← Chapters

ဆန်းကြယ်သောကျွန်း

Vol. 193 Ch. 2752

ဆန်းကြယ်သောကျွန်း

Vol. 193 Ch. 2752

ဤကုန်းမြေသည် မကြီးမားပေ။ သို့သော် ၎င်းသည် မှော်နက်လောကအတွင်းရှိ အန္တရာယ်အများဆုံးနေရာဖြစ်သော ထိုကြောက်မက်ဖွယ်ဒေသများ၏ အလယ်တွင် တည်ရှိနေသည်။ ဤနေရာတွင် ဤကဲ့သို့သော ကုန်းမြေတစ်ခု တည်ရှိနေနိုင်ခြင်းမှာပင် အံ့အားသင့်ဖွယ်ကောင်းနေပြီဖြစ်သည်။ ဤကုန်းမြေသည် အိပ်မက်တစ်ခုမှ ဖြစ်ပေါ်လာသော နေရာတစ်ခုဟုပင် ထင်ရသည်။

ရီဖူရှင်းသည် ဤကုန်းမြေ အထက်သို့ ရောက်လာသောအခါ ကုန်းမြေပေါ်တွင် မည်သည့် အန္တရာယ်အငွေ့အသက်မှ ရှိမနေသည်ကို သိလိုက်ရ၏။ တိုက်ခိုက်နေသောသူ တစ်ယောက်ပင် ရှိမနေချေ။ ကုန်းမြင်အပြင်ဘက်တွင် တိုက်ခိုက်မှုများသည် ပြင်းထန်ဆိုးဝါးနေကြသော်လည်း ကုန်းမြေထဲ၌မူ တိုက်ခိုက်မှုအားလုံး ရပ်တန့်သွားသလိုပင်။

“အဲဒါ ဘယ်လိုဖြစ်ရတာလဲ”

ရီဖူရှင်းသည် အောက်ဘက်သို့ ဆင်းသွားပြီး ကုန်းမြေပေါ်တွင် ဆင်းသက်လိုက်သည်။ ဤကုန်းမြေပေါ်ရှိ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်များသည် အလွန်ကွဲပြားကြကြောင်း သူတွေ့လိုက်ရ၏။ အချို့သည် လွန်စွာ စွမ်းအားကြီးပြီး အချို့၏ကျင့်ကြံခြင်းအဆင့်သည် အလွန်နိမ့်ပေသည်။ သို့သော် ဤကုန်းမြေပေါ်တွင် အားလုံးသည် အလွန်ကြိုးစားလုပ်ကိုင်နေကြသည်။

“ဆရာ...”

ရီဖူရှင်းသည် လမ်းပေါ်တွင် လျှောက်နေရင်း အဘိုးအိုတစ်ယောက်နှင့် ငယ်ရွယ်သောကောင်လေးတစ်ယောက်ကို တွေ့လိုက်သည်။ အဘိုးအိုသည် ရီဖူရှင်း၏အသံကို ကြားသောအခါ ရပ်လိုက်၏။ သူသည် ရီဖူရှင်းကို ပြုံး၍ ကြည့်ကာ ပြောလိုက်၏။

“ကျုပ် ဘာကူညီပေးရမလဲ မိတ်ဆွေလေး”

“ကျုပ်က ဒီကို အခုမှ ပထမဆုံး ရောက်ဖူးတာပါ... ကျုပ် နည်းနည်း စိတ်ဝင်စားနေလို့ပါ။ အစောက ကျုပ် ဒီကုန်းမြေရဲ့အပြင်မှာတုန်းက အတောမသတ်နိုင်တဲ့ တိုက်ခိုက်မှုတွေကို မြင်ခဲ့ပါတယ်... အပြင်လောက,ကသူတွေက တိုက်ခိုက်တာနဲ့ သတ်ဖြတ်တာမှာ မွေ့လျော်သလိုပါပဲ။ ဒါပေမဲ့ ကျုပ် ဒီကုန်းမြကို ရောက်လာတော့ ဒီကုန်းမြေက အပြင်နဲ့ လုံးဝကွာခြားတာကို တွေ့လိုက်ရတယ်... အဲဒါ ဘာကြောင့်ပါလဲ။ ကျုပ်က တခြားလောကတစ်ခုထဲကို ဝင်လာမိတဲ့အတိုင်းပဲ”

ရီဖူရှင်းက စိတ်ဝင်တစား မေးလိုက်သည်။

အဘိုးအိုသည် ပြုံး၍ ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်၏။

“မိတ်ဆွေလေးရဲ့ ပုံစံကိုကြည့်ရတာ ကျင့်ကြံခြင်းအဆင့် မြင့်မယ့်ပုံပဲ... ရန်ဟောင်အထွတ်အထိပ်အဆင့်မှာ ဖြစ်လောက်တယ်။ ကျုပ် ပြောတာ မှန်ရဲ့လား”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ အဘိုးအို၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အလွန်မြင့်ကြောင်း သူအာရုံခံနိုင်ပေသည်။

“ကြည့်ရတာ မိတ်ဆွေလေးက အဝေးကလာတဲ့ ကျင့်ကြံသူတစ်ယောက်ထင်တယ်”

အဘိုးအိုက ထပ်မံပြောလိုက်၏။

“ဒါပေမဲ့ ထူးဆန်းတာက မိတ်ဆွေလေးက ပုလဲကျွန်းထိ ရောက်လာတာတောင် ဒီနေရာက ဘာနေရာလဲဆိုတာ မသိသေးတာပဲ”

“မှန်ပါတယ်... ကျုပ်က အဝေးက လာခဲ့တာပါ။ ဒါပေမဲ့ ကျုပ်က အလျင်လိုနေလို့ ကြိုပြီး မစုံစမ်းခဲ့ရပါဘူး”

ရီဖူရှင်းက ပြန်ပြောလိုက်၏။ သူ့ရင်ထဲတွင်မူ အံ့အားသင့်နေသည်။ မှော်နက်လောက၏ အလယ်တွင် ပုလဲကျွန်းဟုခေါ်သော‌ နေရာတစ်ခု ရှိသလော။

“ဒီလိုကိုး...”

အဘိုးအိုက ‌ခေါင်းညိတ်လိုက်သည်.

“လွန်ခဲ့သော ဆယ်စုနှစ်တွေတုန်းက ကျုပ်လည်း မိတ်ဆွေလေး အပြင်လောကမှတွေခဲ့တဲ့ ကျင့်ကြံသူတွေလိုမျိုးပါပဲ။ သေရေး၊ ရှင်ရေး အန္တရာယ်အများကြီးကို ကြုံတွေ့ခဲ့ပြီးတဲ့နောက်မှာ ကျုပ် သေလုနီးပါးဖြစ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးအချိန်မှာ ကျုပ် ဒီကျွန်းပေါ်ကို ရောက်လာခဲ့တယ်... အဲဒါကြောင့် ကျုပ်အသက်ရှင်ခဲ့တာပဲ။ အဲဒီကတည်းကစပြီး ကျုပ် အပြင်လောက,က ပဋိပက္ခတွေ၊ ပူပန်စရာတွေကို စွန့်လွှတ်လိုက်ပြီး ဒီကျွန်းပေါ်မှာပဲ ကျင့်ကြံခြင်းကို အာရုံစိုက်ပြီး နေထိုင်ခဲ့တယ်။ ပုလဲကျွန်းဆိုတာ ဒီကျွန်းပေါ်မှာနေထိုင်တဲ့သူတွေ ပေးထားတဲ့ နာမည်ပဲ။ ဒီ ပရမ်းပတာ မှော်နက်လောကမှာ ဒီကျွန်းက တစ်ခုတည်းသော အလင်းအရင်းအမြစ်ပဲ”

“ဒီကျွန်းက တကယ့်ကို ဆန်းကြယ်တဲ့ ကျွန်းတစ်ကျွန်းပဲ။ ဒီကျွန်းကို အမှောင်ထုက ဝန်းရံထားပေမယ့် ကျွန်းပေါ်မှာတော့ သတ်ဖြတ်တာတွေနဲ့ ပဋိပက္ခတွေကို တစ်နည်းနည်းနဲ့ တားမြစ်ထားတယ်။ ဒီကို ရောက်လာတဲ့ ဘယ်သူ့ကိုမဆို သတ်ဖြတ်ခွင့်မပြုဘူး... ဘယ်လောက်ကြီးတဲ့ ရန်ငြိုးတွေရှိရှိ ဒီမှာ လက်စားချေခွင့်မရှိဘူး။ ဒီနေရာက လူအများကြီးရဲ့ ခိုလှုံရာနေရာတစ်ခုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့တယ်။ အဲဒီအတောအတွင်းမှာ ရက်စက်တဲ့သူတွေ အများကြီး ဒီကျွန်းပေါ်ကို ရောက်လာခဲ့တယ်... သူတို့က သူတို့ရဲ့ အကျင့်စရိုက်ကို မစွန့်လွှတ်ခဲ့ဘူး။ နောက်တော့ သူတို့အားလုံး ပျောက်ကွယ်သွားကြတယ်။ နှစ်တွေကြာလာတော့ ဒီကို ရောက်လာတဲ့သူတိုင်း ဒီနေရာက ဘယ်လိုနေရာလည်းဆိုတာ သိလာကြတယ်”

စကားပြောနေသော အဘိုးအို၏မျက်လုံးထဲ၌ အောက်မေ့သည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ ထိုစဉ်က သူသည် သူ၏ရက်စက်မှုကြောင့် ကျော်ကြားခဲ့သည်။ သို့သော် သူ ဤကျွန်းသို့ ထွက်ပြေးလွှတ်လာပြီးနောက်တွင် ပို၍ကောင်းသော လူတစ်ယောက်အဖြစ်  စတင်ပြောင်းလဲလာခဲ့ပေသည်။

ဤလောကသည် အမှောင်ထုအတွက်သာ မဖြစ်သင့်ပေ။

“အမှန်ပဲ... ဒီကျွန်းက ဆန်းကြယ်တဲ့ ကျွန်းတစ်ကျွန်းပဲ”

ရီဖူရှင်း ပြောလိုက်၏။ အဘိုးအို၏ ကျင့်ကြံခြင်းအဆင့်သည် မြင့်မားကြောင်း သူမြင်နိုင်သည်။ ထို့အပြင် သူ၏စိတ်အခြေအနေသည်လည်း အလွန်ငြိမ်းချမ်းနေသည်။ သူသည် သဘာဝနှင့်တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။ ထိုအခြင်းအရာသည် ရှားပါးကာ အဖိုးတန်ပေသည်။

“မိတ်ဆွေလေးက ဒီကို ရောက်လာမှတော့ ဒီကျွန်းပေါ်မှာ ရက်နည်းနည်းလောက် နေနိုင်ပါတယ်... ဒီကျွန်းနဲ့ အပြင်လောကရဲ့ ကွာခြားမှုတွေကို တွေ့ကြုံခံစားကြည့်ပေါ့။ ကျုပ် ဒီကျွန်းပေါ်ကို ရောက်လာပြီးတော့ တစ်ချိန်က ကျုပ် လက်လှမ်းမမီနိုင်ခဲ့တဲ့ အဆင့်တစ်ခုကို တက်လှမ်းနိုင်ခဲ့တယ်”

အဘိုးအိုသည် ရီဖူရှင်းကို စိတ်ရှည်လက်ရှည် ရှင်းပြနေ၏။ ထိုစိတ်ရှည်မှုသည် သူ၏လက်ရှိစိတ်အခြေအနေမှ ဖြစ်တည်လာခြင်းပင်။ အခြားသူများသာဆိုလျှင် ရီဖူရှင်းကို အရာအားလုံး စိတ်ရှည်လက်ရှည် ရှင်းပြဖို့ မဆိုထားနှင့် သူနှင့် စကားပြောရန်ပင် လိုလားမည် မဟုတ်ချေ။

“ကျုပ် ဒီကျွန်းရဲ့ ဆန်းကြယ်မှုကို အမှန်တကယ် ကိုယ့်ဘာသာ တွေ့ကြုံခံစားကြည့်ချင်ပါတယ်”

ရီဖူရှင်း ‌ခေါင်းညိတ်လိုက်၏။

“ဒီကျွန်းက ဆန်းကြယ်တဲ့ ကျွန်းတစ်ကျွန်းဆိုတော့ ကျွန်းပေါ်မှာ ဆန်းကြယ်တဲ့လူတွေ ရှိရမယ်။ ဒီကျွန်းရဲ့ ဆရာသခင်က ဘယ်သူပါလဲ”

“ဒီကျွန်းပေါ်မှာ ဆရာသခင် မရှိပါဘူး”

အဘိုးအိုသည် ရုတ်တရက် လေးနက်လာပြီး ရီဖူရှင်းကို စူးစိုက်ကြည့်သည်။

“ဒါပေမဲ့ မိတ်ဆွေလေးပြောတာ ဘယ်သူလဲဆို ကျုပ်သိတယ်။ သူ့ရဲ့ အေးချမ်းတဲ့ ကျင့်ကြံခြင်းကို မိတ်ဆွေလေး မနှောင့်ယှက်ဘူးလို့ ကျုပ် မျှော်လင့်တယ်။ ကျုပ်ရဲ့ အကြံပေးချက်ကို မှတ်ထားပါ”

အဘိုးအိုသည် ထိုသို့ပြောလိုက်ပြီးနောက် ထွက်သွားလေတော့သည်။ ရီဖူရှင်း၏ မျက်နှာထားသည် ထူးဆန်းသွား၏။ အဘိုးအိုသည် သူ့ကို တစ်စုံတစ်ခု မပြောလိုဖြစ်နေကြောင်း သူအာရုံခံလိုက်မိသည်။ အဘိုးအိုသည် ထိုကိစ္စကို အရေးကြီးကိစ္စတစ်ခုအဖြစ် သဘောထားနေသည်။ အဘိုးအိုသည် သူ့ကို သူပြောနေသော ပုဂ္ဂိုလ်အား မနှောင့်ယှက်စေလိုကြောင်း ရီဖူရှင်းက အလိုလို သိနေသည်။

သို့သော် ရီဖူရှင်းသည် ထိုပုဂ္ဂိုလ်ကို သွားရှာရမည်ဟု စိတ်ဆုံးဖြတ်ထားပြီးဖြစ်သည်။

ယခုတွင် သူသည် မြစ်ဝါမြစ်အရှင် ပြောခဲ့သူကို သိသွားပေပြီ။

မှော်နက်လောက၏အလယ်တွင် အလင်းကျွန်းတစ်ကျွန်း ရှိနေသည်။ မရေမတွက်နိုင်အောင် များပြားသော အမှောင်ထု၏ကျင့်ကြံသူများ ရှိနေသော်လည်း အလင်းလမ်းစဉ်တစ်ခု တည်ရှိနေခြင်းသည် အမှောင်ထု၏အလိုကို ချိုးဖောက်နေပြီဖြစ်ပြီး မှော်နက်အရှင်၏အလိုနှင့် ဆန့်ကျင်နေသည်။ ထိုဆန့်ကျင်ဘက်အင်အားနှစ်ခု၏နောက်ကွယ်မှ အဓိပ္ပာယ်ကိုမူ ခန့်မှန်းကြည့်ရုံသာ တတ်နိုင်လေသည်။

မှော်နက်အရှင်အနေနှင့် ဤကဲ့သို့သော နေရာတစ်ခု ရှိနေခြင်းကို မသိဘဲနေမည် မဟုတ်ပေ။ သို့သော် သူသည် ဤနေရာကို မည်သို့မှ မလုပ်ခဲ့ပေ။ ဤကျွန်းပေါ်တွင် တစ်စုံတစ်ယောက် နေထိုင်နေသည်ဟုသာ ပြောနိုင်ပေသည်။ ထိုပုဂ္ဂိုလ်နှင့် မှော်နက်အရှင်၏ဆက်ဆံရေးသည် အတော်လေး ထူးခြားပေလိမ့်မည်။

မြစ်ဝါမြစ်အရှင်သည် သူ့ကို ဤအကြောင်း လိမ်ခဲ့ပုံ မပေါ်ချေ။ သို့သော် သူ၏ရည်ရွယ်ချက်သည် သံသယဖြစ်ဖွယ်ကောင်းဆဲပင်။ မြစ်ဝါမြစ်အရှင်က သူ့ကို ဤနေရာသို့ လာခိုင်းခြင်းမှာ သူသေသွားစေရန် ဖြစ်နိုင်ချေများပေသည်။ ရီဖူရှင်းသည် ရှေ့သို့ ဆက်သွားလိုက်ပြီး ကျွန်းပေါ်တွင် သတင်းအချက်အလက်များ စုဆောင်းလိုက်သည်။ အတော်အတန် အားစိုက်ထုတ်ပြီးနောက်တွင် သူသည် သူလိုအပ်သော သတင်းအချက်အလက်ကို ရသွားသည်။

ဤဆန်းကြယ်သောကျွန်းပေါ်တွင် ရေစင်ရေကန်ဟု အမည်ရသည့် မြင့်မြတ်သောနေရာတစ်နေရာ ရှိပေသည်။

ရေစင်ရေကန်ကို တောင်ကုန်းများက ဝန်းရံထားပြီး နတ်မြူခိုးများက အမြဲတစေ ရစ်သိုင်းလွှမ်းခြုံထားသည်။

ထိုအခိုက်တွင် ရေကန်အလယ်ရှိ လှေကလေးပေါ်တွင် အမျိုးသမီးတစ်ယောက်သည် မျက်လုံးမှိတ်၍ တိတ်တဆိတ်ကျင့်ကြံနေ၏။ သူမသည် လောကအတွင်းရှိ အခြားအရာများအကြားတွင် ထင်ရှားနေသည်။ ထိုမြင်ကွင်းတစ်ခုလုံးသည် လှပသောပန်းချီကားတစ်ချပ်နှင့် ဆင်တူလေသည်။

လှေကလေးသည် ကန်ရေပြင်ထက်တွင် ဖြည်းညင်းစွာ မျောနေပြီး ကမ်းစပ်သို့ ရောက်လာသည်။ ကမ်းတစ်လျှောက်တွင် တဲကလေးများ များစွာ ရှိ၏။ အမျိုးသမီး ပြန်ရောက်လာသောအခါ အစေခံကလေးမလေးများသည် တဲများအတွင်းမှ ပြေးထွက်လာကြသည်။ ထိုကလေးမလေးများသည် အပြစ်ကင်းစင်ကာ ရွှင်ရွှင်ပြပြရှိကြပြီး သူမတို့၏မျက်လုံးများသည် အညစ်အကြေးကင်းသော သန့်စင်မှုဖြင့် ပြည့်နှက်နေသည်။

“မမ ပြန်လာပြီ”

ကလေးမလေးများသည် ကမ်းပေါ်သို့ တက်လာသည့် အမျိုးသမီးဆီသို့ ပြေးသွားလိုက်ကြသည်။ သူမသည် ကလေးမလေးများ၏ ‌ခေါင်းများကို ပွတ်သပ်ပေးလိုက်ပြီး သိမ်မွေ့စွာ မေးလိုက်လေသည်။

“မင်းတို့ ကြိုးကြိုးစားစား လေ့လာနေကြရဲ့လား”

“အင်း...”

ကလေးမလေးများက ခပ်သွက်သွက် ခေါင်းညိတ်လိုက်ကြသည်။ သူမတို့သည် ထိုအမျိုးသမီး၏ အရှေ့တွင် ကြွားလိုနေကြပုံပင်။ အချို့သည် စာအုပ်ပါ အကြောင်းများကိုပင် စတင်ရွတ်ပြကြသည်။ သူမတို့၏ ကြည်လင်သန့်စင်သော အသံလေးများသည် ရေကန်အထက်တွင် ပဲ့တင်ထပ်နေလေသည်။ ထိုနေရာရှိ အရာအားလုံးသည် အလွန်သိမ်မွေ့ပြီး အညစ်အထေးမရှိသဖြင့် ထိုမြင်ကွင်းကို ကြည့်မိသူတစ်ယောက်သည် ငြိမ်းချမ်းမှုကို ခံစားရပေလိမ့်မည်။

ရီဖူရှင်းသည် ထိုကဲ့သို့ ငြိမ်းချမ်းသော မြင်ကွင်းတစ်ခုကို မနှောင့်ယှက်လိုပေ။ ရေကန်ထက်တွင် ရီဖူရှင်းသည် လှေကလေးတစ်စင်းပေါ်၌ တိတ်တဆိတ်ရပ်နေကာ အဝေးရှိ တဲအိမ်လေးများရှေ့မှ မြင်ကွင်းကို တိတ်တဆိတ် ကြည့်ရှုနေလေသည်။

ထိုနေရာတွင် အမျိုးသမီးက ကလေးမများကို ပြောလိုက်၏။

“အထဲဝင်ပြီး စာလေ့လာကြတော့... မမမှာ တခြားလုပ်စရာကိစ္စလေးတွေ ရှိသေးတယ်”

“အင်း...”

ကလေးမလေးများသည် မည်သည့်မေးခွန်းမှ မ‌မေးဘဲ ပြောသည့်အတိုင်း သူမတို့၏ တဲအိမ်လေးများသို့ ပြန်သွားကြလေသည်။ သူမတို့ ပြန်သွားပြီးနောက်တွင် မမြင်နိုင်သော စွမ်းအားတစ်ခုက တဲအိမ်များကို လွှမ်းခြုံသွား၏။ ထို့နောက် အမျိုးသမီးသည် နောက်လှည့်ကာ ရေကန်လယ်သို့ ကြည့်၍ မေးလိုက်သည်။

“ရှင်က ဘာလိုချင်တာလဲ”

ရီဖူရှင်းသည် သူ့ကို တွေ့သွားပြီဖြစ်ကြောင်း သိလိုက်၏။ သူ ဤရေစင်ရေကန်သို့ ရောက်လာစကတည်းကပင် ထိုအမျိုးသမီးသည် သူရောက်လာသည်ကို သိရှိပြီးဖြစ်နိုင်ပေသည်။ ဤလောကထဲတွင် ထိုအမျိုးသမီး၏ အာရုံမှ လွတ်လမ်းမရှိဟု သူခံစားလိုက်ရ၏။

ထိုအမျိုးသမီးသည် ဤကျွန်းကို လောကအပြင်မှ နေရာတစ်ခုအဖြစ် ပြုလုပ်ထားနိုင်ပြီး မှော်နက်အရှင်နှင့် ပတ်သတ်မှု ရှိနေနိုင်ခြင်းသည် သူမ၏ စွမ်းအားကြီးအင်အားကြောင့် ဖြစ်ပေမည်။

ထိုအချိန်တွင် ရီဖူရှင်းသည် ထိုအမျိုးသမီးထံမှ မည်သည့်အရှိန်အဝါကိုမှ ခံစားမနေရပေ။ သူမသည် မည်သည့်ကျင့်ကြံခြင်းအစွမ်းမှ မရှိသည့် သာမန်လူတစ်ယောက်ဟု ထင်ရသည်။

ထိုကဲ့သို့သောသူမျိုးသည် သာမန်မဖြစ်နိုင်ကြောင်း ရီဖူရှင်း ကောင်းစွာသဘောပေါက်ပေသည်။

All Chapters