လောကအပြင်မှ နေရာတစ်ခု
Vol. 193 Ch. 2751
မြစ်ဝါမြစ်အရှင်၏ လက်အောက်မှ လူများသည် သူတို့မြင်လိုက်ရသောအရာကြောင့် အံ့အားသင့်သွားကြသည်။ ထို့နောက် သူတို့သည် ချွေးစေးများ ပြန်လာတော့သည်။ သူတို့သည် မြစ်ဝါမြစ်တွင် သေတော့မလိုဖြစ်ခဲ့ကြောင်း သူတို့ သဘောပေါက်သွားကြ၏။
သူတို့၏ဆရာ မြစ်ဝါမြစ်အရှင်သည် ထိုလူကို အလွန်လေးစားသမှုနှင့် ဆက်ဆံနေသည်။ ထို့ကြောင့် ထိုလူသည် သေချာပေါက် သူတို့ အပြစ်ပြုမိ၍ မရနိုင်သော လူတစ်ယောက်ဖြစ်ကြောင်း သူတို့ တွေးမိသွားသည်။
“တော်သေးတာပေါ့”
သူတို့သည် ထွက်ခွာသွားသော လူများကိုကြည့်၍ ရင်တုန်နေကြသည်။ သူတို့၏ ဆရာပင် ရိုကျိုးရသော ထိုငွေဖြူရောင်ဆံပင်နှင့် လူငယ်သည် မည်သူနည်း။
ရီဖူရှင်းသည် ရှေ့သို့ ဆက်သွားနေပြီး မြစ်ဝါမြစ်အရှင်သည် သူ့နောက်မှ လိုက်လာသည်။ ထို့နောက် အရှေ့ရှိ ရီဖူရှင်းက ရုတ်တရက် မေးလိုက်၏။
“မှော်နက်အရှင် အကြောင်းကို ခင်ဗျားဘယ်လောက်သိလဲ”
မြစ်ဝါမြစ်အရှင်၏ အံ့အားသင့်သွားသော မျက်နှာထားအရ သူသည် ထိုမေးခွန်းကို မမျှော်လင့်ထားကြောင်း သိနိုင်လေသည်။ သူ ပြန်ပြောလိုက်၏။
“ကျုပ်ရဲ့ အရှင်နဲ့ပတ်သတ်ပြီး ထင်မြင်ချက်တွေ မပြောဝံ့ပါဘူး”
သူသည် တိတ်ဆိတ်သွားပြီး သူ့မျက်လုံးများထဲတွင် အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုတို့ ရှိနေလေသည်။ သူသည် အကြောင်းတစ်စုံတစ်ရာမှ မပြောဝံ့ကြောင်း ထင်ရှား၏။
ဤနေရာသည် မှော်နက်လောကဖြစ်သည်။ ပတ်ဝန်းကျင်တွင် မည်သူမှ မရှိလျှင်ပင် မလိုအပ်သော မှတ်ချက်များကို မပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။ မဟုတ်လျှင် အနည်းငယ် သတိလက်လွတ်ဖြစ်သွားရုံနှင့် သေနိုင်လောက်သော အကျိုးဆက်ဒုက္ခများကို ခံရမည်ဖြစ်သည်။
“ပြောပါ...”
ရီဖူရှင်း ပြောလိုက်၏။ သူ၏လေသံသည် ရေခဲတမျှအေးစက်နေပြီး ငြင်းဆန်၍မရနိုင်သော ဩဇာအာဏာတစ်ခု ပါလေသည်။ မြစ်ဝါမြစ်အရှင် မျက်နှာပျက်သွားသည်။ သူသည် မှော်နက်အရှင်၏အကြောင်းကို စိတ်ထဲရှိသလို မပြောဝံ့ပေ။ သို့သော် ထိုအခိုက်တွင် သူအရှေ့၌ ရှိနေသူမှာ ရီဖူရှင်းဖြစ်သည်။ အကယ်၍ သူသာ ဆက်၍တုံ့ဆိုင်းနေခဲ့လျှင် ရီဖူရှင်းသည် သူ့ကို မည်သို့ပြုမည်ကို မည်သူသိမည်နည်း။
“မှော်နက်အရှင်က မှော်နက်လောကကို အုပ်စိုးပါတယ်... သူ့ကို အားလုံးက လေးစား၊ ကြောက်ရွံ့ကြတယ်။ ကျုပ်က မြစ်ဝါမြစ်မှာ ကျင့်ကြံပေမယ့် ကျုပ်ရဲ့အရှင်နဲ့ တွေ့ခွင့်မရသေးပါဘူး။ မှော်နက်နန်းတော်မှာ ကျင့်ကြံသူတွေတောင် ကျုပ်အရှင်နဲ့ တိုက်ရိုက်တွေ့နိုင်ဖို့ အခွင့်အရေးနည်းနည်းပဲ ရှိပါတယ်”
မြစ်ဝါမြစ်အရှင်က ဆက်ပြော၏။
“မှော်နက်အရှင်ရဲ့ အဆင့်အတန်းက အမြင့်ဆုံးပါပဲ... ပြီးတော့ နန်းတော်ထဲမှာ အရေးအပါဆုံးသူတွေပဲ သူနဲ့ တွေ့ခွင့် ရှိလောက်တယ်”
“မှော်နက်အရှင်မှာ အရေးထားတဲ့သူ တစ်ယောက်ယောက်ရှိလား”
ရီဖူရှင်း မေးလိုက်သည်။
မြစ်ဝါမြစ်အရှင်သည် ရီဖူရှင်းကို ကြည့်လိုက်ပြီး သူ ထိုမေးခွန်းကို မေးရသည့် ရည်ရွယ်ချက်မှာ အဘယ်နည်းဟု တွေးလိုက်သည်။ အဘယ်ကြောင့် သူသည် မှော်နက်အရှင် အရေးထားသူ၏အကြောင်းကို သိချင်နေရသနည်း။
“ကျုပ်သိသလောက်ကတော့ မှော်နက်အရှင်က ဘယ်သူ့ကိုမှ၊ ဘယ်အရာကိုမှ သိပ်အရေးမထားပါဘူး။ သူ အရေးထားတဲ့ တစ်ခုတည်းသောအရာက လောကတစ်ခွင်လုံးအပေါ် အမှောင်ထုကျဆင်းလာဖို့ပါပဲ”
မြစ်ဝါမြစ်အရှင်က ထပ်ဖြည့်ပြောလိုက်၏။
“ကျုပ်ရဲ့အရှင်က အမှောင်ထုက မွေးဖွားလာတာပဲ”
ရီဖူရှင်းသည် ခေတ္တမျှတိတ်ဆိတ်သွားပြီး ထိုအကြောင်းများသည် ဓားဧကရာဇ်အရှင် သူ့ကို ပြောပြခဲ့သော အကြောင်းများနှင့် ဆင်တူပေသည်။ ထို မှော်နက်လောက၏အရှင်သည် အမှန်ပင် လောကကြီးအတွင်းသို့ အမှောင်ထုကို ဆောင်ကျဉ်းလာလိုသော သွေးအေးသည့် အာဏာရှင်တစ်ယောက်နှင့် တူပေသည်။
သူ ကိုယ်စားပြုသည်မှာ အမှောင်ထု၏အလိုကိုပင်ဖြစ်သည်။
“ဒါပေမဲ့ ဒီ ငရဲရဲ့ မြစ်ဝါမြစ်နဲ့ မီးတောက်တောင်ကုန်းတို့ရဲ့ နယ်စပ်မှာ ကျွန်းတစ်ကျွန်းရှိတယ်... အဲဒီကျွန်းပေါ်မှာ သခင်မတစ်ယောက် နေတယ်။ ကောလာဟလတွေအရ သူက မှော်နက်အရှင်နဲ့ အဆက်အသွယ်တချို့ ရှိနိုင်တယ်။ မင်း အဲဒီကိုသွားပြီး တစ်ချက်လောက် ကြည့်လို့ရမယ်ထင်တယ်”
မြစ်ဝါမြစ်အရှင်က ပြောလိုက်၏။
ရီဖူရှင်းသည် ခေါင်းလှည့်၍ မြစ်ဝါမြစ်အရှင်ကို စိုက်ကြည့်သည်။ သူ့ထံမှ အေးစက်စက်အကြည့်သည် မြစ်ဝါမြစ်အရှင်၏အတွေးကို ဖောက်ထွင်းသွားတော့မည်ဟုပင် ထင်ရသည်။ မည်သို့ပင်ဖြစ်စေ မြစ်ဝါမြစ်အရှင်သည် သူ၏မျက်လုံးများကို မရှောင်လိုက်ဘဲ တိုက်ရိုက် ပြန်ကြည့်သည်။
“ဘယ်သူလဲ...”
ရီဖူရှင်း မေးလိုက်၏။
“သူနဲ့ မှော်နက်အရှင်ရဲ့ ဆက်ဆံရေးက ဘာလဲ”
“မင်း အဲဒီကိုရောက်ရင် သိရမှာပါ။ အဲဒီနေရာက လုံးဝကို တခြားလောကတစ်ခုလို့ ထင်ရတယ်”
မြစ်ဝါမြစ်အရှင်သည် ရီဖူရှင်းကိုကြည့်၍ ဆက်ပြောလိုက်၏။
“မင်း အဲဒီကို ရောက်သွားရင် ကျုပ်က မင်းကို လှည့်စားဖို့ ကြိုးစားနေတာ မဟုတ်ဘူးဆိုတာ မင်းနားလည်သွားပါလိမ့်မယ်”
ရီဖူရှင်းသည် မြစ်ဝါမြစ်အရှင်က အလွန်စိတ်အားထက်သန်စွာ အာမခံနေသည်ကို မြင်လိုက်သဖြင့် သူ၏လက်ချောင်းကို မြစ်ဝါမြစ်အရှင်၏ မျက်ခုံးနှစ်ခုအကြားကို ညွှန်လိုက်ပြီး သူ့၏မျက်လုံးများကို တိုက်ရိုက်စိုက်ကြည့်သည်။ မြစ်ဝါမြစ်အရှင်သည် အတော်လေး အံ့အားသင့်သွားသည်။ သို့သော် သူ၏မျက်လုံးများသည် ရီဖူရှင်းကို ပြန်ကြည့်နေပေသေးသည်။
“ကျုပ်ကို တည်နေရာ ပြောပါ”
ရီဖူရှင်း ပြောလိုက်၏။ ထို့နောက် မြစ်ဝါမြစ်အရှင်၏ မျက်ခုံးနှစ်ခုအကြားမှ နတ်အလင်းထွက်ပေါ်လာပြီး ရီဖူရှင်း၏စိတ်အတွင်းသို့ ထွင်းဖောက်ဝင်ရောက်သွားသည်။ မကြာမီတွင် ရီဖူရှင်းသည် သူ၏လက်ချောင်းကို ပြန်ချလိုက်ပြီး အတွေးပြုလိုက်ရာ သူ့ခန္ဓာကိုယ်သည် သူရှိနေသောနေရာမှ တိုက်ရိုက် ပျောက်ကွယ်သွားသည်။
ရီဖူရှင်း ထွက်ခွာသွားပြီးနောက် မြစ်ဝါမြစ်အရှင်သည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်သည်။ သူသည် ရီဖူရှင်း ပျောက်ကွယ်သွားသောနေရာကို ကြည့်လိုက်၏။ သူ့မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ချက် လက်သွားသည်။ ထိုအလင်းထဲတွင် အားကောင်းသည့် သတ်ဖြတ်လိုသောအငွေ့အသက်များ ရှိနေသည်။ ရီဖူရှင်းသည် မှော်နက်လောကအတွင်းသို့ လာဝံ့သဖြင့် သူ ဤလောကတွင် သေရန် ပြင်ဆင်ထားသင့်ပေသည်။
သို့သော် ယခုတွင် ရီဖူရှင်းသည် မြစ်ဝါမြစ်အရှင်၏ ရှေ့တွင် ပြန်ပေါ်လာလေသည်။ ထို့ကြောင့် မြစ်ဝါမြစ်အရှင်သည် အလွန်အံ့အားသင့်သွား၏။ သူ၏ မျက်နှာထားသည် တုန်လှုပ်သော မျက်နှာထားအဖြစ် ရုတ်ခြည်းပြောင်းလဲသွား၏။ ရုတ်တရက် သူ၏မျက်လုံးများထဲတွင် အလွန်လေးစားရိုကျိုးသည့်အရိပ်အယောင်များ ရောင်ပြန်ဟပ်သွားသည်။
“ကျုပ် ထင်ထားသလိုပဲ... ခင်ဗျားပြောသမျှကို ယုံကြည်လို့မရတဲ့ပုံပဲ”
ရီဖူရှင်းသည် ထိုသို့ပြောပြီးပြီးချင်းပင် သူ၏လက်ကို မြှောက်လိုက်ပြီး မြစ်ဝါမြစ်အရှင်ကို ညွှန်လိုက်သည်။ မြစ်ဝါမြစ်အရှင်အပေါ်ရှိ ဝိညာဉ်စွမ်းအားသည် အသည်းအသန် ထွက်ပေါ်လာ၏။ သို့သော် သူသည် ထိုလက်ချောင်းတစ်ချောင်း၏ စွမ်းအားကို မရှောင်ရှားနိုင်ခဲ့ချေ။ သူ၏မျက်ခုံးနှစ်ခုကြားသည် တိုက်ရိုက် ဖောက်ထွင်းခံလိုက်ရပြီး သူ၏စိတ်ဝိညာဉ်သည် ပျက်စီးသွားသည်။ သူ၏မျက်လုံးများထဲတွင် အလွန်ကြောက်ရွံ့သည့်အရိပ်လက္ခဏာတစ်ခု ရှိနေပြီး ရှေ့တည့်တည့်သို့ စိုက်ကြည့်နေသည်။
ထိုမှသာ ရီဖူရှင်းက ကောင်းကင်နှင့် မြေကြီးအကြားမှ အမှန်ပင် ပျောက်ကွယ်သွားတော့သည်။
နောက်တွင် ကျန်ခဲ့သော ကျင့်ကြံသူများသည် နောက်ဆုံးတွင် သူတို့ကို မီလာသည်။ သူတို့သည် မြစ်ဝါမြစ်အရှင်၏ ခန္ဓာကိုယ်က အောက်ဘက်ရှိ မြစ်ဝါမြစ်အတွင်းသို့ အရုပ်ကြိုးပြတ် ပြုတ်ကျသွားသည်ကို လက်မတင်လေး မြင်လိုက်ရ၏။ သူတို့ ရင်တုန်သွားပြီး သူတို့၏နှလုံးသားထဲတွင် အကြောက်တရား ပြည့်နှက်သွားသည်။ ထိုလူသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း။
သူသည် မြစ်ဝါမြစ်အရှင်ကို လက်ချောင်းတစ်ချောင်းတည်းဖြင့် သတ်ပစ်ခဲ့ပေသည်။
သို့သော် ထို့နောက်တွင် သူတို့သည် မြစ်ဝါမြစ်အရှင်၏ အလောင်းဆီသို့ တစ်ပြိုင်တည်း အသည်းအသန် ပျံသွားလိုက်ကြသည်။ အနည်းငယ် နှေးကွေးစွာ တုံ့ပြန်ခဲ့သူများသည်လည်း တစ်စုံတစ်ခုကို အာရုံခံမိလိုက်ကြ၏။ ထို့ကြောင့် သူတို့လည်း ထိုဆီသို့ပင် လျင်မြန်စွာ ပျံသန်းသွားလိုက်ကြသည်။ မြစ်ဝါမြစ်ပင်လယ်ပေါ်တွင် စစ်ပွဲတစ်ခု ဖြစ်ပေါ်လာလေသည်။
ရီဖူရှင်းသည် အရှေ့သို့ ဆက်သွားလျက် ကျယ်ပြော၍ အဆုံးမဲ့သော မြစ်ဝါမြစ်ပင်လယ်ကို ဖြတ်သန်းပြီး ငရဲဘုံကို ဖြတ်ကျော်ကာ မီးတောက်တောင်ကုန်းကြောင့် ဖြစ်ပေါ်နေသော အနက်ရောင်အဖျက်စွမ်းအားများကို မြင်ခဲ့ရသည်။ လမ်းတစ်လျှောက်တွင် သူ့ကို တိုက်ခိုက်ရန် ကြိုးစားခဲ့သော ကျင့်ကြံသူ အနည်းငယ် ရှိခဲ့သည်။ သို့သော် ရလဒ်သည် တစ်ခုတည်းသာ။ သူတို့အားလုံးသည် ရီဖူရှင်း၏လက်ထဲတွင် ခြွင်းချက်မရှိ သေဆုံးသွားသည်။
သို့သော် ရီဖူရှင်းသည် ဤလောကအတွင်းရှိ ပဋိပက္ခများကို မြင်နိုင်ပေသည်။ သူသည် သူ၏အရှိန်အဝါကို ပေါ်ပေါ်ထင်ထင် မထုတ်လွှတ်ထားသော်လည်း သူမည်မျှပင် ထိန်းထားစေကာမူ သူ၏ကျင့်ကြံခြင်းအဆင့်သည် ရန်ဟောင်အထွတ်အထိပ်အဆင့်တွင် ရှိကြောင်း ထင်ရှားနေသည်။ စွမ်းအားကြီးကျင့်ကြံသူများသည် သူ့အဆင့်၏ မူမမှန်မှုတစ်ခုကို အာရုံခံနိုင်လေသည်။ သို့သော် သူတို့သည် သူ့ကို သေလောက်နိုင်သော တိုက်ခိုက်မှုများနှင့် တိုက်ခိုက်ခဲ့ကြပေသေးသည်။ ထိုသူများသည် စိတ်ဝင်စားဖွယ်ကောင်းသူများဖြစ်သည်။ ရီဖူရှင်း၏ အတွေ့အကြုံက မှော်နက်လောကသည် လက်ရှိတွင် မည်မျှ ပရမ်းပတာဖြစ်နေသည်ကို ဖော်ပြနေသည်။
သို့သော် မှော်နက်လောကတွင်ပင် ရီဖူရှင်းနှင့် ယှဉ်နိုင်သူသည် အနည်းငယ်သာရှိရာ သူ့ကို စိန်ခေါ်ခဲ့သူတိုင်းမှာ ယခုတွင် သေဆုံးသွားပေပြီ။
ထိုအချိန်တွင် ရီဖူရှင်းသည် အခြားဒေသတစ်ခုသို့ ရောက်သွား၏။ ထိုဒေသသည် မြစ်ဝါမြစ်နှင့် ငရဲဘုံတို့ ထိစပ်ရာဒေသဖြစ်သည်။ အဝေးတွင် ကြောက်မက်ဖွယ် မီးတောက်တောင်ကုန်းကို မြင်နိုင်သည်။ ထိုဒေသအထက်ရှိ ကောင်းကင်တွင် ရပ်၍ နယ်စပ်ကို လှမ်းကြည့်နေလျှင် မြေအောက်လောကသို့ ဝင်ပေါက်တွင် ရပ်နေသကဲ့သို့ပင်ဖြစ်သည်။
သူ့ပတ်ဝန်းကျင်တွင် တိုက်ခိုက်မှုများစွာ ဖြစ်ပေါ်နေသည်ကို သူမြင်လိုက်ရ၏။ အချို့သည် အုပ်စုလိုက်တိုက်ပွဲများဖြစ်ပြီး ရလဒ်အနေဖြင့် လူအများအပြား မပြတ်သေဆုံးနေကြလေသည်။
မြစ်ဝါမြစ်အထက် အဝေးတစ်နေရာ၌ မျောလွင့်နေသောနေရာတစ်ခု ရှိ၏။ ထိုအလွန်တွင် ငရဲဘုံအဝင်ဝ၌ မျောလွင့်နေသော ကုန်းမြေတစ်ခုကဲ့သို့ နေရာတစ်ခု ရှိနေသည်။ တိုက်ခိုက်နေသော ကျင့်ကြံသူအများအပြားသည် ထိုဘက်သို့ ချဉ်းကပ်နေကြသည်။ သူတို့သည် ထိုနေရာသို့ ထွက်ပြေးလိုနေကြပုံပင်။
ရီဖူရှင်းလည်း ချဉ်းကပ်လာသည်။ သူသည် အချိန်ခဏမျှ လေ့လာပြီးနောက်တွင် ထွက်ပြေးနေသော ကျင့်ကြံသူများ ထိုကုန်းမြေ၏ အနီးအပါးသို့ ရောက်သွားသောအခါ နောက်မှ လိုက်နေသူများသည် ရပ်သွားကြပြီး သူတို့၏သားကောင်များနောက်သို့ ဆက်မလိုက်ဝံ့ကြတော့ပေ။
ထိုကုန်းမြေပေါ်ရှိ တစ်စုံတစ်ခုသည် သူ့တို့ကို အလွန်ကြောက်ရွံ့နေစေပုံပင်။
“အဲဒါက ဘာနေရာလဲ”
ရီဖူရှင်းသည် အနည်းငယ် စိတ်ဝင်စားနေသည်။ ထိုနေရာသည် မြစ်ဝါမြစ်အရှင် သူ့ကိုပေးခဲ့သော တည်နေရာဖြစ်သည်။ မြစ်ဝါမြစ်အရှင်သည် သူ့ကို လိမ်နေသည်ဟု ခံစားနေရသော်လည်း ထိုလူသည် မကောင်းသောအကြံအချို့ ရှိနေခဲ့သည်။
သူ့ခန္ဓာကိုယ်သည် ရိပ်ခနဲ လှုပ်ရှားသွားပြီး ထိုကုန်းမြေဆီသို့ ဦးတည်သွားလိုက်သည်။ ပတ်ဝန်းကျင်အာကာပြင်သည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေပြီး အဖျက်အရှိန်အဝါတစ်ခုနှင့် ပြည့်နှက်နေလေသည်။ အချို့ကျင့်ကြံသူများသည် ရီဖူရှင်းကို ကြည့်နေကြပြီး သူ ထိုကုန်းမြေသို့ ဦးတည်သွားနေသည်ကို မြင်လိုက်ကြသည်။ သို့သော် မည်သူမှ သူ့ကို တစ်စုံတစ်ခုလုပ်ရန် ချဉ်းကပ်မလာကြပေ။
နောက်ဆုံးတွင် ရီဖူရှင်းသည် ကုန်းမြေပေါ်သို့ ဆင်းသက်လိုက်သည်။ သူ ကောင်းကင်မှနေ၍ အောက်ဘက်သို့ ဆင်းသက်လာသောအခါ ကောင်းကင်နှင့် မြေကြီးအကြားရှိ အဖျက်လှိုင်းများ ပျောက်ကွယ်သွားသည်။ မီးတောက်တောင်ကုန်း၊ ငရဲဘုံနှင့် မြစ်ဝါမြစ်ပင်လယ်တို့၏ ကြောက်မက်ဖွယ်အငွေ့အသက်ကို မခံစားရတော့ချေ။ ဤကုန်းမြေသည် ဤပရမ်းပတာလောကအပြင်၌ ဖန်တီးထားသော နေရာတစ်ခုဟု ထင်ရသည်။