ကံကြမ္မာဗုဒ္ဓ
Vol. 194 Ch. 2772
ဂျိန်း...
ယန်ကွေ့ရီ၏စကား ဆုံးသွားသောအခါ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် နတ်အလင်း ထွက်ပေါ်လာလေသည်။ အာကာသလမ်းကြောင်းတစ်ခု ပွင့်သွားသကဲ့သို့ပင်။ အတုမဲ့ နတ်အလင်းတန်းများ ဖြာကျလာပြီး ထူးခြားသော လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။
လူများစွာသည် ထိုဘက်သို့ ကြည့်လိုက်ကြသည်။ လမ်းကြောင်းအတွင်းမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။
“သူက ဘယ်သူလဲ”
တစ်စုံတစ်ယောက် လေသံတိုးတိုးဖြင့် မေးလိုက်သည်။ ရီဖူရှင်းနှင့် အခြားသူများသည်လည်း ထိုဘက်သို့ မော့ကြည့်လိုက်ကြ၏။ အာကာသလမ်းကြောင်းမှနေ၍ အံ့အားသင့်ဖွယ် နတ်အလင်းတန်းများ ဖြာထွက်နေပြီး မြေပေါ်သို့ ကျဆင်းနေသည်။ ထို့နောက်တွင် ရှေးဟောင်းနတ်ဘုရားများကဲ့သို့ ကျင့်ကြံသူများထွက်ပေါ်လာ၏။ သူတို့အယောက်တိုင်းတွင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ရှိကြပေသည်။ သူတို့၏ခန္ဓာကိုယ်မှနေ၍ နတ်စွမ်းအား ထွက်ပေါ်လာ၏။ ရှေးဟောင်းနတ်ဘုရားများ လောကအတွင်းသို့ ဆင်းသက်လာသည်ဟုပင် ထင်ရသည်။
တိဟောက်သည် ရောက်ရှိလာသော ကျင့်ကြံသူများကို မြင်လိုက်သောအခါ မှင်တက်သွားသည်။ သူ၏ မျက်နှာထား ထူးဆန်းသွားပြီး သူ့ဘာသာ တွေးလိုက်သည်။ သူတို့သည် အမှန်ပင် ဤနေရာသို့ ရောက်လာကြပေသည်။
လူသားဘုံမှ အခြားထိပ်သီးများသည်လည်း ရောက်ရှိလောသော ကျင့်ကြံသူများကို မျက်မှောင်ကြုတ်၍ ငေးကြည့်နေကြပြီး အံ့အားသင့်နေကြလေသည်.
ကျင့်ကြံသူများသည် ကောင်းကင်ထက်မှ ငုံ့ကြည့်လိုက်ပြီး ထိုနေရာရှိ ထိပ်သီးများကို တစ်ချက် ဝေ့ဝဲကြည့်သည်။ ထို့နောက်တွင် သူတို့သည် တိဟောက်ကို စိုက်ကြည့်လိုက်ကြ၏။
“လူသားဘိုးဘေးက ငါတို့ကို စစ်ပွဲကိုလာဖို့ တာဝန်ပေးလိုက်တာပဲ”
သူတို့ထဲမှ တစ်ယောက်က ပြောလိုက်၏။ တိဟောက် အနည်းငယ် ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင် သူတို့သည် ရီဖူရှင်း၊ ရီချင်းယောင်နှင့် သူတို့အုပ်စုမှ ကျန်သူများကို ကြည့်သည်။ ရုတ်ခြည်းပင် ရီဖူရှင်းသည် သူ့အပေါ်သို့ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက ဖိနှိပ်လာသည်ကို ခံစားလိုက်ရ၏။
ကျင့်ကြံသူများစွာသည် ထိုအားကောင်းသော ဖိအားကို အာရုံခံမိလိုက်သောအခါ ဝေခွဲမရဖြစ်သွားကြသည်။ သူတို့သည် လူသားဘုံတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသူများ ရှိကြောင်း တစ်ခါမှ မကြားဖူးပေ။
ထိပ်သီးအင်အားစုများ၏ ခေါင်းဆောင်များကမူ ထိုစွမ်းအားကြီးကျင့်ကြံသူများ ရှိကြောင်းကို ခပ်ရေးရေး သိထားပေသည်။ သို့သော် သူတို့သည် ထိုကျင့်ကြံသူများကို ကိုယ်တိုင်တွေ့လိုက်ရသောအခါ ရင်တုန်မှုကို မရပ်တန့်နိုင်ဖြစ်နေကြသည်။ အထူးသဖြင့် လူသားဘုံမှ ခေါင်းဆောင်များသည် ရောက်လာသောအုပ်စုထဲမှ မျက်နှာအချို့ကို မှတ်မိသဖြင့် အံ့အားသင့်နေကြသည်။
အင်ပါယာအဆင့်အင်အားစုများမှ ထိပ်သီးများမှာမူ ရောက်ရှိလာသောအုပ်စုအကြောင်းကို ကောင်းကောင်းသိထားပေသည်။ သူတို့သည် အင်ပါယာအဆင့်အင်အားစုများမှဖြစ်၍ အချို့လျှို့ဝှက်ချက်များကို သိထားခြင်းပင်။ မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့သော လျှို့ဝှက်ချက်မျိုးသည် အင်ပါယာအဆင့်အင်အားစုများမှ ကျင့်ကြံသူများအကြားတွင်ပင် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်သော အရာမဟုတ်ပေ။ အတွင်းလူများပင် အသေးစိတ်အချက်များကို မသိကြပေ။
ရီဖူရှင်းမှာလည်း မည်သည့်အတွင်းသတင်းမှ မရထားပေ။ သူသည် မျက်မှောင်ကြုတ်၍ ဖိအားကို တောင့်ခံနေ၏။ သူ၏မျက်နှာထားသည် အနည်းငယ် ပြောင်းလဲနေသည်။ ထိုကျင့်ကြံသူအယောက်တိုင်း၏ အရှိန်အဝါများသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုကဲ့သို့သော စွမ်းအားကြီးအုပ်စုသည် မည်သည့်အချိန်ကတည်းက တည်ရှိနေခဲ့ခြင်းနည်း။
ထို့အပြင် သူတို့သည် လူသားဘုံမှ ဖြစ်ပုံပေါ်သည်။
“မျှော်လင့်ထားသလိုပဲ”
ဓားဧကရာဇ်အရှင်က တီးတိုးရေရွတ်လိုက်သည်။ သူသည် အံ့အားသင့်နေသော လူအုပ်ကို ဝေ့ဝဲကြည့်လိုက်ပြီး ရီဖူရှင်းကို အတွေးပို့လွှတ်၍ ဆက်သွယ်လိုက်၏။
“သတိထား... သူတို့အားလုံးက မျိုးဆက်ဟောင်းက စွမ်းအားကြီးကျင့်ကြံသူတွေပဲ။ သူတို့က ငယ်ပုံပေါ်ပေမယ့် ကျင့်ကြံနေခဲ့ကြတာ နှစ်ပေါင်းများစွာ ရှိပြီ။ သူတို့က နှစ်ပေါင်းများစွာ အခန်းအောင်း ကျင့်ကြံနေခဲ့ကြတာ။ အဲဒါကြောင့် သူတို့က အသက်ရှင်နေသေးပေမယ့် လောကထဲကလူတွေက သူတို့ရဲ့နာမည်တွေကို မသိကြတာ။ ကြည့်ရတာတော့ သူတို့က တကယ်ပဲ အင်ပါယာအဆင့် အင်အားစုတွေရဲ့ ဝှက်ဖဲဖြစ်လာတဲ့ပုံပဲ။ လောကကြီးက ပြောင်းလဲမှုတွေအများကြီးနဲ့ ကြုံတွေ့ခဲ့ရတယ်... အဲဒါကိုတောင် သူတို့က အခုထိ ပုန်းအောင်းနေခဲ့ကြတယ်”
ထိုမတိုင်ခင်က ရီဖူရှင်းသည် ထိုကဲ့သို့ ကောလာဟလများကို ကြားခဲ့ဖူးသည်။ ကျင့်ကြံခြင်းလောကသည် မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများကို မွေးထုတ်ပေးခဲ့သည်။ သူတို့ထဲမှ တော်တော်များများသည် သေဆုံးသွားပြီဖြစ်ပြီး အချို့ကသာ အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ မျိုးဆက်ဟောင်းမှ စွမ်းအားကြီးသူများသည် တွေ့ရခဲသူများဖြစ်သော်လည်း အများအပြား အသက်ရှင်နေကြပေသေးသည်။
ရီဖူရှင်းသည် ထိုမတိုင်ခင်က ထိုကဲ့သို့သောသူအနည်းငယ်နှင့် တွေ့ဆုံခဲ့ဖူးသည်။ ထိုရှေးဟောင်းကျင့်ကြံသူများကို လူကြားသူကြားတွင် မြင်ရခဲ၏။ သူတို့သည် မည်သူနှင့်မှ အဆက်အဆံ မလုပ်ကြပေ။ သူတို့သည် အမွေအနှစ်များကို ယူပြီးနောက်တွင် ချက်ချင်းထွက်သွားကြသည်ချည်းသာ။ ဓားဧကရာဇ်အရှင်ကဲ့သို့ မျိုးဆက်ဟောင်းမှ ကျင့်ကြံသူများသည် ရှေးကျသည်ဟုပင် မသတ်မှတ်နိုင်ပေ။ သူတို့ထက် ပို၍စီနီယာကျသည့် ကျင့်ကြံသူများ ရှိနေပေသေးသည်။
ကြည့်ရသည်မှာ ထို အင်ပါယာအဆင့်အင်အားစုများသည် စွမ်းအားကြီးကျင့်ကြံသူအချို့ကို သူတို့၏ ဝှက်ဖဲအဖြစ် သိမ်းထားခဲ့ကြပုံပင်။
ထိုရှေးဟောင်းကျင့်ကြံသူများသည် လူသားဘိုးဘေး၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ဖြစ်ဖို့များသည်။ တိဟောက်သည် သူတို့ကို အမိန့်ပေးရန် အဆင့်မမီကြောင်း ထင်ရှား၏။ ထို့ကြောင့် သူသည် ထိုသူများ ရောက်လာသည်ကို မြင်လိုက်သောအခါ အံ့အားသင့်သွားခြင်းပင်။
“လူသားဘုံက အသေအကျေ တိုက်ချင်နေတာလား”
ယန်ကွေ့ရီသည် ရောက်လာသော ရှေးဟောင်းကျင့်ကြံသူများကို ကြည့်လိုက်၏။ သူသည် ကြောက်ရွံ့သည့်လက္ခဏာတစ်ခုပင် မပြပေ။ သူ၏မျက်လုံးများသည် အားကောင်းသော စစ်သွေးစစ်မာန်ဖြင့် တဟုန်းဟုန်းတောက်နေသည်။ သူသည် ထိုရှေးဟောင်းကျင့်ကြံသူများ မည်မျှ အစွမ်းထက်သည်ကို လက်တွေ့ သိရှိလိုနေသည်။ သူတို့သည် နတ်ဘုရားတစ်ဝက်စာရင်းဝင်သည့် ကျင့်ကြံသူများထက်ပို၍ အစွမ်းထက်လေသလော။
ဝုန်း...
အားကောင်းသည့် အရှိန်အဝါတစ်ခုသည် ရုတ်တရက် အားလုံးအပေါ်တွင် ရစ်သိုင်းသွားသည်။ ကျင့်ကြံသူများအထက်တွင် ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။ မှော်နက်ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်၏တစ်စိတ်တစ်ပိုင်းကို ကာရံသွားသည်။
“အဲဒါက မှော်နက်အရှင်ပဲ”
ကျင့်ကြံသူများသည် ကောင်းကင်သို့ မော့ကြည့်၍ ပြောလိုက်ကြသည်။ စွမ်းအားကြီး ဖိအား ကျဆင်းလာ၏။ သို့သော် မည်သူမှ စကားမပြောဝံ့ကြပေ။
ကောင်းကင်ထဲတွင် ပြင်းထန်သော ဖိအားသာ ပြည့်နှက်နေသည်။
ထို့နောက်တွင် ကြောက်မက်ဖွယ်အရှိန်အဝါများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။ ကောင်းကင်ထဲတွင် အရှိန်အဝါ အနည်းငယ် ရှိနေလေသည်။ ယခုတွင် ကျင့်ကြံသူများသည် မဟာအင်ပါယာများ၏ ဝိညာဉ်စွမ်းအားများ ရောက်ရှိလာခြင်းဖြစ်ကြောင်း နားလည်သွားကြသည်။ အကယ်၍ သူတို့သာ အလိုရှိလျှင် ဤနေရာတွင် ဖြစ်ပျက်သွားခဲ့သည့် မည်သည့်အချိန်က ကိစ္စကိုမဆို သိနိုင်ကြပေသည်။
“အော်မီထောဖော”
ထိုစဉ်တွင် ရွှေရောင်ဗုဒ္ဓအလင်းတန်းတစ်ခု ကျဆင်းလာပြီး ကောင်းကင်၏ ဤအပိုင်းကို အလင်းပေးလိုက်လေသည်။ ရှေးဟောင်းဗုဒ္ဓတစ်ပါး ထွက်ပေါ်လာ၏။ သူသည် အခြားလောကမှ လာခဲ့ခြင်းဖြစ်သည်။
ထိုရှေးဟောင်းဗုဒ္ဓသည် အနည်းငယ် ခပ်ဖိုင့်ဖိုင့်ရှိသော အခြားဗုဒ္ဓအရှင်များနှင့် မတူဘဲ သေးကွေး၊ ပိန်ပါးပေသည်။ သူ၏မျက်နှာသည် သေခါနီးလူတစ်ယောက်ကဲ့သို့ လွန်စွာအိုမင်းနေသည်။ သို့သော် သူသည် တည်ငြိမ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ အနောက်ဘက်လောကမှ ဗုဒ္ဓများက သူ့ကို တွေ့လိုက်သောအခါ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။ မာနကြီးသော ဆေးဗုဒ္ဓအရှင်သည်ပင် ရောက်ရှိလာသော ဗုဒ္ဓအရှင်ကို ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် ဗုဒ္ဓအရှင်”
ဗုဒ္ဓများသည် လက်အုပ်ချီ၍ ယဉ်ယဉ်ကျေးကျေး ပြောလိုက်ကြသည်။ ထို့ကြောင့် အခြားကျင့်ကြံသူများသည် မျက်မှောင်ကြုတ်သွားကြသည်။ သူတို့၏မျက်လုံးအကြည့်များသည်လည်း ထိုဗုဒ္ဓအရှင်ထံ ရောက်သွားကြသည်။ သူတို့သည် ထိုဗုဒ္ဓအရှင်၏အဆင့်အတန်းကြောင့် အံ့အားသင့်နေကြ၏။
ထိုဗုဒ္ဓအရှင်သည် မည်သူနည်း။
ထိုဗုဒ္ဓအရှင်ကို လူအနည်းငယ် တွေ့ဖူးပေသည်။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓအရှင်များစွာကပင် ဦးညွှတ်နှုတ်ဆက်ရသော ဗုဒ္ဓအရှင်တစ်ပါးသည် သေချာပေါက် အဆင်အတန်းမြင့်မည်ဖြစ်သည်။
ထို သေးကွေး၊ ပိန်ပါးသော ဗုဒ္ဓအရှင်သည်လည်း ဗုဒ္ဓအရှင်များကို ပြန်ဦးညွှတ်လိုက်သည်။ သူ၏ ကရုဏာကြီးသောအကြည့်မှနေ၍ ထိုဗုဒ္ဓအရှင်သည် စွမ်းအားကြီး ဗုဒ္ဓအရှင်တစ်ပါးဖြစ်ကြောင်း သိနိုင်ပေသည်။
“သူက ဗုဒ္ဓအရှင်တစ်ပါးပဲ”
အခြားအင်အားစုများမှ သူ့ကိုမှတ်မိသော ထိပ်သီးအချို့က ရေရွတ်လိုက်၏။ သူတို့သည်လည်း သူ့ကို ဦးညွှတ်၍ နှုတ်ဆက်လိုက်လေသည်။ ဒွန်ဟောင်တိယွမ်ပင် ထိုဗုဒ္ဓအရှင်ကို ဦးညွှတ်၍ နှုတ်ဆက်လိုက်၏။ ထိုဗုဒ္ဓအရှင်သည် အဆင့်အတန်းမြင့်မားကြောင်း ထင်ရှား၏။ ဒွန်ဟောင်တိယွမ်သည် ထိုဗုဒ္ဓအရှင် မည်သူမည်ဝါဆိုသည်ကိုသိပြီး သူ့ကို အလွန်ရိုသေသမှု ပြလိုက်လေသည်။
‘ သူက ကံကြမ္မာဗုဒ္ဓပဲ ’
ရီဖူရှင်း သူ့ဘာသာ တိတ်တဆိတ်တွေးလိုက်သည်။
သူသည်လည်း အနည်းငယ် ဦးညွှတ်၍ ဗုဒ္ဓအရှင်ကို နှုတ်ဆက်လိုက်သည်။ ကံကြမ္မာဗုဒ္ဓသည် ဗုဒ္ဓလောကရှိ အမြင့်ဆုံးအဆင့်ရှိသည့် ရှေးဟောင်းဗုဒ္ဓတစ်ပါးဖြစ်သည်။ သူ၏အဆင့်အတန်းသည် ထူးကဲပေသည်။ သူသည် တိုက်ပွဲများကို မခုံမင်ဘဲ လောကကြီး၏ ပဋိပက္ခများအကြားတွင် တစ်ခါမှ ဝင်မပါခဲ့ပေ။ သူသည် သူ၏အချိန်ကို ဗုဒ္ဓကျင့်စဉ်များကိုသာ လေ့လာရင်း ကုန်ဆုံးစေခဲ့သည်။ သူသည် သူ၏လမ်းစဉ်ကို အောင်အောင်မြင်မြင် သက်သေပြနိုင်ခဲ့ပြီး ကံကြမ္မာဗုဒ္ဓဖြစ်လာခဲ့သည်။
ကံကြမ္မာဗုဒ္ဓသည် ဗုဒ္ဓတန်ခိုးတော်ခြောက်ပါးထဲမှ တစ်ပါးဖြစ်သော သဗ္ဗညုတဉာဏ်တော်ကို ကျင့်ကြံခဲ့သည်။ သာမန်လူများသည် ထိုတန်ခိုးတော်ကို မကျင့်ကြံနိုင်ပေ။ ဗုဒ္ဓလောကတွင်ပင် ကံကြမ္မာဗုဒ္ဓမှလွဲ၍ အခြားမည်သူမှ သဗ္ဗညုတဉာဏ်တော်ကို အောင်မြင်အောင် မကျင့်ကြံနိုင်ကြပေ။
အကြွင်းမဲ့ဗုဒ္ဓပင် သဗ္ဗညုတဉာဏ်တော်မရှိပေ။
“ဆရာက တိုက်ပွဲပြင်မှာ ထွက်ပေါ်လာလိမ့်မယ်လို့ ကျုပ် တစ်ခါမှ မတွေးမိခဲ့ဘူး။ ဆရာက ဒီကို ဘာလို့များ ရောက်လာရတာပါလဲ”
ယန်ကွေ့ရီက မေးလိုက်သည်။ သူသည် ဒီမွန်းကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် စွမ်းအားကြီးကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲပေသည်။ သူသည် ဗုဒ္ဓလောကအပေါ် အမြင်မကြည်ဘဲ ဗုဒ္ဓများကို နလပိန်းတုံးများဟုပင် ခေါ်ပေသည်။ ဗုဒ္ဓများမှာ သူတော်ကောင်းယောင်ဆောင်နေသူများသာဖြစ်သည်ဟု သူယုံကြည်လေသည်။
သို့သော် ယန်ကွေ့ရီသည်ပင် ကံကြမ္မာဗုဒ္ဓအရှင်ကို အတိုင်းအတာတစ်ခုအထိ လေးစားမှုပြရပြီး သူ့ကို ဆရာဟု ခေါ်ခဲ့ပေသည်။
“ကိုယ်တော်က ဒီစစ်ပွဲကို တားဆီးဖို့ လာခဲ့တာပါ”
ကံကြမ္မာဗုဒ္ဓက ပြောလိုက်၏။ သူသည် အနည်းငယ် ခေါင်းငုံ့လိုက်၏။ သူသည် ဗုဒ္ဓအရှင်တစ်ပါးကဲ့သို့ ဝံ့ဝါမှုမရှိဘဲ အလွန် နှိမ့်ချတတ်ပုံပေါ်နေလေသည်။
“ကျုပ်တို့က ဘုံခြောက်ခုကြားက စစ်ပွဲကို ဦးတည်နေတာပါ။ ဆရာက ဒီစစ်ပွဲကို ဘယ်လိုများ တားဆီးဖို့ စီစဉ်ထားပါသလဲ”
ယန်ကွေ့ရီက မေးလိုက်၏။ ရာစုနှစ်များစွာ ငြိမ်းချမ်းနေခဲ့သော ဘုံခြောက်ခုသည် စစ်ဖြစ်တော့မည်ဖြစ်ကြောင်း အားလုံးသိပေသည်။ ထိုစစ်ပွဲ ဖြစ်မလာအောင် မည်သူမှ မတားဆီးနိုင်ပေ။ ထိုစစ်ပွဲကို ရှောင်လွှဲ၍ မရပေ။
“ကောင်းကင်နဲ့ မြေကြီးက ကြီးမားတဲ့ ပြောင်းလဲမှုကြီးတစ်ခုနဲ့ ကြုံရတော့မယ်။ မလိုအပ်ဘဲ သေဆုံးသူ အရေအတွက်ကို တိုးလာစေတာက မိုက်မဲတဲ့ လုပ်ရပ်ပါပဲ”
ကံကြမ္မာဗုဒ္ဓက လက်အုပ်ချီ၍ ပြောလိုက်လေသည်။