မှော်နက်နန်းတော်မှ ဖိတ်ကြားချက်တစ်ခု
Vol. 193 Ch. 2748
မှော်နက်နန်းတော်မှ ကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက်တွင် ပတ်ဝန်းကျင်မှ အခြားကျင့်ကြံသူများလည်း ထွက်သွားကြလေသည်။
လူများစွာသည် အံ့အားသင့်ခဲ့ရ၏။ လက်ရှိ စီဝေ့အင်ပါယာနန်းတော်၏ တိုက်ခိုက်နိုင်စွမ်းသည် အင်ပါယာအဆင့်အင်အားစုများကဲ့သို့ပင် အင်အားကြီးပေသည်။ အနည်းဆုံးတော့ ထိပ်သီးများအတွက် မှန်ပေသည်။ သို့သော် မှော်နက်လောကတစ်ခုလုံးနှင့် ယှဉ်လျှင်မူ ကွဟချက်သည် အတော်လေးကြီးနေပေသေးသည်။ မှော်နက်လောကထဲတွင် အခြားစွမ်းအားကြီးပုဂ္ဂိုလ်များ များစွာရှိနေပေသေးသည်။ ထို့အပြင် သူတို့သည် ကောင်းကင်ဒေသမှ ရှေးဟောင်းနတ်ဘုရားကလန်များကဲ့သို့ပင် အမွေအနှစ်နယ်မြေများထဲတွင် တိုးတက်လာခဲ့ကြ၏။
အကယ်၍ မှော်နက်အရှင်က မှော်နက်လောကအတွင်းမှ အင်အားစုအားလုံးကို စုဝေးရန် အမိန့်ပေး၍ စီဝေ့အင်ပါယာနန်းတော်ကို အတူတကွ တိုက်ခိုက်ခဲ့လျှင် စီဝေ့အင်ပါယာနန်းတော်သည် ထိုတိုက်ပွဲကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။ သို့သော် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း အချိန်တိုလေးအတွင်းတွင် များစွာတိုးတက်လာခဲ့သည်။ အကယ်၍ အချိန်အနည်းသာ ထပ်ပေးခဲ့လျှင် သူတို့သည် မည်မျှ ပို၍တိုးတက်လာမည်နည်း။
ရီဖူရှင်းသည် မဟာအင်ပါယာအဆင့်သို့ရောက်သွားပြီး အင်ပါယာတစ်ပါးဖြစ်လာသည်နှင့် လောကကြီးသည် သူမ၏ ရှစ်ယောက်မြောက် စွမ်းအားအထွတ်အထိပ်ပုဂ္ဂိုလ်ကို ရရှိမည်ဖြစ်သည်။
သို့ရာတွင် မဟာလမ်းစဉ်ဖြစ်လာနိုင်မည့် လမ်းစဉ်ကို အလွယ်တကူ မလျှောက်လှမ်းနိုင်ပေ။ ရီဖူရှင်းအနေဖြင့် ထိုအဆင့်သို့ရောက်ရန် နှစ်ပေါင်းများစွာ ထပ်လိုအပ်ပေလိမ့်ဦးမည်။ ကနဦးကတည်းက စွမ်းအားကြီးကျင့်ကြံသူများစွာသည် ထိုအိပ်မက်နောက်သို့ လိုက်ခဲ့ကြသော်လည်း အောင်မြင်သူ မည်မျှသာ ရှိခဲ့ပါသနည်း။
သို့သော် လောကအတွင်း၌ ဖြစ်ပျက်နေသော ပြောင်းလဲမှုများကြောင့် အင်ပါယာအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးများသည် သိသိသာသာ တိုးတက်လာခဲ့သည်။ ဤလောကသည် ခေတ်သစ်တစ်ခုကို ဦးတည်နေလေသည်။
အရှင်ရှာမင်၊ ယန်ကွေ့ရီ၊ တုကူးဝူရှဲ့၊ တိဟောက်၊ ကျိဝူတောက်၊ ရီဖူရှင်းနှင့် အခြားထိပ်သီးများစွာအကြားတွင် မည်သူသည် သူတို့၏ပန်းတိုင်ကို အရင်ဆုံး ရောက်မည်နည်း။ သို့တည်းမဟုတ် အခြားစီနီယာကျင့်ကြံသူများက အရင်ရောက်သွားမည်လော။
ဖန်းစွင်သည် ရီဖူရှင်းဘေးသို့ သွားလိုက်၏။ သူသည် အနည်းငယ် ခေါင်းငုံ့၍...
“ဆရာ... ကျုပ် မှားပါတယ်”
သူဝန်ခံလိုက်သည်။
“မင်းက တကယ်ပဲ မင်းမှားတယ်လို့ ထင်လို့လား”
ရီဖူရှင်းက ဖန်းစွင်ကို မေးခွန်းထုတ်လိုက်သည်။
ဖန်းစွင်သည် ခေါင်းမော့၍ ရီဖူရှင်းကို ကြည့်လိုက်၏။ သူသည် ရီဖူရှင်း၏မျက်နှာထားကို တွေ့လိုက်သောအခါ သူ့ဆရာက သူ့ကို အူမချေးခါးမကျန် သိပါလားဟု သဘောပေါက်သွားသည်။ သူ သူ့ပြိုင်ဘက်ကို သတ်ခဲ့သည်ကို မှားသည်ဟု မထင်သေးကြောင်း ထင်ရှား၏။ သတ်ဖြတ်မှုကို စတင်ခဲ့သည့်ဘက်မှာ မှော်နက်နန်းတော်ပင် မဟုတ်ပါလား။ မှော်နက်နန်းတော်မှ လူများသည် သူတို့၏ မဟာအင်ပါယာအဆင့်လက်နက်များကိုလည်း လုယက်လိုခဲ့သည်။ အကယ်၍ သူတို့သာ ထိုသူများကို မသတ်ခဲ့လျှင် သူတို့ ပြန်အသတ်ခံရမည်ဖြစ်သည်။
သို့ဖြင့် သူ မှော်နက်နန်းတော်ကို အပြစ်ပြုလိုက်သောအခါ လွန်စွာ ဆိုးဝါးသောနောက်ဆက်တွဲများ ဖြစ်လာပြီး သူ့ဆရာနှင့် စီဝေ့အင်ပါယာနန်းတော်အပေါ် ပြဿနာများ ယူဆောင်လာမိသွားပေသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အစ်ကိုသုံးက ငါ့ကို သင်ပေးခဲ့တာက လောကထဲမှာ အကျိုးသင့်အကြောင်းသင့် ညှိနှိုင်းနိုင်တဲ့နည်းတွေ အများကြီးရှိပေမယ့် အဲဒီနည်းတွေက ဘယ်လောက်ကောင်းကောင်း လက်သီးနဲ့ဖြေရှင်းတာကိုတော့ မမီဘူးတဲ့။ မင်းတို့တွေ လုပ်ခဲ့တာမှာ ဘာအမှားမှ မရှိပါဘူး။ အဲဒီလိုမလုပ်ခဲ့ရင်သာ ငါတို့ စီဝေ့အင်ပါယာနန်းတော်က မှော်နက်နန်းတော်လောက် အင်အားမကြီးသေးဘူးလို့ ပြလိုက်သလို ဖြစ်သွားမှာ”
ရီဖူရှင်း ဩဝါဒခြွေလိုက်သည်။ ကျင့်ကြံခြင်းလောကထဲတွင် ကိစ္စအားလုံးကို တိုက်ခိုက်စွမ်းရည်များဖြင့် ဖြေရှင်းခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသောအရာသာဖြစ်သည်။ အကယ်၍ သူတို့သာ ယနေ့တွင် သူတို့၏အင်အားကို မပြသခဲ့လျှင် အရှင်ရှာမင်သည် သူတို့ကို အလွှတ်ပေးမည်မဟုတ်ဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားမည်ဖြစ်သည်။
“လုပ်ပြီးတာက ပြီးခဲ့ပြီ။ ပြန်သွားပြီးတော့ ပိုကျင့်ကြံပါ”
ရီဖူရှင်းသည် သူ့ကို ပြန်လွှတ်လိုက်၏။
“ဟုတ်ကဲ့ပါဆရာ”
ဖန်းစွင် ခေါင်းညိတ်လိုက်၏။ အမှန်ပင် သူ ပိုသန်မာလာရန် လိုအပ်ပေသည်။ မဟုတ်လျှင် အနာဂတ်တွင် သူပြဿနာထပ်ရှာမိပါက ဆရာသည် နောက်ဆက်တွဲများကို ခံရပေလိမ့်မည်။
စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများအားလုံး ထွက်သွားပြီး ရီအင်ပါယာနန်းတော်သို့ ပြန်သွားကြလေသည်။ သူတို့သည် အတော်လေး ဆူဆူပူပူ ဖြစ်စေခဲ့သည်။ လက်ရှိ စီဝေ့အင်ပါယာနန်းတော်သည် သာမန်အင်အားစုတစ်စု မဟုတ်တော့ပေ။ သူတို့၏ မှော်နက်နန်းတော်နှင့် ထိပ်တိုက်တွေ့ခဲ့မှုသည် အာရုံစိုက်မှုတော်တော်များများကို ရရှိခဲ့သည်။ အကယ်၍ မဟာအင်ပါယာများသာမရှိလျှင် စီဝေ့အင်ပါယာနန်းတော်သည် ဘုံခုနစ်ခုလုံးအတွင်းရှိ ကိစ္စများကို လှုပ်ခတ်နိုင်စွမ်းရှိသော အင်အားစုတစ်စု ဖြစ်လေသည်။
နောက်ရက်များတွင် ပုံမှန်အတိုင်းသာ ရှိခဲ့သည်။ မှော်နက်နန်းတော်အတွက်”သေမင်း”၏ သစ္စာဖောက်မှုသည် မှော်နက်အရှင်၏ အာရုံစိုက်မှုကိုရရန် လုံလောက်ပေသည်။
ကံဆိုးစွာပင် ထိုကိစ္စကို မှော်နက်အရှင်ထံ တင်ပြရပေမည်။ နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး ရီဖူရှင်းသည် ဆက်၍ တိတ်တဆိတ် ကျင့်ကြံနေခဲ့သည်။ သူသည် မကြာမီမှာပင် အဟန့်အတားများကို ကျော်ဖြတ်လိုနေသည်။ သူ တစ်နေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်ပြီး အချိန်အတော်ကြာသည့်အထိ မတိုးတက်လာသေးပေ။ သို့သော် ထိုသို့ထင်နေခြင်းမှာ ရီဖူရှင်း၏စိတ်ထဲတွင်သာဖြစ်သည်။ အခြားကျင့်ကြံသူများ ဤအဆင့်တွင် တစ်နေခဲ့သည်မှာ သူကျင့်ကြံခဲ့သည့်နှစ်အားလုံးပေါင်းထက်ပင် ပိုကြာပေသေးသည်။ သူတို့၏ဘဝတစ်လျှောက်လုံး ဤအဆင့်ကို မကျော်ဖြတ်နိုင်ခဲ့သူများက ပိုပင် များပေသည်။ ထိပ်သီးကျင့်ကြံသူများစွာသည်လည်း နတ်ဘုရားအမွေအနှစ်များ ထွက်ပေါ်လာသောအခါမှ အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ရီဖူရှင်းတစ်ယောက် ဤအဆင့်သို့ အလွန်လျင်မြန်စွာချဉ်းကပ်လာနိုင်ခဲ့ခြင်းမှာ သူ၏မွေးရာပါ ပါရမီ၊ ကံကြမ္မာ၏မျက်နှာသာပေးမှုနှင့် ကံကောင်းမှုတို့ကြောင့် ဖြစ်သည်။ သူ ကာရူရာအိမ်တော်၏ ဘုံကျောင်းတွင် ရရှိခဲ့သော နတ်ဘုရားအုပ်စိုးလက်နက်သည် သူ့ကို ထိုလမ်းစဉ်တစ်လျှောက်တွင် ကူညီပေးခဲ့လေသည်။
ရီဖူရှင်းသည် ရီအင်ပါယာနန်းတော်အတွင်းရှိ ကောင်းကင်လှေကားပေါ်တွင် ရပ်နေပြီး အဘိုးမာသည် သူ့ကို တစ်စုံတစ်ခု ပြောနေ၏။
ရီဖူရှင်းသည် အဝေးသို့ကြည့်လိုက်ပြီး သူတို့ထံသို့ ချဉ်းကပ်လာသည့် လူတစ်စုကို တွေ့လိုက်သည်။ သူတို့သည် မှော်နက်နန်းတော်မှ ကျင့်ကြံသူများဖြစ်သည်။ သူတို့ကို ဦးဆောင်လာသူမှာ အထင်ကြီးရလောက်သည့် မှော်နက်သူတော်စင် ဟွာယွင်ထင်ပင်။
ဟွာယွင်ထင်သည် ကောင်းကင်လှေကားကို မော့ကြည့်လိုက်၏။ သူသည် ကောင်းကင်လှေကားပေါ်တွင် ရပ်လိုက်ပြီး အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားတစ်ခုကို အာရုံခံမိလိုက်သဖြင့် အံ့အားသင့်သွားသည်။ ထို့နောက် သူသည် ခြေထောက်ကြွ၍ လှေကားပေါ်သို့ စတင်တက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှနေ၍ အရှိန်အဝါတစ်ခု ထွက်လာ၏။ ၎င်းအရှိန်အဝါသည် ကောင်းကင်လှေကားပေါ်ရှိ ဖိအားကို အားနည်းသွားအောင် လုပ်လိုနေပုံပင်။
သူသည် မှော်နက်လောက၏ အဆင့်အတန်းအမြင့်ဆုံးများထဲမှ တစ်ယောက်ဖြစ်ရာ ဤနေရာတွင် သူ့ကို အားနည်းသူအဖြစ် အမြင်မခံနိုင်ပေ။
ရီဖူရှင်းသည် ထိပ်ဆုံးတွင် တိတ်တဆိတ်ရပ်နေပြီး ဟွာယွင်ထင် တစ်လှမ်းချင်း တက်လာသည်ကို ကြည့်နေလိုက်သည်။ သူသည် မလှုပ်မယှက်ဖြင့် တိတ်တဆိတ် ကြည့်နေသော်လည်း မမြင်နိုင်သော ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။ သူတို့နှစ်ဦးသည် မျက်နှာသိများဟု သတ်မှတ်နိုင်သည်။ သို့သော် ဟွာယွင်ထင်သည် မှော်နက်နန်းတော်မှသူဖြစ်၍ ရီအင်ပါယာနန်းတော်၏ ဩဇာအာဏာကို ထုတ်ပြရပေမည်။
သူသည် အင်ပါယာတစ်ပါး ဖြစ်မလာသေးသော်လည်း ရီအင်ပါယာနန်းတော်၏ အမည်တွင်”အင်ပါယာ”ဟူသော စာလုံးပါပေသည်။ သို့ပင်လျှင် အင်ပါယာအဆင့်အောက်မှ ကျင့်ကြံသူများ ဤနေရာသို့ လာသောအခါ သူတို့မည်သူဖြစ်စေ ရီအင်ပါယာနန်းတော်၏အရှိန်အဝါကို သူတို့သိသွားအောင် လုပ်ရန်မှာ အလွန်အရေးကြီးလေသည်။
နောက်ဆုံးတွင် ဟွာယွင်ထင်သည် ကောင်းကင်လှေကား၏ထိပ်သို့ ရောက်လာ၏။ သို့သော် သူရှေ့သို့ ဆက်မသွားနိုင်ခင် အဘိုးမာ၏ တားဆီးမှုကို ခံလိုက်ရ၏။
ဟွာယွင်ထင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ရီဖူရှင်းကို ကြည့်လိုက်၏။
“ရှေ့ဆက်လာခဲ့ပါ မှော်နက်သူတော်စင်”
ရီဖူရှင်းသည် သူ့ကို ဆက်လာရန် လက်ဟန်ပြလိုက်သည်။ ချက်ချင်းပင် မမြင်နိုင်သော ဖိအားလည်း ပျောက်ကွယ်သွားသည်။ ဟွာယွင်ထင်သည် ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်ပြီး ဆက်လျှောက်သွားလိုက်သည်။ သူသည် ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင်တွင် ရပ်လိုက်ပြီး ပြောလိုက်၏။
“အရှင်ရှာမင်က အဲဒီနေ့တုန်းက ဖြစ်ခဲ့တဲ့အကြောင်းကို မှော်နက်အရှင်ကို တင်ပြလိုက်တယ်။ ပြီးတော့ ရီချင်းယောင်က မှော်နက်နန်းတော်ကို ပြန်ဆင့်ခေါ်ခံခဲ့ရတယ်”
“အဲဒီကိစ္စက မှော်နက်နန်းတော်ဘက်က စခဲ့တယ်ဆိုတာ ခင်ဗျား ပြောနိုင်လောက်မှာပါ။ အဲဒါက ချီယောင်ကို ပစ်မှတ်ထားဖို့လို့တောင် ကျုပ် ပြောနိုင်တယ်။ မှော်နက်အရှင်လည်း အဲဒါကို သဘောပေါက်လောက်မှာပါ”
ရီဖူရှင်းက ပြန်ပြောလိုက်၏။
“အဲဒါက အရေးမကြီးပါဘူး။ အရေးကြီးတဲ့အချက်က ရီချင်းယောင်က မင်းအတွက်နဲ့ မှော်နက်နန်းတော်ကို သစ္စာဖောက်ဖို့ ဝန်မလေးတာပဲ။ သူက တမင် သူ့ရဲ့ရပ်တည်ချက်ကို ပြလိုက်တာပဲ... အဲဒါက မှော်နက်အရှင်ကို ခြိမ်းခြောက်လိုက်တာပဲ”
ဟွာယွင်ထင်က ပြန်ပြောလိုက်၏။
“အဲဒီတော့...”
ရီဖူရှင်းသည် ဟွာယွင်ထင်ကို ကြည့်လိုက်၏။
“ခင်ဗျားက ဘာလို့ ကျုပ်ကို လာရှာတာလဲ”
“မှော်နက်အရှင်က မင်းကို မှော်နက်နန်းတော်ကိုလာဖို့ ဖိတ်ခဲ့လို့ ငါ့ကို အမိန့်ပေးထားလို့”
မှော်နက်သူတော်စင်က ပြန်ဖြေလိုက်သည်။ ထို့ကြောင့် ရီဖူရှင်း အံ့အားသင့်သွား၏။ အဘယ်ကြောင့် မှော်နက်အရှင်သည် သူ့အား မှော်နက်နန်းတော်ကို ဖိတ်ကြားရသနည်း။
သူ့ဘေးရှိ အဘိုးမားသည်လည်း မျက်မှောင်တင်းတင်းကြုတ်နေ၏။ သူသည် ရီဖူရှင်းကို စိုးရိမ်ဟန်ဖြင့် ကြည့်သည်။ ရီဖူရှင်းသည် သူတို့နှင့်လိုက်မသွားသင့်ကြောင်း သူခံစားနေရပေသည်။
“အဲဒီဖိတ်ကြားချက်က ခင်ဗျားတို့ဆီက မဟုတ်ဘဲ မှော်နက်အရှင်ဆီကဆိုတာ ကျုပ်က ဘယ်လိုလုပ် သေချာသိနိုင်မလဲ”
ရီဖူရှင်း မေးလိုက်သည်။
ဟွာယွင်ထင်သည် မှော်နက်ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး ရီဖူရှင်းကို ကမ်းပေးလိုက်သည်။ ရီဖူရှင်းသည် ၎င်းအတွင်းသို့ သူ၏အသိစိတ်အာရုံကို ထည့်သွင်းလိုက်ရာ မကြာမီမှာပင် မှော်နက်အရှင်၏ ပုံရိပ်ကို မြင်လိုက်ရလေသည်။ မှော်နက်အရှင်သည် မှော်နက်ဘုံကျောင်းပေါ်တွင် ရပ်နေပြီး အမိန့်များပေးနေသည်။ ဟွာယွင်ထင်သည် ထိုကဲ့သို့သော ဩဇာကြီး၍ နတ်အငွေ့အသက်ရှိသော ပစ္စည်းမျိုးကို သေချာပေါက် အတုမလုပ်နိုင်လောက်ပေ။
“အဲဒါက ငါ့ကို မှော်နက်အရှင်ပေးတဲ့ အမိန့်ပဲ”
ဟွာယွင်ထင်က ပြောလိုက်၏။
“မင်း လိုက်နာချင်လား၊ မလိုက်နာချင်ဘူးလားဆိုတာတော့ မင်းသဘောပဲ။ တကယ်လို့ မှော်နက်အရှင်ကသာ မင်းတို့ကို ရှင်းပစ်ချင်ရင် ဒီလိုမျိုး ဒုက္ခခံပြီး ဖိတ်နေစရာတောင်မလိုဘူးဆိုတာ မင်းရော၊ ငါရော သိတာပဲ။ ငါတို့ အရင်က ဖြစ်ခဲ့တာတွေကို လျစ်လျူရှုလိုက်လို့ရတယ်... ဒါပေမဲ့ နောက်ကျရင်တော့ မင်း မှော်နက်နန်းတော်နဲ့ ဆန့်ကျင်ဘက်မှ မရပ်တည်ဖို့ ငါတို့ မျှော်လင့်ပါတယ်”
ဟွာယွင်ထင်သည် ထိုသို့ပြောပြီးသောအခါ ထွက်သွားသည်။ ဤတစ်ကြိမ်တွင် သူသည် ကောင်းကင်မှ ပျံသန်းသွားသည်။ မှော်နက်နန်းတော်မှ အခြားကျင့်ကြံသူများသည်လည်း သူ့နောက်သို့ လိုက်သွားကြလေသည်။