← Chapters

အမှောင်ထု၏အလို

Vol. 193 Ch. 2755

အမှောင်ထု၏အလို

Vol. 193 Ch. 2755

ဘုံကျောင်းအထက်မှ ဧရာမအရိပ်သည် ရီဖူရှင်းအပေါ် အုပ်မိုးလိုက်ပြီး ဆက်ပြောလိုက်၏။

“ရီဖူရှင်း... မင်းရဲ့ ကျင့်ကြံခြင်းက ထူးကဲတာပဲ။ ပြီးတော့ အဲဒါအပြင် မင်းက ငါရွေးချယ်ထားတဲ့ ဆက်ခံသူနဲ့လည်း ထူးခြားတဲ့ဆက်ဆံရေးရှိတယ်။ ချင်းယောင်က မင်းအတွက်နဲ့ မှော်နက်နန်းတော်ကို သစ္စာဖောက်ဖို့ ဝန်မလေးဘူး။ အဲဒီကိစ္စကို ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ”

“မှော်နက်အရှင်... ချင်းယောင်က ကျုပ်အပေါ် ကောင်းခဲ့တယ်။ ချင်းယောင်က မှော်နက်နန်း‌တော်ကို မရောက်ခင်ကတည်းက ကျုပ်နဲ့ သိခဲ့တယ်ဆိုတာ မှော်နက်အရှင်လည်း သိလောက်မှာပါ။ သူ အဲဒီလိုလုပ်ခဲ့တာက ကျုပ်တို့ရဲ့ ဆက်ဆံရေးကို သူအမှတ်ရသေးလို့ပါ။ ဒါပေမဲ့ ချင်းယောင်ဆီမှာ မှော်နက်အရှင်ကို ဆန့်ကျင်မယ့်အကြံ နည်းနည်းတောင် မရှိခဲ့ပါဘူး”

“မှော်နက်နန်းတော်မှာ ကျင့်ကြံတဲ့သူတွေက ဘာခံစားချက်မှ မရှိသင့်ဘူး... အမှောင်ထုရဲ့ အလိုကို ထမ်းဆောင်ဖို့က လွဲလို့ပေါ့။ သူ့ရဲ့အပြုအမူက အမှောင်ထုကို သစ္စာဖောက်သလို ဖြစ်နေပြီ”

မှော်နက်အရှင်သည် ဖိအားကို ထုတ်လွှတ်လိုက်ပြီး အော်ပြောလိုက်၏။ ထို့ကြောင့် ရီဖူရှင်းသည် ကြောက်မက်ဖွယ် ဖိအားတစ်ခုအောက်သို့ ရောက်နေသကဲ့သို့ လွန်စွာဖိနှိပ်ခံနေရသည့် ခံစားချက်ကို ခံစားလိုက်ရလေသည်။

မှော်နက်အရှင်သည် သူ့ကို စိတ်မတည်မငြိမ်ဖြစ်အောင် သူ၏ဝိညာဉ်စွမ်းအားကို ဖိနှိပ်လိုက်ခြင်းဖြစ်ကြောင်း သူသိ၏။

“ပြီးတော့ မင်းက မှော်နက်လောကရဲ့ ကျင့်ကြံသူအများကြီးကိုလည်း သတ်ဖြတ်ခဲ့သေးတယ်။ တကယ်လို့ တစ်‌နေ့မှာ မင်းက မှော်နက်လောကနဲ့ စစ်ဖြစ်ဖို့ ရွေးချယ်ခဲ့ရင် ငါ လက်နဲ့ ပျိုးထောင်ထားခဲ့တဲ့ ဆက်ခံသူက သူ့ရဲ့ လူတွေကို ဆန့်ကျင်ပြီး ပုန်ကန်မယ် မဟုတ်လား”

မှော်နက်အရှင်က ဆက်၍ ဖိအားပေးလိုက်သည်။

ရီဖူရှင်းသည် အချိန်တစ်ခုမျှ ဆွံ့အသွားသည်။ တစ်ဘက်အမြင်မှကြည့်လျှင် ရီချင်းယောင်၏အပြုအမူသည် အမှန်ပင် မှော်နက်လောက၏ အဓိကတားမြစ်ချက်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။ ရီဖူရှင်းနှင့် မှော်နက်လောကသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဆက်ဆံရေး အဆင်မပြေခဲ့ချေ။ ထို့အပြင် သူတို့အကြားတွင် တိုက်ပွဲများ အကြိမ်ပေါင်းများစွာ  ဖြစ်ခဲ့သည်။

“ကျုပ် အနာဂတ်ကို မခန့်မှန်းနိုင်ပါဘူး... ဒါပေမဲ့ ကျုပ် ချင်းယောင်းကို မှော်နက်နန်းတော်နဲ့ ကျုပ်ကြား ယှဉ်ရွေးရမယ့် အခြေအနေမျိုးရောက်အောင် လုပ်မှာမဟုတ်ဘူးလို့ ကတိပေးနိုင်ပါတယ်”

ရီဖူရှင်းက ပြန်ပြောလိုက်၏။

“လောကထဲက ကိစ္စတွေက မှန်းလို့မရဘူး။ တကယ်လို့ မင်းသာ အနာဂတ်မှ မှော်နက်နန်းတော်နဲ့ အမှန်တကယ် တိုက်ခိုက်ခဲ့ရင် အခြေအနေက မင်းထိန်းချုပ်နိုင်တာထက် လွန်သွားလိမ့်မယ်။ အခု မင်းပေးနေတဲ့ အနှစ်မရှိတဲ့ ကတိက‌လည်း အသုံးဝင်တော့မှာ မဟုတ်ဘူး”

မှော်နက်အရှင်က အေးစက်စက်အသံဖြင့် ပြောလိုက်၏။

“ပြီးတော့ ငါက ဘယ်တုန်းကမှ ကတိတွေကို မယုံခဲ့ဘူး”

“အဲဒါဆို မှော်နက်အရှင်က ကျုပ်ကို ဘယ်လိုလုပ်စေချင်ပါသလဲ”

ရီဖူရှင်း တည့်တိုးပင် မေးလိုက်တော့သည်။ မှော်နက်အရှင်သည် သူ့ကို ကိုယ်တိုင်တွေ့ဆုံခဲ့သဖြင့် သူထံတွင် ကိုယ်ပိုင်အကြံအချို့ ရှိရပေမည်။ မဟုတ်လျှင် မှော်နက်အရှင်သည် သူနှင့် ဤမျှ ကြာကြာပြောနေမည်မဟုတ်ချေ။ မှော်နက်အရှင် လုပ်ရန်လိုသည်မှာ တစ်ချက်လှုပ်ရှားလိုက်ရုံသာဖြစ်သည်။ ထိုအခါ အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။

ဘုံကျောင်းအထက် မြင့်မားသောနေရာတွင် မှော်နက်အရှင်၏မျက်လုံးများသည် ရီဖူရှင်းကို စိုက်ကြည့်နေသည်။ ပြောလိုက်သော အသံတစ်သံကို ကြားလိုက်ရ၏။

“တကယ်လို့ မင်းသာ မှော်နက်နန်းတော်နဲ့ ပူးပေါင်းဖို့ သဘောတူတယ်ဆိုရင် တစ်နေ့မှာ ငါမင်းကို မဟာရှာမင်ရာထူး ပေးနိုင်တယ်။ အဲဒီကျရင် မင်း ချီယောင်နှင့် ဘေးချင်းယှဉ် တိုက်ခိုက်နိုင်ပြီ... မင်းတို့ ကောင်းကင်ဒေသက အတူ သိမ်းပိုက်ပြီးတော့ အင်ပါယာရီချင်အတွက် လက်စားချေပေါ့”

ရီဖူရှင်းသည် အနည်းငယ် အံ့အားသင့်သွားသည်။ မှော်နက်အရှင်သည် သူ့ကို မှော်နက်နန်းတော်၏ မဟာရှာမင်ရာထူးကို ပေးလိုနေသလော။

မှော်နက်နန်းတော်၏ မဟာရှာမင်သည် မှော်နက်သူတော်စင်သုံးပါးထဲမှ ခေါင်းဆောင်ဖြစ်ပြီး မှော်နက်အရှင်၏ အမိန့်အောက်မှ ပထမဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ယခုတွင် ထိုရာထူးကို အရှင်ရှာမင်က ယူထားသည်။ မှော်နက်အရှင်က အနာဂတ်တွင် ထိုရာထူးကို ရီဖူရှင်းအားပေးမည်ဟု ကတိပေးခဲ့သည်။

သို့သော် လက်ရှိ ရီဖူရှင်း၏အင်အားနှင့်ဆိုလျှင် အနာဂတ်တွင် သူသည် အရှင်ရှာမင်ကို မီလာနိုင်ပေသည်။ သူသာ မှော်နက်နန်းတော်နှင့် ပူးပေါင်းလိုသ၍ သူ့လက်ထဲရှိ စွမ်းအားသည် မှော်နက်နန်းတော်၏ စွမ်းအားဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရီဖူရှင်းသည် အရှင်ရှာမင်ထက် ပို၍ တန်ဖိုးရှိနေသည်။

အကယ်၍ မှော်နက်အရှင်က ထိုသို့တွေးခြင်းသာဖြစ်လျှင် မှော်နက်အရှင်ပြောခဲ့သော အရာအားလုံးသည် ယခုတွင် အဓိပ္ပာယ်ရှိသွားပေပြီ။ သို့သော် သူ ထိုသို့ ပြောလိုက်ချိန်တွင် သူသည် အရှင်ရှာမင်၏ ခံစားချက်များကို ထည့်မတွက်ခဲ့ပေ။ မှော်နက်အရှင်သည် မှော်နက်လောက၏ အာဏာရှင်တစ်ယောက်ဟု ကျော်ကြားသည်။ သူသည် အခြားသူများက သူ့အပေါ်ဘယ်လိုထင်သည်၊ ဘယ်လိုမြင်သည်ကို အမှန်ပင် ဂရုမစိုက်ခြင်းလည်းဖြစ်နိုင်ပေသည်။ သူသည် မည်သူ၏ ကျေးဇူးတင်ခြင်းကိုမှ ခံရန် မလိုပေ။ သူ့ကို မုန်းနေခြင်းပင် သူ့အတွက် အရေးမပါပေ။

သူ၏ဆန္ဒသည် လောကအတွင်းသို့ အမှောင်ထု ကျဆင်းလာနိုင်စေရန်ပင် ဖြစ်သည်။

“ကမ်းလှမ်းချက်အတွက် ကျုပ် မှော်နက်အရှင်ကို ကျေးဇူးတင်တယ်။ တစ်ခုပဲ... အခု ကျုပ်က စီဝေ့ကြယ်ကောင်းကင်ကို တာဝန်ယူထားရပါတယ်... ပြီးတော့ မိတ်ဆွေတော်‌တော်များများက ကျုပ်နောက်ကို လိုက်ခဲ့ကြတယ်။ တကယ်လို့ ကျုပ်သာ မှော်နက်နန်းတော်နဲ့ ပူးပေါင်းလိုက်ရင် ကျုပ်နောက်ကို လိုက်ခဲ့ကြတဲ့ လူအားလုံးကို သစ္စာဖောက်လိုက်တယ်လို့ သေချာပေါက် အမြင်ခံရမှာပါ။ မှော်နက်အရှင် ကျုပ်ရဲ့ အခြေအနေကို နားလည်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်”

ရီဖူရှင်း ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်သည်။ သူသည် မှော်နက်နန်းတော်နှင့် မပူးပေါင်းနိုင်ပေ။

“ချင်းယောင်က မင်းအတွက် မှော်နက်နန်းတော်ကို သစ္စာဖောက်ချင်နေတာ... ဒါပေမဲ့ မင်းက သူ့အတွက် မှော်နက်နန်းတော်နဲ့ မပူပေါင်းနိုင်ဘူးပေါ့”

မှော်နက်အရှင်က သူ့ကို အေးစက်စွာ မေးလိုက်သည်။ မှော်နက်အရှင်သည် မဆိုင်သည်များကို ဆွဲပြောနေသည်။ ထိုကိစ္စနှစ်ခုသည် မည်သို့မှ မသက်ဆိုင်ချေ။ သူသည် ရီချင်းယောင်အတွက် မှော်နက်နန်းတော်သို့ လာခဲ့သည် မဟုတ်ပါလား။ ယခုတွင် သူ၏အသက်သည် သူ့လက်ထဲတွင် မရှိတော့ပေ။

သို့သော် သူသည် မှော်နက်အရှင်ကို တည့်တိုး မငြင်းနိုင်ပေ။ ထို့ကြောင့် သူကွေ့ပတ်ပြောရသည်။

“တကယ်လို့ မှော်နက်အရှင်က ကျုပ်ကို မယုံဘူးဆိုရင် ကျုပ်ကို ချင်းယောင်နဲ့ စကားပြောခွင့်ပေးပါ... တကယ်လို့ တစ်ရက်ကျ မှော်နက်နန်းတော်နဲ့ ကျုပ်က ဆန့်ကျက်ဘက်ဖြစ်သွားကြရင် တိုက်ပွဲပြင်မှာ ချင်းယောင်နဲ့ ကျုပ်က ကျုပ်တို့ရဲ့ ဆက်ဆံရေးကို ဘေးဖယ်ထားပါမယ်”

“ငါ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ကို သတ်လိုက်ရင် ပိုမလွယ်ဘူးလား”

မှော်နက်အရှင်သည် ခြိမ်းခြောက်ဟန်ဖြင့် မေးလိုက်သည်။

“တကယ်လို့ မှော်နက်အရှင်က ပိုသင့်တော်တဲ့ နောက်ထပ်ဆက်ခံသူတစ်ယောက်ကို ရှာနိုင်တယ်ဆိုရင်တော့ အဲဒီလိုလုပ်တာကို နားလည်ပေးနိုင်ပါတယ်”

ရီဖူရှင်းက ပြန်ပြောလိုက်၏။

မှော်နက်အရှင်၏ နက်မှောင်သောမျက်လုံးများက ရီဖူရှင်းကို စိုက်ကြည့်နေ၏။ သူပြောလိုက်၏။

“ကောင်းပြီလေ... သေချာစဉ်းစားပါ။ ပြီးရင် မင်းရဲ့အဖြေကို ငါ့ကို ပေးပါ။ ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်”

သူ၏အသံ ပျောက်ကွယ်သွားသောအခါ ကြောက်မက်ဖွယ် မှော်နက်မုန်တိုင်းတစ်ခုသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို ရုတ်ခြည်း လွှမ်းခြုံသွားသည်။ သူသည် အမှောင်ထုထဲတွင် နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက်တွင် မှော်နက်မုန်တိုင်းက သူ့ကို သီးခြားအာကာပြင်တစ်ခုသို့ ခေါ်ဆောင်သွား၏။ သူပတ်ပတ်လည်တွင် အဆုံးမဲ့ အမှောင်ထုသာ ရှိနေသည်။

ရီဖူရှင်း မျက်နှာပျက်နေသည်။ အကောင်းဆုံးကြိုးစား၍ အမှောင်ထုကို ဖြတ်မြင်နိုင်အောင် ပြူးပြဲကြည့်နေသော သူ့မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းနေသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏နတ်အာရုံကို ထုတ်လွှတ်လိုက်၏၊ သို့သော် အသုံးမဝင်ချေ။

သူ ဗုဒ္ဓရောင်ဝါခြေလှမ်းကိုသုံး၍ လှုပ်ရှားလိုက်၏။ သို့သော် မကြာခင်တွင် သူသည် အမှောင်ထုထဲ၌သာ ရှိသေးပြီး အပြင်သို့ မထွက်နိုင်သေးကြောင်း သိလိုက်ရ၏။

မှော်နက်အရှင်သည် သူ့ကို ဖမ်းချုပ်ထားပေပြီ။

မှော်နက်နန်းတော်၏အထက်ရှိ အမှောင်ထု ဝန်းရံထားသော နေရာမှ ပလ္လင်တစ်ခုပေါ်တွင် အနက်ရောင်ပုံရိပ်တစ်ခု ထိုင်နေသည်။ ထိုပလ္လင်သည် အရာအားလုံးနှင့် အခြားသူအားလုံးအထက်တွင် ရှိပေသည်။ အောက်ဘက် မြေပြင်တွင် ပုံရိပ်တစ်ခုက ဒူးထောက်နေ၏။ သူမကို ဝတ်ရုံတစ်ခုက ဖုံးလွှမ်းထားသည်။ သို့သော် သူမ၏ မျက်နှာကိုတော့ မဖုံးထားပေ။ သူမမှာ ရီချင်းယောင်ဖြစ်သည်။ သူမသည် ဖြစ်ပျက်သွားခဲ့သော အရာအားလုံးကို မြင်ပြီးသွားပြီဖြစ်ပြီး ရီဖူရှင်း မှော်နက်နန်းတော်သို့ ရောက်လာခဲ့ကြောင်း သိရှိပြီးဖြစ်သည်။

“ငါ သူ့ကိုသတ်ရင် မင်းဘာလုပ်မလဲ”

မှော်နက်အရှင်က ရီချင်းယောင်ကို မေးလိုက်၏။

“အဲဒီလိုဆို ကျွန်မကိုလည်း သတ်လိုက်ဖို့ အရှင့်ကို တောင်းဆိုပါမယ်”

ရီချင်းယောင် ပြန်ဖြေလိုက်၏။

“ငါက မသတ်ဘူးဆိုရင်ရော...”

မှော်နက်အရှင်က အေးစက်စက် ပြောလိုက်၏။

“ကျွန်မ အမှောင်ထုဆီကို အမှောင်ထု ယူဆောင်လာပါမယ်”

ရီချင်းယောင်သည် ခေါင်းငုံ့ကာ မြေပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော်လည်း သူမ၏ အေးစက်စက်အသံသည် လွန်စွာပြတ်သားနေသည်။

မှော်နက်အရှင် ပြောလိုက်၏။

“ဖခင်မရှိ၊ ဘုရင်မရှိ၊ အချစ်မရှိ၊ ကျင့်ဝတ်မရှိဆိုတာမှ အမှောင်ထုရဲ့ အဓိပ္ပာယ်အစစ်အမှန်ပဲ။ ဒါပေမဲ့ မင်းဆီမှာ အားနည်းချက်တွေ ရှိနေသေးတယ်။ တကယ်လို့ ငါ သူ့ကိုသတ်ရင် မင်းက အမှောင်ထုထဲကို လုံးဝကျရောက်သွားမှာပဲ... အဲဒါက မင်းအတွက် ပိုကောင်းလောက်တယ်”

“ဟင့်အင်း... ကျွန်မက အမှောင်ထုဆီကိုပဲ အမှောင်ထု ယူ‌ဆောင်လာပြီး လောကကြီးထဲမှာ အမှောင်ထု ပျောက်ကွယ်သွားအောင် လုပ်မှာပါ”

ရီချင်းယောင် ပြန်ပြောလိုက်၏။

“ကောင်းပြီလေ”

မှော်နက်အရှင်သည် ရီချင်းယောင်ကို စူးစူးဝါးဝါးကြည့်လိုက်ပြီး ပြောလိုက်၏။

“ရီချင်းယောင်... ငါ မင်းကို နတ်ဘုရားကုန်းမြေဆီ ချက်ချင်းပြန်ဖို့ အမိန့်ပေးတယ်။ အရှင်ရှာမင်နဲ့ ပူးပေါင်းလုပ်ဆောင်ပြီး နတ်ဘုရားတွေနဲ့ သက်ဆိုင်တဲ့ အပျက်အစီးကုန်းမြေဆီ အမှောင်ထု ဆောင်ကျဉ်းလိုက်ပါ။ အဲဒီကုန်းမြေရဲ့ တစ်လက်မ မကျန် အမှောင်ထု ဖုံးလွှမ်းတာကို ငါလိုချင်တယ်”

လက်ရှိတွင် လောကအားလုံးမှ ကျင့်ကြံသူများသည် နတ်ဘုရားကုန်းမြေပေါ်တွင် စုဝေးနေကြလေသည်။ ထိုနေရာသည် ပြီးပြည့်စုံသော စစ်မြေပြင်တစ်ခုဖြစ်ပြီး စစ်ပွဲတစ်ပွဲစရန် သင့်‌တော်ပေသည်။ လောကစစ်ပွဲတစ်ပွဲကိုစရန် ပို၍ပင် သင့်တော်ပေသည်။

“ဟုတ်ကဲ့ပါ အရှင်”

ရီချင်းယောင်သည် အမိန့်ကို နာခံလိုက်ပြီး မေးခွန်းများ ဆက်မမေးတော့ဘဲ ထွက်သွားသည်။

ရီချင်းယောင် ထွက်သွားပြီးနောက်တွင် မှော်နက်အရှင်သည် ထွက်ခွာသွားသော သူမ၏ပုံရိပ်ကို အချိန်အတော်ကြာ ငေးကြည့်နေသည်။ သူသည် ရီချင်းယောင်ကို မျက်နှာသာပေးကြောင်း မှော်နက်နန်းတော်အတွင်းမှ လူအားလုံး သိကြသည်။ သို့သော် အဘယ်ကြောင့် ထိုသို့ မျက်နှာသာပေးရခြင်းကို မည်သူမှ မသိပေ။

ရီချင်းယောင်၏ဘဝသည် အလွန်ကြမ်းတမ်းခဲ့ပြီး ဒုက္ခများနှင့် ပြည့်နှက်နေခဲ့သည်။ သူမ၏နှလုံးသားသည် အေးစက်ပြီး သွေးအလွန်အေးပေသည်။ သူမသည် အမှောင်ထုနှင့်သက်ဆိုင်ပြီး လောကကြီးသို့ ဘေးဒုက္ခများ ဆောင်ကျဉ်းရန် ကံတရားပါလာခဲ့သည်။

သူခေါင်းမော့၍ အခြားတစ်ဘက်သို့ ကြည့်လိုက်၏။ ရီဖူရှင်းသည် ထိုအမှောင်ထုထဲတွင် ပိတ်မိနေသည်။

သူသည် ရီဖူရှင်းကို ထိုအမှောင်ထု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာအောင် မည်သို့လုပ်ရမည်ကို တွေးတော်နေသည်။

ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်က အမှောင်ထု၏ တစ်စိတ်တစ်ပိုင်း ဖြစ်မလာလျှင် နှမြောစရာကောင်းပေလိမ့်မည်။

All Chapters