ထွက်၍ လက်ချောင်းတစ်ချောင်းကို ဖျက်စီးကာ အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားလေ၏။
မန်ဟိုမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူလိုက်ရသည်။ သူ့လက်က ဖယ်ပြီးသောအခါ သူသည် တွေဝေရှုပ်ထွေးနေသောအမူအရာဖြင့် တိုက်ပျက်အား ကြည့်နေ၏။ အတန်ကြာသော် နောက်တိုင်တစ်လုံးဆီ လှည့်ထွက်သွားသည်။
ဤတိုင်သည် မပျက်စီးသေး။ ကြယ်တာရာကောင်းကင်ထဲ ထိုးတက်နေသော တိုင်နှစ်လုံးအနက် တစ်လုံးဖြစ်သည်။
လှမ်းထိလိုက်သောအခါ ၎င်း၏အတွင်း၌ ဗလာကြီးအပြင် တခြားဘာမှမမြင်ရပေ။ တန်ခိုးရှင်အဆင့်ကျင့်ကြံသူမရှိသော်လည်း ... တိုင်အတွင်းထဲ၌ အုံကြွနေသော ကြောက်ခမန်းလိလိ အင်မော်တယ်ချီရှိနေသည်။ အင်မော်တယ်ချီအတွင်း၌ လူရိပ်များကို မြင်သည်ဆိုရုံကလေး မြင်ရနိုင်သည်။
“အဲ့ဒီလူတွေက အင်မော်တယ်ကျင့်စဉ်ကို ကျင့်ကြံနေပြီး အတုမရှိအင်မော်တယ်လမ်းစဉ်ပေါ်မှာ လျှောက်နေကြတာပဲ
“တန်ခိုးရှင်အဆင့်အင်မော်တယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး ...” မန်ဟိုမှာ ခပ်တိုးတိုးရေရွတ်နေသည်။ အတန်ကြာအကဲခတ်ပြီးသော် တိုင်မှာ ပြိုကျတော့မည့်အလား အားနည်းနေသည်ကို မန်ဟို ခံစားလိုက်ရ၏။ အတုမရှိအင်မော်တယ်အစစ်သာ ပေါ်လာခဲ့လျှင် တိုင်ကား ချက်ချင်း ပြိုလဲသွားတော့မည့်အလားပင်။
မန်ဟိုက လက်ပြန်ရုတ်လိုက်သည်။ အနည်းငယ်ထပ်တွေးပြီးသော် မန်ဟိုသည် ပျက်စီးနေသော နောက်ဆုံးတိုင်ဖြစ်သည့် လေးတိုင်မြောက်ဆီ ပျံသန်းသွား၏။
အချိန်တွေ ကုန်လွန်သွားသည်။ လေးတိုင်မြောက်ဆီ ရောက်ဖို့ ဖုန်များ၊ အပျက်အစီးများကို ဖြတ်လာပြီးနောက် သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူ၍ တိုင်အား လှမ်းထိလိုက်၏။ ထစ်ချုန်းသံများ ပြည့်နှက်သွားပြီး လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ လူငယ်သည် ပန်းပွင့်များဖြင့် တန်ဆာဆင်ထားသည့် ဝတ်ရုံကို ဝတ်ဆင်ထားကာ မန်ဟို စောစောက တိုင်နှစ်တိုင်ထဲ၌ မြင်ခဲ့သောလူငယ်နှစ်ယောက်နှင့် မတူညီပေ။ လူငယ်၏မျက်နှာအပေါ်တွင် မထီမဲ့မြင်အပြုံးကို မြင်ရနိုင်ပြီး သူ့မျက်လုံးများသည် အသိအမြင်တို့ဖြင့် တောက်ပနေ၏။ သူ၏ပုံပန်းသွင်ပြင်မှာ နူးညံ့သိမ်မွေ့သည့်အပြင် ချောမောခံ့ညားလေသည်။
မန်ဟိုက လူငယ်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ ဘယ်သူမှန်း မန်ဟို မသိသော်လည်း ကြည့်နေစဉ် လူငယ်သည် ကြေးမုံကို ဖန်တီးလိုက်၏။ လူငယ့်လက်ထဲတွင် ကြေးမီးအိမ်တစ်လုံးကိုလည်း ကိုင်ထားသည်။ ထိုမျှသာမက လူငယ်သည် အင်မော်တယ်ပြစ်ဒဏ်ကို ရင်ဆိုင်နေစဉ် မိုးကောင်းကင်မှ လက်ချောင်းဖြင့် အသတ်ခံခဲ့ရသောလူ ဝတ်ဆင်ထားသော ဝတ်ရုံကိုပင် ဝတ်ဆင်ထား၏။ ဤလူငယ် မည်သူဖြစ်ကြောင်း မန်ဟို ချက်ချင်း မှတ်မိလိုက်သည်။
အာကာပြင်ကျယ်ဂိုဏ်းချုပ်
နောက်ဆုံးတော့ အာကာပြင်ကျယ်ဂိုဏ်းချုပ်လည်း အာကာပြင်ကျယ်စကြဝဠာ၏အပြင် ထွက်သွားသည်ကို မန်ဟို မြင်ရသည်။ သူသည် လက်ချောင်းငါးချောင်းထဲမှ တစ်ချောင်းကို ဖြတ်ပြီးနောက် ဟင်းလင်းပြင်ထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။
မန်ဟိုက လက်ပြန်ရုတ်လိုက်သည်။ အတန်ကြာတွေးပြီးသော် အကောင်းပကတိကျန်သေးသည့် တိုင်နှစ်လုံးအနက်မှ နောက်ဆုံးတိုင်ဆီ ဦးတည်သွားသည်။
သူ အနားရောက်သွားသည်နှင့်အမျှ ... တိုင်မှ အားကောင်းသော မိစ္ဆာချီတစ်ရပ်က သူနှင့် ပဲ့တင်ရိုက်ခတ်မှုဖြစ်စပြုလာသည်ကို ခံစားလိုက်ရ၏။