တွေ့ဆုံခြင်း
Vol. 193 Ch. 2754
အသူရာမြို့သည် မှော်နက်လောက၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိသည်။
အသူရာမြို့ကို မီးတောက်တောင်ကုန်း၊ ငရဲဘုံနှင့် မြစ်ဝါမြစ်ပင်လယ်တို့က ဝန်းရံထားသည်။ မိုးကောင်းကင်တစ်ခွင်လုံးသည် မှောင်မည်း၊ မှိုင်းညို့နေပြီး ကြောက်မက်ဖွယ် အဖျက်လေလှိုင်းများလည်း စီးဆင်းနေကာ စစ်မှန်သော အဖျက်မြို့တစ်မြို့ကဲ့သို့ ထင်ရသည်။
အသူရာမြို့ထဲတွင် မှော်နက်လောက၏ ထိပ်သီးကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိပြီး များစွာသော ကြောက်မက်ဖွယ်အင်အားစုများလည်း ရှိသည်။ ပတ်ဝန်းကျင်နယ်မြေတွင် အနိုင်အထက်ပြုတတ်သော မှော်နက်အင်အားစုများနှင့် ပြည့်နှက်နေသည်။
ထိုနေရာကို ကြောက်မက်ဖွယ် အမှောင်စည်းမျဉ်းက အုပ်စိုးပေသည်။
အသူရာမြို့ထဲတွင်နေထိုင်သူများသည် မွေးဖွားလာကတည်းက သေရေး၊ ရှင်ရေး ဘေးအန္တရာယ်နှင့် ကြုံရသည်။ အသူရာမြို့ထဲတွင် အမှောင်ဝိညာဉ်စွမ်းအားသည် နေရာအနှံ့တွင် ရှိပေသည်။ ထိုအရှိန်အဝါသည် သူတို့အသက်ရှူနေသော လေထုထဲတွင် ရောယှက်နေ၏။ ၎င်းသည် မှော်နက်လောကအတွင်း၌ ကျင့်ကြံသူများအတွက် ကောင်းကင်နှင့် မြေကြီးကြားမှ စိတ်ဝိညာဉ်စွမ်းအင်ကဲ့သို့ပင်။
သို့သော် မွေးခါစတစ်ယောက်အတွက်မူ ထိုအရှိန်အဝါသည် သေရေး၊ ရှင်ရေး စမ်းသပ်မှုတစ်ခုဖြစ်သည်။ အကယ်၍ ကလေးငယ်သည် အမှောင်ထုကို မခံနိုင်ဘဲ လိုက်လျောညီထွေဖြစ်အောင် မလုပ်နိုင်ခဲ့လျှင် မွေးကင်းစတွင်ပင် သေဆုံးသွားမည်ဖြစ်သည်။ အမှောင်ထု၏ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်မှသာ ရှင်နိုင်နိုင်ပေမည်။ လူသားတစ်ယောက်၏အမြင်မှ ကြည့်မည်ဆိုလျှင် မွေးကင်းစတစ်ယောက်အတွက် ထိုကဲ့သို့သော စမ်းသပ်မှုမျိုးသည် မယုံနိုင်လောက်အောင် ရက်စက်ပေသည်။
သို့သော် ထိုအရာသည် အသူရာမြို့အတွင်းရှိ မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများ ကိုင်ဆွဲထားသည့် ယုံကြည်မှုဖြစ်သည်။ သူတို့သာ အမှောင်ထုနှင့် လိုက်လျောညီထွေဖြစ်အောင် မနေနိုင်လျှင် သူတို့၏ ကံကြမ္မာကို မရှောင်လွှဲနိုင် သို့မဟုတ် အရွယ်ရောက်သည်အထိ မရှင်သန်နိုင်ဟု သူတို့ အခိုင်အမာ ယုံကြည်ကြသည်။ သူတို့သာ ကျော်ဖြတ်နိုင်ခဲ့လျှင် ဤမြို့၌ ဆက်နေနိုင်ရန် အရည်အချင်းပြည့်မီသည်ဟု သတ်မှတ်ခံရပြီး မှော်နက်လောကတွင် ဆက်ရှင်သန်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် အချို့သည် သူတို့၏ ကလေးများ မီးဖွားမလာခင်တွင် အသူရာမြို့မှ ထွက်သွားကြသည်။ သို့သော် ထိုကဲ့သို့သော အပြုအမူမျိုးကို အသူမြို့မှ ကျင့်ကြံသူများက နှာခေါင်းရှုံ့ကြ၏။ ထို့အပြင် ယင်းသို့ထွက်သွားသူများသည် အမှောင်ထု၏ မြို့သူ၊ မြို့သားဟု အခေါ်ခံရရန် အရည်အချင်းမမီတော့ပေ။ ထို့ကြောင့် သူတို့အတွက် အသူရာမြို့ထဲတွင် နေရာမရှိတော့ပေ။
တစ်ဘက်တွင်လည်း မွေးခါစတွင် ထိုမှော်နက်စွမ်းအားနှင့် လိုက်လျောညီထွေဖြစ်အောင် နေနိုင်ခဲ့ပြီး အမှောင်ထုနှင့် ယှဉ်တွဲနေထိုင်နိုင်ခဲ့သော မည်သည့်ကလေးမဆို သူတို့ကြီးပြင်းလာချိန်တွင် အနိမ့်ဆုံးအနေဖြင့် ရန်ဟောင်အဆင့်သို့ ရောက်မည်ဖြစ်သည်။ ထို့ကြောင့်လည်း အသူရာမြို့ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူများ များစွာရှိနေခြင်းဖြစ်သည်။ သူတို့သည် အမှောင်ထုအတွင်းသို့ မွေးဖွားလာကြသူများပင်။
မှော်နက်လောကသည် ဘုံခုနစ်ခုထဲတွင် အရက်စက်ဆုံးလောကဖြစ်သည်။ နတ်ဆိုးလောကသည်ပင် ထိုမျှ မရက်စက်ပေ။ နတ်ဆိုးလောကသည်လည်း နတ်ဆိုးချောက်ကမ်းပါးအောက်တွင် တည်ရှိပြီး မှော်နက်လောကကဲ့သို့ပင် ကျင့်ကြံခြင်းအတွက် ကြမ်းတမ်းခက်ခဲသော ပတ်ဝန်းကျင်ရှိသည်။ သို့သော် မွေးခါစကလေးများကတော့ မွေးမွေးချင်း သေရေး၊ ရှင်ရေး စမ်းသပ်ချက်ကို မခံကြရပေ။ သူတို့လုပ်ကြသည်မှာ နောက်တွင် သူတို့၏မျိုးဆက်များကို ကျင့်စဉ်များ သင်ကြားပေးကြခြင်းသာဖြစ်သည်။
ထိုအချိန်တွင် ရီဖူရှင်းသည် ဤ သွေးအေးသော မှော်နက်လော၏ အလယ်ဗဟိုရှိ အသူရာမြို့သို့ ရောက်လာလေသည်။
ရီဖူရှင်းသည် မှေးမှိန်သော ကောင်းကင်အောက်တွင် ရပ်ရင်း သူ့ခေါင်းပေါ်တွင် ရစ်သိုင်းနေသည့် အဖျက်စွမ်းအားကို ခံစားရနေသည်။ အသူရာမြို့ကို အဖျက်အရှိန်အဝါတစ်ခုက ဝန်းရံထားသည်ဟု ထင်ရသည်။
အခြားလောကများမှ ကျင့်ကြံသူများသည် ဤနေရာကို အလွန်မသင့်လျော်သောနေရာဟု သတ်မှတ်ပေလိမ့်မည်။
ဤနေရာနှင့် ဆန်းကြယ်သောကျွန်းသည် မတူညီသော လောကနှစ်ခုကဲ့သို့ပင်။ ထိုနေရာနှစ်ခုသည် ကောင်းကင်တစ်ခုတည်းအောက်တွင် ရှိနေသည်ဟု မယုံကြည်နိုင်လောက်အောင်ပင်ဖြစ်သည်။ မှော်နက်နန်းတော်က ထိုဆန်းကြယ်သောကျွန်းကို မဖျက်ဆီးခဲ့ခြင်းမှာ ထိုထူးကဲသည့်အမျိုးသမီးကြောင့် ဖြစ်ပေလိမ့်မည်။
ရီဖူရှင်းသည် အဝေးသို့ လှမ်းမျှော်ကြည့်သည်။ အမှောင်ထု၏အဆုံးတွင် အလွန်မြင့်မားသသော အဆောက်အဦတစ်ခုကို ခပ်ရေးရေး လှမ်းမြင်နိုင်ပေသည်။ မိုးထိအောင် မြင့်မားသော အနက်ရောင်ဘုံကျောင်းကို အလွန်ဝေးကွာသောနေရာမှပင် မြင်နိုင်သည်။ အသူရာမြို့၏ မည်သည့်နေရာမှ မော့ကြည့်သည်ဖြစ်စေ မှော်နက်လောက၏ ကိုးကွယ်ရာနေရာကို မြင်နိုင်လေသည်။
မှော်နက်နန်းတော်...
ရီဖူရှင်း တွေးလိုက်၏။ ဤတစ်ခေါက် သူ၏ မှော်နက်နန်းတော်သို့ခရီးစဉ်တွင် မည်သည့်ကိစ္စများနှင့် တွေ့ကြုံရမည်ကို သူမသိပေ။ ယခုတွင် ချင်းယောင်တစ်ယောက် မည်သို့အခြေအနေရှိသည်ကိုလည်း မသိပေ။
ရီဖူရှင်းသည် ဆက်၍ တွေးမနေတော့ဘဲ ထိုဘက်သို့ ဆက်သွားလိုက်သည်။ သူ ရှေ့သို့ခြေတစ်လှမ်းထပ်လှမ်းလိုက်ရာ သူသည် ထိုနေရာမှ ပျောက်ကွယ်သွားသည်။ သူ ပြန်ထွက်ပေါ်လာသောအခါ အသူရာမြို့တွင်းရှိ အခြားတစ်နေရာတွင် ရောက်နေပေပြီ။
ယခုတွင် သူသည် သူ၏ခရီးလမ်းဆုံးသို့ ရောက်လာပြီဖြစ်၍ ဆက်၍ နှောင့်နှေးစရာ မရှိတော့ပေ။ သူသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကိုသုံး၍ မှော်နက်နန်းတော်သို့ အရှိန်အပြည့်ဖြင့် သွားလိုက်လေသည်။
အဝေးမှကြည့်လျှင် မှော်နက်နန်းတော်သည် မိုးထိအောင်မြင့်မားသော ဘုံကျောင်းတစ်ခုကဲ့သို့ ထင်ရ၏။ သို့သော် ထိုသို့ထင်ရခြင်းမှာ အလွန်ဝေးဝေးမှ လှမ်းကြည့်၍ ဖြစ်သည်။ မှော်နက်နန်းတော်၏ အဝန်းအဝိုင်းအတွင်းသို့ ရောက်သွားသည်နှင့် အမှန်တကယ်တွင် မှော်နက်နန်းတော်သည် မည်သို့သော ဧရာမအဆောက်အဦကြီးဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ ဧရာမကြီးဖြစ်၍လည်း အသူရာမြို့အတွင်းရှိ မည်သူ့နေရာမှ မော့ကြည့်ကြည့် မှော်နက်နန်းတော်ကို မြင်ရခြင်းဖြစ်ပေသည်။
ထိုအချိန်တွင် ရီဖူရှင်းသည် မှော်နက်နန်းတော်၏ အစွန်းပိုင်းတွင် ရပ်နေ၏။ သူသည် ရှေ့မှနေရာကို ကြည့်လိုက်သောအခါ အခြားနိုင်ငံတစ်ခုကို မြင်လိုက်ရသကဲ့သို့ပင်။ မှော်နက်နန်းတော်သည် အလွှာများစွာ ရှိ၏။ အလွှာတစ်ခုစီတိုင်းသည် အကန့်အသတ်မဲ့၍ ကျယ်ပြောပြီး မရေမတွက်နိုင်အောင်များပြားသော အဆောက်အဦများ ရှိနေသည်။ ၎င်းသည် ကျယ်ပြောသောနယ်မြေတစ်ခုကဲ့သို့ဖြစ်ပြီး မျက်စိတစ်ဆုံး အဆုံးမရှိချေ။
သူ ခေါင်းမော့၍ မော့ကြည့်လိုက်သောအခါ မှော်နက်နန်းတော်သည် လောကအလွှာများကဲ့သို့ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ရီဖူရှင်းသည် လေထဲတွင် ရပ်နေခြင်းဖြစ်ပြီး သူ့ခန္ဓာကိုယ်ကို ရှောင်လွှဲ၍မရနိုင်သော ဖိအားက လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရ၏။ မိုးကောင်းကင်ထက်မှနေ၍ အဖျက်လှိုင်းများသည် သူ့အပေါ်သို့ ကျဆင်းလာ၏။ သူရှိရာဘက်သို့ လှမ်းကြည့်နေကြသော ကျင့်ကြံသူများစွာလည်း ရှိနေသည်။
မှော်နက်နန်းတော်မှ ကျင့်ကြံသူများ ထွက်လာပြီး ရီဖူရှင်းဆီသို့ တန်းတန်းမတ်မတ်လာလိုက်ကြသည်။
မကြာမီတွင် ရီဖူရှင်း ရပ်တန့်သွားသည်။ သူ့အထက်တွင် မည်းနက်သောချပ်ဝတ်များကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်စု ထွက်ပေါ်လာ၏။ ထိုကျင့်ကြံသူအုပ်စုထဲမှ ကျင့်ကြံသူအားလုံးသည် ရန်ဟောင်အဆင့်တွင် ရှိကြပြီး အစောင့်အကြပ်များကဲသို့ ပြုမူနေကြ၏။ သူတို့အပေါ်တွင် အဖျက်လှိုင်းများ စီးဆင်းနေပြီး သူတို့ထံမှ အန္တရာယ်အငွေ့အသက်ကို ရနေလေသည်။
“မင်းက ဘယ်သူလဲ”
ဦးဆောင်လာသော အစောင့်က ရှေ့ထွက်ကာ မေးလိုက်သည်။ သူသည် ရန်ဟောင်အထွတ်အထိပ်အဆင့်တွင် ရှိပေသည်။ သူ့လက်ထဲရှိ အနက်ရောင်လှံက ရီဖူရှင်းကို ချိန်ရွယ်ထားသည်။ ထို့အပြင် သူ့မျက်လုံးများထဲမှ မှော်နက်အလင်းတစ်ခုလည်း ထွက်နေ၏။
“ရီဖူရှင်းက နန်းတော်ကို လာလည်တာပါ”
ရီဖူရှင်းသည် ကျယ်လောင် ပြတ်သားသောအသံဖြင့် ပြောလိုက်၏။ အစောင့်၏ မျက်လုံးများ စူးရှသွားသည်။ သူသည် ရီဖူရှင်း၏အမည်ကို ယခင်က ကြားခဲ့ဖူးကြောင်း ထင်ရှားလေသည်။
ထိုအခိုက်တွင် ကောင်းကင်ထက်မှနေ၍ တောက်ပသော နတ်အလင်းတစ်ခု ဖြာကျလာပြီး ကောင်းကင်မှနေ၍ ကျင့်ကြံသူများစွာသည် အဆင့်နိမ့်ကမ္ဘာများသို့ ဆင်းလာဟန်ဖြင့် ရီဖူရှင်း၏ ရှေ့သို့ ဆင်းလာကြလေသည်။ ရုတ်ခြည်းပင် အစောင့်များသည် လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။
ရောက်ရှိလာသူများကို ဦးဆောင်လာသူမှာ လူငယ်တစ်ဦးဖြစ်သည်။ သူ၏ကိုယ်နေဟန်ပန်သည် ကျားကျားယားယား မရှိဘဲ မိန်းမဆန်နေသည်။ သူသည် ချောမောသော မျက်နှာရှိပြီး အားကောင်းသော အန္တရာယ်အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။ သူ၏မျက်လုံးများက ရီဖူရှင်းကို စိုက်ကြည့်လိုက်သောအခါ ရီဖူရှင်းသည် အလွန်မသက်မသာ ခံစားလိုက်ရ၏။
“ကျုပ်နဲ့ လိုက်ခဲ့ပါ”
လူငယ်က သူ မှော်နက်နန်းတော်သို့ ရောက်လာမည်ကို သိသဖြင့် သူ့ကို ကြိုစောင့်နေသကဲ့သို့ ပြောလိုက်၏။
ရီဖူရှင်းသည် များစွာတွေးတောမနေတော့ဘဲ ထိုလူငယ်နောက်သို့ လိုက်ကာ မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်လိုက်ပြီး မှော်နန်းနန်းတော်အတွင်းပိုင်းသို့ ဝင်သွားလိုက်လေသည်။ သူတို့သည် အလွှာနယ်မြေများကို ဖြတ်သန်း၍ အထက်သို့ ဆက်တက်နေပြီး ကိုးဆယ့်ကိုးထပ်မြောက် အလွှာသို့ ရောက်လာလေသည်။ ထိုနေရာတွင် ကျင့်ကြံသူများစွာ မရှိချေ။ သို့သော် ထိုနေရာရှိ ကျင့်ကြံသူအားလုံး၏ အရှိန်အဝါများသည်လည်း ကြောက်စရာကောင်းသည်ထက် ပိုပေသည်။
နောက်ဆုံးတွင် ရီဖူရှင်းသည် အစောက အဝေးမှနေ၍ ကောင်းကင်ထက်၌ လှမ်းတွေ့ခဲ့ရသည့် ဘုံကျောင်းသို့ ခေါ်ဆောင်သွားခဲ့လိုက်ရ၏။
ဘုံကျောင်းအရှေ့တွင် ကွင်းပြင်ကျယ်တစ်ခု ရှိ၏။ ထိုအခိုက်တွင် ရီဖူရှင်းသည် ထိုနေရာတွင် ရပ်နေပြီး တိတ်တဆိတ် ကြည့်ရှုကာ စောင့်နေသည်။ ဤခရီးတွင် မည်သည့်ပြဿနာမှ မကြုံရဘဲ ထင်ထားသည်ထက် များစွာ ချောမွေ့နေ၏။ သူသည် ဤနေရာသို့ ရောက်လာနိုင်အောင် တိုက်ပင် မတိုက်ခိုက်ခဲ့ရချေ။
ထိုအခိုက်တွင် ကောင်းကင်မှနေ၍ လွန်စွာအားကောင်းသော ဖိအားတစ်ခု ကျဆင်းလာ၏။ ထိုဖိအားက ရီဖူရှင်းကို မွန်းကျပ်သွားစေသည်။ သူ ခေါင်းမော့၍ ရှေ့သို့ ကြည့်လိုက်၏။ ထိုဖိအားသည် မှော်နက်အရှင်၏ ဝိညာဉ်စွမ်းအားဖြစ်ကြောင်း သူသိပေသည်။
ကောင်းကင်သည် မည်းမှောင်လာပြီး အလင်းမဲ့သွားသည်။ ရီဖူရှင်းအထက်ရှိ ကောင်းကင်သည် ဧရာမ အနက်ရောင်မျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ဘုံကျောင်းအထက်တွင် အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာသည်ဟု ထင်ရ၏။ ထိုအနက်ရောင်အရိပ်သည် ဘုံကျောင်းထဲတွင် နစ်မြုပ်နေသည်ဟု ထင်ရပြီး ခံ့ညားထည်ဝါကာ အရှိန်အဝါကြီးပေသည်။ ခပ်ရေးရေး အရိပ်တစ်ခုပင် ထိုကဲ့သို့ အားကောင်းသည့် ဖိအားကို ပိုင်ဆိုင်လေသည်။
“ရီဖူရှင်း”
ဘုံကျောင်းအတွင်းရှိ အနက်ရောင်အရိပ်မှနေ၍ ခံ့ညားထည်ဝါသော အသံတစ်သံထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးအကြားတွင် ပဲ့တင်ထပ်သွားသည်။ အသံတစ်ခုတည်းဖြင့်ပင် ရီဖူရှင်းသည် ဦးညွှတ်၍ အရိပ်ကို အရိုအသေပြုရန် အတင်းအကြပ်ဖိအားပေးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
“ရီဖူရှင်း မှော်နက်အရှင်ကို နှုတ်ခွန်းဆက်ပါတယ်”
ရီဖူရှင်းသည် ဦးညွှတ်၍ အရိုအသေပြုလိုက်သည်။ မှော်နက်အရှင်သည် သူ့ကို ချက်ချင်း တွေ့ဆုံလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။