← Chapters

ရပ်တည်မှု

Vol. 194 Ch. 2762

ရပ်တည်မှု

Vol. 194 Ch. 2762

ရီဖူရှင်း ထွက်ပေါ်လာသည်ကို မြင်သည့်အခါ၌ပင် ဒွန်ဟောင်တိယွမ်က အမူအရာပြောင်းလဲသွားခြင်းမရှိပေ။ သူမက အေးစက်စွာ ပြောလိုက်သည်။

“အဖေက ရှင့်ကို အသက်ရှင်ခွင့်ပေးခဲ့တာ အရင်တုန်းက ပတ်သတ်မှုကြောင့်ပဲ။ အင်ပါယာနန်းတော်က ရှင့်ကို ဘယ်တုန်းကမှ မသတ်ခဲ့တာ။ ဒါပေမယ့် ရှင်က မှော်နက်စစ်တပ်နဲ့ မဟာမိတ်ဖွဲ့ရလောက်အောင် နိမ့်ကျသွားလိမ့်မယ်လို့ ကျွန်မ ထင်မထားမိဘူး။ အဲဒီလိုဆိုမှတော့ ရှင်က အသတ်ခံရသင့်တယ်။”

သူမ၏ အသံက လေဟာနယ်အတွင်း ပျံ့နှံ့လာသည်။ တစ်ချိန်တည်းတွင် သူမက အောက်ဘက်ရှိ ရီဖူရှင်းကို လက်ညှိုးညွှန်လိုက်သောအခါ မရေတွက်နိုင်သည့် အစစ်အမှန် နဂါးနှင့် ဖီးနစ်တို့က အော်မြည်ကာ အောက်သို့ တဟုန်ထိုးပြေးဆင်းလာသည်။ ၎င်းတို့က နေကို ဖုံးလွှမ်းထား၏။ ကြီးမားသည့် ပုံရိပ်များက ကောင်းကင်ကို ဝါးမြိုချင်နေပြီး အောက်ဘက်ရှိ ရီဖူရှင်းကို အလွန် သေးငယ်သလို ထင်မှတ်ရစေသည်။

ထိုစဥ်က အရှင်ဒွန်ဟောင်သည် ရီဖူရှင်းကို အမှန်တကယ် လွှတ်ထားပေးခဲ့သည်။ လေးမျက်နှာကျေးရွာ၏ ဆရာသခင်ကြောင့် သူက ရီဖူရှင်းကို မသတ်ခဲ့ပေ။ ဒွန်ဟောင်အင်ပါယာနန်းတော်က ထိုအဖြစ်ကြောင့် သူ ပို၍ အားကောင်းလာသည်ကို ခွင့်ပြုထားခဲ့ခြင်းဖြစ်ကာ ထိုသည်မှာ အရှင်ဒွန်ဟောင်က မည်မျှ သဘောထားကြီးသည်ကို ပြသနေသည်။ သို့သော် ဤသည်က အရှင်ဒွန်ဟောင်၏ စိတ်ထဲ၌ အပြစ်ရှိမှုကို ခံစားနေရ၍ ဖြစ်နိုင်သလား။

ရီဖူရှင်း၏ ကိုယ်ပေါ်တွင် နတ်အလင်းတို့ တောက်ပလာသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ့မျက်လုံးများက ကြောက်မက်ဖွယ် ကောင်းလာသည်။ ထိတ်လန့်တုန်လှုပ်စရာကောင်းသည့် မှော်မျက်လုံးပညာ၏ နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ချက်ချင်းပင် အံ့သြတုန်လှုပ်ဖွယ် မုန်တိုင်းစွမ်းအားတို့ ထွက်ပေါ်လာကာ ဆင်းသက်လာနေသည့် အစစ်အမှန် နဂါးနှင့်ဖီးနစ်တို့ကို လွှမ်းခြုံသွားသည်။

ထိုအစစ်အမှန် နဂါးဖီးနစ်များက ချက်ချင်းပင် စတင်အော်မြည်လိုက်ကြပြီး ရက်စက်ကြမ်းကြုတ်စွာနှင့် သာမန်ထက် လွန်ကဲစွာ ရန်လိုလာကြသည်။ ၎င်းတို့က အော်မြည်နေရင်း ကောင်းကင်တွင် အပြင်းအထန် ရုန်းကန်နေကြ၏။ သူတို့၏ ကြီးမားသော မျက်လုံးများထဲတွင် ရီဖူရှင်း၏ ပုံရိပ်က ရောင်ပြန်ဟပ်နေသည်။

အစွမ်းထက်ပုဂ္ဂိုလ်များစွာက ရီဖူရှင်းကို စိုက်ကြည့်နေခဲ့၏။ သူ့ထံမှ ထွက်ပေါ်လာသည့် အလွန် ကြောက်မက်ဖွယ် စိတ်စွမ်းအားမုန်တိုင်းက မမြင်နိုင်သည့် စွမ်းအားအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ကို လွှမ်းခြုံသွားသည်။ ဆင့်ခေါ်ခံထားရသော စစ်မှန်သည့် နဂါးဖီးနစ်များက ဒွန်ဟောင်တိယွမ်၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။

“ဂရား...”

ကြီးမားသော ပေါက်ကွဲသံနှင့်အတူ လူအများသည် အခြေအနေက ပြောင်းပြန်ဖြစ်ပြီး ထို နဂါးဖီးနစ် အချို့က ဒွန်ဟောင်တိယွမ်အား ရန်လိုနေသည်ကို သတိပြုမိလိုက်သည်။

“သားရဲထိန်းချုပ်စွမ်းရည်။”

အနီးဝန်းကျင်ရှိ ဘုံအသီးသီးမှ အစွမ်းထက်ကျင့်ကြံသူများက မျက်လုံးများ ကျဥ်းမြောင်းကာ ရီဖူရှင်းကို စိုက်ကြည့်လိုက်ကြသည်။ ဤသည်မှာ အင်ပါယာရီချင် ကျွမ်းကျင်ခဲ့သည့် သားရဲထိန်းချုပ်စွမ်းရည် ဖြစ်​ပေသည်။ ကောင်းကင်ဒေသ၏ အုပ်ချုပ်မှု အစပိုင်းတွင် အင်ပါယာရီချင်က သားရဲစစ်တပ်ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။ သို့သော် ထိုတိုက်ပွဲ၌ သားရဲပေါင်းများစွာက အရှင်ဒွန်ဟောင်၏ လက်ထဲတွင် သေဆုံးခဲ့ရသည်။ ထိုသည်က ရက်စက်သော်လည်း အနိုင်ရသူကသာ ဘုရင်ဖြစ်လာနိုင်သည်။

ဒွန်ဟောင်တိယွမ်က ထိုနတ်ဆိုးသားရဲများကို ဆင့်ခေါ်ခဲ့ပြီး ၎င်းတို့က အစစ်အမှန် နတ်ဆိုးသားရဲများမဟုတ်သော်လည်း ၎င်းတို့သည် နဂါးပျက်သုဥ်းမြေမှ နတ်ဆိုးသားရဲများ၏ စွမ်းအားတို့ကို သယ်ဆောင်ထားခြင်းဖြစ်သဖြင့် ရီဖူရှင်းက ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။

ထိုသည်ကို မြင်သည့်အခါ ဒွန်ဟောင်တိယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူမက လေထဲကို လက်ဝါးနှင့် ဆုပ်ဆွဲကာ သူမအား တိုက်ခိုက်လာသည့် သားရဲများအား ချက်ချင်း ပျောက်ကွယ်သွား၍ မည်သည်မှ မကျန်ရှိခဲ့တော့ပေ။ အခြားသော နတ်ဆိုးသားရဲများသည်လည်း အလွန် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ နောက်တွင် ရှိနေသည့် ဘိုးဘေးနဂါးနှင့်ဖီးနစ်ပုံရိပ်က ကြောက်မက်ဖွယ် နတ်ဆိုးမျက်လုံးများနှင့် ရီဖူရှင်းကို စိုက်ကြည့်​နေခဲ့သည်။ ထိုသည်မှာ ၎င်းဘိုးဘေးနဂါးနှင့်ဖီးနစ်က အသက်ပြန်ရှင်လာသကဲ့သို့ပင် ဖြစ်သည်။

“ရီဖူရှင်း သိပ်မကြာသေးခင်က မင်း မှော်နက်လောကနဲ့ ဆန့်ကျင်တိုက်ခိုက်ခဲ့သေးတယ်။ ကျုပ် ထင်တာ မင်းက မှော်နက်စစ်တပ်နဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်နေတယ်လို့ ထင်ခဲ့တာ။ အခုကျမှ မင်းက မှော်နက်စစ်တပ်ဘက်က ရပ်တည်မယ်လို့ ထင်မထားမိဘူး။” ဒွန်ဟောင်တိယွမ် ဘေး၌ ရပ်နေသည့် တိဟောက်က ရီဖူရှင်းကို ကြည့်ရင်း ပြောလိုက်သည်။ သူ့ဝန်းကျင်တွင် ဖြောင့်မတ်မှန်ကန်သည့် အရှိန်အဝါတို့ဝန်းရံနေပြီး လောကကြီး၏ တရားမျှတမှုကို ကိုယ်စားပြုနေသလို ထင်မှတ်ရသည်။

“မင်းနဲ့ ဒွန်ဟောင်အင်ပါယာနန်းတော်ကြားက ရန်ငြိုးရန်စတွေက အရင်မျိုးဆက်ရဲ့ ရန်ငြိုးရန်စတွေကနေ ဖြစ်လာတာ။ အရှင်ဒွန်ဟောင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ သူက မင်းလို ဂျူနီယာအပေါ် အာဃာတထားဖို့ ဆန္ဒရှိမှာမဟုတ်ဘူး။ မင်း မှားကြောင်းဝန်ခံပြီး ရပ်တန်းက ရပ်လိုက်မယ်ဆိုရင် ကိစ္စကြီးတွေကို အောင်မြင်နိုင်မယ့် အခွင့်အရေး ရှိနေလိမ့်ဦးမယ်။”

တိဟောက်သည် ရီဖူရှင်းက သူမှားယွင်းကြောင်း ဝန်ခံ၍ လမ်းမှန်သို့ပြန်သွားရန် တိုက်တွန်းနေသည်။

“မင်းတို့နဲ့ မှော်နက်စစ်တပ်ကြားက ပဋိပက္ခတွေကို ဂရုမစိုက်ဘူး။ ဒါပေမယ့် မင်းတို့ သူမကို ထိခိုက်စေဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။” ရီဖူရှင်း၏ မျက်လုံးများက တိဟောက်ကို ကြည့်လိုက်သည်။ သူက မှားယွင်းကြောင်းဝန်ခံ၍ လမ်းမှန်သို့ ပြန်သွားရမည်လား။ မည်သည်ကို မှားယွင်းသည်ဟု ဆိုလိုသနည်း။

“သူမက အမှောင်ထုရဲ့ ဆက်ခံသူပဲ။ အခု အသူရာနတ်စွမ်းအားကိုတောင် ဆက်ခံထားသေးတယ်။”

တိဟောက်က ပြန်ပြောလိုက်သည်။

“သူမက လောကကြီးကို အမှောင်ထုဆောင်ယူလာပြီး ဒီတိုက်ပွဲကို စတင်ခဲ့တာ။ သူမက အသတ်ခံရသင့်တယ်။”

“အစ်ကိုကြီး ဝင်မပါပါနဲ့။”

ရီချင်းယောင်က ရီဖူရှင်းထံ အသံပို့လွှတ်လိုက်၏။ မှော်နက်ဘုရင်သည် ဤစစ်ပွဲစတင်ရန် သူမကို အမိန့်ပေးခဲ့သည်။ သူမသည် မှော်နက်ဘုရင်၏ ရည်မှန်းချက်က ရီဖူရှင်းအပါအဝင် အင်အားစုတိုင်း ဤစစ်ပွဲ၌ ပါဝင်ပတ်သတ်ရန်ဖြစ်သည်။

သို့သော် သူမသည် ရီဖူရှင်းက မုန်တိုင်းအတွင်း ဝင်မပတ်သတ်ဘဲ ဘေးထွက်နေရန် မျှော်လင့်ပေသည်။

ရီဖူရှင်းသည်လည်း ထိုအကြောင်းကို နားလည်သည်။ သို့သော် သူက မှော်နက်ဘုရင်၏ အကြံအစည်ကို သိလျှင်ပင် ဘေးထွက်၍ ရပ်မနေနိုင်သေးပေ။ သူသည် မှော်နက်ဘုရင်၏ ထောင်ချောက်ထဲသို့ ခုန်ဆင်းရန်သာ တတ်နိုင်ပေသည်။

သူက ခေါင်းမော့ကာ တိဟောက်ကို ကြည့်၍ ပြောလိုက်သည်။

“သူမကို မထိနဲ့လို့ ကျုပ် ပြောနေတယ်။”

သူက ပါဝင်ပတ်သတ်နေခဲ့ပြီဖြစ်ရာ အကြောက်တရားဟူသည် ရှိပါတော့မည်လား။

“အောမီ​ထောဖော။”

ဗုဒ္ဓအသံက ပျံ့လွင့်နေပြီး ဗုဒ္ဓအလင်းတို့က တောက်ပလင်းလက်နေသည်။ ဗုဒ္ဓကလန်၏ ကျင့်ကြံသူများက တစ်ချိန်လုံး နောက်တွင် ရပ်နေခဲ့သော်လည်း ယခု သူတို့က ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်ကြသည်။

“ဒကာလေးရီ ဘာလို့ ဒီလိုလုပ်တာလဲ။”

စကားပြောလိုက်သူမှာ ကျင်းကန်းဗုဒ္ဓအရှင်ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းက အစွမ်းထက်ပြီး သူသည် တစ်ချိန်က ရီဖူရှင်းအား ဗုဒ္ဓအယူဝါဒကို သင်ကြားပေးခဲ့ဖူးသည်။

“ဗုဒ္ဓအရှင်ကို အရိုအသေပေးပါတယ်။”

ကျင်းကန်းဗုဒ္ဓအရှင်က စကားပြောလာသည်ကို မြင်သောအခါ အရိုအသေပြုကာ နှုတ်ဆက်ရင်း ပြောလိုက်သည်။

“ချင်းယောင်က ငယ်စဥ်ဘဝမှာ လောကကြီးရဲ့ ရက်စက်မှုတွေကို တွေ့ကြုံခဲ့ရတယ်ဆိုတာ သိမယ်ထင်တယ်။ အဲဒီအချိန်တုန်းက ဘယ်သူကမှ သူမကို အန္တရာယ်ကနေ ကယ်တင်မပေးခဲ့ကြဘူး။ နောက်ပိုင်း သူမ မှော်နက်လောကကို ခေါ်ဆောင်သွားခံရတော့လည်း တားဆီးဖို့အတွက် ဘယ်သူမှထွက်မလာခဲ့ကြဘူး။ အခု​ဖြစ်ပျက်နေတဲ့ အရာအားလုံးက အတိတ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေရဲ့ ရလဒ်ပဲ။ အခု ခင်ဗျားတို့က ဘာလို့များ အရာအားလုံးအတွက် သူမကို အပြစ်တင်နိုင်ရတာလဲ။ သူမက အမှောင်ထုကို ကိုယ်စားပြုနေရုံလေးပဲ။ လောကမှာရှိတဲ့လူတိုင်း ရွေးချယ်ခွင့်ရှိနေတာ မဟုတ်ဘူးလေ။”

ဤလောကကြီးက ​အဖြူနှင့် အမည်းမျှသာရှိသည် မဟုတ်ပေ။ လူသားဘုံမှ အမှန်တရား၏ စစ်သည်တော်များက သူတို့ လက်များတွင် သွေးမစွန်းဖူးသည့်သူရှိပါသလား။ ရီဖူရှင်းသည် အနောက်ဘက်ကောင်းကင် ဗုဒ္ဓနယ်မြေ၌ အရာအားလုံးကို တွေ့ကြုံခံစားဖူးပေသည်။ ထိုနေရာ၌ ကြောက်မက်ဖွယ်ကောင်းသည့် ဗုဒ္ဓဂိုဏ်း မည်မျှများများ ရှိသနည်း။

“အဲဒါအမှန်ပါပဲ။ ဒါပေမယ့် ဒီနေ့ရဲ့ ကပ်ဘေးကလည်း အမှန်တကယ် ဖြစ်ပျက်နေတာပဲလေ။”

ကျင်းကန်းဗုဒ္ဓအရှင်က လက်အုပ်ချီလျက် ပြောလိုက်သည်။

ထိုအချိန်တွင် နောက်ထပ်ဗုဒ္ဓတစ်ပါးက ရှေ့သို့ လျှောက်လာသည်။ ထိုဗုဒ္ဓက အလွန် မြင့်မားပြီး တောက်ပသည့် နတ်အလင်းတန်းများက သူ့ခန္ဓာကိုယ်ပေါ်တွင် ထွန်းလင်းနေပြီး လူတိုင်းကို အလွန် သက်သောင့်သက်သာ ဖြစ်အောင် လုပ်ဆောင်ပေးနေသည်။ သို့သော် သူ့မျက်လုံးများက ဖော်ရွေရင်းနှီးမှုမရှိခဲ့ပေ။ ၎င်းတို့ထဲတွင် အေးစက်မှုတို့ စွန်းထင်းနေပြီး အလွန် ရန်လိုသည့်အရိပ်အယောင်တို့ ရှိနေခဲ့သည်။ သူက အမျက်ခြောင်းခြောင်းထွက်နေသည့် ရှေးဟောင်းဗုဒ္ဓတစ်ပါးကဲ့သို့ ရီဖူရှင်းကို ငုံ့ကြည့်နေခဲ့သည်။

ရီဖူရှင်းသည် ယခင် အနောက်ဘက်ကောင်းကင်၌ ထိုဗုဒ္ဓကို မြင်တွေ့ခဲ့ဖူးခြင်းမရှိပေ။ ထိုသည်မှာ သူ၏ ကျင့်ကြံသည့်နေရာက အနောက်ဘက်ကောင်းကင်၏ ဝိညာဥ်တောင်တန်း၌ မရှိသောကြောင့် ဖြစ်သည်။ သူက အနောက်ဘက်ကောင်းကင်၌လည်း ကျင့်ကြံနေခြင်း မရှိသော်လည်း ရီဖူရှင်းနှင့် ပတ်သတ်မှုအချို့ ရှိခဲ့သည်။

ထိုသူမှာ ဆေးဝါးဗုဒ္ဓအရှင် ဖြစ်ပေသည်။ သူသည် တစ်ချိန်က ကျန်းချန်၏ ဒဏ်ရာများကို ကုသပေးခဲ့ဖူးသည်။ သူ ကုသပေးပြီးသည့်နောက် ကျန်းချန်က ရီဖူရှင်းကို သတ်ဖြတ်ရန် ကြိုးစားခဲ့ပြီး ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံရသည်နှင့် အဆုံးသတ်ခဲ့ပေသည်။

ဆေးဝါးဗုဒ္ဓအရှင်သည် ဂုဏ်သတင်းကျော်ဇောပြီး လေးစားခံရသူဖြစ်သည်။ သူသည် ဗုဒ္ဓဂိုဏ်းများကြားတွင် အလွန်မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားပြီး သူ၏ တောင်တန်းမှ ထွက်ခွာခဲကာ အမြဲ ကျင့်ကြံနေတတ်သည်။ ဤတစ်ကြိမ်၌ သူက ထွက်လာခဲ့ပေသည်။ ယခုတွင် အမှောင်ထုက ပျက်သုဥ်းမြေတစ်ခုလုံးကို လွှမ်းခြုံထားကာ စစ်ပွဲများလည်း ဖြစ်ပွားနေသည့်အတွက် ဆေးဝါးဗုဒ္ဓအရှင်ကို ဖိတ်ကြားထားကြခြင်းဖြစ်သည်။

“ခေါင်းမာချက်။”

ဆေးဝါးဗုဒ္ဓအရှင်က ရီဖူရှင်းကို ကြည့်ကာပြောလိုက်သည်။

“မင်းက အနောက်ဘက်ကောင်းကင်မှာ ကျင့်ကြံဖူးတယ်။ ဆယ်စုနှစ်များစွာကြာအောင် ဗုဒ္ဓကျမ်းစာတွေကို လေ့လာခဲ့ဖူးပြီး အခုအောင်မြင်သွားပေမယ့် စိတ်ဝိညာဥ်ကို သန့်စင်ပြီး အမှောင်ထုကို ဖျက်ဆီးရမယ့်အစား မင်းက အမှောင်ထုဘက်မှာ ရပ်တည်နေတယ်။ မင်းပြောသလို ဒါက ကံတရားဖြစ်မယ်ဆိုရင် ဗုဒ္ဓကလန်က ဒီမကောင်းတဲ့မျိုးစေ့ကို စိုက်ပျိုးခဲ့တယ်လို့ ဆိုလိုတာလား။”

ဆေးဝါးဗုဒ္ဓအရှင် ရှေ့ထွက်လာသည်ကို ကြည့်ပြီး ရီဖူရှင်းနှင့် ရင်းနှီးခဲ့သည့် အနောက်ဘက်ကောင်းကင်မှ အခြားသော ဗုဒ္ဓများက လက်အုပ်ချီရင်း ဗုဒ္ဓအမည်နာမကို ရေရွတ်လိုက်ကြသည်။ ကြည့်ရသည်မှာ ဆေးဝါးဗုဒ္ဓအရှင်က ရီဖူရှင်း၏ ရပ်တည်မှုကြောင့် အလွန် မပျော်မရွှင်ဖြစ်နေပုံရသည်။

သို့သော် အခြားအကြောင်းပြချက်ရှိလားဆိုသည်ကို သူ သိနိုင်လိမ့်မည် မဟုတ်ပေ။

ဆေးဝါးဗုဒ္ဓအရှင်သည် ယခင်က ဗုဒ္ဓနှစ်ပါးကို ဆေးကုသပေးခဲ့ဖူးသည်။ တစ်ယောက်က ကျန်းချန်ဖြစ်ပြီး နောက်တစ်ယောက်မှာ ရှန်းယန်ဗုဒ္ဓအရှင် ဖြစ်ပေသည်။ သို့သော် ထိုဗုဒ္ဓနှစ်ပါးကို ကုသပေးပြီးသည့်နောက် ရီဖူရှင်းက သူတို့အား အလျင်အမြန်ပင် သတ်ဖြတ်ပစ်ခဲ့သည်။ သူသည် ထိုကိစ္စကြောင့် ဆေးဝါးဗုဒ္ဓအရှင်က သူ့ကို ရန်ငြိုးထားသည်လား မသိရှိပေ။

“ဂျူနီယာတစ်ယောက်အနေနဲ့ ကျုပ်က ဗုဒ္ဓကလန်နဲ့ ရန်သူဖြစ်မလာချင်ပါဘူး။ ကျုပ်က ကျုပ် ဂရုစိုက်တဲ့ လူတွေကို ကာကွယ်ပေးနိုင်ဖို့ပဲ ဆန္ဒရှိတာပါ။ အပြစ်မမြင်ဖို့ မျှော်လင့်တယ်။”

ရီဖူရှင်းက ဒေါသထွက်ခြင်း မရှိပေ။ ဆေးဝါးဗုဒ္ဓအရှင်၏ စွပ်စွဲချက်ကို ကြားပြီးနောက် သူက အရိုအသေပြုရင်း ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်။ အဆုံးမှာတော့ တစ်ဖက်လူက မှားယွင်းခြင်းမရှိပေ။ သူက အနောက်ဘက်ကောင်းကင်၌ ဗုဒ္ဓပညာရပ်များကို သင်ယူခဲ့သည်ဖြစ်ရာ ဗုဒ္ဓများကို လေးစားမှုထားရမည်သာဖြစ်သည်။

All Chapters