← Chapters

အာဏာရှင်တစ်ယောက်

Vol. 193 Ch. 2749

အာဏာရှင်တစ်ယောက်

Vol. 193 Ch. 2749

ဟွာယွင်ထင် ထွက်သွားပြီးနောက် အဘိုးမာသည် ရီဖူရှင်းကို ပြောလိုက်၏။

“နန်းတော်သခင်အနေနဲ့ သေချာပေါက် သွားလို့မဖြစ်ဘူး”

ထိုနေရာသည် မှော်နက်လောကဖြစ်သည်။ ထိုလောကတွင် မည်သည့် ဥပဒေစည်းမျဉ်းမှ မရှိပေ။ ရီဖူရှင်းသာ ထိုလောကသို့ သွားလိုက်သည်နှင့် သူ့အသက်သည် သူ့လက်ထဲတွင် ရှိတော့မည် မဟုတ်ချေ။

ရီဖူရှင်းသည် ထွက်ခွာပျောက်ကွယ်သွားသော ဟွာယွင်ထင်၏ ပုံရိပ်ကို အတွေးနက်နေဟန်ဖြင့် ကြည့်သည်။ အဘယ်ကြောင့် မှော်နက်အရှင်သည် သူ့ကို ဖိတ်ကြားရသနည်း။

ဤတစ်ခေါက်သည် သူ နတ်ဆိုးလောကကို သွားခဲ့သောအခေါက်နှင့် ကွဲပြားပေသည်။ ထိုစဉ်က ယူချင်းသည် အန္တရာယ်အတွင်း ကျရောက်နေခဲ့သည်။ သို့သော် နတ်ဆိုးအင်ပါယာနှင့် ယူချင်းအကြားတွင် ပတ်သတ်ဆက်နွယ်မှုများ ရှိပေသည်။ ထို့အပြင် ထိုခရီးသည် အန္တရာယ်များခဲ့သော်လည်း ထိုစဉ်က သူသည် နတ်ဆိုးလောကနှင့် မည်သည့်ရန်ငြိုးမှ မရှိသေးပေ။

မှော်နက်လောကမှာမူ လုံးဝကွဲပြားပေသည်။ သူသည် မှော်နက်အရှင်၏ တပည့်ရင်းနှင့် အခြားကျင့်ကြံသူများစွာကို သတ်ခဲ့သည်။ ရီချင်းယောင်ကလည်း သူ့အတွက် မှော်နက်နန်းတော်ကို သစ္စာဖောက်နိုင်သည်။ သူကလည်း မှော်နက်အရှင်အကြောင်းကို ကောင်းကောင်းမသိပေ။ အကယ်၍ သူသာ သွားရန် ဆုံးဖြတ်ခဲ့လျှင် နတ်ဆိုးလောကကို သွားခဲ့စဉ်ကထက် ပို၍အန္တရာယ်များပေလိမ့်မည်။

ထို့အပြင် သူမြင်နိုင်သည်အရ နတ်ဆိုးလောကသည် ဥပဒေစည်းမျဉ်းများရှိခဲ့ပြီး ထိုစည်းမျဉ်းများသည် သူတို့အပေါ် တင်းကြပ်ပေသည်။ နတ်ဆိုးလောကအတွင်း၌ နေထိုင်သော သန်းရာချီသည့်ဒေသခံများကလည်း နတ်ဆိုးအင်ပါယာကို အလွန်လေးစားကြသည်။ မှော်နက်လောကတွင်တော့ ထိုသို့မဖြစ်နိုင်ပေ။

သို့သော် သူမသွားလျှင်လည်း မှော်နက်အရှင်သည် ရီချင်းယောင်ကို မည်သို့လုပ်မည်နည်း။

အဘယ်ကြောင့် မှော်နက်အရှင်သည် သူ့ကို ဖိတ်ကြားရသနည်း။ လူအချို့ ဖြတ်ခနဲ ရောက်ရှိလာပြီး ကောင်းကင်လှေကားပေါ်တွင် ဆင်းသက်လိုက်သည်။ သူတို့က ရီဖူရှင်းကို ပြောလိုက်၏။

“နန်းတော်သခင် မသွားသင့်ပါဘူး”

သူတို့အားလုံးသည် ရီဖူရှင်းကို အသက်ကိုရင်း၍ မှော်နက်နန်းတော်သို့ မသွားစေလိုကြောင်း ထင်ရှား၏။

အတိတ်တွင် မှော်နက်လောကသည် မဟာလမ်းစဉ်၏ ဒေသ(၃၀၀၀)တွင် ပမာဏကြီးမားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် မူလဘုံမှ ကျင့်ကြံသူများသည် မှော်နက်လောကအပေါ် အလွန်မကောင်းသော ထင်မြင်ချက်များ ရှိကြသည်။ ထိုထင်မြင်ချက်မှာ မှော်နက်လောကသည် ရက်စက်ကြမ်းကြုတ်၍ သွေးဆာနေသူများ နေထိုင်ရာလောကဖြစ်သည်ဟူသော ထင်မြင်ချက်ပင်။ ထို့အပြင် မှော်နက်လောက၏ အုပ်ချုပ်သူ မှော်နက်အရှင်သည်လည်း သွေးအေးသော အာဏာရှင်တစ်ဦးဖြစ်သည်ဟု ပြောကြသည်။ သူသည် ခံစားချက်မရှိဘဲ သတ်ဖြတ်တတ်ပြီး မှော်နက်လောကကို သိမ်းပိုက်ကာ သူ၏လက်ရှိအဆင့်သို့ ရောက်လာရန် မရေမတွက်နိုင်သော အလောင်းများအပေါ် နင်းလျှောက်ခဲ့သူဖြစ်သည်။

မှော်နက်နန်းတော်၏ မှော်နက်အရှင်သည် အင်ပါယာခြောက်ပါးထဲတွင် အဆိုးဆုံးဂုဏ်သတင်းရှိသည့် အင်ပါယာဖြစ်သည်။ သူသည် မည်သူ့ကိုမှ အရေးမထားပေ။

“ဆရာ... ဒီကိစ္စတစ်ခုလုံးက ကျုပ်ကြောင့် ဖြစ်ရတာပါ။ တကယ်လို့ ဆရာသွားမယ်ဆိုရင် ကျုပ်ကိုလည်း ခေါ်သွားပါ။ ကျုပ်လည်း တာဝန်ယူပါမယ်”

ဖန်းစွင်သည် ရီဖူရှင်းရှေ့တွင်ရပ်၍ ဦးညွှတ်လိုက်သည်။ ရီဖူရှင်းက ပြန်ပြောလိုက်၏။

“အများကြီး မတွေးပါနဲ့။ မင်းက ဒီကိစ္စထဲမှာ ကြားညပ်သွားတာပါ။ မင်းမဟုတ်လည်း စီဝေ့အင်ပါယာနန်းတော်က တစ်ယောက်ယောက်က ဒီကိစ္စထဲ ပါသွားမှာပဲ။ တော်သေးတာက မင်းဖြစ်နေတာပဲ။ မဟုတ်ရင် အသေအပျောက်ရှိတာ ငါတို့ဘက်က ဖြစ်သွားနိုင်တယ်”

ယခင်ကဖြစ်ခဲ့သော ကိစ္စသည် ဖန်းစွင်ကြောင့် ဖြစ်ခဲ့ရခြင်းဖြစ်သော်လည်း သူသည် သူတို့၏ပစ်မှတ်မဟုတ်ပေ။ သူပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ထိုကိစ္စကတော့ ဖြစ်လာမည်သာ။

“ဒါပေမဲ့...”

ဖန်းစွင်သည် ဆက်၍အတွန့်တက်လိုသော်လည်း ရီဖူရှင်းသည် သူ၏လက်ကို ဝှေ့ယမ်း၍ သူ့ကို ထွက်သွားခိုင်းလိုက်သည်။

“သွားပြီးတော့‌ လေ့ကျင့်တော့... ဘာမဟုတ်တဲ့ကိစ္စအတွက် သိပ်ပြီး ရေးကြီးခွင်ကျယ် မလုပ်နဲ့။ ငါ ဒီကိစ္စကို သေချာစဉ်းစားမှာပါ။ ငါ့ရဲ့အခွင့်အရေးတွေအပေါ်မှာ ယုံကြည်မှုမရှိဘူးဆိုရင် ငါသွားမှာ မဟုတ်ပါဘူး”

အားလုံးသည် ရီဖူရှင်း၏စကားများကို ကြားလိုက်သော်လည်း စိုးရိမ်နေဆဲဖြစ်သည်။ သူတို့သည် ရီဖူရှင်းကို နားလည်၏။ သူသည် သေချာပြင်ဆင်လိမ့်မည်ဖြစ်ကြောင်း သူတို့သိ၏။ သို့သော် ဤကိစ္စတွင် ရီချင်းယောင် ပါဝင်ပတ်သတ်နေသည်။ သူတို့သည် ရီဖူရှင်းက သူ့ဘေးမှ လူများကို မည်မျှဂရုစိုက်ကြောင်း သိသဖြင့် သူသည် အန္တရာယ်များကို လျစ်လျူရှု၍ သွားနိုင်ချေ သေချာပေါက်ရှိလေသည်။

“ဒီမှာခဏနေခဲ့ပါဦး ဓားဧကရာဇ်။ ကျုပ် ဓားဧကရာဇ်နဲ့ ကျင့်ကြံခြင်းအကြောင်း ဆွေးနွေးစရာနည်းနည်း ရှိတယ်။ ကျန်တဲ့သူတွေက သွားနိုင်ပါပြီ”

ရီဖူရှင်းသည် အားလုံးက ထွက်သွားရန် အင်တင်တင်ဖြစ်နေသည်ကို မြင်လိုက်၍ လောဆော်လိုက်သည်။ သူတို့သည် ချက်ချင်း ထွက်သွားကြ၏။ သို့သော် ရီဖူရှင်းကို လှည့်ကြည့် လှည့်ကြည့် လုပ်သွားကြသည်။

သူတို့ ထွက်သွားပြီးနောက်တွင် ရီဖူရှင်းသည် နန်းတော်အနောက်ရှိ ကျင့်ကြံခြင်းနေရာသို့ ခေါ်ဆောင်သွားသည်။ သူမေးလိုက်၏။

“ဓားဧကရာဇ်... ဓားဧကရာဇ် မှော်နက်လောကအကြောင်းကို သိပါသလား”

“အင်း...”

ဓားဧကရာဇ်အှရင်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

“ငါလည်း မင်းကို မသွားစေချင်ဘူး။ မှော်နက်လောက,က မင်းမဲ့စရိုက်ဆန်တယ်။ ငါက မင်းမှော်နက်လောကကိုသွားလို့ အန္တရာယ်ကြုံမှာကို စိုးရိမ်တာ မဟုတ်ပါဘူး။ မင်းရဲ့ လက်ရှိအဆင့်နဲ့ အင်ပါယာတွေကလွဲလို့ မင်းကို ခြိမ်းခြောက်နိုင်တဲ့သူ နည်းနည်းပဲရှိတယ်။ မင်း လောကတွေထဲမှာ ပြဿနာကြီးကြီးမားမား မရှိဘဲ သွားလာနိုင်မှာပါ။ ဒါပေမဲ့ မှော်နက်လောက,ကတော့ မတူဘူး... အဲဒီမှာ ဥပဒေစည်းမျဉ်းတွေမရှိတာက အဲဒီလောကကို အုပ်ချုပ်သူကိုယ်တိုင် အဲဒီလိုဖြစ်အောင် လုပ်ထားလို့ပဲ။ မင်းသွားမယ့် မှော်နက်လောကရဲ့ အုပ်ချုပ်သူက မှော်နက်အရှင်ပဲ... ပြီးတော့ သူ့ကို ‘မှော်နက်အာဏာရှင်’လို့လည်း ခေါ်ကြတယ်”

“အာဏာရှင်...”

ရီဖူရှင်းသည် သူ့ဘာသာ ရေရွတ်လိုက်သည်။ အားလုံးသည် သူ့ကို ထိုလောကသို့ မသွားရန် တားနေခြင်းမှာ အံ့အားသင့်စရာ မဟုတ်ပေ။

သို့သော် ထိုအာဏာရှင်သည် ရီချင်းယောင်အပေါ်တော့ မျက်နှာသာပေးပုံပေါ်သည်။

“ငါသိသလောက်ကတော့ အရှင်ရှာမင်က မဟာရှာမင်ရာထူးကို ဆက်ခံနိုင်ခဲ့တယ်ဆိုတာ သူက သူ့စီနီယာကို လုပ်ကြံသတ်ဖြတ်ခဲ့လို့ပဲ။ နောက်တော့ သူက မှော်နက်သူတော်စင်သုံးပါးရဲ့ ခေါင်းဆောင်ဖြစ်လာတယ်... ဒါပေမဲ့ မှော်နက်အရှင်က အဲဒီကိစ္စတွေကို ဖိအားမပေးဘူး”

ဓားဧကရာဇ်အရှင်က ဆက်ပြောလိုက်၏။

“တကယ်လို့ မင်း သွားဖို့ ကြံထားရင် အဲဒီမှာ မသေချာမှုတွေ အများကြီးရှိတယ်လို့ ငါပြောရမှာပဲ။ မင်း မှော်နက်နန်းတော်ထဲကို ဝင်သွားတာနဲ့ ကိစ္စတွေက မင်းအပေါ် မူတည်မှာ မဟုတ်တော့ဘူး”

“ဒါပေမဲ့ မှော်နက်အရှင်က အာဏာရှင်တစ်ယောက်လို့ ကျော်ကြားတော့ သူက ဘာကိုမှ ကြောက်မှာမဟုတ်ဘူးလို့ ဓားဧကရာဇ် တွေးမိခဲ့ပါသလား။ တကယ်လို့ သူသာ ကျုပ်ကို သတ်ချင်ရင် ဒီကိုလာပြီး ကျုပ်ကို ရှင်းပစ်လို့ ရတာပဲ။ ကျုပ်ကို အဲဒီကို ဖိတ်ပြီး အချိန်ဖြုန်းနေစရာ မလိုပါဘူး”

ရီဖူရှင်းက အကျိုးသင့်အကြောင်းသင့် ပြောလိုက်၏။

“ကျုပ်ကို သတ်ဖို့က သူ့လိုလူတစ်ယောက်အတွက် သိပ်ခက်မယ် မထင်ပါဘူး”

“မင်းပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်... ဒါပေမဲ့ မှော်နက်လောက,က သူ့ရဲ့နယ်မြေ မဟုတ်လား။ မှော်နက်အရှင်က တခြားအင်ပါယာတွေရဲ့ တားမြစ်မှုကို ခံထားရလို့ ဒီကိုလာပြီး ကိစ္စတွေကို မရှင်းနိုင်တာလည်း ဖြစ်နိုင်တာပဲလေ။ မမေ့နဲ့... နတ်ဘုရားကုန်းမြေ စပေါ်လာတုန်းက အင်ပါယာ‌ခြောက်ပါး ဒီကို တစ်ပြိုင်တည်း ရောက်လာပြီး သူတို့က ဒီကုန်းမြေပေါ်မှာ ဖြစ်တဲ့ ကိစ္စတွေထဲမှာ ဝင်မပါဘူးဆိုပြီး စည်းမျဉ်းသတ်မှတ်ခဲ့ကြတယ်လေ။ တကယ်လို့ မှော်နက်အရှင်သာ ဒီကိုလာခဲ့ရင် တခြားအင်ပါယာတွေလည်း ရောက်လာမှာပဲ”

ဓားဧကရာဇ်အရှင်တွင်လည်း သူ့အကြောင်းပြချက်နှင့်သူ ရှိပေသည်။

“အဲဒါအမှန်ပဲ...”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။

“အဲဒါကလည်း အဓိပ္ပာယ်ရှိတယ်။ ကျုပ် ထပ်ပြီး စဉ်းစားရမယ်...”

“အင်း... စဉ်းစားပါ”

ဓားဧကရာဇ်အရှင်သည် ခေါင်းညိတ်လျှက် သူ့ကို နှုတ်ဆက်လိုက်သည်။

ဓားဧကရာဇ်အရှင် ထွက်သွားပြီးနောက်တွင် ရီဖူရှင်းသည် တစ်ယောက်တည်းထိုင်ကာ တွေး‌တောနေလိုက်သည်။ ဟွာဂျီယူသည် သူ့အနားသို့ ရောက်လာပြီး သူ့ကို ပြောလိုက်၏။

“နင် သွားချင်တယ်ဆိုရင် အချိန်ပြည့် သတိရှိနေရမယ်”

“ငါ သိပါတယ်”

ရီဖူရှင်းက ရယ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူ့ကို အနားလည်ဆုံးသူမှာ ဟွာဂျီယူသာ ဖြစ်နေသေးပုံပင်။

“ဒီက ကိစ္စတွေအတွက် မစိုးရိမ်ပါနဲ့။ ငါ ယူချင်းနဲ့ မပြတ် အဆက်အသွယ်လုပ်နေပါမယ်။ တကယ်လို့ အစ်ကို မှော်နက်နန်းတော်မှာ ပြဿနာတစ်ခုခုနဲ့ ကြုံခဲ့ရင် ငါက ရီအင်ပါယာနန်းတော်ကို ယူချင်းနဲ့ ပူးပေါင်းစေပြီးတော့ မှော်နက်နန်းတော်ကို စစ်ကြေညာမှာပါ”

ဟွာဂျီယူ ဆက်ပြောလိုက်၏။

“ဒါပေမဲ့ လင်လုံက ငါ့ရဲ့စကားကို နားထောင်ဖို့တော့ နင် သေချာလုပ်သွားရမယ်”

ရီဖူရှင်းသည် ရယ်မော၍ ထပ်မံ ခေါင်းညိတ်လိုက်သည်။ လင်လုံသည် သူ့ဝိညာဉ်စွမ်းအား၏ တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ပေသည်။ ထို့ကြောင့် ထိုသို့လုပ်ရန် မခက်ခဲလောက်ချေ။ ထိုခရီးတွင် လင်လုံကို ခေါ်သွားရန် အကြောင်းမရှိသဖြင့် သူသည် သူမကို ခေါ်သွားရန် အစီအစဉ်မရှိကြောင်း ထင်ရှား၏။ အခြားအရာအားလုံးအတွက်မူ သူသည် လင်လုံ မရှိလည်း ကိုင်တွယ်နိုင်သည်။ ရီဖူရှင်းသည် ရီအင်ပါယာနန်းတော်ထဲတွင် အစီအစဉ်အချို့လုပ်လိုက်ပြီး အကယ်၍ သူသာ မှော်နက်နန်းတော်တွင် အန္တရာယ်တစ်ခုခုနှင့် ကြုံခဲ့လျှင် ဤကုန်းမြေပေါ်ရှိ မှော်နက်နန်းတော်၏ ကျင့်ကြံသူများကို ခြိမ်းခြောက်အကျပ်ကိုင်ရန် အသုံးပြုမည်ဆိုသော ဟွာဂျီယူ၏ အကြံပေးချက်ကိုလည်း လက်ခံခဲ့သည်။ ထိုအကြံသည် အကြံကောင်းတစ်ခုပင်။

အကယ်၍ အမှန်ပင် ထိုသို့ဖြစ်လာပါက နတ်ဆိုးလောကနှင့် မှော်နက်လောကသည် ရန်သူများ ဖြစ်လာပေလိမ့်မည်။ သူတို့အနေဖြင့် ဘုံရန်သူတစ်ယောက်ကို ပူးပေါင်းနှိမ်နင်းနေရမည့်အချိန်တွင် ရန်သူဖြစ်လာခြင်းက မှော်နက်လောကအတွက် ကောင်းသောအရာတစ်ခု မဟုတ်ပေ။

ရီဖူရှင်းသည် စီစဉ်မှုများ ပြုလုပ်ပြီးသွားသောအခါ ရီအင်ပါယာနန်းတော်မှ တစ်ကိုယ်တော် ထွက်လာခဲ့လေသည်။ သူသည် မှော်နက်လောကမှ ကျင့်ကြံသူများ အခြေချထားသော နေရာသို့ သွားလိုက်သည်။ ထိုနေရာရှိ ကောင်းကင်ထဲတွင် အလင်းတန်းတစ်ခု ရှိနေပေသေးသည်။ ၎င်းသည် မှော်နက်လောကနှင့် နတ်ဘုရားကုန်းမြေကို ဆက်သွယ်ထားသော အလင်းတန်းဖြစ်သည်။ ထိုလမ်းကြောင်းသည် အခြားဘုံများကိုလည်း ဆက်သွယ်ထားပေသည်။

လမ်းကြောင်းတွင်း ဝင်ထွက်သွားလာနေသော ကျင့်ကြံသူများ ရှိနေပေသေးသည်။ သူတို့သည် အောက်ဘက် လောကသို့ သွားနေကြသည်။ ရီဖူရှင်း၏ခန္ဓာကိုယ်သည် တောက်ပလာပြီး သူသည် ချိတ်ဆက်လမ်းကြောင်းတစ်ခုအတွင်းသို့ ဝင်လိုက်၏။ ရုတ်ခြည်းပင် သူသည် အ‌ပေါ်သို့ မြောက်တက်သွားပြီး မှော်နက်လောကသို့ ဦးတည်သော လမ်းကြောင်းအတွင်းသို့ ရောက်သွား၏။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်သည် ထိုနေရာမှ ပျောက်ကွယ်သွားလေတော့သည်။

All Chapters