အံ့အားသင့်ဖွယ် အမျိုးသမီးတစ်ဦး
Vol. 193 Ch. 2753
ရီဖူရှင်းသည် အမျိုးသမီးကို စေ့စေ့စပ်စပ် ကြည့်သည်။ အမျိုးသမီးသည် သန့်စင်၍ ရိုးရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပေသည်။ သူမ၏မျက်လုံးများသည် ရေကန်၏ ရေများကဲ့သို့ ကြည်လင်၊ သိမ်မွေ့နေသည်။ သူမ၏မျက်လုံးများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လပြည့်ညတစ်ည၏ လရောင်အောက်၌ ရပ်နေသကဲ့သို့ ငြိမ်းအေးမှုတစ်ခုကို ခံစားရမည်ဖြစ်သည်။
“ကျုပ်က ဒီကျွန်းပေါ်မှာ လျှောက်ပတ်ကြည့်နေရုံပါ။ ကျုပ် နတ်မိမယ်ကို အနှောင့်အယှက်ပေးမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်”
ရီဖူရှင်း ရပ်နေသော လှေကလေးသည် ထိုကမ်းစပ်ဘက်သို့ ချဉ်းကပ်လာပြီး သူသည် အမျိုးသမီးကို အနည်းငယ် ဦးညွှတ်လိုက်လေသည်။ သူသည် ထိုကဲ့သို့သော အမျိုးသမီးတစ်ဦးနှင့် မျက်နှာချင်းဆိုင်နေရသဖြင့် သူမအပေါ် မည်သည့်မကောင်းစိတ်မှ မထားနိုင်ဖြစ်နေသည်။
သူမ၏ အလှသည် တိုင်းပြည်တစ်ပြည်ကို ပြိုလဲသွားစေနိုင်သည့် အလှမျိုးမဟုတ်သော်လည်း နတ်မိမယ်တစ်ပါးကဲ့သို့ လောကီအစွန်းအထင်းများမရှိဘဲ သိမ်မွေ့သန့်စင်၍ ပြစ်မျိုးမှဲ့မထင် လှပခြင်းမျိုးဖြစ်သည်။
“ကိစ္စမရှိပါဘူး... ရှင် ကမ်းပေါ်တက်လာပြီး ထိုင်ချင်လား”
အမျိုးသမီးသည် ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။ သူမသည် လောကဝတ်ပြုကာ ဧည့်ဝတ်ကျေမှုကို ပြနေခြင်းသာ ဖြစ်နိုင်သော်လည်း ရီဖူရှင်းက မဆိုင်းမတွ လက်ခံလိုက်သည်။
သူ ခေါင်းညိတ်လျှက် ပြောလိုက်၏။
“အဲဒီလိုဆိုလည်း ကျုပ် နတ်မိမယ်ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံလိုက်ပါ့မယ်”
သူ ပြောပြောဆိုဆိုပင် သူခြေထောက်အောက်မှ လှေကလေးကို အရှေ့သို့ အရှိန်တင်လိုက်လေသည်။ ထို့နောက် ကမ်းစပ်သို့ ရောက်သောအခါ သူသည် ကမ်းပေါ်သို့ သိမ်သိမ်မွေ့မွေ့ တက်သွားလိုက်သည်။ သူသည် ပတ်ဝန်းကျင်မှ တောင်များနှင့် စိမ်းစိမ်းစိုစိုမြင်ကွင်းများများကို တစ်ချက်ကြည့်လိုက်ပြီး အလေးအနက် ပြောလိုက်၏။
“ဒီနေရာက တကယ့်ကို လောကအပြင်ဘက်က သုခဘုံလေးတစ်ခုပဲ။ နတ်မိမယ်က ဒီနေရာမှာ ကျင့်ကြံနေတာ အပြင်က ဆူညံသံတွေရဲ့ အနှောင့်အယှက်ကို မခံချင်လို့ဖြစ်မယ်။ ကျုပ် နတ်မိမယ်ကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်”
“ရှင် မနှောင့်ယှက်မိပါဘူး... တခြားသူတွေလည်း ဒီကို မကြာမကြာ လာကြပါတယ်”
အမျိုးသမီးက တည်ငြိမ်စွာ ပြန်ပြောလိုက်ပြီး တဲအိမ်လေးများဆီသို့ လျှောက်သွားလိုက်၏။ တဲအိမ်လေးများ အထက်မှ စွမ်းအား ပျောက်ကွယ်သွားပြီး အမျိုးသမီးသည် တဲအိမ်တစ်အိမ်အတွင်းသို့ ဝင်သွားသည်။ ရီဖူရှင်းသည် သူမနောက်သို့ လိုက်ဝင်မသွားဘဲ ရေကန်ဘေးတွင်သာ ထိုင်လိုက်သည်။
အမျိုးသမီးသည် သူရှိနေခြင်းကို စိတ်ရှိပုံမပေါ်ဘဲ တဲအိမ်အတွင်းသို့ ပြန်ကာ ကလေးမလေးများကို သင်ခန်းစာများပေး၍ ကျင့်စဉ် သင်ကြားပေးနေလေသည်။ ရီဖူရှင်းသည် ရေကန်ဘေးတွင်ထိုင်နေရင်း တဲအတွင်းမှ စာဖတ်သံကို ကြားနေရ၏။
ရီဖူရှင်းသည် ထိုအခြင်းအရာကို မြင်သောအခါ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ခေါင်းခါလိုက်လေသည်။ ထို့နောက် သူသည် ရေကန်ဘေးတွင် တိတ်တဆိတ် လှဲလျောင်းလိုက်ပြီး ငြိမ်းချမ်းမှုကို ခံစားနေလိုက်သည်။
နေရောင်သည် အနည်းငယ် မိန်းမောနေစေ၏။ ရီဖူရှင်းသည် ရခဲလှသော ငြိမ်းချမ်းမှုကို အပြည့်အဝ ခံစားနေလေသည်။ သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။ သူမသိလိုက်ခင်မှာဘဲ ငြိမ်းချမ်းစွာ အိပ်ပျော်သွားလေတော့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်တွင် သူသည် အိပ်စက်ရန် မလိုတော့ပေ။ ရိုးရိုးရှင်းရှင်း တရားထိုင်လိုက်ရုံဖြင့် သူ့ကို လန်းဆန်းအားပြည့်သွားစေမည်ဖြစ်သည်။ သို့သော် ဤပတ်ဝန်းကျင်တွင် သူသည် ရှားရှားပါးပါး အိပ်စက်နိုင်လေသည်။
အချိန်အတော်ကြာပြီးနောက် အိပ်မောကျနေသော ရီဖူရှင်းသည် မွေးပျံ့သော ရနံတစ်ခုကို ရလိုက်သည်။ သူ၏နှာခေါင်းသည် အနည်းငယ် လှုပ်ရှားသွားပြီး သူ၏မျက်လုံးများပွင့်လာကာ ထထိုင်လိုက်သည်။
“အစ်ကိုကြီး... မမက ထမင်းစားရမယ့်အချိန်ရောက်ပြီလို့ သမီးကို အစ်ကိုကြီးဆီ လာပြောခိုင်းလိုက်လို့”
ထိုအခိုက်တွင် ကလေးမလေးတစ်ယောက်သည် ရီဖူရှင်းထံရောက်လာပြီး ရီဖူရှင်း ထလာသည်ကို မြင်လိုက်သောအခါ ပြုံးပြကာ ပြောလိုက်လေသည်။ သူမ၏အသံလေးသည် ကြည်လင်နေပြီး အပြစ်ကင်းစင်မှုနှင့် ပြည့်နှက်နေသည်။
ရီဖူရှင်းသည် ကလေးမလေး၏ အပြစ်ကင်းစင်သော အပြုံးကို မြင်လိုက်သောအခါ သိမ်မွေ့သောမျက်လုံးများဖြင့် နူးညံ့စွာ ပြန်ပြုံးပြလိုက်ပြီး မေးလိုက်သည်။
“မင်းရဲ့ နာမည်က ဘာတဲ့လဲ”
“သမီးနာမည်က ချီချီပါ။ မမက သမီးကို ပေးထားတဲ့ နာမည်ပါ”
ကလေးမလေးသည် ပြုံး၍ ပြန်ဖြေလိုက်သည်။
“ချီချီ...”
ရီဖူရှင်းသည် ပြုံး၍ မေးလိုက်၏။
“မင်းက အမြဲ ဒီမှာ သင်ကြားနေခဲ့တာလား”
“အင်း...”
ကလေးမလေးက ခေါင်းညိတ်လိုက်၏။
“သမီးက ကလေးတည်းက ဒီမှာနေခဲ့တာ... ပြီးတော့ သမီးက မမနဲ့အတူ သင်ကြားလေ့လာနေခဲ့တာ။ အစ်ကိုကြီး မြန်မြန်လာပါ... မဟုတ်ရင် ငါးစွပ်ပြုတ်က အေးသွားလိမ့်မယ်”
ကလေးမလေးက ပြောပြောဆိုဆိုပင် ရီဖူရှင်း၏လက်ကို ဆွဲရန် သူမ၏လက်ကို ဆန့်တန်းလိုက်သည်။ ရီဖူရှင်းသည် ပြုံး၍ ထလာပြီး ကလေးမလေး၏ လက်ကိုဆွဲကိုင်လိုက်ကာ တဲအိမ်အပြင်သို့ လျှောက်သွားလိုက်လေသည်။
တဲအိမ်အပြင်ရှိ ထမင်းစား စားပွဲတွင် အမျိုးသမီးသည် ကလေးမလေးများကို စွပ်ပြုတ် ထည့်ပေးနေပြီး ပန်းကန်လုံးများနှင့် တူများကို ခင်းကျင်းနေသည်။ သူမသည် ရီဖူရှင်း ရောက်လာသည်ကို တွေ့လိုက်သောအခါ လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“အတူတူ စားကြတာပေါ့”
“ကျေးဇူးတင်ပါတယ်”
ရီဖူရှင်းက ခေါင်းညိတ်ပြလိုက်ပြီး ဝင်ထိုင်လိုက်သည်။ သူတို့နှစ်ယောက်သည် ယခုအထိ စကားများစွာ မပြောရသေးဘဲ တစ်ခွန်းစ၊ နှစ်ခွန်းစသာ ပြောရသေးပေသည်။
“အစ်ကိုကြီးရဲ့ နာမည်က ဘယ်သူလဲ။ ဘာလို့ ဒီကို လာခဲ့တာလဲ။ အစ်ကိုကြီးလည်း အပြင်မှာ အန္တရာယ်နဲ့ ကြုံခဲ့လို့လား”
ချီချီက ရီဖူရှင်းကို မေးခွန်းများ မေးလိုက်သည်။ သူမ၏ ကြည်လင်ကာ အပြစ်ကင်းသော မျက်လုံးလေးများထဲတွင် စိတ်ဝင်စားနေသော အရိပ်အယောင်တစ်ခု ရှိနေသည်။
“အစ်ကို့ နာမည်က ရီဖူရှင်းပါ... အစ်ကို အပြင်မှာ ကိစ္စနည်းနည်းနဲ့ ကြုံတွေ့ပြီးတော့ ဒီကိုရောက်လာတာ အမှန်ပါပဲ”
ရီဖူရှင်းသည် ပေါ့ပေါ့ပါးပါး ပြုံး၍ ပြောလိုက်၏။
“မင်းက ဘာလို့ ဒီလိုမေးရတာလဲ... ဒီကိုရောက်လာတဲ့လူတိုင်းက အပြင်မှာ အန္တရာယ်နဲ့ ကြုံခဲ့တဲ့သူတွေချည်းပဲမို့လို့လား”
“အရင်တုန်းက ဒီနေရာကို လူတွေအများကြီးရောက်လာကြတယ်... ဘာလို့လဲဆိုတော့ သူတို့က သူတို့မဖြေရှင်းနိုင်တဲ့ ကိစ္စတွေနဲ့ ကြုံတွေ့ခဲ့ရလို့ပဲ။ အဲဒါကြောင့် သူတို့က ဒီမှာ သမီးမမရဲ့ အကူအညီကို လာတောင်းကြတာ”
ချီချီက ခိုးခိုးခစ်ခစ်ရယ်၍ ဆက်ပြော၏။
“မမက အရမ်းတော်တယ်... သူက ကိစ္စအားလုံးကို ဖြေရှင်းနိုင်တယ်။ သမီးတို့အားလုံးကို တခြားသူတွေက ဒီကို ပို့လိုက်တာ... မမက သမီးတို့ကို စောင့်ရှောက်ထားတာ။ သမီး ကျင့်ကြံခြင်းကို အာရုံစိုက်ရမယ်... ပြီးတော့ သမီးကြီးလာရင် သမီးရဲ့မမလိုပဲ တခြားသူတွေကို ကူညီပေးမယ်”
ရီဖူရှင်းသည် ချီချီ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး တောက်ပစွာပြုံး၍ ပြောလိုက်၏။
“အဲဒါဆို မင်း မြန်မြန်ကြီးလာအောင် များများပိုစားရမယ်”
“ဟုတ်ကဲ့”
ချီချီက ခိုးခိုးခစ်ခစ် ရယ်လိုက်သည်။
ရီဖူရှင်းမှာလည်း ထိုနေရာတွင် တိတ်တဆိတ်ထိုင်၍ စွပ်ပြုတ်သောက်နေလိုက်သည်။ အမျိုးသမီးသည် ကလေးမလေးများကို မကြာမကြာဆိုသလို စကားပြော၏။ သို့သော် သူမသည် ရီဖူရှင်းနှင့်တော့ စကားမပြောပေ။ သူမသည် ရီဖူရှင်း ရောက်လာခြင်းကို အနည်းငယ်ပင် အံ့အားပုံမပေါ်ဘဲ သူ့ကို အစက မေးခဲ့သည့် မေးခွန်းမှလွဲ၍ အခြားမည်သည့်မေးခွန်းကိုမှ မမေးပေ။ ကျန်အချိန်များတွင် သူမသည် ရီဖူရှင်း ရှိနေသည်ကိုပင် သတိပြုမိပုံ မပေါ်ချေ။
ရီဖူရှင်းသည် စွပ်ပြုတ်ကို တိတ်တဆိတ် ကုန်အောင် သောက်လိုက်ပြီး ရေကန်ဘေးသို့ တစ်ယောက်တည်း ပြန်သွားကာ တည်ငြိမ်နေသော ကန်ရေပြင်ကို ကြည့်နေလိုက်သည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ထွက်သွားရန် ဟန်ပြင်လိုက်သည်။
ဤနေရာတွင် သူ့အနေဖြင့် အခြားဘာမှလုပ်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် သူသည် မေးခွန်းများ ထပ်မေး၍လည်း မရနိုင်ပေ။ ထို့ကြောင့် သူ ထွက်သွားရုံသာ ရှိတော့သည်။
သို့သော် ထိုအခိုက်တွင် သူသည် သူ့အနောက်မှ ခြေသံများကို ကြားလိုက်ရ၏။ ရီဖူရှင်းသည် နောက်လှည့်လိုက်ရာ အမျိုးသမီးသည် သူ့အနောက်သို့ လျှောက်လာသည်ကို မြင်လိုက်သည်။ ကလေးမလေးများသည် အခြားတစ်နေရာတွင် ဆော့ကစားနေကြသည်။
“ရှင် သွားတော့မှာလား”
အမျိုးသမီးက မေးလိုက်၏။
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။
“ဒီတော့ ရှင် ဒီကိုရောက်လာရတဲ့ ကိစ္စကို မလုပ်တော့ဘူးလား”
အမျိုးသမီးသည် ရေကန်ကိုကြည့်၍ သူ့ကို တည်ငြိမ်စွာ မေးလိုက်သည်။ သူမသည် ရီဖူရှင်း ရောက်လာရသည့် အကြောင်းကို သိကြောင်း ထင်ရှား၏။ သို့သော် ယခုတွင် သူအလိုရှိခဲ့သည်ကို မရသေးဘဲ ထွက်သွားတော့မည်ဖြစ်သဖြင့် သူမ အံ့ဩနေလေသည်။
“ကျုပ် အဲဒီလိုပြောဖို့ ရှက်မိနေလို့ပါ...”
ရီဖူရှင်း ပြောလိုက်၏။
“လောကအပြင်မှာရှိတဲ့ ဒီနေရာက လောကထဲက လူတွေရဲ့ နှောင့်ယှက်မှုကို မခံရသင့်ပါဘူး... အဲဒါကြောင့် ကျုပ် ထွက်သွားတော့မှာပါ”
အမျိုးသမီးသည် ဘာမှ ဆက်မပြောတော့ပေ။ သူမ၏မျက်လုံးများသည် ရေကန်ကိုသာ စိုက်ကြည့်နေလေသည်။ ထို့နောက် သူမ နူးညံ့စွာ ပြောလိုက်၏။
“သွားပါ... ဒီခရီးမှာ ရှင် အန္တရာယ်ဖြစ်မှာ မဟုတ်ပါဘူး”
အမျိုးသမီးသည် ထိုသို့ပြောပြီးနောက် နောက်လှည့်ကာ တဲအိမ်လေးများဆီသို့ ပြန်လျှောက်သွားသည်။
ရီဖူရှင်းသည် ခေါင်းလှည့်လိုက်ပြီး ထွက်သွားသော အမျိုးသမီးကို ကြည့်နေလိုက်သည်။ သူ့မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ရှိနေသည်။
သူမသည် သူ ဤနေရာသို့ ရောက်လာရသည့် ရည်ရွယ်ချက်ကို သိလေသလော။
ထို့အပြင် သူမသည် သူမည်သည့်နေရာသို့ သွားမည်ကို သိနေသည်။
ရီအင်ပါယာနန်းတော်အတွင်းမှ လူများသာ သူ မှော်နက်လောကသို့သွားကြောင်း သိပေသည်။ သူ မထွက်ခွာခင်တုန်းကလည်း မည်သူ့ကိုမှ မပြောခဲ့ပေ။ ထိုအကြောင်းကို သေချာတွေးကြည့်လျှင် မှော်နက်သူတော်စင်သည်သာ သူ၏ခရီးကို အနည်းငယ် သိနိုင်လောက်ပေသည်။
သို့ဆိုလျှင် ထိုအမျိုးသမီးသည် အဘယ်သို့ ထိုအကြောင်းများကို သိနေရသနည်း။
သူမသည် အနာဂတ်ကို ခန့်မှန်းနိုင်သော စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားခြင်းလော။
သို့တည်းမဟုတ် သူမသည် မူလက မှော်နက်နန်းတော်မှ ဖြစ်ပြီး မှော်နက်အရှင်နှင့် ဆက်နွယ်မှုအချို့ ရှိနေခြင်းလော။
ထိုအမျိုးသမီးသည် ယခင်က ဤရေစင်ရေကန်မှနေ၍ တစ်ခါမှ ထွက်မသွားဖူးလောက်ပေ။ သူမထံတွင် စောင့်ရှောက်ရမည့် ထိုကလေးမလေးများရှိသည် မဟုတ်ပါလော။ ထို့ကြောင့် သူမ မှော်နက်နန်းတော်သို့ သွားရောက်ကျင့်ကြံခြင်းမှာ မဖြစ်နိုင်ပေ။
ရီဖူရှင်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လောကကြီးထဲတွင် အံ့ဩလောက်သူများနှင့် အံ့ဩလောက်သောအရာများ များစွာရှိကြောင်း တွေးမိသည်။ ယနေ့ သူတွေ့ဆုံခဲ့ရသော ထိုအမျိုးသမီးသည် အလွန် အံ့အားသင့်ဖွယ်ကောင်းသော လူတစ်ယောက်ပင်။ ရီဖူရှင်းသည် ဖြတ်ခနဲလှုပ်ရှားလိုက်ပြီး ကမ်းစပ်မှ ပျောက်ကွယ်သွားသည်။
တဒင်္ဂမျှကြာပြီးနောက်တွင် ရီဖူရှင်းသည် ထိုဆန်းကြယ်သောကျွန်းအထက်ရှိ ကောင်းကင်တွင် ထွက်ပေါ်လာ၏။ ကောင်းကင်နှင့် မြေကြီးအကြားတွင် ကြောက်မက်ဖွယ် လေလှိုင်းများ လှည့်ပတ်နေဆဲပင်။ ဤအာကာပြင်သည် ထိုမြင့်မြတ်၍ ငြိမ်းချမ်းသော ကျွန်းနှင့် လောကမတူသကဲ့သို့ပင်။
ရီဖူရှင်းသည် ခေါင်းငုံ့၍ ထိုကျွန်းကို နောက်ဆုံးတစ်ခေါက် ကြည့်သည်။ ထို့နောက် သူ နောက်လှည့်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် လက်ခနဲဖြစ်သွားကာ အဆုံးမဲ့ အမှောင်ထုအတွင်းသို့ လျင်မြန်စွာ တိုးဝင်သွားလေတော့သည်။ သူသည် အကြောင်းတစ်ခုခုကြောင့် ထိုအမျိုးသမီး သူ့ကိုပြောသောစကားကို ယုံကြည်နေသည်။ သူမ၏ တည်ငြိမ်သောအသံတွင် အလွန်ယုံကြည်လောက်သောစွမ်းအားတစ်ခု ပါဝင်နေသည်။
ဤ မှော်နက်နန်းတော်သို့ ခရီးတွင် သူ မည်သည့်အန္တရာယ်နှင့်မှ ကြုံရမည်မဟုတ်ပေ။