ငါ့ကို သခင်ငါးလို့ ခေါ်ကြစမ်း ခွေးမတွေ
Vol. 109 Ch. 1515
မန်ဟို့ဘေးတွင် ပျံဝဲနေစဉ် ကြက်တူရွေး၏မျက်လုံးများသည် နီရဲနေ၏။ သူတို့နှစ်ယောက် ပြန်ဆုံစည်းခဲ့တုန်းက ၎င်း၏မှတ်ဉာဏ်များမှာ ကမောက်ကမ ဖြစ်နေခဲ့လေသည်။ သို့သော် ရှင်းလင်းစွာ မမြင်ခဲ့ရသည့်တိုင် ကြက်တူရွေးသည် မန်ဟိုက အရေးပါမှန်း ခံစားရ၍ သူ့ဆီ ပြန်လှည့်လာခဲ့၏။
ထို့နောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ကြက်တူရွေး မြင်ခဲ့ရသည့်အတွက် ရလဒ်အနေဖြင့် ၎င်းခေါင်းထဲ၌ တကွဲတပြားမှတ်ဉာဏ်များ တစတစပိုတိုးလာခဲ့သည်။ ကြက်တူရွေး၏စိတ်ထဲတွင် ဆုံမှတ်သေးသေးလေးတစ်ခုရှိပြီး ထိုဆုံမှတ်လေးထဲတွင် မန်ဟို၏ပုံရိပ် တည်ရှိနေသည့်လားပင်။ မန်ဟို ပေါ်လာသည့်အခါ ထိုဆုံမှတ်လေးသည် ပွင့်ထွက်သွားခဲ့ကာ ဖယ်ရှားခံခဲ့ရသော ကြက်တူရွေး၏စိတ်ကို ပြန်ပေါ်လာစေသည်။
နောက်ဆုံးတော့ ဤသေရေးရှင်ရေးအခိုက်အတန့်တွင် ၎င်း၏မှတ်ဉာဏ်သည် အပြည့်အဝပြန်ပေါင်းစည်းသွားပြီး စွမ်းအားအလုံးအရင်းဖြင့် ပေါက်ကွဲထွက်လာတော့၏။
ဂျုန်းးးးးးးးးးးးးးးးး
မှတ်ဉာဏ်များ ကြက်တူရွေး၏စိတ်ထဲတွင် တရိပ်ရိပ်ဖြတ်ပြေးသွားသည်။ မန်ဟို့ကို ၎င်း ပထမဆုံးတွေ့ခဲ့ရသော အချိန်၊ သူနှင့်အတူ မရေမတွက်နိုင်သော စွန့်စားခန်းများ ဖွင့်ခဲ့သည်ကို ကြက်တူရွေး မြင်လိုက်ရလေပြီ။ အရာအားလုံး နိုးထစပြုလာ၏။
စိတ်ဖယ်ရှားခံခဲ့ရတုန်းက ကြက်တူရွေးသည် ထိုဆုံမှတ်လေးကို ၎င်းစိတ်အတွင်းတစ်နေရာ၌ မြှုပ်နှံနိုင်ခဲ့၍ ထိုဆုံမှတ်လေးမှာ ပြန်ပေါ်လာနိုင်ခဲ့ခြင်းဖြစ်ပေသည်။
ကြက်တူရွေးသည် ဉာဏ်များ၏။ ထိုစဉ်က ပူဆွေးသောကအပြည့်နှင့် အဆုံးသတ်မလှခဲ့သော်လည်း အရန်အစီအစဉ်တစ်ခုကို ကြိုတင်ချနိုင်ခဲ့သေးသည်။
“သခင်ငါး” ကြက်တူရွေးက ဟိန်းဟောက်သည်။ “ငါ့ကို သခင်ငါးလို့ ခေါ်စမ်း ခွေးမတွေ” ကြက်တူရွေး ပြန်မှတ်မိသွားလေပြီ။ အကုန်ပြန်မှတ်မိသွားပြီဖြစ်၏။ ၎င်းက မန်ဟို မျက်နှာများ၏ အစားခံနေရသည်ကို လှမ်းကြည့်ပြီး ရုတ်တရက် အသံဩဇာအပြည့်ဖြင့် အော်ဟစ်လိုက်သည်။ မန်ဟို့ချပ်ဝတ်သည် အနက်ရောင်ဆူးချွန်များအဖြစ် ကွဲကြေသွားပြီး ကြက်တူရွေး၏ ထိန်းချုပ်မှုအောက်ဝယ် ဆူးချွန်တို့ကား လေပွေသဖွယ်ဖြစ်လာသည့်တိုင်အောင် မန်ဟို့ကို မြန်သထက်မြန်မြန် လှည့်ပတ်ကြ၏။
လေပွေ၏စွမ်းအားက မြေဆွဲအားစီးကြောင်းများစွာကို ဖန်တီးလိုက်သည်။ သို့သော် ထိုဆွဲအားသည် ကမ္ဘာလောကအပေါ် သက်ရောက်ခြင်းမဟုတ်၊ မန်ဟို့ကို ကိုက်ခဲနေသည့် မျက်နှာများကိုသာ ပစ်မှတ်ထား၏။ တဖြည်းဖြည်း မျက်နှာများမှာ မန်ဟို့ထံမှ ဆွဲခွာခံလိုက်ကြရသည်။ တစ်ချိန်တည်းမှာပင် ကြေးမီးအိမ်၏ အရောင်အဝါလည်း ပို၍တောက်ပစူးရှလာသည်။
မျက်နှာများသည် မန်ဟို့ကိုယ်မှ အခွာခံကြရသည့်အခါ သွေးပျက်စွာ အော်ဟစ်ကြ၏။ ထို့နောက် လေပွေထဲ စုပ်ယူခံလိုက်ကြရကာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးကုန်ကြတော့သည်။ သို့သော် မသေကြသေး။ ပိုသေးသော မျက်နှာများအဖြစ် ပြန်ပေါ်လာကြသည်။ မျက်နှာများသည် တစတစပိုများလာကြ၏။ ဆယ်ဂဏန်းမျှသာ မကတော့၊ ရာချီ၊ ထောင်ချီ၊ သောင်းချီလာလေပြီ။
မန်ဟိုမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရပြီး သူ၏ခန္ဓာကိုယ်မှာ ဆိုးဆိုးဝါးဝါး ပိန်ချုံးခြောက်ကပ်နေသည်။ သို့သော် ယခုတွင် မျက်နှာများသည် သူ့ကို စားနေခြင်းမရှိတော့၍ သူ၏အတိုက်အခိုက်စွမ်းရည်နှင့် ကျင့်ကြံခြင်းအခြေခံက လျင်မြန်စွာ ပြန်သက်သာလာသည်။ တစ်ဆက်တည်းမှာပင် သူက သူ၏ကိုယ်ပိုင်အင်အားကို ထုတ်လွှတ်ကာ လေပွေအား ပို၍ပင်မြန်မြန် လည်လာစေ၏။
မကြာမီ ၎င်း ယိမ်းထိုးနေသော လေဆင်နှာမောင်းကြီး ဖြစ်လာသည့်အချိန် ကြက်တူရွေးက နောက်တစ်ကြိမ် ဂီးခနဲ အော်ကာ လေဆင်နှာမောင်းအား အဝေးသို့ စေစားလိုက်သည်။
“လီးလိုပဲ” ၎င်းက အော်ဆဲသည်။ “မင်းတို့က သခင်ငါးကို တိုက်ခိုက်ဖို့ ကြိုးစားရဲတယ်ပေါ့လေ။ မင်းတို့မှာ အမွှေးအတောင်တွေ မရှိပေမယ်လို့ ငါ သခင်ငါး မင်းတို့တွေကို စမုံတုံးပစ်ဖို့ ဝန်မလေးဘူးကွ” မန်ဟိုမှာ စိတ်လှုပ်ရှားနေသောမျက်ဝန်းများဖြင့် ကြက်တူရွေးအား လှမ်းကြည့်လိုက်မိသည်။ ကြက်တူရွေး သတိပြန်ရသွားခြင်းသည် အင်မတန်ဝမ်းသာဖွယ်ကောင်း၏။ ယခုတွင် ကြက်တူရွေးတစ်ကောင်နှင့် လူတစ်ယောက်သည် လေဆင်နှာမောင်းကြီးနှင့် ဝေးရာသွားဖို့ အမြန်ဆုံးပျံနေကြလေသည်။
သို့သော် တကွဲတပြားမျက်နှာအပိုင်းအစများက ချက်ချင်း လိုက်လာကြသည်။ လိုက်မမှီနိုင်မှန်း ခံစားရသောအခါ ၎င်းတို့သည် အရေပြားကြီးတစ်ပြားအဖြစ် ပေါင်းသွားကြ၏။
မန်ဟိုနှင့် ကြက်တူရွေးက ထွက်ပြေးသည်၊ အရေပြားကြီးက နောက်မှထပ်ကြပ်မကွာ လိုက်နေသည်။ ကြက်တူရွေးသည် မည်သည့်အရာကိုမှ မထိမ်ချန်တော့မည့်အလား မာန်အပြည့်ဖြင့် ဟစ်အော်လိုက်၏။
“ဘာလုပ်ကြမလဲ မန်ဟိုရေ။ လခွမ်းလိုပဲ။ သခင်ငါးရဲ့ မှတ်ဉာဏ်တွေက ဒီအခြေအနေကျမှ ပြန်ရ,ရတယ်လို့ကွာ။ ငါ့နှယ် ငါတို့ ဘာလုပ်ကြမလဲ၊ ဘာလုပ်ကြမလဲလို့
“ငါတို့ အခု အာကာပြင်ကျယ်စကြဝဠာရဲ့အပြင်ကို ရောက်နေကြတာ။ ငါတို့သာ နှောင့်နှေးနေရင် လောကပါလနတ်မင်းရဲ့ စိတ်ဆန္ဒက အပြည့်အဝနိုးထလာမှာကွ။ အဲဒီကျ သေချာပေါက် စမုံတုံးရလိမ့်မယ်။ အခု သူ့စိတ်ဆန္ဒ တစ်ပိုင်းတစလေးပဲ နိုးထနေသေးတာ... ဒါကြောင့် ငါတို့ အာကာပြင်ကျယ်စကြဝဠာထဲ ပြန်ဝင်မှဖြစ်မယ်။ အဲဒီနေရာမှာဆို လောကပါလနတ်မင်းရဲ့ စိတ်ဆန္ဒအနေနဲ့ ငါတို့ကို တိုက်ရိုက်မနှောင့်ယှက်နိုင်ဘူး
“မန်ဟို မင်း အာရုံလွှဲတတ်လား။ ငါ့ကို အမွှေးတိုင်တစ်တိုင်ထွန်းစာလောက်ပဲ အချိန်ဆွဲပေး။ ကြေးမုံရဲ့ အနှစ်သာရစွမ်းအားတချို့နဲ့ နေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခု ငါ ခင်းပေးနိုင်တယ်။ ဒါဆို ငါတို့ အာကာပြင်ကျယ်စကြဝဠာရဲ့ ကြယ်တာရာကောင်းကင်ထဲ ပြန်သွားနိုင်လိမ့်မယ်” ကြက်တူရွေးနှင့် မန်ဟိုသည် အလွန်လျင်မြန်စွာ ရွေ့လျားနေသည့်တိုင် အရေပြားကြီးသည် ပို၍ပင်မြန်သေး၏။
မန်ဟို့မျက်လုံးများ လင်းလက်သွားသည်။ သူတို့နှစ်ယောက် ရောက်နေသော ထောင်ချောက်မှာ သူ့ကို ပစ်မှတ်ထားသည့် ထောင်ချောက်ဖြစ်သည့်အတွက် သူ၏မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်လာတော့သည်။
“အမွှေးတိုင်တစ်တိုင်ထွန်းစာလား။ ငါ လုပ်နိုင်မယ်ထင်တယ်....” အတန်ကြာတွေးပြီးသော် မန်ဟိုသည် အံတင်းတင်းကြိတ်လိုက်၏။ ကြက်တူရွေးသာ သူ့ကို ကူညီဖို့ ပြန်သတိမရခဲ့လျှင် မန်ဟိုကား မှော်အစွမ်းတစ်မျိုးကို ထုတ်သုံးဖို့ စိတ်ပိုင်းဖြတ်ခဲ့ပြီးသားဖြစ်သည်။
၎င်းက သူ၏ဝှက်ဖဲ၊ ရာနှုန်းပြည့်မပြီးသေးသော မှော်အစွမ်းတစ်ခုဖြစ်ပြီး မထင်မှတ်ထားသော ဘေးထွက်ဆိုးကျိုးများပင် ရှိကောင်းရှိနိုင်သည်။ ယင်းတို့က အပြုသဘောဆောင်မည်လား၊ အပျက်သဘောဆောင်မည်လား ဆိုသည်ကိုတော့ သူ မပြောတတ်။
သို့သော် လောလောဆယ်တွင် ရွေးချယ်စရာမရှိပေ။ မန်ဟိုသည် မျက်လုံးများအေးစက်စွာ တောက်ပနေလျက် ချာခနဲ လှည့်ကာ လက်ဝှေ့ယမ်းလိုက်၏။
“မန္တန်ဝင်္ကပါကို စခင်းတော့” သူက အော်ပြောလိုက်သည်။ သူနှင့်ကြက်တူရွေးတို့နှစ်ယောက် အတူတူလက်တွဲလုပ်လာခဲ့သည်မှာ ကြာပြီဖြစ်၍ ရှည်ရှည်ဝေးဝေး ပြောနေစရာမလိုပေ။ ချက်ချင်းပင် ကြက်တူရွေးထံမှ အနက်ရောင်အမျှင်များထွက်လာပြီး မန်ဟို့အနောက်ရှိ နေရာတွင် တဝဲဝဲလည်လျက် နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်တစ်ခုအား စတင်ဖော်ဆောင်တော့သည်။
မန်ဟိုက အသက်ဝဝရှူသည်။ ထို့နောက် ကြယ်တာရာကောင်းကင်ကို လက်ညှိုးထိုး၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “နဝမမန္တန်”
သူ ထုတ်လွှတ်တော့မည့်အရာကား ... နဝမမန္တန်မှတစ်ပါး အခြားမဟုတ်ပေ။ သူ၏ကိုယ်ပွားသည် ချုပ်နှောင်စည်းရှစ်ခုကို ဖော်ဆောင်ခဲ့ပြီးပြီဖြစ်၏။ နောက်စည်းက မပြီးမြောက်သေးသောကြောင့် မန်ဟို နဝမမန္တန်ကို ထုတ်လွှတ်လိုက်လျှင် သူ့ကိုယ်ပွားအပေါ် မသိနိုင်သောသက်ရောက်မှုတစ်ခုခု ရှိလိမ့်မည်။ မည်သို့ဖြစ်မလဲ မန်ဟို မသိသော်လည်း ယခုအချိန်က စဉ်းစားနေရမည့်အချိန်မဟုတ်ပေ။
သူသည် ဘယ်လက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီးနောက် လက်ကား တွန်းထုတ်လိုက်၏။
“ပထမချုပ်စည်း” မိုးနှင့်မြေတွင် ဂျလိန်းဂျလိန်းမြည်သံများ ဆူညံသွားပြီး အရာအားလုံး လှုပ်ခတ်ကုန်သည်။ မဖော်ပြနိုင်သောစွမ်းအားတစ်ရပ်သည် မန်ဟို့အရှေ့၌ စတင်စုဝေးလာသဖြင့် ကြယ်တာရာကောင်းကင်မှာ တဝုန်းဝုန်း တုန်ခါနေတော့သည်။
ချုပ်စည်းပေါ်လာသည်နှင့်တစ်ပြိုင်နက် အရေပြားကြီးသည် တုံ့ခနဲ ရပ်သွားပြီး ၎င်း၏မျက်ဝန်းများထဲ၌ ထူးဆန်းသောအလင်းရောင် ပေါ်လာ၏။
ထို့နောက် မန်ဟိုသည် နောက်လက်ကွက်တစ်ကွက် ဖော်လိုက်ရာ ဒုတိယစည်းဖြစ်ပေါ်လာသည်။ ၎င်းသည် ပထမချုပ်စည်းနှင့် ပေါင်းစည်းရင်း စွမ်းအားက ယခင်ထက် ဆယ်ဆပိုမို မြင့်မားသွားစေသည်။ ထို့နောက် တတိယစည်း၊ စတုတ္ထစည်း၊ စည်းတစ်ခုပြီးတစ်ခု ပေါ်လာပြီး ပေါင်းစည်းသွားကြ၏။ ကြောက်ခမန်းလိလိစွမ်းအားက ကြယ်တာရာကောင်းကင်ထဲရှိ အရာအားလုံးကို ပြင်းပြင်းထန်ထန် တုန်ခါနေစေသည်အထိ ကြီးမားလာတော့သည်။
ထို့နောက် ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမချုပ်စည်းများ....အာကာပြင်ကျယ်မော်ကွန်း မတောင့်ခံနိုင်ခဲ့သော စွမ်းအား၊ အနှစ်သာရ ၉ ခု အထွတ်အထိပ်ပညာရှင်များကိုပင် ကြောက်ဒူးတုန်သွားစေမည့်စွမ်းအားကား ပေါ်ထွက်လာ၏။ ချုပ်စည်းခုနစ်စည်းဖြင့် အဆိုပါစွမ်းအားသည် ကောင်းကင်ဘုံများကို ချုပ်နှောင်နိုင်သယောင်ပင် ထင်နေရလေပြီ။
အရေပြားကြီးသည် အံ့အားသင့်နေဟန်တူ၏။ ပထမဆုံးအကြိမ်အနေဖြင့် ... ၎င်းသည် လိုက်လာမည့်အစား နောက်ဆုတ်သွားသည်။ သို့သော် ထိုအခိုက်အတန့်မှာပင် မန်ဟို့မျက်ဝန်းများက ပိုမိုတောက်ပလာပြီး သူ့လက်နှစ်ဖက်လုံး မြောက်သွားသည်။ ချုပ်စည်းခုနစ်စည်းသည် တဖျတ်ဖျတ်လက်နေသော မှော်သင်္ကေတတစ်ခုဖြစ်လာကာ ကောင်းကင်များကို ချုပ်နှောင်ပိတ်လှောင်နိုင်သည့် စိတ်ဆန္ဒတစ်ရပ်ကို ထုတ်လွှတ်လျက် တဟုန်ထိုး ထွက်သွား၏။
၎င်းထံမှ ဖြာထွက်နေသော အရောင်အဝါသည် အတိုင်းထက်အလွန် ကြီးကြယ်ခမ်းနား၏။ မည်သည့်အရာကိုမဆို ချုပ်နှောင်နိုင်သယောင်၊ လင်းလက်နေသောအရာဟူသမျှကို မှောင်မိုက်သွားစေနိုင်သယောင်၊ သက်ရှိသတ္တဝါခပ်သိမ်းကို ဦးညွှတ်စေနိုင်သယောင် ထင်ရသည်။ ရောင်ဝါပင်လယ်က အရေပြားကို ချိန်ရွယ်လျက် ကြယ်တာရာကောင်းကင်တစ်လျှောက် အုန်းခနဲ ဖြာထွက်သွားသည်။
“အဲ့ဒါ ဘာကြီးလဲ...” အရေပြားကြီးထံမှ မရေမတွက်နိုင်သောအော်သံများ ထွက်လာသည်။ သို့သော် ၎င်း မည်မျှကြိုးစားစေကာမူ အရောင်အဝါကို မရှောင်နိုင်လိုက်ပေ။
မန်ဟို့အနောက်တွင် ကြက်တူရွေးမှာလည်း ပါးစပ်အဟောင်းသားဖြစ်နေသည်။
မန်ဟိုသည် တဆတ်ဆတ် တုန်ရီနေပြီး ပါးစပ်မှ သွေးများစီးကျနေ၏။ မပြီးမြောက်သေးသော နဝမမန္တန်ကို ယခုလိုအသုံးပြုခြင်းက ကြီးမားသောတန်ဖိုးတစ်ခုဖြင့် လာပေသည်။
ဟိန်းဟောက်သံများ ကျွက်ကျွက်ညံသွားပြီး တစ်ချိန်တည်းမှာပင် အလင်းဖြင့် အပိုင်းပိုင်းဖြတ်ခံနေရသည့် အရေပြားမှာ သွေးပျက်စွာအော်ဟစ်သံများ ပဲ့တင်ထပ်လာသည်။ တကွဲတပြားမျက်နှာအပိုင်းအစများသည် ၎င်းတို့လာခဲ့သောတိုင်ဆီသို့ ချက်ချင်း ပြန်ပြေးကုန်ကြ၏။
မန်ဟိုမှာ မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ယိမ်းထိုးနေသည်။ ကြက်တူရွေးက ကမန်းကတန်း ပြော၏။ “တောင့်ခံထားဦး အဆင်သင့်ဖြစ်တော့မယ် ခဏပဲ”
မန်ဟိုက ခေါင်းမော့လိုက်ပြီး အသွေးအေးဆုံးအသံဖြင့် ပြောသည်။ “ငါ ဘယ်လိုလုပ်ထွက်ပြေးနိုင်မှာလဲ”
သူက ရှေ့တစ်လှမ်းတက်ကာ ကျင့်ကြံခြင်းအခြေခံစွမ်းအားအား အုံကြွလာစေသည်။ “ငါ ဘယ်လိုပြေးနိုင်မှာလဲ”
ထို့နောက် သူသည် မျက်နှာများထွက်ပြေးနေသော တိုင်ဆီသို့ တဟုန်ထိုး ထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားတော့၏။
“ဟန်ပေ့ ငါ့ကို ဒီလွှတ်လိုက်ကတည်းက ဒီနေရာဟာ ငါ့ကို သတ်ဖို့ ထပ်ခါတလဲလဲ ကြိုးစားခဲ့တယ်။ ပထမ အစ်ကိုကြီးချန်ဖန်းနဲ့ အတုအယောင်ပုံရိပ်တွေ။ အဲဒါပြီးတော့ လောကပါလနတ်မင်းရဲ့ စိတ်ဆန္ဒက ငါ့ကို ပူးကပ်ဖို့ ကြိုးစားတယ်။ နောက်တော့ အဲဒီတိုင်ငါးတိုင် ပေါ်လာပြီး မိစ္ဆာချီမျက်နှာတွေက ငါ့ကို စားဖို့ ကြိုးစားခဲ့တယ်...
“ဒါတောင် ငါက ထွက်ပြေးရမှာလား။ ဘယ်လိုလုပ် ပြေးနိုင်မှာလဲ” မန်ဟိုသည် ဟိန်းဟောက်ရင်း သူ့လက်နှစ်ဖက်လုံးဖြင့် အရှေ့ကို တွန်းကာ အဆုံးမဲ့အလင်းရောင်အား တောက်ပလာစေသည်။
“မပြည့်စုံသေးတဲ့ ငါ့ရဲ့ နဝမမန္တန်ကိုတောင် ထုတ်လွှတ်ခဲ့ရတယ်လေ။ ဒါကြောင့် ဒီအခွင့်အရေးကို ငါ လက်လွှတ်မခံနိုင်ဘူး
“အတိတ်တုန်းက မြေအောက်ကမ္ဘာတစ္ဆေ၊ အင်မော်တယ်နတ်ဘုရားတွေရဲ့ ဆံပင်အဖြူနဲ့ ကျင့်ကြံသူ၊ နတ်ဆိုးလောက,က တန်ခိုးရှင်အဆင့်ပညာရှင်တွေ ရှိခဲ့တယ်။ သူတို့တတွေဟာ တိုင်သုံးတိုင်ကို ဖျက်စီးပစ်ခဲ့တဲ့ သူတွေပဲ။ ငါ့အနေနဲ့ သူတို့လို လုပ်ဖို့ အဆင်သင့်မဖြစ်လောက်သေးပေမယ့် စမ်းကြည့်တာလည်း အရှုံးမရှိဘူး” မန်ဟိုက ပေါင်းစည်းထားသောချုပ်စည်းများ၏ အလင်းရောင်ကို မိစ္ဆာချီတိုင်ဆီ တိုက်ရိုက်တွန်းထုတ်လိုက်သဖြင့် တဂျိန်းဂျိန်းမြည်သံများ ပဲ့တင်ထပ်သွားသည်။
မန်ဟို ပျံသန်းနေစဉ် ကြယ်တာရာကောင်းကင်မှာ အက်ကွဲလာပြီး မျက်နှာများ စူးစူးဝါးဝါးအော်ဟစ်နေကြသည်။ အလင်းရောင်က အရှိန်တင်လိုက်ပြီး ၎င်းတိုင်အနား ရောက်သွားသည့်အခါ မန်ဟို့မျက်လုံးထဲတွင် အသတ်အဖြတ်စိတ်ဆန္ဒ ပေါ်လွင်လာ၏။ ထို့နောက် သူက မုဒြာလက်ကွက်တစ်ကွက် ဖော်၍ ဟိန်းဟောက်လိုက်သည်။ “ချုပ်စည်းရှစ်ခု”
ထို့နောက် အဋ္ဌမချုပ်စည်းသည် လင်းလက်တောက်ပလျက် ပေါ်လာ၏။ ၎င်း အလင်းရောင်ထဲ ဝင်ရောက်၍ ကျန်ချုပ်စည်းများနှင့် ပေါင်းစည်းသွားသောအခါ အလင်းရောင်ကား ခရမ်းရောင်တောက်လာတော့သည်။
ခရမ်းရောင်အလင်းက ကြယ်တာရာကောင်းကင်အား တိတ်ဆိတ်သွားစေ၏။ အရာအားလုံး ဆောက်တည်ရာမဲ့စွာ တုန်ခါစပြုလာသည်။ အလင်းရောင်က မိစ္ဆာကို ကိုယ်စားပြုသည့် တိုင်အား ပိုင်းချလိုက်သဖြင့် မျက်နှာများမှာ စူးစူးဝါးဝါးအော်ဟစ်ရင်း ပျောက်ကွယ်ကုန်ကြလေပြီ။
မိစ္ဆာတိုင် ကျိုးသွားသဖြင့် မိုးကောင်းကင်သည် ကြေမွသွားပြီး အရာအားလုံး ဖရိုဖရဲဖြစ်ကုန်တော့သည်။
ထိုစဉ် လောကပါလကြယ်တာရာကောင်းကင်၊ အာကာပြင်ကျယ်ဂြိုဟ်၊ ပထမမြေထုအပေါ်ရှိ...
သေမျိုးကမ္ဘာ၏ မြို့တစ်မြို့တွင်
မန်ဟို့ကိုယ်ပွား၏နဝမလူဝင်စား ရတနာလေးသည် ရုတ်တရက် သွေးအပျစ်အချွဲများအား အန်လိုက်ရ၏။ ထို့နောက် သူ့မှာ ဒယိမ်းဒယိုင် ယိုင်သွားပြီးနောက် မြေကြီးအပေါ် ဗိုင်းခနဲ လဲကျသွားတော့သည်။
တစ်အိမ်လုံး ပျာယာခတ်သွားကြလေသည်။
ရတနာလေး အကြောတဆတ်ဆတ် ဆွဲလျက် တုန်ရီနေစဉ် ချုပ်စည်းများသည် သူ့နဖူးထက်၌ လင်းလက်စွာ တောက်ပစပြုလာ၏။