← Chapters

မုန်တိုင်း၏အစ

Vol. 193 Ch. 2756

မုန်တိုင်း၏အစ

Vol. 193 Ch. 2756

ရီဖူရှင်းသည် မှော်နက်လောကတွင် ပိတ်မိနေခဲ့သည်။ ၎င်းသည် အကျဉ်းထောင်တစ်ခုကဲ့သို့ပင်။ သူ မည်သို့လုပ်စေကာမူ ထို မှော်နက်အကျဉ်းထောင်အတွင်းမှ မလွတ်မြောက်နိုင်ပေ။

မှော်နက်အကျဉ်းထောင်သည် သူ၏အသိစိတ်နှင့် သူ၏နတ်အာရုံကို မထိခိုက်စေပေ။ မဟာလမ်းစဉ်စွမ်းအားနှင့် ဗုဒ္ဓရောင်ဝါခြေလှမ်းကိုလည်း ပုံမှန်အတိုင်း အသုံးပြုနိုင်ပေသည်။ သို့သော် သူ အပြင်သို့ မထွက်နိုင်ချေ။ သူသည် စစ်မှန်သော နတ်စွမ်းအားနှင့် ချိပ်ပိတ်ခံထားရသကဲ့သို့ပင်။

ထိုအကျဉ်းထောင်သည် ထျန်ရှန်းက သူ့အတွက် ပြုလုပ်ထားသော အကျဉ်းထောင်ကဲ့သို့ဖြစ်ပြီး မှော်နက်အရှင်ကိုယ်တိုင် ထိုအကျဉ်းထောင်ကိုသုံး၍ သူ့ကို ပိတ်နှောင်ထားသကဲ့သို့ပင်ဖြစ်သည်။ ရီဖူရှင်း မည်မျှသန်မာစေကာမူ အပြင်သို့ ထွက်နိုင်မည်မဟုတ်ပေ။ မှော်နက်အရှင်သည် စစ်မှန်သော မဟာအင်ပါယာတစ်ပါးဖြစ်ပြီး မှော်နက်လောက၏ အုပ်စိုးသူဖြစ်သည်။

သူသည် ရီဖူရှင်းကို အကျဉ်းချထားရန်သာ ရည်ရွယ်ပြီး သတ်ရန် မရည်ရွယ်ပေ။ ရီဖူရှင်းသည် အကြိမ်များစွာ ကြိုးစားပြီးနောက် သူ မလွတ်မြောက်နိုင်ကြောင်း နားလည်သွားသည်။ ထို့ကြောင့် သူလက်လျှော့လိုက်ပြီး ထိုင်၍သာ ကျင့်ကြံနေလိုက်သည်။ အကန့်အသတ်မဲ့ အမှောင်ထုထဲတွင် ဧရာမမျက်နှာကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် အမှောင်ထုမှ ဖြစ်ပေါ်လာသည်ဟု ထင်ရ၏။ ကြောက်မက်ဖွယ် မှော်နက်မုန်တိုင်းတစ်ခုလည်း ဖြစ်ပေါ်လာ၏။ ရီဖူရှင်းသည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး အထက်သို့ ငေးကြည့်သည်။ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော မှော်နက်ဝိညာဉ်စွမ်းအားကို သူခံစားလိုက်ရ၏။ သူသည် ထိုကဲ့သို့ စွမ်းအားကြီးသော ဝိညာဉ်စွမ်းအားမျိုးကို ယခင်က မခံစားခဲ့ဖူးပေ။

သူသည် ယခင်က နတ်ဆိုးအင်ပါယာနှင့် တွေ့ခဲ့ဖူးပြီး အရှင်ဒွန်ဟောင်နှင့်လည်း တွေ့ခဲ့ဖူးသည်။ သူသည် မဟာအင်ပါယာများစွာထံမှလည်း အမွေအနှစ်များ ရရှိခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် မှော်နက်အရှင်၏ ဝိညာဉ်စွမ်းအားအစစ်အမှန်သည် သူ့ကို ဖိနှိပ်နေသည်။ ထိုကဲ့သို့သော အခြေအနေသည် ယခင်က တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။

“မှော်နက်အရှင်... ဘာလုပ်နေတာပါလဲ”

ရီဖူရှင်းက မေးလိုက်သည်။

“လောကအစစ်အမှန်ဆိုတာ ဘာလဲဆိုတာ မင်းကို ပြမလို့”

ပါးလျလျအသံတစ်သံ ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ် မုန်တိုင်းကြီးသည် ရီဖူရှင်းထံသို့ ဦးတည်လာပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ထို့နောက်တွင် ဗြောင်းဆန်နေသော ဝိညာဉ်စွမ်းအားသည် ရီဖူရှင်း၏အတွေးအတွင်းသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။ ယင်းနောက် သူ့တစ်ကိုယ်လုံး အပြင်းအထန် တုန်ယင်လာသည်။

ဝုန်း..

ထိုဝိညာဉ်စွမ်းအားသည် သူ၏ဝိညာဉ်စွမ်းအားကို ဖျက်ဆီးရန် မဟုတ်ပေ။ ထိုအစား ၎င်းသည် သူ့ကို အခြားလောကတစ်ခုသို့ ခေါ်ဆောင်သွားသည်။ သူသည် အထူးအခြေအနေတစ်ခုသို့ ဝင်ရောက်သွားပုံပေါ်လေသည်။ သူ့စိတ်၏ နက်ရှိုင်းသောအပိုင်းအတွင်းသို့ မရေမတွက်နိုင်အောင် များပြားသော ပုံရိပ်များနှင့် မှတ်ဉာဏ်များ ရုတ်ခြည်း ဝင်ရောက်လာ၏။ ထိုမှတ်ဉာဏ်များသည် သူနှင့် သက်ဆိုင်သည်ဟုပင် ထင်နေရလေသည်။

ခေတ္တမျှကြာပြီးသောအခါ မှော်နက်ဝိညာဉ်စွမ်းအား လွင့်ပြယ်သွားသည်။ ရီဖူရှင်း၏အရှိန်အဝါသည် သူ့ခန္ဓာကိုယ်ပေါ်တွင် အပြင်းအထန် လှုပ်ခတ်နေပြီး သူ့မျက်လုံးများ ပွင့်လာလေသည်။ သူ့မျက်လုံးများအတွင်းမှ အေးစက်စက် အလင်းတန်းတစ်ခု ထွက်လာ၏။

“ဟူး...”

ရီဖူရှင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ တစ်ခဏမျှသာ ရှိသေးသော်လည်း သူသည် ဘဝများကို တွေ့ကြုံခဲ့ရပြီးသကဲ့သို့ ခံစားနေရသည်။ တစ်စက္ကန့်သည် ရာစုနှစ်တစ်စုလောက် ကြာသလိုပင်။ သူ့စိတ်ထဲတွင် ဇာတ်လမ်းပေါင်းများစွာ ပေါ်လာပြီး သူသည် ထိုဇာတ်လမ်းတိုင်း၏ အဓိကဇာတ်ဆောင်ဖြစ်ကာ ဇာတ်လမ်းကို ကိုယ်တိုင် တွေ့ကြုံခံစားနေရသည်။ ထို့အပြင် ဇာတ်လမ်းတိုင်းသည် ခြွင်းချက်မရှိ ကြေကွဲဖွယ် ဇာတ်လမ်းများသာဖြစ်သည်။

“ခင်ဗျားက မှတ်ဉာဏ်တွေကို တိုက်ရိုက်ထည့်ပေးလိုက်တာပေါ့”

ရီဖူရှင်းသည် သူ၏ဝိညာဉ်စွမ်းအားက ခွင့်ပြုချက်မရှိဘဲ အသုံးပြုခံလိုက်ရသကဲ့သို့ ခံစားနေရသည်။ သူ ဟင်းလင်းပြင်ထဲရှိ မည်းမှောင်နေသောမျက်နှာကြီးကို မော့ကြည့်သည်။ သူ့ဦးနှောက်အတွင်းသို့ ထည့်ပေးလိုက်သော မှတ်ဉာဏ်များက သူ့ကို အလွန်စာနာစိတ်ဖြစ်နေစေလေသည်။ သူသည် ထိုမှတ်ဉာဏ်များကို ဘေးမှကြည့်ခဲ့ရသည် မဟုတ်ဘဲ ကိုယ်တိုင်တွေ့ကြုံခံစားလိုက်ရသဖြင့် သက်ရောက်မှုက ကြီးပေသည်။ သူသည် ဘဝတစ်ခုပြီးတစ်ခုကို တွေ့ကြုံခံစားရပြီးနောက်တွင် သူ့နှလုံးသားက အေးစက်လာသည်ကို ခံစားလိုက်ရပြီး သူ့စိတ်ထဲတွင် အဆိုးမြင်မှုများနှင့်သာ ပြည့်နှက်နေသည်။

“မင်းတွေ့ခဲ့ရတာက လောကအစစ်အမှန်ပဲ။ မင်း ဘဝတစ်လျှောက်မှာလည်း အဲဒီလိုတွေ တော်တော်များများ တွေ့ကြုံခဲ့ဖူးမှာပါ။ အဲဒီအကြောင်းတွေကို သေချာပြန်စဉ်းစားပါ”

အသံ ထပ်မံ ထွက်ပေါ်လာပြီး သူ့အပေါ် လွှမ်းမိုးဖို့ ကြိုးစားနေသည်။ တစ်စုံတစ်ယောက်ကို အမှောင်ထုအတွင်း ကျသွားစေရန် ထိုသူ၏ အတွေးအခေါ်ကို အရင်ဆုံး ပြောင်းလဲပစ်ရမည်ဖြစ်ပြီး အမှောင်ထုက သူ့ကို အလုံးစုံ လွှမ်းမိုးသွားနိုင်အောင် လုပ်ရမည်ဖြစ်သည်။ ထို့နောက်တွင် ထိုသူသည် လောကအတွင်းသို့ အမှောင်ထုကို သဘာဝကျကျ ဆောင်ကျဉ်းလာပေလိမ့်မည်။

“လောကအစစ်အမှန်က အမှောင်ခြမ်းတစ်ခုပဲ ရှိတာမဟုတ်ဘူး”

ရီဖူရှင်းသည် သူ့စိတ်ထဲရှိ မှတ်ဉာဏ်အားလုံးက အမှန်တကယ် ဖြစ်ခဲ့ကြောင်း ယုံကြည်ပေသည်။ သို့သော် သူသာ ထိုဝိညာဉ်စွမ်းအား၏ တိုက်စားမှုကို ခံခဲ့ရပါက သူသည် ရက်စက်၊ သွေးဆာလာမည်ဖြစ်ပြီး မည်သူ့ကိုမှ ယုံကြည်‌တော့မည် မဟုတ်ပေ။

ဗုဒ္ဓအလင်းတောက်ပလာပြီး ရီဖူရှင်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ သူမျက်လုံးမှိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် ရွှေရောင်အလင်း တောက်ပလာသည်။ ဗုဒ္ဓတရားသံသည် သူ့ကို လှည့်ပတ်နေသည်။ ရီဖူရှင်း၏နှုတ်ခမ်းများ လှုပ်ရှားနေပြီး ဗုဒ္ဓတရားတော်ကို ရွတ်ဖြတ်နေသည်။ ထိုအသံသည် သင်္ကတများအဖြစ် ပြောင်းလဲသွားပြီး အမှောင်ထုထဲတွင် ပြည့်နှက်သွားသည်။

“ဟင်း...”

အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာပြီး ၎င်းသည် ရီဖူရှင်းခန္ဓာကိုယ်ပေါ်ရှိ ဗုဒ္ဓအလင်းကို ဖျက်ဆီးသွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို မှော်နက်စွမ်းအားက လွှမ်းခြုံသွား၏။ အဖျက်စွမ်းအား၊ မရဏစွမ်းအားနှင့် အခြားစွမ်းအားများသည် သူ့ကို ဝါးမျိုနေပြီး နောက်ထပ် ကြောက်မက်ဖွယ်မှတ်ဉာဏ်တစ်ခုသည် ရီဖူရှင်း၏စိတ်ထဲသို့ ဝင်သွားသည်။

ရီဖူရှင်းသည် အတိတ်မှအရာအားလုံးကို တွေ့ကြုံခံစားလိုက်ရပြီး လူသားလောက၏ မကောင်းမှုအားလုံးကို ခံစားလိုက်ရ၏။ သို့သော် သူနိုးထလာသောအခါတွင် သူ့ကိုသူ သတိပေးလိုက်သည်။ ဗုဒ္ဓအလင်းသည် သူ့ကို ထပ်မံဝန်းရံသွားပြီး သူ၏ဝိညာဉ်စွမ်းအား ဖျက်ဆီးမခံရစေရန် ရှေးဟောင်းကျမ်းစာများကို ရွတ်ဆိုလိုက်သည်။

အကြိမ်များစွာ ထိုကဲ့သို့ ဒုံရင်းအခြေအနေ ဖြစ်ပြီးနောက်တွင် မှော်နက်ဝိညာဉ်စွမ်းအား ပျောက်ကွယ်သွားသည်။ ၎င်းသည် လက်လျှော့သွားပေပြီ။ ရီဖူရှင်းတွင် လွန်စွာခိုင်မာသော စိတ်ဓာတ်ရှိပေသည်။ သူသည် ပြင်းထန်သော တိုက်ခိုက်မှုများနှင့် လွှမ်းမိုးမှုများကို ခံနေရစဉ်မှာပင် အသိစိတ်မလွတ်စေခဲ့ချေ။ သူသည် သူ့ကိုယ်သူ ထိန်းချုပ်ခဲ့ပြီး အမှောင်ထုကို ဗုဒ္ဓစွမ်းအားဖြင့် တွန်းလှန်ခဲ့သည်။

သို့သော် ထိုအရာအားလုံးသည် အချည်းနှီးမဟုတ်ချေ။

ရီဖူရှင်း စိတ်ထဲသို့ရောက်သွားသော အရာအားလုံးသည် အမှန်တကယ် ဖြစ်ပျက်ခဲ့သော အရာများဖြစ်သည်။ ဗုဒ္ဓစွမ်းအားသည် ထိုမှတ်ဉာဏ်များမှ ဖြစ်ပေါ်လာသော အဆိုးမြင်စိတ်များကိုသာ မောင်းထုတ်နိုင်ခြင်းဖြစ်၏။ သို့သော် ထိုမှတ်ဉာဏ်များမှာမူ သူ့အ‌ပေါ် သက်ရောက်မှု ရှိနေဆဲဖြစ်သည်။ ထိုသက်ရောက်မှုများကို မဖယ်ရှားပစ်နိုင်ပေ။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်။ အမှောင်ထု၏ အကျဉ်းချထားမှုကို ခံထားရသော ရီဖူရှင်းသည် နတ်ဘုရားကုန်မြေ၏ သတင်းများကို ကြားခဲ့ရသည်။ ယခင်က နတ်ဘုရားကုန်းမြေပေါ်တွင် လောကအသီးသီးအကြား၌ ပဋိပက္ခများ ရှိနေခဲ့သော်လည်း ထိန်းမနိုင်သိမ်းမရတော့ မဖြစ်ခဲ့သေးပေ။ ယခုတွင်မူ ထိုပဋိပက္ခများသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပေပြီ။

ထိုသို့ဖြစ်လာရခြင်းမှာ မှော်နက်နန်းတော်ကြောင့်ဖြစ်သည်။

မှော်နက်လောကမှ ကျင့်ကြံသူများသည် လုယက်မှုများနှင့် သတ်ဖြတ်မှုများကို မပြတ်ကျူးလွန်နေပြီး နတ်ဘုရားကုန်းမြေပေါ်ရှိ နေရာအနှံ့တွင် စစ်ပွဲများဖြစ်ပေါ်လာစေကြောင်း ရီဖူရှင်း မကြာခင်က ကြားခဲ့ရသည်။ ထိုအဖြစ်အပျက်များစွာ၏ နောက်ကွယ်တွင် မှော်နက်နန်းတော်၏ ခြေရာလက်ရာများကို တွေ့ရသည်။ ထို့ကြောင့် စစ်ပွဲများ ပို၍ ပို၍ ဖြစ်ပေါ်လာပြီး မှော်နက်လောကနှင့် ကောင်းကင်ဒေသမှ အင်အားစုများသည် ပထမဆုံး အင်အားကုန်သုံး၍ စစ်ဖြစ်ခဲ့ကြလေသည်။ စစ်ပွဲသည် နေရာအာလုံးကို ပျက်စီးသွားစေသည်။

တစ်ချိန်တည်းမှာပင် မှော်နက်နန်းတော်သည် ဒွန်ဟောင်အင်ပါယာနန်းတော်၏ အင်အားစုများကို တိုက်ခိုက်ခဲ့သည်။ သူတို့သည် နာဂါအမွေအနှစ်နယ်မြေကိုပင် သိမ်းပိုက်လိုခဲ့ကြသည်။

ထိုနှစ်ဖွဲ့အကြားမှ စစ်ပွဲသည် နိဒါန်းကဲ့သို့ဖြစ်ပြီး နတ်ဘုရားကုန်းမြေတစ်ခွင်လုံးကို စစ်မီးကူးသွားစေခဲ့သည်။ အခြားအင်အားစုများလည်း မုန်တိုင်းအတွင်းသို့ တဖြည်းဖြည်း ပါဝင်လာကြသည်။ ကျပန်းတိုက်ပွဲလေးများမှနေ၍ တဖြည်းဖြည်းဖြင့် လောကအသီးသီးမှ အင်အားစုများအကြားမှ စစ်ပွဲများ စတင်လာခဲ့သည်။ နတ်ဆိုးလောက၊ ကောင်းကင်ဒေသ၊ ဗုဒ္ဓလောကနှင့် လူသားဘုံတို့ကြားတွင် ပဋိပက္ခများ ဆက်ဖြစ်နေခဲ့သည်။ ဗလာနတ္တိဘုံသည်လည်း ထို့အတူပင်။

ထိုပဋိပက္ခများကို နတ်ဆိုးအင်ပါယာနန်းတော်နှင့် ဗလာနတ္တိတောင်ကုန်းတို့မှ အစပြုခဲ့ခြင်း မဟုတ်ချေ။ သူတို့ မုန်တိုင်းအတွင် ဝင်ပါရန် မဆုံးဖြတ်ရသေးခင်မှာပင် နတ်ဆိုးလောကနှင့် ဗလာနတ္တိဘုံတို့မှ အင်အားစုများနှင့် အခြားလောကများသည် စတင်တိုက်ခိုက်နေခဲ့ကြပြီး အခြေအနေတင်းမာနေခဲ့ကြသည်။ ထိုအဖြစ်များသည် သူတို့၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။

နတ်ဘုရားကုန်းမြေပေါ်တွင် ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာနေသည်။

ရီချင်းယောင်သည်လည်း နတ်ဘုရားကုန်းမြေသို့ ပြန်သွားပြီး စစ်ပွဲထဲတွင် ပါဝင်နေကြောင်း ရီဖူရှင်း သိခဲ့ရသည်။ သူမသည် မှော်နက်နန်းတော်မှ စွမ်းအားကြီးတိုက်ခိုက်သူများကို ဦးဆောင်၍ ဒွန်ဟောင်အင်ပါယာနန်းတော်က ဦးဆောင်သော ကောင်းကင်ဒေသကို တိုက်ခိုက်ရမည်ဖြစ်သည်။

“မှော်နက်အရှင်...”

ရီဖူရှင်း ခေါင်းမော့၍ ဟင်းလင်းပြင်ထဲသို့ အော်ခေါ်လိုက်သည်။ ဤနေရာသည် မှော်နက်နန်းတော်ဖြစ်၍ မှော်နက်အရှင်သည် နေရာတိုင်းတွင် ရှိပေသည်။ မှော်နက်အရှင်သည် ဤနေရာသို့ မည်သည့်အခါကမှ လာခဲ့လောက်မည် မဟုတ်ပေ။ သို့သော် သူသည် ဤနေရာတွင် အမြဲရှိနေခဲ့သည်ဟုလည်း ဆိုနိုင်ပေသည်။

“ခင်ဗျား ကျုပ်ကို အကျဉ်းချထားတာ ရက်ပေါင်းများစွာကြာပြီ။ အခု ခင်ဗျား ဆုံးဖြတ်ချက် ချပြီးသွားပြီဆိုတော့ ကျုပ်ကို ဒီနေရာမှ ဘယ်လောက်ကြာကြာ ပိတ်ထားဦးမှာလဲ”

ရီဖူရှင်း ကျယ်လောင်စွာ ပြောလိုက်၏။

“ကျုပ် မှော်နက်နန်း‌တော်ကို မလာခင် သူတို့ကို အမိန့်ပေးခဲ့တယ်။ တကယ်လို့ ကျုပ်သာ မှော်နက်နန်းတော်မှာ အန္တရာယ်ကြုံခဲ့ရင် စီဝေ့အင်ပါယာနန်းတော်နဲ့ နတ်ဆိုးလောက,က မှော်နက်နန်းတော်ကို တိုက်ခိုက်လိမ့်မယ်”

“မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား”

အေးစက်စက်အသံတစ်သံက ပြောလိုက်၏။ ထိုအသံနှင့်အတူ မွန်းကျပ်ဖွယ်ဖိအားတစ်ခု ကျဆင်းလာသည်။

“အဲဒါက ခြိမ်းခြောက်တာ မဟုတ်ဘူး... အမှန်တရားပဲ”

ရီဖူရှင်း‌ ပြောလိုက်၏။

“တကယ်လို့ ကျုပ်သာ ပြန်မသွားရင် စီဝေ့အင်ပါယာနန်းတော်က ဘာမှ မပြောဘူးဆိုရင်တောင် ယူချင်းက နတ်ဆိုးအင်ပါယာနန်းတော်ကို ဦး‌ဆောင်ပြီး မှော်နက်နန်းတော်ကို တိုက်ခိုက်ဦးမှာပဲ။ အဲဒီအချိန်ကျရင် ကျုပ် သူတို့ကို ချင်းယောင် သစ္စာဖောက်လာအောင် ဆွယ်ပေးခိုင်းရမှာပဲ။ အဲဒီတိုက်ပွဲမှာ လောကခြောက်ခုရဲ့ စည်းမျဉ်းတွေ ပါလိမ့်မယ်။ အဲဒီတိုက်ပွဲက မှော်နက်အရှင်ဖြစ်တဲ့ ခင်ဗျားအတွက်တောင် ဝင်ပါဖို့ ခက်ခဲလောက်မယ်... ဟုတ်တယ်မလား”

All Chapters