သူတော်ကောင်းယောင်ဆောင်တာလား။
Vol. 193 Ch. 2761
စစ်မြေပြင်၏ ကောင်းကင်ကို ဖြတ်သန်းရင်း ရီဖူရှင်းတို့အဖွဲ့က ရှေ့သို့ ဆက်လက်သွားနေပြီး အဝေးရှိ ကောင်းကင်တွင် ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်လိုက်ကြရသည်။
“စစ်ပွဲက စနှင့်နေပြီပဲ။”
ဘေးမှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ထိုနေရာက ဝေးကွာနေသေးသော်လည်း စစ်ပွဲစတင်နေပြီဖြစ်ကြောင်း ကောင်းကင်မှ မြင်နိုင်ပေသည်။ အရှိန်အဝါတို့က ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှပြီး ကောင်းကင်က ကမ္ဘာကြီးအဆုံးသတ်တော့မည့် အခြေအနေနှင့် တူနေခဲ့သည်။
“အဲဒါ အရှင်ရှာမန်ဖြစ်မယ်။”
ရီဖူရှင်းက ပြောလိုက်သည်။ ထိုမြင်ကွင်းက အလွန် ရင်းနှီးလှသည်။ ၎င်းသည် အရှင်ရှာမန် ယခင်က သူတို့အား စစ်ကြေညာစဥ်ကနှင့် တူပေသည်။
“အင်း... လီသောက်ရှိုနဲ့ အရှင်ရှာမန်တို့ တိုက်ခိုက်နေကြတာ။”
ဓားဧကရာဇ်အရှင်က ပြောလိုက်သည်။ လီသောက်ရှိုက အရှင်ဒွန်ဟောင်လက်အောက်မှ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး အရှင်ဒွန်ဟောင်ထက်ပင် ကျင့်ကြံသည့်သက်တမ်းကြာရှည်သေးသည်။ သူက မည်သည့်အတွက်ကြောင့် အရှင်ဒွန်ဟောင်နောက်သို့ လိုက်ကြောင်း မည်သူမှမသိသော်လည်း သူက အရှင်ဒွန်ဟောင်ဘေး၌ အလွန် ရှည်ကြာလှသည့် အချိန်ကာလကတည်းကပင် လိုက်ပါခဲ့ခြင်း ဖြစ်သည်။ သူက လူရှေ့ထွက်လာခဲပြီး အလွန် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။
ကောလာဟလများအရ ထိုစဥ်က အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်ဘေးတွင် နောက်ထပ် ထူးခြားဆန်းကြယ်သည့် ပုဂ္ဂိုလ်နောက်တစ်ယောက်ရှိသေးသည်ဟု ဆိုသည်။ သူက လီသောက်ရှိုနှင့် ပခုံးချင်းယှဥ်နိုင်သော်လည်း စစ်ပွဲပြီးသည့်နောက် သူက ဒွန်ဟောင်အင်ပါယာနန်းတော်ကို သစ္စာဖောက်ခဲ့သည့်အတွက် လိုက်အသတ်ခံခဲ့ရသည်။
သူ့တွင် အလွန်ထူးခြားဆန်းကြယ်သည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်ဟု ပြောနိုင်ပြီး ထိုစဥ်က အမှန်တရားကို သိရှိသူများများစားစား မရှိပေ။ သို့သော် သူက နတ်ဆိုးကျင့်ကြံသူတစ်ယောက် ဖြစ်ပုံရပေသည်။
“ကျုပ် အရင်သွားနှင့်မယ်။ ခင်ဗျားတို့အားလုံး ကျုပ်နောက်က လိုက်ခဲ့ကြပါ။”
ရီဖူရှင်းက ပါးစပ်ကိုဖွင့်ကာ ပြောလိုက်သည်။ သူက ပြောပြီးသည်နှင့် အရှိန်မြှင့်လိုက်ကာ ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြု၍ စစ်မြေပြင်သို့ အလျင်စလို သွားခဲ့ကြသည်။
ကျန်ခဲ့သည့် အစွမ်းထက်ကျင့်ကြံသူများကလည်း ရီဖူရှင်းကို အမီလိုက်ရန် အလျင်အမြန် အရှိန်မြှင့်လိုက်ကြသည်။
ရီဖူရှင်းက စစ်မြေပြင်သို့ ရောက်သည့်အခါ အခြားသော အင်ပါယာအဆင့်အင်အားစုများကလည်း တဖြေးဖြေး ချဥ်းကပ်လာသည်ကို ရှာတွေ့ခဲ့ကြသည်။ သူတို့အားလုံးက ထိုအနီးဝန်းကျင်နေရာများမှ ဖြစ်သည်။ အဝေးရှိ အနက်ရောင်မုန်တိုင်းအတွင်း အလင်းတန်းတစ်ခုရှိနေသည်။ ထိုနေရာတွင် ဗုဒ္ဓကလန်မှ ဗုဒ္ဓကျင့်ကြံသူများက လက်များကို အုပ်ချီရင်း ဘုရားစာတို့ကို ရွတ်ဖတ်နေကာ ဗုဒ္ဓအလင်းတို့ ထိုနယ်မြေအား ထွန်းလင်းပေးရန် လုပ်ဆောင်နေသည်။
နောက်တစ်နေရာတွင် လူသားဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်များက ကောင်းကင်ဒေသမှ ကျင့်ကြံသူများဘေးမှ စစ်ပွဲအခြေအနေကို စောင့်ကြည့်နေသည်။ သူတို့က အချိန်မရွေး ဝင်ပါနိုင်ကြမည့်ပုံပေါ်သည်။
နတ်ဆိုးလောကနှင့် နတ္ထိဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်များလည်း ထိုနေရာ၌ ရှိနေသည်။
ကမ္ဘာခြောက်ခုမှ အင်ပါယာအဆင့်အင်အားစုခြောက်ခုက ရောက်ရှိနေပြီဖြစ်သော်လည်း ကောင်းကင်ဘုံက မရောက်လာခဲ့ပေ။ ကျိဝူတောက်က ဤသို့သော အဖြစ်အပျက်မျိုး၌ အလွယ်တကူ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ချေ။ သူက အင်ပါယာအဆင့်အင်အားစုများနှင့် တိုက်ရိုက်ပဋိပက္ခဖြစ်ပွားချင်ခြင်း မရှိပေ။ ပျက်စီးနေသည့် ရှေးဟောင်းကောင်းကင်နန်းတော်ကြောင့်သာ မဟုတ်ပါလျှင် သူတို့သည် ကောင်းကင်ဘုံက မည်မျှအားကောင်းကြောင်း သိရှိစေရန် ခွင့်ပြုလိမ့်မည် မဟုတ်သလို ကျိဝူတောက်က မည်သည့်ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေကြောင်း လူအများကို သိရှိခွင့်ပြုလိမ့်မည်လည်း မဟုတ်ပေ။
ထိုကဲ့သို့သော တစ်စုံတစ်ယောက်က ပို၍ အန္တရာယ်များလှသည်။ သူက အမြဲတစေ နှိမ့်ချကာ နေခဲ့ပြီး အမှောင်ထဲ၌ ပုန်းကွယ်နေခဲ့သော်လည်း ကိစ္စများစွာ လုပ်ဆောင်ခဲ့ပေသည်။ သူက ပို၍ပင် ရက်စက်ကာ နှလုံးသားကင်းမဲ့စွာနှင့် ကျင့်ကြံသူများစွာကို သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့သည်။ ထိုစဥ်က တားမြစ်နယ်မြေအတွင်း သူက ရီဖူရှင်းကိုပင် သတ်ဖြတ်ချင်ခဲ့သည်။
ယခုတွင် ရှေးခေတ်စစ်မြေပြင်အတွင်း အတိုင်းအတာကြီးမားကျယ်ပြန့်သည့် စစ်ပွဲတစ်ခု ဖြစ်ပွားနေသည်။ ဓားဧကရာဇ်အရှင် ပြောသလိုပင် မှော်နက်စစ်တပ်၏ ယဇ်ပုရောဟိတ် အရှင်ရှာမန်နှင့် အရှင်ဒွန်ဟောင်၏ လက်အောက်မှ နံပါတ်တစ်ကျင့်ကြံသူ လီသောက်ရှိုတို့ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ နှစ်ဖက်လုံး၏ တိုက်ပွဲမြင်ကွင်းက ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးတော့မတတ် အလွန် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းပေသည်။ အရှင်ရှာမန်က နတ်စွမ်းအားကို ချေးငှားယူထားသော်လည်း လီသောက်ရှိုက အစွမ်းထက်ကျင့်ကြံသူများစွာ၏ ရွှေရောင်ပိရမစ် ထိပ်ဆုံးတွင် ရပ်တည်နေသည့် တစ်စုံတစ်ယောက်ဖြစ်ပြီး သူတို့က တိုက်ရိုက်တိုက်ခိုက်နေကြသည်။
ဤသည်က မဟာအင်ပါယာအဆင့်အောက်မှ အထွတ်အထိပ် တိုက်ပွဲဖြစ်နိုင်သည်။
တစ်ချိန်တည်းတွင် အနီးအနား၌လည်း ပြင်းထန်သည့် တိုက်ပွဲအနည်းငယ် ဖြစ်ပွားနေခဲ့သည်။ ၎င်းတို့သည် ကြောက်မက်ဖွယ် ကောင်းပြီး အာရုံစိုက်မှုကို စွဲဆောင်နိုင်သော်လည်း အရှင်ရှာမန်နှင့် လီသောက်ရှိုကြားမှ တိုက်ပွဲကဲ့သို့ အဖျက်စွမ်းအားမပြင်းထန်ပေ။
မှော်နက်မီးလျှံသူတော်စင်သည်လည်း ဖုန်းရူနှင့် တိုက်ခိုက်နေခဲ့သည်။
တိုက်ပွဲမြေပြင်၌ အာရုံစိုက်အခံရဆုံးမှာ သေမင်းတမန်ရီချင်းယောင်နှင့် ဒွန်ဟောင်တိယွမ်တို့ ဖြစ်သည်။ သေမင်းတမန်ရီချင်းယောင်က အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်လျှင်ပင် လူတိုင်းသည် သူမက အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ရီဖူရှင်းနှင့် ပုံမှန်မဟုတ်သော ပတ်သတ်မှုရှိကြောင်း သိကြသည်။ သူမက ရီဖူရှင်းကို အစ်ကိုကြီးဟုပင် ခေါ်ပေသည်။ သူမက အမှောင်ထုနှင့်အတူ မွေးဖွားခဲ့ပြီး အမှောင်ထု၏ ကလေးငယ်အဖြစ် ကျော်ကြားသည်။ သူမက မရေတွက်နိုင်သော အခက်အခဲများကို တိုက်ရိုက်ကျော်ဖြတ်နိုင်ခဲ့သောကြောင့် သူမ၏ တည်ရှိမှုသည် ကျင့်ကြံသူများစွာကို ကျင့်ကြံခြင်း၏ အနှစ်သာရကိုပင် သံသယဝင်လာစေသည်။ ကောလာဟလများက ပြောကြသည်မှာ အမှောင်ထုသေမင်းတမန်အနေနှင့် သူမသည် ကျင့်ကြံခြင်းမရှိသေးသည့် ငယ်ရွယ်စဥ်မှာပင် ရန်ဟောင်အား သတ်ဖြတ်နိုင်သည်ဟုဆိုသည်။
တိုက်ပွဲမြေပြင်သို့ရောက်လာခဲ့ပြီးနောက် ရီဖူရှင်း၏ ပထမဆုံးအကြည့်တစ်ချက်မှာပင် ရီချင်းယောင်နှင့် ဒွန်ဟောင်တိယွမ်၏ တိုက်ပွဲထံ ကျရောက်သွားသည်။ ချင်းယောင်က သူမ၏ ပြောင်းလဲခြင်း၌ ပြီးပြည့်စုံလုနီးပါးဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမက အသူရာစိတ်ဝိညာဥ်စွမ်းအားကို ဆက်ခံခဲ့ပြီး ဘိုးဘေးနဂါးနှင့် မြင့်မြတ်ဖီးနစ်တို့၏ စွမ်းအားကိုပင် ဆန့်ကျင်တိုက်ခိုက်နိုင်သည်။
ထို့အပြင် ရီချင်းယောင်၏ အရှိန်အဝါက အလွန်ကြောက်မက်ဖွယ် ကောင်းသည်။ သူမ၏ စိတ်ဝိညာဥ်စွမ်းအင်၌ အလွန် ပြင်းထန်သည့် အဖျက်စွမ်းအားနှင့် သေခြင်းတရားတို့ကို သယ်ဆောင်ထားသည်။ ၎င်းစွမ်းအားနှင့် တိုက်ခိုက်ခံခဲ့ရပါက အတော်လေး အန္တရာယ်များပေလိမ့်မည်။
ဒွန်ဟောင်တိယွမ်၏ ဘေးမှ တစ်စုံတစ်ယောက်က ဖြေးညင်းစွာ လျှောက်ထွက်လာပြီး ပါဝင်ရန် အသင့်ပြင်လိုက်သည်။ ထိုသူမှာ လူသားဘုံ၏ အစွမ်းထက်ဆုံးပုဂ္ဂိုလ် တိဟောက် ဖြစ်လေသည်။
သူသည် လွန်ခဲ့သော ရက်အနည်းငယ်က အရှင်ဒွန်ဟောင်ထံမှ လက်ထပ်ခွင့်တောင်းဆိုခဲ့သည်ဟု သတင်းထွက်ခဲ့သည့်သူ ဖြစ်၏။
တိဟောက်၏ ခန္ဓာကိုယ်ကို နတ်အလင်းတို့ဖြင့် ရစ်ပတ်ဝန်းရံထားသည်။ သူ့တွင် ဖြောင့်မတ်မှန်ကန်သည့် အရှိန်အဝါရှိပြီး အလွန်ချောမောလှသည်။ သူ၏ အဆင့်အတန်း၊ စွမ်းရည်နှင့် အပြုအမူများကို ကြည့်လျှင် သူက ဒွန်ဟောင်တိယွမ်၏ သတို့သားလောင်းဖြစ်ရန် အရည်အချင်း ပြည့်မီပေသည်။
“မှော်နက်ဘုရင် တစ်ချိန်တုန်းက လောကကို အမှောင်ထုဆောင်ကြဥ်းလာတယ်။ အခု မှော်နက်စစ်တပ်ရဲ့ ကျင့်ကြံသူတွေက အသူရာအမွေအနှစ်ကို တွေ့ရှိခဲ့ပြီး အသူရာအဖျက်စွမ်းအားကို ဆက်ခံခဲ့တယ်။ အမှောင်ထုကို အသုံးပြုတဲ့ ဒီဖျက်ဆီးခြင်းစွမ်းအားတွေက လောကကို ပိုပြီး များပြားတဲ့ပျက်စီးခြင်းတွေ ယူဆောင်လာလိမ့်မယ်။”
သူတို့သည် တိဟောက်က လောကကြီးအတွက် အမှန်တရားဆောင်ယူသူကဲ့သို့ ကြင်နာသနားသည့် လေသံမျိုးနှင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။
သူက ဗုဒ္ဓကျင့်ကြံသူများဘက်သို့ လှည့်ကာ အရိုအသေပြုရင်း ပြောလိုက်၏။
“ဗုဒ္ဓတို့ အမှောင်ထုက အခု အကြီးအကျယ် ပျက်စီးမှုကို ဖြစ်စေပြီး လောကအတွင်း ပဋိပက္ခတွေနဲ့ သွေးလွှမ်းတိုက်ပွဲတွေ ဖြစ်ပေါ်လာစေတယ်။ ဒီလမ်းတလျှောက်မှာ အလောင်းတွေ အများကြီး တွေ့ခဲ့တယ်။ ဗုဒ္ဓတို့ ကျုပ်တောင်းဆိုချင်တာက သူတို့ရဲ့ စိတ်ဝိညာဥ်ကို သန့်စင်ပြီး ကုန်းမြေပေါ် အမှောင်ခွင်းလို့ အလင်းဆောင်ကြဥ်းပေးပါ။”
“အောမိထောဖော်”
ဗုဒ္ဓဂိုဏ်း၏ ဗုဒ္ဓက လက်အုပ်ချီရင်း ထိုစကားလုံးများ ရွတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ဗုဒ္ဓအလင်းတို့ ဖြာလင်းလာပြီး အမှောင်ထုကို သန့်စင်ကာ လောကအား အလင်းပေးနေဟန်ရှိသည်။ အလင်းရောင်က တောက်ပလောင်ကျွမ်းနေခဲ့သည်။
သို့သော် နတ္ထိဘုံနှင့် နတ်ဆိုးလောကမှ ကျင့်ကြံသူများကလည်း ထိုနေရာ၌ ရပ်နေကြသည်။ ထိုဘုံများက စုဝေးသွားလျှင် သူတို့ကလည်း ပါဝင်စွက်ဖက်လိမ့်မည်မှာ သေချာပေသည်။
တိဟောက်က အလွန်နှိမ့်ချဟန်ဖြင့် ထပ်မံအရိုအသေပြုလိုက်ပြီး ပြန်လှည့်သွားသည်။ သူက ရီချင်းယောင်ဘက်သို့ ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်မှ နတ်အလင်းတို့ တောက်ပလာကာ ဖြောင့်မတ်မှန်ကန်သည့် အရှိန်အဝါတို့ ထွက်ပေါ်လာသည်။ တောက်ပသည့် နတ်အလင်းက နတ်ဘုရားသဏ္ဌာန် ပုံရိပ်ကို ဖြစ်ပေါ်လာစေကာ လူသားနတ်ဘုရားတစ်ပါး လောကသို့ ဆင်းသက်လာသလို ထင်မှတ်ရစေသည်။
ကောင်းကင်ထက်တွင် အလွန်တောက်ပသည့် နတ်အလင်းတို့ လင်းလက်လာသည်။ တိဟောက်က မော့ကြည့်လိုက်ပြီး ကောင်းကင်သို့ လက်ညှိုးထိုးလိုက်လျှင် နတ်ဓားတစ်လက် ချက်ချင်း ထွက်ပေါ်လာ၍ ကောင်းကင်မှ ပျံသန်းဆင်းသက်လာသည်။ ၎င်းက လောကဓား ဖြစ်ပေသည်။
ထိုသည်ကို မြင်သည့်အခါ မှော်နက်သူတော်စင်က ရှေ့သို့ခြေလှမ်းလိုက်သည်။ သို့သော် လျှောက်သွားသည့်အချိန်တွင် ကောင်းကင်ဒေသ၏ နံပါတ်တစ်နတ်စစ်သူကြီးက ရှေ့သို့ တက်လာခဲ့သည်။ သူတို့၏ အရှိန်အဝါများက ထိတ်လန့်ဖွယ်ရာပင် ဖြစ်သည်။
လောကဓားက လေဟာနယ်ကို ဖြတ်သန်းကာ သတ်ဖြတ်ရန် အောက်သို့ ဆင်းသက်လာသည်။ ၎င်းတွင် လူသားနတ်ဘုရား၏ စွမ်းအားတို့ပါဝင်နေပြီး လေဟာနယ်အား ချိုးဖျက်၍ ကောင်းကင်ကို ခုတ်ပိုင်းလာသည်။
“ဘုန်း”
အမှောင်ထုမုန်တိုင်း အလင်းတို့က ရီချင်းယောင်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ သူမ နောက်တွင် အသူရာ၏ ကြီးမားသော နတ်ပုံရိပ်ကြီးမှ လက်ပေါင်းတစ်ထောင်က တပြိုင်တည်း ဆန့်ထုတ်ကာ လောကဓားအား ဖမ်းဆုပ်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ လောကဓားက သန့်စင်သည့်အလင်းတို့ကို ထုတ်လွှတ်ရင်း အောက်သို့ ကျဆင်းလာသည်။ ဝိညာဥ်စွမ်းအင်ဖြင့် ထောက်ပံ့ထားသည့် အသူရာလက်များက နတ်ဓားကြောင့် အက်ကွဲလာကာ ဖျက်ဆီးခံလိုက်ရသည်။ သို့သော် လက်များက အဆုံးမဲ့ပင်ဖြစ်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ် နတ်စွမ်းအားတို့ ပါဝင်နေသည်။ ၎င်းက ရှေ့တက်လာသည့် လောကဓားကို အမှန်တကယ် ရပ်တန့်နိုင်ခဲ့ပြီး လက်များထဲသို့ ကျရောက်စေခဲ့သည်။ တစ်ချိန်တည်းတွင် ရီချင်းယောင်က နောက်သို့ပြန်ဆုတ်ခွာလိုက်ပြီး ဒွန်ဟောင်တိယွမ်နှင့် သူမကြား၌ အကွာအဝေးတစ်ခု ခြားထားလိုက်သည်။
ဒွန်ဟောင်တိယွမ်က ချက်ချင်းမတိုက်ခိုက်ခဲ့ပေ။ သူမက တိဟောက်ရှိရာသို့ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမ ခန္ဓာကိုယ်ပေါ်မှ ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်အဝါတို့ အော်မြည်လာပြီး စစ်မှန်သော နဂါးနှင့် ဖီးနစ်ကို ဆင့်ခေါ်လိုက်သည်။
၎င်းကို ရီဖူရှင်း မြင်သည့်အခါ သူက ရှေ့သို့ခြေလှမ်းလိုက်ပြီး ရီချင်းယောင်ရှေ့တွင် ရပ်လိုက်သည်။ သူက ဒွန်ဟောင်တိယွမ်နှင့် တိဟောက်ကို ကြည့်လိုက်၏။ လောကကြီးအတွက် တရားမျှတမှုလား။ မှော်နက်ဘုရင်ပြောသလို သူတို့က သူတော်ကောင်းယောင်ဆောင်ကြသူများ ဖြစ်နေသည်လား။