မြစ်ဝါမြစ်အရှင်
Vol. 193 Ch. 2750
မှော်နက်လောက၏ လက်တွေ့ပုံစံသည် ရီဖူရှင်း ထင်ထားသည်နှင့် အနည်းငယ် ကွဲပြားပေသည်။ မှော်နက်လောကသည် ဒဏ္ဍာရီများထဲတွင် ဖော်ပြထားသော ငရဲကဲ့သို့ လုံးဝမှောင်မည်းနေလိမ့်မည်ဟု သူထင်ထားခဲ့သည်။ သို့သော် ထိုအခိုက်တွင် သူ့ရှေ့ရှိ လောကသည် ကောင်းကင်ဒေသနှင့် မကွာပေ။
သို့ရာတွင် သူ နတ်ဆိုးလောကအတွင်းသို့ ဝင်သွားခဲ့စဉ်က နတ်ဆိုးလောကသည် ဤပုံစံနှင့် မတူညီပေ။ ကြောက်မက်ဖွယ် ကပ်ဘေးတိမ်တိုက်များက နတ်ဆိုးလောကတစ်ခွင်လုံးကို လွှမ်းခြုံထားပြီး နတ်ဆိုးလောကသည် နတ်ဆိုးချောက်ကမ်းပါး အောက်တွင် တည်ရှိနေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ရီဖူရှင်းသည် တစ်ခဏမျှသာ အံ့အားသင့်နေခဲ့ပြီး ထို့နောက် လေပေါ်မှ ပျံသန်းကာ ရှေ့သို့ဆက်သွားလိုက်ပြီး နေရာတစ်ခုသို့ ဦးတည်သွားလိုက်လေသည်။ ထိုအခိုက်တွင် သူမည်သည့်နေရာတွင် ရောက်နေသည်ကို သူမသိပေ။
ကောင်းကင်ဒေသကဲ့သို့ပင် မှော်နက်လောကသည် အလွန်ကျယ်ပြောပြီး ကုန်းမြေများစွာ ရှိပေသည်။ ထိပ်သီးကျင့်ကြံသူများသည် မှော်နက်လောကရှိ ထိုနေရာများထဲမှ အဓိကအကျဆုံးနေရာများတွင် စုဝေးနေကြသည်။
ဥပမာအားဖြင့် မြစ်ဝါမြစ်ပင်လယ်၊ ငရဲဘုံ၊ မြေအောက်တောင်ကြား၊ မီးတောက်တောင်ကုန်းနှင့် ထိုကဲ့သို့သော နေရာများကို မှော်နက်လောက၏ ဗဟိုဟု သတ်မှတ်ကြသည်။
မှော်နက်လောက၏ အရေးပါဆုံးနေရာမှာ အလယ်တွင် ရှိပြီး ထိုဒေသများက ဝန်းရံထားသည်။ ထိုနေရာများကို ဖြတ်ကျော်ပြီးသည်နှင့် အသူရာမြို့တော်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုမြို့တော်တွင် မှော်နက်နန်းတော် တည်ရှိပေသည်။
မှော်နက်လောက၏ ဒေသဖွဲ့စည်းပုံသည် ကောင်းကင်ဒေသနှင့် အလွန်ကွာခြား၏။ အင်အားအကြီးဆုံး အင်အားစုများသည် ပို၍ကျယ်ပြောသော နေရာတစ်နေရာတွင် စုဝေးနေကြပြီး မှော်နက်နန်းတော်ကို ဝန်းရံထားပေသည်။ ထို့အပြင် များစွာသော ကန့်သတ်နယ်မြေများနှင့် အလွန်အန္တရာယ်များသော နေရာအချို့လည်း ရှိသည်။ မှော်နက်လောက၏ အခြားအပိုင်းများတွင်လည်း ထူးကဲသောသူများ ရှိပေသည်။
ရီဖူရှင်းသည် ထိုလောကအတွင်းရှိ အခြေအနေနှင့် ရင်းနှီးအောင် လုပ်ပြီးသွားသောအခါ အသူရာမြို့တော်ဘက်သို့ အလျင်အမြန် သွားလိုက်လေသည်။
ရီဖူရှင်းသည် မှော်နက်လောကထဲတွင် ရှိနေသော်လည်း လမ်းတစ်လျှောက်တွင် မည်သူမှ သူ့ကို ရန်မစဝံ့ကြချေ။ ရီဖူရှင်း၏ ဟန်ပန်အရှိန်အဝါသည် သတိပြုမိလောက်အောင် ထူးခြားနေသည် မဟုတ်ပါလား။ သူသည် အပြင်သို့ အားကောင်းသည့်အရှိန်အဝါ တစ်ခုမှ မထုတ်လွှတ်ထားသော်လည်း ထိပ်သီးကျင့်ကြံသူများသည် သူတို့ပတ်ပတ်လည်တွင် မမြင်နိုင်သော အငွေ့အသက်တစ်ခုကို မကြာမကြာဆိုသလို ဖြစ်ပေါ်လာစေတတ်ပေသည်။ သူတို့သည် ထိုအငွေ့အသက်ကို တမင် ဖုံးကွယ်ထားကြရသည်။ မဟုတ်လျှင် ကျင့်ကြံခြင်းအဆင့်မြင့်သော ကျင့်ကြံသူများသည် ထိုမမြင်နိုင်သော ဖိအားကို အာရုံခံနိုင်ကြမည်ဖြစ်သည်။ ကျင့်ကြံခြင်းတွင် အဆင့်တစ်ခုသို့ ရောက်သွားလျှင် ကျင့်ကြံသူ၏ အာရုံခံနိုင်စွမ်းသည်လည်း မြင့်တက်လာပေသည်။
ရီဖူရှင်းသည် သူ့လမ်းအတိုင်း ဆက်သွားနေရင်း နောက်ဆုံးတွင် မှော်နက်လောက၏ အဓိကနေရာတစ်ခုသို့ ရောက်သွားပြီး မြစ်ဝါမြစ်ပင်လယ်ဒေသအတွင်းသို့ ဝင်ရောက်သွားသည်။
မြစ်ဝါမြစ်ပင်လယ်သည် သာမန် ရေထုမဟုတ်ချေ။ ထို ရေလွှမ်းခြုံနေသောဒေသသည် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို တိုက်စားနိုင်သော မြစ်ဝါမြစ် အစစ်အမှန်ဖြစ်သည်။ ထိုရေထုကို တစ်ချက်ထိလိုက်သည်နှင့် သေခြင်းတရား ကျရောက်လာမည်ဖြစ်သည်။ ကံဆိုးစွာဖြင့် မြစ်ဝါမြစ်အတွင်းသို့ ကျသွားသူတိုင်းသည် ကောက်စရာ အလောင်းပင် မကျန်ခဲ့ဘဲ သေသွားမည်ဖြစ်ပြီး သူတို့၏ ဝိညာဉ်လိပ်ပြာများကိုလည်း ထာဝရဆုံးရှုံးလိုက်ရမည်ဖြစ်သည်။
ဒဏ္ဍာရီများအရ ထိုမြစ်ဝါမြစ်ပင်လယ်သည် ကမ္ဘာဦးခေတ်တွင် မြစ်ဝါမြစ်မဟာအင်ပါယာ သေဆုံးသွားချိန်၌ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်။ သူသေဆုံးသွားသောအခါ သူ့ခန္ဓာကိုယ်အတွင်းမှ စီးထွက်လာသော သွေးများသည် ယခု မြစ်ဝါမြစ်ပင်လယ်ဟု အမည်တွင်သည့် ရေထုအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။
ယနေ့ခေတ်တွင် မှော်နက်လောကအတွင်း၌ ကျင့်ကြံသူများစွာသည် မြစ်ဝါမြစ်ပင်လယ်ကို ကျင့်ကြံရာနေရာတစ်နေရာဟု သတ်မှတ်ကြသည်။ သူတို့သည် ဤနေရာတွင် မြစ်ဝါမြစ်၏စွမ်းအားကို ကျင့်ကြံပြီး ထိုစွမ်းအားကို တမူထူးခြားသော မဟာလမ်းစဉ်စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲပစ်ကြသည်။ ထိုစွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်ပေသည်။
ရီဖူရှင်းသည် မြစ်ဝါမြစ်ပင်လယ်အထက်မှ လျင်မြန်စွာ ပျံသန်းနေ၏။ သူ၏အာရုံသည် အောက်ဘက်ရှိ ရေထုအတွင်းမှ ကြောက်မက်ဖွယ်စွမ်းအားကို ထင်ထင်ရှားရှား အာရုံခံနိုင်လောက်သည်အထိ စွမ်းအားကြီးပေသည်။ သူသည်ပင် ထိုလောက၏ အံ့အားသင့်ဖွယ်မြင်ကွင်းများကို ချီးမွမ်းနေမိသည်။
“ဟမ်...”
ထိုအခိုက်တွင် ရီဖူရှင်း၏မျက်လုံးများထဲ၌ အလင်းတစ်ချက် လက်သွားပြီး သူ မြစ်ဝါမြစ်ပင်လယ်အတွင်းသို့ လှမ်းကြည့်လိုက်၏။ မြစ်ဝါမြစ်ပင်လယ်အတွင်းရှိ တစ်နေရာတွင် စွမ်းအားလှုပ်ခတ်မှုတစ်ခုကို သူတွေ့လိုက်သည်။ အတွင်း၌ တစ်စုံတစ်ယောက် ရှိနေပုံပင်။
ထို့နောက်တွင် မြစ်ဝါမြစ်ပင်လယ်သည် လှိုင်းတံပိုးထန်လာပြီး ကြောက်မက်ဖွယ် မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာကာ ရီဖူရှင်းထံသို့ အလွန်လျင်မြန်စွာ ဦးတည်လာလေသည်။ ပင်လယ်၏ ဤအပိုင်းသည် လှိုင်းလေထန်နေပြီး ရီဖူရှင်းကို ဝါးမျိုလိုနေပုံပေါ်သည်။
ရီဖူရှင်းကို နတ်အလင်းများက ဝန်းရံသွားပြီး သူသည် ပင်လယ်၏ ဤအပိုင်းတွင် သောင်းကျန်းနေသော မုန်တိုင်းကို ဖြတ်သန်းသွားလိုက်သည်။ သူ၏အလျင်သည် လျှပ်စီးတန်းတစ်ခုကဲ့သို့ လျင်မြန်ပေသည်။ သို့သော် ထိုအခိုက်တွင် မြစ်ဝါမြစ်၏စွမ်းအားသည် ဧရာမပုံစံကြီးတစ်ခုအဖြစ် စုဝေးသွားသည်။ ၎င်းသည် မြစ်ဝါမြစ်မှ နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ ထို မြစ်ဝါမြစ်၏ ဧရာမနတ်ဘုရားကြီးသည် ရီဖူရှင်းရှိနေသောနေရာသို့ လှမ်းကြည့်လိုက်၏။ သူ့အရှေ့တွင် ရီဖူရှင်းသည် အလွန်သေးငယ်နေလေသည်။
ထိုနေရာရှိ ပြင်းထန်သော မုန်တိုင်းသည် ဗြောင်းဆန်နေပြီး သူ့နောက်ရှိ လှိုင်းလုံးများသည်လည်း ကောင်းကင်ထက်သို့ ထိုးတက်သွားကာ ထိုနေရာကို လွှမ်းခြုံသွားသည်။ မြစ်ဝါမြစ်၏ လှိုင်းလုံးများသည် ရီဖူရှင်းကို လွှမ်းခြုံလိုက်ပြီး သူ့ကို ပြေးစရာနေရာမရှိအောင် လုပ်လိုက်၏။
ထို့နောက် ထိုဧရာမပုံစံကြီး၏ လက်များသည် ရီဖူရှင်းကို ဖမ်းဆုပ်ရန် ဆန့်တန်းလာသည်။
ရီဖူရှင်းကို နတ်အလင်းများက ဝန်းရံထားပြီး သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ရွှေခန္ဓာအဖြစ် ပြောင်းလဲသွား၏။ ထိုရွေခန္ဓာသည် ဗုဒ္ဓ၏ရွှေခန္ဓာကဲ့သို့ပင်။ ရွှေခန္ဓာပေါ်တွင် တောက်ပသော ဗုဒ္ဓသင်္ကေများ လင်းလက်လာ၏။ ထိုအခါ သူ့ကို ဖမ်းဆုပ်ရန် ဆန့်တန်းလာသော မြစ်ဝါမြစ်မှ လက်ကြီးများသည် ရွှေရောင်ဗုဒ္ဓသင်္ကေများအောက်တွင် ပျက်စီးပျောက်ကွယ်သွားသည်။
ရီဖူရှင်၏ အတွေးတစ်ချက် လှုပ်ရှားသွားသောအခါ မရေမတွက်နိုင်အောင် များပြားသော ရွှေရောင်ဗုဒ္ဓသင်္ကေတများသည် ချက်ချင်း ပျံထွက်သွားပြီး သူ့ထံသို့ လာနေသည့် မြစ်ဝါမြစ်၏စွမ်းအားသည် ရုတ်ခြည်း ဖျက်ဆီးခံလိုက်ရပြီး အမှုန့်ဖြစ်သွားကာ ပျောက်ကွယ်သွားသည်။ မြစ်ဝါမြစ်မှ ထွက်ပေါ်လာသော ဧရာမပုံစံကြီးသည်ပင် အပြင်းအထန် ပေါက်ကွဲပျက်စီးသွားပြီး ပျောက်ကွယ်သွားသည်။
ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပွက်လောရိုက်နေမှုအားလုံး ရုတ်တရက် ရပ်တန့်သွားပြီး အဝေးမှနေ၍ အရှိန်အဝါတစ်ခု ထွက်ပေါ်လာလေ၏။ ရီဖူရှင်း၏မျက်လုံးများသည် ရွှေရောင်ပြောင်းသွားပြီး ထိုဘက်သို့ ကြည့်သည်။ ထို့နောက်တွင် သူသည် လျှပ်တစ်ပြက်အတွင်း ရွှေရောင်နတ်အလင်းတစ်ခုကဲ့သို့ ပျောက်ကွယ်သွားပြီး ရွှေခန္ဓာကို သယ်ဆောင်ကာ မြစ်ဝါမြစ်ပင်လယ်အတွင်းသို့ ထိုးဝင်သွားသည်။
ခေတ္တကြာပြီးနောက် ရီဖူရှင်း ပင်လယ်အထက်ရှိ ကောင်းကင်ထဲတွင် ပြန်ထွက်ပေါ်လာသောအခါ ရွှေလက်ထဲတွင် တစ်စုံတစ်ယောက်ကို မိလာလေသည်။ ထိုသူသည် အဘိုးအိုတစ်ယောက်ဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအဆင့်သည် ရန်ဟောင်အထွတ်အထိပ်အဆင့်ဖြစ်သည်။ သူသည် ရီဖူရှင်းကို ကြည့်ကာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြောလိုက်၏။
“ဆရာ... ကျေးဇူးပြုပြီး သက်ညှာပေးပါ”
သူသည် ဖော်ပြ၍မရနိုင်လောက်အောင် တုန်လှုပ်နေသည်။ မြစ်ဝါမြစ်ပင်လယ်သို့ ရောက်ရှိလာသော ထိုကျင့်ကြံသူသည် ဗုဒ္ဓလမ်းစဉ်၏ တပည့်တစ်ယောက်ဖြစ်သည်။ သို့သော်လည်း သူသည် မှော်နက်လောက၏ အလယ်ပိုင်းတွင် သွားလာနေသည်။ ထိုလုပ်ရပ်သည် သတ်သေခြင်းနှင့် မခြားပေ။
မှော်နက်လောကနှင့် ဗုဒ္ဓလောကတို့သည် အမြဲပင် တစ်ဘက်နှင့်တစ်ဘက် ကွဲလွဲမှုများ ရှိခဲ့ကြသည်။ ၎င်းတို့၏ စွမ်းအားများသည် ဆန့်ကျင်ဘက်ဖြစ်သည်။
ဗုဒ္ဓလမ်းစဉ်၏ နတ်အလင်းသည် အာကာပြင်ကို အလင်းပေးလိုက်ပြီး အဘိုးအိုးကို တိုက်ရိုက် လွှမ်းခြုံလိုက်သည်။ ရုတ်ခြည်းပင် အဘိုးအိုသည် တုန်လှုပ်သွားပြီး ကျယ်လောင်စွာ ပြောလိုက်၏။
“ငါက မြစ်ဝါမြစ်အရှင်ရဲ့ တပည့်တစ်ယောက်ပဲ။ မင်း ငါ့ကို သတ်ရင် နောက်ကျရင် အကျိုးဆက်တွေကို ခံရလိမ့်မယ်”
ဝုန်း...
ဗုဒ္ဓ၏ နတ်မီးတောက်သည် ဆက်၍ လောင်မြိုက်သွားပြီး အဘိုးအိုသည် ချက်ချင်း အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် တောက်လောင်နေသော မီးတောက်များအောက်တွင် ပြာကျသွားသည်။ အနည်းငယ် သဘောထားကွဲလွဲမှုကိုပင် သည်းမခံနိုင်ဘဲ သေစေလောက်သော တိုက်ခိုက်မှုများကို ထုတ်လွှတ်ခဲ့သူသည် သူ၏ ထောက်ထားညှာတာမှုနှင့် မထိုက်တန်ပေ။ သူသည် ထိုသို့သောသူများကို ဆယ်ဆပြန်ပေးဆပ်စေမည်ဖြစ်သည်။
ချက်ချင်းပင် သူ့ပြိုင်ဘက်၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်သွား၏။ ရီဖူရှင်းသည် သူ့လမ်းသူ ဆက်သွားလိုက်သည်။ သို့သော် ရီဖူရှင်း ခပ်ဝေးဝေးသို့ မရောက်နိုင်သေးခင်မှာပင် မြစ်ဝါမြစ်သည် ထပ်မံ သောင်းကျန်းလာသည်။ ဤတစ်ခေါက်တွင် ၎င်း၏သောင်းကျန်းမှုအဝန်းအဝိုင်းသည် ပို၍ပင် ကျယ်ပြန့်လာ၏။
ရီဖူရှင်း ရပ်တန့်လိုက်ပြီး လှိုင်းတံပိုးထန်ကာ မြည်ဟည်းနေသော ပင်လယ်ကို ကြည့်သည်။ ထို့နောက် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ကျင့်ကြံသူတစ်စု ထွက်ပေါ်လာ၏။ သူတို့အားလုံးသည် ထိပ်သီးရန်ဟောင်များ ဖြစ်ကြသည်။ အဝေးတွင် ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲတွင် ရပ်နေလေသည်။ ထိုသူသည် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးပင်။ သူသည် မြစ်ဝါမြစ်အရှင်၏ အကြီးဆုံးတပည့်ဖြစ်သည်။
“ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံတဲ့သူ”
လူငယ်သည် ရီဖူရှင်းကို စိုက်ကြည့်လိုက်၏။ သူ့မျက်လုံးများထဲမှ မြစ်ဝါမြစ်၏ ဝိညာဉ်စွမ်းအား ထွက်ပေါ်လာ၏။
“လမ်းဖယ်ပေးစမ်း”
ရီဖူရှင်းသည် ရပ်တန့်ရန် စိတ်ကူးမရှိဘဲ သူတို့ရှိနေသောနေရာသို့ လျှောက်သွားသည်။
ထိုသူများသည် ရီဖူရှင်းထံမှ ထွက်နေသော ခပ်ရေးရေးအရှိန်အဝါကို အာရုံခံနိုင်ကြပြီး ရီဖူရှင်းသည် ရန်ဟောင်ကျင့်ကြံသူတစ်ယောက်သာဖြစ်သော်လည်း အဘယ်ကြောင့် ထိုကဲ့သို့ စိတ်ကြီးဝင်နေရသနည်းဟု တွေးမိလိုက်ကြသည်။
“မင်းက သေချင်နေတာပဲ”
ထိုလူငယ်သည် အေးစက်စက် ပြောလိုက်၏။ သူ့ထံမှနေ၍ ကြောက်မက်ဖွယ် မြစ်ဝါမြစ်ဝိညာဉ်စွမ်းအား ထွက်ပေါ်လာ၏။
ရီဖူရှင်းသည် ရှေ့သို့ ဆက်သွားနေပြီး လူငယ်သည် တိုက်ခိုက်တော့ပေမည်။
“ရပ်လိုက်...”
ကျယ်လောင်သော အော်သံတစ်သံကို ကြားလိုက်ရ၏။ ထိုအသံသည် မြစ်ဝါမြစ်ကို တုန်ခါသွားစေသည်။
“မင်းတို့အားလုံး နောက်ဆုတ်ကြ”
အမိန့်ပေးသံတစ်သံသည် ဟင်းလင်းပြင်ကိုဖြတ်သန်းလာ၏။ သူတို့အားလုံး၏ မျက်နှာထားသည် အနည်းငယ် ပြောင်းလဲသွား၏။ သူတို့သည် ခေါင်းလှည့်ကာ ရောက်ရှိလာသော မြစ်ဝါမြစ်အရှင်ကို အနည်းငယ် နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်ကြသည်။
မြစ်ဝါမြစ်အရှင်၏မျက်လုံးများသည် ရီဖူရှင်းကိုသာ စိုက်ကြည့်နေသည်။ သူ သူ့ဘာသာ တွေးလိုက်၏။
‘သူက မှော်နက်လောကကို တကယ်ရောက်လာတာလား’
“နောက်ဆုတ်ကြ...”
မြစ်ဝါမြစ်အရှင်က ထပ်မံ၍ အေးစက်စက် ကြိမ်းမောင်းလိုက်သောအခါ ထိုကျင့်ကြံသူများသည် အမိန့်အတိုင်း နောက်ဆုတ်သွားကြသည်။ ရီဖူရှင်းသည် ရှေ့သို့ ဆက်လျှောက်သွားလိုက်ပြီး လူအုပ်ကို ဖြတ်သွားလိုက်၏။ သူသည် မြစ်ဝါမြစ်အရှင်ရှေ့သို့ ရောက်မှသာ ရပ်လိုက်သည်။ သူပြောလိုက်၏။
“ကျုပ်နဲ့ လိုက်ခဲ့ပါ”
သူသည် ထိုသို့ပြောပြီးနောက် ရှေ့သို့ ဆက်၍လျှောက်သွားလိုက်သည်။ မြစ်ဝါမြစ်အရှင်က ထိုတောင်းဆိုမှုကြောင့် အံ့အားသင့်သွား၏။ သို့သော် သူသည် ရီဖူရှင်းပြောသည့်အတိုင်း လိုက်လုပ်လိုက်လေသည်။