ဤကံတရားအား ရှောင်လွှဲမရဘူးလား...
Vol. 109 Ch. 1514
မိစ္ဆာချီနှင့် ပဲ့တင်ရိုက်ခတ်မှုဖြစ်သွားလျှင်ချင်း မန်ဟို၏မျက်လုံးများသည် လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပလာ၏။ တိုင်ငါးတိုင်အနက်မှ တစ္ဆေ၊ နတ်ဘုရား၊ အင်မော်တယ်၊ နတ်ဆိုးတို့နှင့် သက်ဆိုင်သော တိုင်လေးတိုင်ကို သူ ထိတွေ့ကြည့်ခဲ့ပြီးလေပြီ။ နောက်ဆုံးတိုင်ကား .....
အတုမရှိမိစ္ဆာအတွက် ဖြစ်၏။
အရှိန်တင်လိုက်ပြီးနောက်၌ မန်ဟိုသည် ကြယ်တာရာကောင်းကင်ထက်သို့ ဆန့်တန်းနေသော တိုင်ကြီးဆီ ရောက်ရှိသွား၏။ တခဏတွေးပြီးသော် သူက တိုင်ကို လှမ်းထိလိုက်လေသည်။ ထို့နောက် မျက်မှောင်ကြုတ်သွားသည်။
နောက်ဆုံးတွင် သူသည် လက်ပြန်ရုတ်လိုက်ပြီး သူ၏မျက်လုံးများက လင်းလက်တောက်ပနေ၏။
“တခြားတိုင်တွေက ငါနဲ့ သိပ်မဆိုင်ပေမယ့် ဒီတိုင်ကတော့ ... မိစ္ဆာကို ကိုယ်စားပြုတယ်။ ငါနဲ့ ပဲ့တင်ရိုက်ခတ်မှု ရှိနေတာတောင် ထိကြည့်လိုက်တော့ ထူးထူးဆန်းဆန်း ဘာတစ်ခုမှလည်း မဖြစ်ပါလား...” ဤဖြစ်ရပ်က မည်သည့်အရာကို ဆိုလိုမှန်း သူ မသိသော်လည်း ပဲ့တင်ရိုက်ခတ်မှုသည် တစတစ အားကောင်းလာနေ၏။ တဖြည်းဖြည်း သူ၏စိတ်ထဲ၌ အန္တရာယ်အချက်ပေးခေါင်းလောင်းသံ မြည်လာသည်။
မန်ဟိုသည် ချာခနဲ လှည့်လိုက်၏။ နောက်ဆုံးတိုင်ကို ထပ်ထိကြည့်မည့်အစား ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
မကြာမီ သူကား မီတာသုံးဆယ် ဝေးကွာသွားခဲ့လေပြီ။ ထို့နောက် မီတာ ၃၀၀၀။ တိုင်က မတ်မတ်ရပ်လျက်ရှိနေဆဲဖြစ်ပြီး သူ ဝေးဝေးသွားလေလေ၊ ပဲ့တင်ရိုက်ခတ်မှုက အားနည်းလာလေလေ ဖြစ်သည်။
မန်ဟိုက ထိုအခြင်းအရာကို အာရုံစိုက်ဟန်မရှိသော်လည်း စိတ်ထဲတွင် သူ့ကိုယ်သူ အကဲခတ်နေသည်။ မီတာသုံးထောင်အမှတ်သို့ ရောက်သောအခါ သူ့မှာ အတန်ငယ်တွန့်ဆုတ်သွား၏။ တိုင်နှင့်ပတ်သက်၍ သူ မသိချင်ခြင်းမဟုတ်၊ ၎င်းဆီ ပြန်သွား၍ ထိကြည့်လိုစိတ်များကို မနည်းချိုးနှိမ်နေရခြင်းဖြစ်သည်။
သူ့အနေဖြင့် ဤဧရိယာတွင် ငုပ်လျှိုးနေသော အန္တရာယ်များကို သေသေချာချာ နားလည်ဖို့ လိုအပ်ပေသည်။
မီတာသုံးထောင်အမှတ်သို့ ရောက်သော် သူ၏မျက်လုံးများ တောက်ပသွားပြီး သူက အရှိန်တင်လိုက်လိုက်သည်။ မီတာထောင်ပေါင်းများစွာ ဝေးကွာသွားသောအခါ အရှိန်ထပ်တင်လိုက်ပြန်လေသည်။
မီတာသုံးသောင်းဝေးကွာနေသည့်အချိန်မှာပင် မည်သည့်အရာမှ ဖြစ်မလာခဲ့။ နောက်ဆုံးတော့ မန်ဟိုသည် ရပ်လျက်တွေးနေပြီးနောက် အံတင်းတင်းကြိတ်ကာ တိုင်ဆီ ပြန်လှည့်သွား၏။ အချိန်အနည်းငယ်ကြာသော် သူသည် ၎င်းကို လှမ်းထိလိုက်ချေပြီ။
ထစ်ချုန်းသံများ သူ့စိတ်ထဲ၌ မြည်ဟည်းသွားပြီး သူ၏မိစ္ဆာချီ တိုင်၏အရှိန်အဝါနှင့် ရောထွေးနေစဉ် ပဲ့တင်ရိုက်ခတ်မှုက ပြင်းထန်အားကောင်းလာကာ .... တိုင်အတွင်း၌ အတုအယောင်ကမ္ဘာတစ်ကမ္ဘာရှိနေကြောင်း သူ သတိထားမိလိုက်၏။
ထိုကမ္ဘာသည် အာကာပြင်ကျယ်စကြဝဠာနည်းတူ မြူများအပြည့်လွှမ်းနေ၏။ စစချင်း မြူများမှအပ မည်သည့်အရာမှ မရှိသယောင် ထင်ရသော်လည်း မကြာမီ ကမ္ဘာ၏ဗဟိုချက်တွင် .... ခပ်ကြီးကြီး အနီရောင်ကြိုးမျှင်တစ်မျှင် ရှိနေကြောင်း မန်ဟို တွေ့သွားသည်။
ကြိုးမျှင်သည် ကြီးမားသည့်အပြင် သွေးကြောတစ်ကြောလို အမျှင်တစ်မျှင် ဖြစ်၏။ မကြာမီ ကြိုးမျှင်သည် ဝေ့ဝိုက်တွန့်လိမ်ကောက်ကွေ့လျက် ပုံသဏ္ဍာန်တစ်ခုကို ဖန်တီးထားကြောင်း မန်ဟို သဘောပေါက်လိုက်လေသည်။ ထိုပုံသဏ္ဍာန်က လူပုံသဏ္ဍာန်ဖြစ်၏။
ခေါင်းတစ်ခေါင်းနှင့် လက်လေးချောင်းအား မြင်ရနိုင်သည်။ ကြည့်ရခြင်းအားဖြင့် ကြိုးမျှင်နီသည် တကယ့်သွေးကြောတစ်ကြောဖြစ်ပြီး အမှန်တကယ်လည်း လူပုံသဏ္ဍာန်ရှိလေသည်။
မည်သည့်အသွေးအသားမှမရှိ၊ အရိုးများလည်းမရှိ၊ သွေးကြောကွန်ရက်တစ်ခုသာ။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သွေးကြောများမှ .... အသီးများ သီးနေသယောင်ပင်။
စုစုပေါင်း ၉၈ လုံး ရှိချေသည်။
တချို့က ကြီးသည်၊ တချို့က သေးသည်၊ အကုန်လုံးက သွေးကြောဖွဲ့စည်းထားသည့် လူပုံသဏ္ဍာန်ကောက်ကြောင်းတစ်လျှောက် တည်ရှိနေ၏။ အသီးအားလုံးသည် အသက်ဓာတ်များ၊ အဆီအနှစ်များ စုပ်ယူခံခဲ့ရသည့်အလား ခြောက်ကပ်ရှုံ့တွနေပြီး ၎င်းတို့ကြောင့် လူတစ်ယောက်၏ပုံသဏ္ဍာန်ကောက်ကြောင်း ပေါ်လွင်နိုင်ခဲ့ခြင်းဖြစ်တန်ရာသည်။
သေသေချာချာကြည့်လိုက်လျှင်မူ ... အသီးများတွင် မျက်နှာများရှိနေပြီး ထိုမျက်နှာတို့သည် မျက်လုံးများပိတ်ထားလျက် မလှုပ်ရှားကြပေ။
မန်ဟိုမှာ ဤအရာအားလုံးကို ကြည့်ရှုနေစဉ် ရင်တဒိန်းဒိန်းခုန်စပြုလာသည်။ နောက်ဆုံးတော့ သူ၏မျက်လုံးများက ၉၈ လုံးမြောက်အသီး ၊ ၉၈ ခုမြောက် မျက်နှာအပေါ် ကျရောက်သွားတော့သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ထိုမျက်နှာသည် ... မန်ဟို ကြေးမုံကို မဆင့်ခေါ်နိုင်အောင် တားဖို့ ကြိုးစားခဲ့သူ ... လောကပါလတမန်တော်
စုန့်တောက်စစ်၏မျက်နှာပင်။
“ဒီမျက်နှာတွေက ....” အင်မတန်ကြောက်စရာကောင်းသော အတွေးတစ်ခုက သူ့စိတ်ကို ဒိန်းခနဲ ရိုက်ခတ်လိုက်သဖြင့် မန်ဟိုမှာ ပင့်သက်ရှိုက်လိုက်မိသည်။
“ဒီမျက်နှာတွေက ... အင်မော်တယ်ကနေ မိစ္ဆာအဖြစ် ပြောင်းလဲခံလိုက်ရတဲ့ လူတွေပဲ။ ရှေးခေတ်က ဒီနေ့အချိန်အထိ မိစ္ဆာအဖြစ် ပြောင်းလဲခံလိုက်ရတဲ့ စုန့်တောက်စစ်လို လူတွေအများကြီး ရှိခဲ့တာပေါ့...။ မဟုတ်သေးဘူး မဟုတ်သေးဘူး။ တကယ့် အတုမရှိမိစ္ဆာ အခုထက်ထိ ပေါ်မလာခဲ့သေးဘူး။ မဟုတ်ရင် ဒီတိုင်က ဒီလိုအကောင်းတိုင်းရှိနေမှာမဟုတ်ဘူး
“ဒီလူတွေအားလုံးက တကယ့်အတုမရှိမိစ္ဆာအဖြစ် ပြောင်းလဲတော့မယ့်အချိန်မှာ ဒီလူပုံစံသွေးကြောကွန်ရက်အတွက် အစာဖြစ်သွားခဲ့တာပါလား.....” သစ်သီးများအပေါ်ရှိ မျက်နှာများနှင့် လူပုံစံသွေးကြောကွန်ရက် ကြည့်ရင်း မန်ဟိုမှာ ချာချာလည်မူးဝေသွားသည်။ ရုတ်တရက် ပုံသဏ္ဍာန်သည် မပြည့်စုံသေးကြောင်း မန်ဟို သဘောပေါက်လိုက်၏။ ၎င်းတွင် နောက်ဆုံးသစ်သီးတစ်လုံး လိုနေလေသည်။
လိုနေသည့် ကွက်လပ်နေရာမှာ .... နှလုံးရှိသင့်သော နေရာဖြစ်သည်။ ထိုနေရာတွင် သစ်သီးတစ်လုံးသာ ရှိနေပါက ဤလူ၏ ကောက်ကြောင်းကား ပြည့်စုံသွားလိမ့်မည်။
နှလုံး၏ကွက်လပ်နေရာကို မန်ဟို ကြည့်လိုက်လျှင်ချင်း မျက်လုံးအားလုံးက ဖျတ်ခနဲ ပွင့်လာကြပြီး မန်ဟို့ကို စိုက်ကြည့်နေကြသည်။
မန်ဟိုမှာ ဖျဉ်းခနဲ ခေါင်းကြိမ်းသွားသည်။ မျက်နှာ ၉၈ ခု စိုက်ကြည့်နေခြင်းက လောကပါလသားတော် ၉၈ ယောက် ရှိခဲ့ကြောင်း သူ့အား သတိရသွားစေသည်။
မန်ဟို နတ်ဘုရားအာရုံ ပြန်ရုတ်လိုက်သည့်အချိန်မှာပဲ မျက်နှာ ၉၈ ခုလုံးက ပြုံးလိုက်သည်။
အပြုံးသည် အန္တရာယ်များပြီး အဆုံးစွန်အထိ လျှို့ဝှက်ဆန်းကြယ်၏။ ၎င်းတို့ ပေါ်လာလျှင်ချင်း မျက်နှာများက စကားပြောသည်။
“မင်းက လိုနေတဲ့အပိုင်းပဲ .... ထွက်မသွားနဲ့ .. ထွက်မသွားနဲ့...”
ထူးဆန်းသောအသံများ ကမ္ဘာထဲ၌ မြည်ဟည်းနေစဉ် မန်ဟို့စိတ်သည် ချာချာလည်လာ၏။ သူ၏မိစ္ဆာချီမှာ ပေါက်ကွဲထွက်တော့မည့်အလား ထင်ရသည်။
ချက်ချင်းဆိုသလို မျက်နှာများသည် သူ့ဆီ ပြေးဝင်လာသောအလင်းတန်းများအဖြစ် တစ်တန်းပြီးတစ်တန်း ပြောင်းလဲကုန်၏။
မန်ဟို့အတွက် သူ၏နတ်ဘုရားအာရုံကို ဖြတ်တောက်ရုံအပြင် အချိန်မရှိတော့ပေ။ တိုင်အပြင်၌ သူ့မှာ ကပျာကယာ လက်ပြန်ရုတ်၍ နောက်ဆုတ်လိုက်သည်။
ထိုအခိုက်အတန့်မှာပင် တိုင်သည် တုန်ရီလာပြီး မျက်နှာ ၉၈ ခုက အာကာပြင်ကျယ်စကြဝဠာ၏အပြင်၊ ကြယ်တာရာကောင်းကင်ထဲသို့ ထွက်လာကုန်ကြသည်။ ၎င်းတို့ကား တခဏလေးပင် မရပ်တန့်ဘဲ မန်ဟို့ဆီ တဟုန်ထိုး ဦးတည်လာကြလေပြီ။
သူတို့အနားရောက်လာသည့်အခါ မန်ဟို့လက်နှစ်ဖက်သည် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် နတ်ဘုရားစွမ်းရည်တစ်ခု ထုတ်လွှတ်လိုက်၏။ မရေမတွက်နိုင်သော တောင်များက မျက်နှာများ၏လမ်းကို ပိတ်ဖို့ ဆင်းသက်လာကြသည်။ သို့ထိတိုင် အဆိုပါထူးဆန်းမျက်နှာများက တောင်များကို ထိုးဖောက်ကာ မန်ဟို့အနား ကပ်လာကြလေသည်။
မန်ဟို့မျက်နှာပျက်သွားပြီး သူက ညာလက်ဖြင့် ထိုးခွင်းလိုက်သည်။ နတ်ဆိုးဇီဝိန်ချုပ်လက်သီးက လေဆင်နှာမောင်းကြီးတစ်လုံးကို ဖန်ဆင်းလိုက်သည့်တိုင် မျက်နှာများသည် ၎င်းကို အဖက်ပင်မလုပ်ဘဲ မန်ဟို့အရှေ့တည့်တည့် ရောက်လာတော့ပေမည်။ မည်သို့သိုင်းကွက်ပဲ ထုတ်လွှတ်စေကာမူ သူ့အနေဖြင့် ၎င်းတို့ကို မတားနိုင်ပုံရသည်။
မန်ဟို၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်လာပြီး သူက အေးစက်စက် နှာမှုတ်လိုက်သည်။ ရုတ်တရက် ကြေးမုံချပ်ဝတ်တန်ဆာက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ သူ၏စစ်လက်နက်က ပိုင်းချလိုက်လေသည်။ ထိုပိုင်းချက်က ဟင်းလင်းပြင်ကို ပွင့်ထွက်သွားစေရာ ... အက်ကြောင်းတစ်ကြောင်းသည် သူနှင့် မျက်နှာများကို ခွဲပေးလိုက်၏။
ဤတစ်ကြိမ်တွင် မျက်နှာများအတွက် ဆက်လာဖို့ ခက်ခဲသွားသယောင်ပင်။ ဆယ်ခုကျော်မှာ တိုးဝင်လာဖို့ ကြိုးစားရင်း နှစ်ခြမ်းကွဲထွက်ကုန်သည်။ သို့ထိတိုင် ၎င်းတို့သည် ပျက်စီးမသွားဘဲ မန်ဟို့ဆီ တဟုန်ထိုး ပြေးဝင်လာကြသေးသည်။
မန်ဟိုမှာ ဆက်တိုက်နောက်ဆုတ်နေရသဖြင့် မျက်နှာထားတင်းမာနေသည်။ အခြေအနေကို ကိုင်တွယ်ဖို့ အကြံမည်မျှထုတ်ထုတ်၊ တစ်ခုမှ အလုပ်မဖြစ်ပေ။ မိစ္ဆာချီကို ဖြန့်ကျက်လိုက်သောအခါတွင်လည်း မျက်နှာများ၏စားသုံးခြင်းခံလိုက်ရသည်ကိုသာ တွေ့လိုက်ရသည်။ မိစ္ဆာချီက ၎င်းတို့အတွက် အားဖြည့်အစာသဖွယ် ဖြစ်နေသယောင်ပင်။
မန်ဟိုမှာ မျက်နှာအုပ်လိုက်ကြီးဖြင့် အလိုက်ခံနေရသည်။ ၎င်းတို့က သူ့ကို လျင်မြန်စွာ မှီသွားကြပြီး ပတ်ပတ်လည်မှ ဝိုင်းကာ သူ့လမ်းအား ပိတ်လိုက်ကြသည်။ ထို့နောက် သူတို့သည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံး၍ ပါးစပ်ကြီးများ ဟလျက် သူ့ကို လှမ်းဟပ်ကြ၏။
၎င်းတို့က သူ့အသားကို ကိုက်ခဲရင်း သူ၏ခန္ဓာကိုယ်ကို စားသုံးဝါးမြိုဖို့ စိတ်ပိုင်းဖြတ်ထားကြဟန်ပင်။
“ဖယ်ကြစမ်း” မန်ဟိုက မျက်လုံးများအေးစက်စွာ တောက်ပနေလျက် ပြောသည်။ သူ၏ကျင့်ကြံခြင်းအခြေခံက ပေါက်ကွဲထွက်လာပြီး သူ၏ဝှေ့ယမ်းလိုက်မှုကြောင့် စစ်လက်နက်၏အရောင်အဝါသည် ပြိုးပြက်သွား၏။ လေပြင်းတစ်ချက်က အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားသော်ငြား မျက်နှာများအပေါ် နည်းနည်းလေးမှ သက်ရောက်မှုမရှိသယောင်ပင်။
မန်ဟို့မျက်နှာအပေါ်၌ သွေးကြောပြာကြီးများ ထောင်လာပြီး သူက အံတင်းတင်းကြိတ်လိုက်သည်။ ဤအခိုက်အတန့်တွင် ကြေးမီးအိမ်က စူးရှသောအရောင်အဝါကို အရပ်မျက်နှာတစ်ခွင် ဖြန့်ကျက်လိုက်ရာ မျက်နှာအားလုံး တုန်ရီစပြုလာကြ၏။ ၎င်းတို့က စူးစူးဝါးဝါးအော်ဟစ်ရင်း နောက်ဆုတ်ကုန်ကြလေသည်။
နောက်ဆုံးတော့ မန်ဟိုသည် အသက်ပြင်းပြင်းတစ်ချက်ရှူ၍ ထွက်ပြေးဖို့ ထိုအခွင့်အရေးအား အသုံးချလိုက်၏။
သို့သော် သူ မျက်နှာများမှ ရုန်းထွက်လိုက်လျှင်ချင်း ၎င်းတို့က သူ့ကို ကိုက်ခဲကြပြန်သည်။ ကြေးမီးအိမ်၏အရောင်အဝါက ၎င်းတို့ကို စီစီညံအောင် အော်ဟစ်နေစေသည့်တိုင် ၎င်းတို့သည် ဇွဲမလျှော့ပေ။ နာကျင်မှုကို တောင့်ခံ၍ မန်ဟို့အသားကို ဆက်လက်ကိုက်စားနေကြ၏။
ကြေးမီးအိမ်မှ အရောင်အဝါက ၎င်းတို့အား အရည်ပျော်ကျမတတ် တုန်ရီလာစေသည့်တိုင် မန်ဟို့အရှိန်အဝါကား သူတို့တောင့်တသောအရာ.... သူတို့အတွက် အစာလိုဖြစ်နေသော ... မိစ္ဆာချီမဟုတ်ပါလော။
မန်ဟို၏မိစ္ဆာချီက မျက်နှာများကို အားဖြည့်ပေးနေရာ ၎င်းတို့အား ကြေးမုံ၏အရောင်အဝါကို ပြန်တိုက်ခိုက်နိုင်စေသည်။
နာကျင်မှုသည် မန်ဟို့ကို အတွင်းအပြင်မှ နှိပ်စက်နေ၍ သူ့မျက်လုံးများမှာ လုံးလုံးလျားလျား သွေးချင်းနီနေတော့၏။ အာကာပြင်စကြဝဠာ၏အပြင်သို့ ဟန်ပေ့ သူ့ကို ပို့လိုက်ပြီးနောက်ပိုင်း မန်ဟိုသည် လျှို့ဝှက်ချက်များစွာကို ဖော်ထုတ်၍ သံသယများကို ဖယ်ရှားနိုင်ခဲ့၏။ သို့ထိတိုင် အန္တရာယ်တွင်းထဲ ကျရောက်ခဲ့ရသေးလေသည်။
ချန်ဖန်း တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့သော အတုအယောင်ကမ္ဘာဖြစ်စေ၊ လောကပါလနတ်မင်း၏စိတ်ဆန္ဒ ရောက်ရှိလာမှုဖြစ်စေ၊ ဤမျက်နှာများဖြစ်စေ ... အကုန်လုံးသည် အမှားသေးသေးလေးနှင့်တင် ထာဝရနိဋ္ဌိတံသွားစေမည့် အခြေအနေများ ဖြစ်ကြ၏။
စုန့်တောက်စစ်လို ကျင့်ကြံသူ ၉၈ ယောက် ဘာဖြစ်သွားခဲ့သလဲ မန်ဟို ကောင်းကောင်းတွေးကြည့်နိုင်သည်။ သူတို့သည် အလားတူအခြေအနေကို ရင်ဆိုင်ခဲ့ရပြီး တစ်ယောက်မှ မလွတ်မြောက်ခဲ့ပေ။ အကုန်လုံး အဆုံးသတ်တွင် သေဆုံးကုန်ကြပြီး သူ စောစောက မြင်ခဲ့ရသော လူပုံသဏ္ဍာန်ကောက်ကြောင်းအတွက် အဖြည့်ခံများ ဖြစ်လာခဲ့ကြရလေသည်။
မန်ဟိုကတော့ အတုအယောင်ကို ခွဲခြားသိရှိ၍ လောကပါလနတ်မင်း၏စိတ်ဆန္ဒကို ဖယ်ထုတ်နိုင်ခဲ့သည်။ သို့ထိတိုင် ဤမျက်နှာများကို ရင်ဆိုင်ဖို့ သူ့မှာ လုံလုံလောက်လောက် အစွမ်းမထက်သေးပေ။
သူ၏မျက်လုံးများသည် နီရဲတောက်နေပြီး အရှုံးမပေးနိုင်သေးပေ။ သူ့ကိုယ်ပွားလည်း တာဝန်ပြီးမြောက်တော့မည်ဖြစ်သည့်အတွက် နဝမမန္တန်သည် ပြီးပြည့်စုံခါနီးချေပြီ။ မန်ဟိုသည် တန်ခိုးရှင်အဆင့်နှင့် နီးကပ်နေပြီဖြစ်၏။
သို့သော် အရာအားလုံး ပြီးဆုံးတော့မည့်အချိန်မှာပဲ ဤအလှည့်အပြောင်းက ကောက်ကာငင်ကာ ဖြစ်ပွားခဲ့သည်။ ရုတ်တရက် မန်ဟိုမှာ ဟန်ပေ့အား ပြင်းထန်စွာ မုန်းတီးခြင်းတို့ ဖြစ်ပေါ်လာတော့သည်။
မျက်နှာများက သူ့ခန္ဓာကိုယ်ကို ကိုက်ခဲ၍ သူ၏အသက်စွမ်းအား၊ မိစ္ဆာချီ၊ ဝိညာဉ်နှင့် သူ၏အရာအားလုံးကို ဝါးမြိုနေသဖြင့် ထစ်ချုန်းသံများ ဆူညံနေသည်။
မန်ဟို အရိုးပေါ်အရေတင် ခြောက်ကပ်သွားရန် တခဏသာ ကြာလိုက်လေသည်။ သူ၏ကံတရားမှာ ရှောင်လွှဲမရပုံပေါ်သည်။ သို့ထိတိုင် သူ ၎င်းအား မယုံချင်ပေ။ သူသည် ညာလက်ကို မြှောက်၍ သူ၏နောက်ဆုံးဝှက်ဖဲ၊ ရွေးချယ်စရာမရှိသရွေ့ အသုံးပြုမည်မဟုတ်သည့် နတ်ဘုရားစွမ်းရည်အား ဆင့်ခေါ်ဖို့ ပြင်လိုက်၏။ ထို့အတွက် ပေးဆပ်ရမည့် အဖိုးအခသည် မတွေးဝံ့လောက်အောင် မြင့်မားပေသည်။
သို့သော် ထိုအချိန်မှာပဲ သူ၏ချပ်ဝတ်အတွင်းမှ ခပ်စူးစူးအော်သံတစ်သံ ထွက်လာသည်။ ရုတ်တရက်ဆိုသလို ကြက်တူရွေး ပျံထွက်လာလေပြီ။
အလှည့်အပြောင်းကား မည်မျှမြန်လှပေသနည်း။