← Chapters

ရှေ့ဖြစ်ဟောကိန်း

Vol. 194 Ch. 2773

ရှေ့ဖြစ်ဟောကိန်း

Vol. 194 Ch. 2773

နှစ်ပေါင်းများစွာတိုင်အောင် ရှေ့ဖြစ်ဟောကိန်းတစ်ခုသည် လောကအတွင်း လှည့်လည်ပျံ့နှံ့နေခဲ့သည်။

လောကကြီး၏ ပြောင်းလဲမှုများသည် မူလဘုံတွင် စတင်ပေလိမ့်မည်။

ယခုတွင် လောကကြီးသည် စတင် ပြောင်းလဲလာပြီဖြစ်သည်။ လောကထဲတွင် နတ်ဘုရားကုန်းမြေ ထွက်ပေါ်လာခဲ့ပြီး ဘုံအသီးသီးမှ ကျင့်ကြံသူများသည် အမွေအနှစ်များအတွက် ထိုကုန်းမြေသို့ သွားခဲ့ကြသည်။ မရေမတွက်နိုင်အောင် များပြားသော လူများစွာသည် ပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ရပြီး သူတို့၏ကျင့်ကြံခြင်း တိုးတက်လာခဲ့သည်။ စွမ်းအားကြီးကျင့်ကြံသူများစွာလည်း ထွက်ပေါ်လာခဲ့ပြီး လူငယ်ကျင့်ကြံသူများသည် ခေါင်းဆောင်ရာထူးများ ရရှိလာခဲ့ကြ၏။ သူတို့သည် ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်သို့ ဖြည်းဖြည်းချင်း တက်လာကြသည်။

ဒွန်ဟောင်တိယွမ်၊ တိဟောက်၊ ရီဖူရှင်း၊ ယူချင်း၊ ရီချင်းယောင်နှင့် ကျိဝူတောက်တို့ကဲ့သို့ ကျင့်ကြံသူများသည် သူတို့၏ ရွှေခေတ်သို့ တဖြည်းဖြည်း ရောက်ရှိလာကြသည်။ ထို့အပြင် သူတို့သည် အနာဂတ်တွင် သေချာပေါက် ပို၍ပင်ဂုဏ်ရှိန်ကြီးသည့် အောင်မြင်မှုများကို ရရှိမည်ဖြစ်သည်။

သို့သော် ထိုအရာများသည် လောကကြီး၏ပြောင်းလဲမှုများ၏ အဆုံးသတ်မဟုတ်ပေ။

အနာဂတ်တွင် မည်သို့ဖြစ်လာမည်နည်း။

လက်ရှိတွင် လူများစွာ ထိုရှေ့ဖြစ်ဟောကိန်းမှာ အနောက်ဘက်ကောင်းကင်၏ ဗုဒ္ဓလောကမှ အစပြုခဲ့ကြောင်း သိရှိပြီးဖြစ်သည်။ သို့ဆိုလျှင် ထိုရှေ့ဖြစ်ဟောကိန်းကို ထုတ်ခဲ့သူမှာ ယခုတွင် သူတို့အရှေ့၌ ရပ်နေသည့် ကံကြမ္မာဗုဒ္ဓဖြစ်နိုင်ပေသည်။

ကံကြမ္မာဗုဒ္ဓသည် သဗ္ဗညုတဉာဏ်တော်ကို ကျင့်ကြံခဲ့ပေသည်။ သူသည် ထိုဗုဒ္ဓတန်ခိုးတော်တွင် မည်မျှကျွမ်းကျင်သည်ကို မည်သူမှ မသိပေ။ သို့သော် သူသည် အနာဂတ်ကို အနည်းငယ် မြင်နိုင်ဖို့ များပေသည်။

လောကကြီးတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာလိမ့်မည်ဟူသော သူ၏ရှေ့ဖြစ်ဟောကိန်းသည် ဖြစ်လာခဲ့ပြီးဖြစ်သည်။ ကံကြမ္မာဗုဒ္ဓသည် ပို၍ပင် အရေးပါသည့် ပြောင်းလဲမှုများဖြစ်လာမည်ကို ကြိုမြင်ထားခြင်းလော။

ယန်ကွေ့ရီ အော်ပြောလိုက်၏။

“လောကကြီးရဲ့ ပြောင်းလဲမှုတွေက ဘုံခြောက်ခုရဲ့ စစ်ပွဲကြောင့်လည်း စဖြစ်လာနိုင်တာပဲ။ ဒီစစ်ပွဲက ရှောင်လွှဲလို့မရတဲ့ စစ်ပွဲပဲ... ရပ်တန့်လို့ရမှာ မဟုတ်ဘူး။ ဒီစစ်ပွဲက ပြောင်းလဲမှုတွေထဲက တစ်စိတ်တစ်ပိုင်းပဲ”

ကံကြမ္မာဗုဒ္ဓက ပြန်ပြော၏။

“လောကကြီးက မကြာခင်မှာ ပိုပြီး အဓိကကျတဲ့ ပြောင်းလဲမှုတွေနဲ့ ကြုံရဦးမှာပါ။ အရာအားလုံး ပြောင်းလဲသွားလိမ့်မယ်။ ဒီစစ်ပွဲက ရှောင်လွှဲလို့မရနိုင်တဲ့ စစ်ပွဲမဟုတ်ပါဘူး။ ကျင့်ကြံခြင်းလောကထဲမှာ မဟာအင်ပါယာတွေက စွမ်းအားအကြီးဆုံးသူတွေပဲ... ပြီးတော့ သူတို့က ဘုံခြောက်ဘုံကို အုပ်စိုးတယ်။ သူတို့က တခြားသူတွေကို သူတို့ရဲ့ နယ်ရုပ်လေးတွေလို့ သဘောထားတယ်။ ဒါပေမဲ့ သက်ရှိအားလုံးက တန်းတူပါပဲ။ အဆုံးသတ်ကို ဆုံးဖြတ်ထားပြီးပြီဆိုတော့ ဘာလို့ အသက်တွေကို မလိုအပ်ဘဲ စတေးနေမှာလဲ။ တကယ်လို့ စစ်ပွဲဖြစ်လာရင် ဘုံခြောက်ဘုံက ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် သေကြရလိမ့်မယ်။ ဘာလို့ ကိုယ်တော်တို့က ကိုယ့်ကိုယ်ကို ဒီဘေးဒုက္ခထဲကို ရောက်စေရမှာလဲ”

ကံကြမ္မာဗုဒ္ဓသည် ထိုသို့ပြောလိုက်ပြီးနောက် အထက်ကောင်းကင်သို့ ကြည့်ကာ ဦးညွှတ်လိုက်ပြီး မေတ္တာရပ်ခံလိုက်၏။

“မဟာအင်ပါယာတို့... ကိုယ်တော့်ရဲ့ မေတ္တာရပ်ခံချက်ကို နားထောင်ပေးပါ။ ကိုယ်တော်တို့ ကပ်ဘေးတစ်ခုကို ရှောင်ရှားနိုင်ဖို့အတွက် တိုက်ခိုက်တာကို ရပ်တန့်ပေးပါ”

သူသည် သေးကွေးပေါ်သော်လည်း သူ့ခန္ဓာကိုယ်မှနေ၍ ဗုဒ္ဓအလင်းသည် အလွန်တောက်ပစွာ လင်းလက်နေသည်။ သူသည် ရွှေရောင်အလင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ ထို့ကြောင့် လူအုပ်သည် သူ့ကို ရိုသေလေးစားသွားသည်။

ကံကြမ္မာဗုဒ္ဓသည် လူကြားသူကြားတွင် ပေါ်လာခဲပေသည်။ နှစ်ပေါင်းများစွာကြာပြီးနောက်ပင် သူ့ကို သိသူမှာ လူအနည်းသာ ရှိသည်။ အကယ်၍ သူ လောကတစ်ခွင် လှည့်ပတ်သွားနေလျှင်လည်း ထိုကဲ့သို့ ပိန်ပိန်ပါးပါး အကြီးအကဲတစ်ဦးကို မည်သူမှ အာရုံစိုက်မည် မဟုတ်ချေ။

သို့‌သော် ဤတစ်ကြိမ် သူ သီးခြားကျင့်ကြံနေရာမှ ထွက်လာခဲ့ခြင်းမှာ စစ်ပွဲတစ်ပွဲကို ရှောင်ရှားနိုင်ရန်အတွက် မဟာအင်ပါယာများထံ မေတ္တာရပ်ခံရန်ဖြစ်ပေသည်။

ဤစစ်ပွဲသည် ဘုံခြောက်ခု၏ အင်ပါယာနန်းတော်များအကြားမှ စစ်ပွဲတစ်ပွဲဖြစ်သည်။ အကယ်၍ ထိုစစ်ပွဲသာ ဆက်ဖြစ်နေလျှင် စစ်မီးသည် ပို၍အရှိန်ကြီးလာပြီး အခြားနေရာများကိုလည်း ကူးဆက်သွားမည်ဖြစ်သည်။ လက်ရှိတွင် ဤကုန်းမြေသည် စစ်မြေပြင်တစ်ခု ဖြစ်လာခဲ့ပေပြီ။ အကယ်၍ တိုက်ခိုက်မှုများသာ ဆက်ဖြစ်နေပါက မရေမတွက်နိုင်အောင်များပြားသော ကျင့်ကြံသူများ အသက်ဆုံးရှုံးသွားမည်ဖြစ်သည်။

ကံကြမ္မာဗုဒ္ဓသည် ကရုဏာကြီးမားပေသည်။ ထို့ကြောင့် သူသည် သီးခြားကျင့်ကြံနေရာမှ ထွက်လာပြီး ဤနေရာသို့ အလျင်အမြန်လာကာ မဟာအင်ပါယာများကို တိုက်ခိုက်မှု ရပ်တန့်ပေးရန် မေတ္တာရပ်ခံခဲ့ခြင်းပင်။

ကောင်းကင်ရှိ နေရာတစ်နေရာကို တလက်လက်တောက်ပနေသော ရောင်စုံအလင်းများက လွှမ်းခြုံသွား၏။ အလင်းများမှနေ၍ ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ထိုပုံရိပ်သည် ကံကြမ္မာဗုဒ္ဓကို ဦးညွှတ်လိုက်လေသည်။ သူသည် ကံကြမ္မာဗုဒ္ဓကို လွန်စွာလေးစားပုံပေါ်၏။ သူ ယဉ်ကျေးစွာ ပြောလိုက်၏။

“ဗုဒ္ဓအရှင်က ဒီလိုပြောမှတော့ တပည့်တော် ဒွန်ဟောင် သေချာပေါက် နာခံပါမယ်။ ကောင်းကင်ဒေသက ကျင့်ကြံသူတွေက ဒီစစ်ပွဲကနေ ပြန်ဆုတ်ခွာသွားပါမယ်”

သူ၏အသံသည် ကျယ်ပြောသောအာကာပြင်ထဲတွင် ပဲ့တင်ထပ်သွားသည်။ အားလုံးသည် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ မဟာအင်ပါယာတစ်ပါးပင် ကိုယ်တိုင်ရောက်ရှိလာလေသည်။ ထို့ကြောင့် သူတို့အနေဖြင့် ဆက်တိုက်ခိုက်နေရန် အကြောင်းမရှိ‌တော့ပေ။

လူအုပ်သည် မေတ္တာရပ်ခံခဲ့သည် ဗုဒ္ဓအရှင်၏ဇစ်မြစ်အကြောင်းကို တွေးနေကြသည်။ အရှင်ဒွန်ဟောင်သည်ပင် သူ့ကို ဦးညွှတ်ခဲ့သည်။

ဤနေရာတွင် အနောက်ဘက်ကောင်းကင်မှ အကြွင်းမဲ့ဗုဒ္ဓရှိနေသလော။

“ကျေးဇူးအများကြီးတင်ပါတယ် အရှင်အင်ပါယာ”

ကံကြမ္မာဗုဒ္ဓကလည်း ကောင်းကင်သို့ ပြန်ဦးညွှတ်၍ ပြောလိုက်၏။ အရှင်ဒွန်ဟောင်သည် ကံကြမ္မာဗုဒ္ဓ၏ မေတ္တာရပ်ခံချက်ကို ပထမဆုံးလက်ခံခဲ့သူအဖြစ် ဗုဒ္ဓလောကကို မျက်နှာရစေလိုက်ပေသည်။ သူသည် ဗုဒ္ဓလောကတွင် လမ်းစဉ်သွားရှာခဲ့ဖူးသည် မဟုတ်ပါလား။ ထို့ကြောင့် သူ့ကို ဗုဒ္ဓလမ်းစဉ်၏ တပည့်တစ်ပိုင်းဟု သတ်မှတ်နိုင်သည်။

“အားလုံးပဲ ပြန်လာကြပါ”

အခြားအသံတစ်သံ ထွက်ပေါ်လာ၏။ ရုတ်ခြည်းပင် လူသားဘုံမှ ရောက်လာခဲ့သော ရှေးဟောင်းကျင့်ကြံသူအနည်းငယ်သည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး တိုက်ပွဲပြင်မှနေ၍ လျင်မြန်စွာ ထွက်ခွာသွားသည်။ သူတို့သည် စစ်ပွဲအတွက် လာခဲ့ခြင်းဖြစ်သည်။ သူတို့ပြန်ဆုတ်သွားခြင်းကိုကြည့်လျှင် လူသားဘိုးဘေးသည်လည်း ကံကြမ္မာဗုဒ္ဓ၏ မေတ္တာရပ်ခံချက်ကို သဘောတူသည့်ပုံပင်။

လူသားဘိုးဘေးသည် ကိုယ်တိုင် ထွက်မလာခဲ့သော်လည်း ကောင်းကင်မှနေ၍ ထွက်ပေါ်လာသော သူ့အသံကို ကြားနိုင်ပေသည်။

“ဒီတစ်ခေါက် မှော်နက်အရှင်က ဘုံခြောက်ခုရဲ့ စစ်ပွဲကို အစပြုခဲ့လို့ ကျုပ်က ကျုပ်ရဲ့လူတွေကို သူ့လူတွေကို သတ်ပြီး သူ့ရဲ့သတ်ဖြတ်မှုတွေကို တားဆီးဖို့ အမိန့်ပေးခဲ့တာပါ။ ကျုပ် အဲဒီလိုလုပ်ခဲ့တာက လူအများကြီး မလိုအပ်ဘဲ သေသွားမယ့်အရေးကို ကာကွယ်ဖို့ပါ။ အခု ကံကြမ္မာဗုဒ္ဓက ဒီလိုပြောမှတော့ လူသားဘုံကလည်း နောက်ဆုတ်ဖို့ ဆန္ဒရှိတယ်။ ဒါပေမဲ့ မှော်နက်လောက,က ရပ်တန့်ဖို့ ငြင်းမယ်ဆိုရင်တော့ လူသားဘုံက လောကကြီးရဲ့ ငြိမ်းချမ်းမှုကို ပြန်ရနိုင်အောင် အမှောင်ထုကို နှိမ်နင်းပစ်ရမှာပါပဲ”

“ကျေးဇူးအများကြီးတင်ပါတယ် လူသားဘိုးဘေး”

ကံကြမ္မာဗုဒ္ဓက ကောင်းကင်သို့ ထပ်မံဦးညွှတ်၍ ပြောလိုက်၏။ လူသားဘိုးဘေး၏ အဆင့်အတန်းသည် ထူးကဲပေသည်။ သူသည် မဟာအင်ပါယာခြောက်ပါးထဲတွင် ရှေးအကျဆုံးမဟာအင်ပါယာဖြစ်သည်။ သူသည် သူ့လူများကို တိုက်ခိုက်မှုရပ်ရန် အမိန့်ပေး၍ ကံကြမ္မာဗုဒ္ဓအပေါ် လေးစားမှုပြခဲ့ပေသည်။

ဗုဒ္ဓလောက၏ ရပ်တည်ချက်ကိုမူ ပြောစရာမလိုဘဲ သိနိုင်ပေသည်။ ကံကြမ္မာဗုဒ္ဓသည် သူတို့လောကထဲတွင် ထိပ်တန်းအဆင့်၌ရှိသူတစ်ယောက်ဖြစ်သည်။ သူ၏ရည်တည်ချက်သည် သူတို့လောက၏ရပ်တည်ချင်ကို ကိုယ်စားပြုပေသည်။

လူသားဘုံ၊ အနောက်ဘက်ကောင်းကင်လောကနှင့် ကောင်းကင်ဒေသတို့ပါဝင်သော ‘မှန်ကန်’သည့်ဘက်သည် စစ်ပွဲကို ရပ်တန့်ရန် ဆန္ဒရှိနေကြသည်။

ထို့ကြောင့် စစ်ပွဲ ဆက်ဖြစ်မည်၊ မဖြစ်မည်သည် နတ်ဆိုးလောက၊ မှော်နက်လောကနှင့် ဗလာနတ္တိဘုံတို့အပေါ်တွင်သာ မူတည်နေလေတော့သည်။

“အဲဒီ နလပိန်းတုံးက ဘယ်ကိုသွားတာလဲ။ ဘာလို့ ဒီမှာ ခင်ဗျားတစ်ယောက်တည်း ဖြစ်နေတာလဲ”

ကောင်းကင်ထက်မှ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံနှင့်အတူ ကြောက်မက်ဖွယ် ဒီမွန်းအရှိန်အဝါလည်း ပါလာလေသည်။ ဒီမွန်းအရှိန်အဝါသည် လှည့်ပတ်မြည်ဟည်းနေသည်။ နတ်ဆိုးအင်ပါယာ၏ဝိညာဉ်စွမ်းအား ရောက်ရှိလာကြောင်း ထင်ရှား၏။

သူပြောခဲ့သော နလပိန်းတုံးဆိုသည်မှာ အကြွင်းမဲ့ဗုဒ္ဓကို ပြောခြင်းဖြစ်ကြောင်း ထင်ရှား၏။ အကြွင်းမဲ့ဗုဒ္ဓသည် မဟာအင်ပါယာများကဲ့သို့ပင် စွမ်းအားကြီးပေသည်။

“ကိုယ်တော် သိသလောက်တော့ အကြွင်းမဲ့ဗုဒ္ဓက အခု အရောင်မဲ့ကောင်းကင်မှာ ကျင့်ကြံနေတယ်။ အဲဒါကြောင့် ဒီတစ်ခေါက် သူမလာခဲ့တာပါ”

ကံကြမ္မာဗုဒ္ဓက နတ်ဆိုးအင်ပါယာ၏အသံ ထွက်ပေါ်လာသည့်ဘက်သို့ ဦးညွှတ်၍ ပြန်ဖြေလိုက်သည်။ သူသည် နတ်ဆိုးအင်ပါယာက အကြွင်းမဲ့ဗုဒ္ဓအပေါ် သုံးနှုန်းလိုက်သည့် အသုံးအနှုန်းကြောင့် မကျေမနပ်ဖြစ်သွားပုံမပေါ်ပေ။ မဟာအင်ပါယာခြောက်ပါးသည် ကျန်သူများနှင့် နှိုင်းယှဉ်လျှင် အခြားအဆင့်တစ်ခုတွင် ရှိနေသူများဖြစ်ကြသည်။

ကံကြမ္မာဗုဒ္ဓတွင် သူတို့၏ အပြောအဆို၊ အပြုအမူကို ဝင်ပြောရန် အကြောင်းမရှိပေ။

“သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူ့ကိုယ်သူ သန့်စင်ဖို့လား”

နတ်ဆိုးအင်ပါယာက အေးစက်စက် စနောက်လိုက်သည်။

“ကျုပ်ဆီမှာ ခင်ဗျားအတွက် မေးခွန်းတစ်ခုရှိတယ်။ လောကကြီးက ပြောင်းလဲတော့မယ်လို့ ခင်ဗျားက နမိတ်ဖတ်ထားမှတော့ ဘယ်လို ပြောင်းလဲမှုမျိုးတွေကို ကြုံရမှာလဲဆို ပြောပြလို့ရမလား။ နောက်ထပ် မဟာအင်ပါယာတစ်ပါး ထွက်ပေါ်လာမှာမျိုးလား”

“အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေကို ကိုယ်တော် ထုတ်မပြောဝံ့ပါဘူး”

ကံကြမ္မာဗုဒ္ဓက ပြန်ပြောလိုက်၏။

“ကျုပ်ကို လာပြီး လှည့်ကွယ်တွေသုံးမနေနဲ့။ ခင်ဗျားက အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်မပြောဝံ့ဘူးဟုတ်လား။ အဲဒါဆိုရင် ဘယ်သူက အဲဒီရှေ့ဖြစ်ဟောကိန်းကို ပြောခဲ့တာလဲ”

နတ်ဆိုးအင်ပါယာသည် အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။

“အခု အဲဒီနလပိန်းတုံးက ဒီမှာ ရှိမနေဘူး။ ခင်ဗျား ကျုပ်မေးခွန်းကို ဖြေရမယ်လို့ ကျုပ်က အတင်းအကြပ်လုပ်မယ်ဆိုရင်ရော ဘယ်လိုလဲ”

“နတ်ဆိုးအင်ပါယာ... ဒကာကြီးက မဟာအင်ပါယာတစ်ပါးပါ။ ဒါပေမဲ့ ဒကာကြီးက အနိုင်ကျင့်...”

ဆေးဗုဒ္ဓအရှင်သည် နတ်ဆိုးအင်ပါယာ ရှိနေသောဘက်သို့ ကြည့်ကာ စကားဝိုင်းထဲသို့ ဝင်လိုက်သည်။

“ပါးစပ်ပိတ်ထား... ခင်ဗျားက ဒီနေရာမှ ဝင်ပြောဖို့ အဆင့်မမီဘူး”

နတ်ဆိုးအင်ပါယာသည် သူ၏စကားကို ဖြတ်ပြောလိုက်၏။ သူသည် ဩဇာအပြည့်ပါသော လေသံဖြင့် ကံကြမ္မာဗုဒ္ဓကို ဆက်၍ဖိအားပေးလိုက်၏။

“ခင်ဗျား ဘာမှ ထုတ်မပြောဖို့ ရွေးချယ်နိုင်တယ်။ ကျုပ် ခင်ဗျားကို တိုက်ခိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်တပ်တွေကို ပြန်ဆုတ်ပေးဖို့ ခင်ဗျားရဲ့ တောင်းဆိုချက်ကိုတော့ ကျုပ် လက်မခံနိုင်ဘူး”

“ကောလာဟလတွေက ပြောကြတာတော့ တစ်ခါတုန်းက ကျင့်ကြံသူတစ်ယောက်က သဗ္ဗညုတဉာဏ်တော်ကို အဆုံးစွန်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့တယ်တဲ့။ အဲဒီကျင့်ကြံသူက လူတိုင်းရဲ့ ကံကြမ္မာကို မြင်နိုင်တယ်တဲ့။ အဲဒီတန်ခိုးတော်ကိုက ဆန်းကြယ်မှုတွေအပြည့်ပဲ။ ကျုပ် အဲဒီအကြောင်းကို မယုံပေမယ့် နည်းနည်းတော့ စိတ်ဝင်စားနေမိတယ်။ ဆရာ... ဆရာက ဘယ်လို ပြောင်းလဲမှုမျိုးကို ကြိုမြင်ထားတာပါလဲ”

လူသားဘိုးဘေးက ဝင်ပြောလိုက်၏။ သူလေသံသည် စိတ်ဝင်စားနေသောလေသံပင်။

လူသားဘိုးဘေးသည် ကံတရားတို့၊ ကံကြမ္မာတို့ကို မယုံကြည်ကြောင်း လူတိုင်းသိပေသည်။ သူသည် လူသားလောကကို အမိန့်ပေးနိုင်ခဲ့ပြီး လူသားသည် ကံကြမ္မာထက်ပို၍ သန်မာသည်ဟု တွေးခဲ့သည်။ ဒဏ္ဍာရီများအရ အတိတ်တွင် လူသားဘိုးဘေးသည် သာမန်လူတစ်ဦးဖြစ်ခဲ့သည်ဟု သိရသည်။ သူ့ခေတ်တွင် ပါရမီရှင်များစွာ ရှိခဲ့သည်။ သူသည် ထူးခြားသူတစ်ဦး မဟုတ်ခဲ့ပေ။ သို့သော် သူသည် သူ၏ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆွဲကိုင်ခဲ့ပေသည်။ နတ်ဘုရာများက လောကကြီးကို အုပ်စိုးခဲ့သည်ခေတ်တွင် သူသည် နတ်ဘုရားများမှာ စွမ်းအားကြီးကျင့်ကြံသူများသာဖြစ်သည်ဟူသော သူ၏ယုံကြည်ချက်ကိုသာ မြဲမြဲမြံမြံ ဆုပ်ကိုင်ထားခဲ့သည်။ လူသားများသာ သူတို့၏အဆုံးစွန်အလားအလာအထိ ကျင့်ကြံလိုက်လျှင် သေမျိုးအသွေးအသားဖြင့်ပင် နတ်ဘုရားများနှင့် ယှဉ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။

လူသားများသည် နတ်ဘုရားများနှင့် ယှဉ်နိုင်ပေသည်။

ထိုဒဏ္ဍာရီသည် မည်မျှ မှန်ကန်မှုရှိသည်ကိုမူ အတည်မပြုရသေးပေ။ သို့သော် ထိုဒဏ္ဍာရီမှနေ၍ လူသားဘိုးဘေး၏ ယုံကြည်မှုကို ပြောနိုင်လေသည်။ သူသည် သူ၏ယုံကြည်ချက်အတိုင်း နေထိုင်ခဲ့ပြီး လူသားဘုံကို အုပ်စိုးကာ လူသားနတ်ဘုရားများကို ဖန်တီးနိုင်ခဲ့သည်။

လူသားများသည်လည်း နတ်ဘုရားများ ဖြစ်နိုင်သည်။ လူသားနတ်ဘုရားသည် ထိုယုံကြည်မှုမှ ဖြစ်ပေါ်လာခြင်းပင်။

ထို့ကြောင့် လူသားဘိုးဘေးသည် ဗုဒ္ဓလောကတွင် ဟောပြောသော ကံကြမ္မာအယူအဆကို မယုံကြည်ချေ။

ကံကြမ္မာဗုဒ္ဓသည် အနာဂတ်ကို မြင်နိုင်ပြီး လောကကြီးသည် ပြောင်းလဲမှုနှင့် ကြုံရတော့မည်ဟု ရှေ့ဖြစ်ဟောခဲ့သည်။ သို့သော် လူသားဘိုးဘေးသည် ထိုစကားတစ်ခုကိုမှ မယုံပေ။

“ကျုပ်လည်းသိချင်တယ်”

မိစ္ဆာအင်ပါယာက ပြောလိုက်၏။ ကောင်းကင်ထဲတွင် သူ၏မျက်နှာထွက်ပေါ်လာ၏။ ယခုတွင် မဟာအင်ပါယာသုံးပါးသည် ထိုကိစ္စကို စိတ်ဝင်စားကြောင်း ပြသခဲ့ပြီဖြစ်၍ ကံကြမ္မာဗုဒ္ဓသည် အသေးစိတ်အချက်အချို့ကို ထုတ်ပြောရန် ဖိအားပေးခံရနိုင်ချေရှိပေသည်။ သို့သော် သူ ရေငုံနှုတ်ပိတ် ဆက်ရှိနေလျှင်လည်း မဟာအင်ပါယာများသည် သူ့ကို ထိခိုက်အောင် လုပ်ချင်စိတ် မရှိလောက်ပေ။

“အော်မီထောဖော...”

ကံကြမ္မာဗုဒ္ဓက လက်အုပ်ချီ၍ ပြောလိုက်၏။

“လောကထဲက အရာအားလုံး ပြောင်းလဲသွားလိမ့်မယ်။ နတ်ဘုရားတွေရဲ့ခေတ် ထပ်ရောက်လာလိမ့်မယ်”

သူ၏အသံသည် တည်ငြိမ်ပေသည်။ သူ ထိုအချက်ကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူအုပ်သည် တိတ်ဆိတ်သွားသည်။ မည်သူမှ စကားတစ်ခွန်းပင် မပြောကြချေ။ မဟာအင်ပါယာခြောက်ပါးအပါအဝင် အားလုံးသည် ကံကြမ္မာဗုဒ္ဓကိုသာ အာရုံစိုက်နေကြသည်။

လောကအတွင်းရှိ အရာအားလုံး ပြောင်းလဲသွားမည်လော။

နတ်ဘုရားများ၏ခေတ် ထပ်ရောက်လာပေမည်။

ယခင်ကလည်း နတ်ဘုရားခေတ် ရှိခဲ့ဖူးသည်။

သူတို့သည် ရှေးတုန်းကကဲ့သို့ စည်ပင်ဝပြောသည့်ခေတ်တစ်ခေတ်ကို တွေ့ကြုံရမည့် အခွင့်အရေး ရမည်လော။

ကံကြမ္မာဗုဒ္ဓ ထိုသို့ပြောပြီးသွားသောအခါ သူ၏အရှိန်အဝါသည် အမှန်ပင် ဖျော့တော့လာလေသည်။ သူသည် ပို၍ အားနည်းလာသည်။ သူ၏အရှိန်အဝါသည် အဆက်မပြတ် အားနည်းလာပုံပင်။

“ဗုဒ္ဓအရှင်...”

အနောက်ဘက်ကောင်းကင်လောကမှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ရေရွတ်လိုက်ကြသည်။

သို့သော် ကံကြမ္မာဗုဒ္ဓအရှင်က မည်သို့မှ မဖြစ်ရန် ပြုမူလိုက်သည်။ သူသည် ပြောင်းလဲမှုများကို လုံးဝအရေးမစိုက်ပေ။ သူသည် ဆက်လက်၍ တည်ငြိမ်သော ဗုဒ္ဓအလင်းတစ်ခုကို ထုတ်လွှတ်နေသည်။

“လောကထဲက အရာအားလုံးမှာ ကိုယ်ပိုင်ကံကြမ္မာတွေ ရှိကြတယ်။ ကိုယ်တော်က အနာဂတ်ကို ကြိုကြည့်ပြီး လျှို့ဝှက်ချက်တစ်ခုကို ထုတ်ပြောမိလို့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်”

ကံကြမ္မာဗုဒ္ဓက လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“လောကကြီးက ဘယ်လို ပြောင်းလဲသွားမှာလဲ”

မှော်နက်အရှင်၏အသံသည် အာကာပြင်ထဲတွင် ပဲ့တင်ထပ်သွားသည်။ သူ၏ပန်းတိုင်သည် အမှောင်ထုအား လောကကြီးကို ဝါးမျိုစေ၍ လောကကြီး၏ စည်းမျဉ်းများကို ပြောင်းလဲပစ်လိုခြင်းဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် အရာအားလုံးသည် ပြောင်းလဲသွားမည်ဖြစ်ပြီး ဤပရမ်းပတာခေတ်လည်း အဆုံးသတ်သွားပေလိမ့်မည်။

ယခုတွင် ကံကြမ္မာဗုဒ္ဓ၏ရှေ့ဖြစ်ဟောချက်သည် သူတွေးထားသလိုမျိုးနှင့် ဆင်တူနေသည်။ ထို့ကြောင့် လောကကြီးသည် မည်သို့ပြောင်းလဲသွားမည်ကို သူသိလိုနေခြင်းပင်။

“ဆရာက ဒီလိုအခြေအနေ ဖြစ်နေပါပြီ။ ကျုပ်တို့ မေးတာကို ရပ်သင့်ပြီလို့ ကျုပ်ထင်တယ် မှော်နက်အရှင်”

အရှင်ဒွန်ဟောင်က ကြားမှ ဝင်ပြောလိုက်၏။ မှော်နက်အရှင်က အရေးမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်၏။

“သူက အနာဂတ်ကို ကြည့်ပြီးပြီဆိုတော့ နည်းနည်းလောက်ထပ်ပြီး ထုတ်ပြောလို့ ဘာမှ သိပ်ကွာသွားမှာ မဟုတ်ပါဘူး”

ကံကြမ္မာဗုဒ္ဓက ခေါင်းခါ၍ ပြောလိုက်၏။

“ကိုယ်တော် ကိုယ့်ကိုယ်ကို ရှက်မိတယ်။ ကိုယ်တော့်ရဲ့ အစွမ်းက မလုံလောက်သေးပါဘူး။ ဘာဖြစ်လာမလဲဆိုတာကို ကိုယ်တော်က နည်းနည်းလောက်ပဲ မြင်ရတာပါ။ လောကကြီးက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာတော့ ကိုယ်တော်လည်း မသိပါဘူး”

“ခင်ဗျားက တကယ်မသိတာလား ဒါမှမဟုတ် ကျုပ်တို့ကို လျှို့ဝှက်ထားတာလား”

မှော်နက်အရှင်က ကံကြမ္မာဗုဒ္ဓကို ဆက်၍ ဖိအားပေးလိုက်၏။

“မှော်နက်အရှင်... ခင်ဗျား အမှောင်ထုရဲ့ အုပ်စိုးသူတစ်ယောက်အနေနဲ့ ကံကြမ္မာဗုဒ္ဓကို အခက်တွေ့အောင် မလုပ်သင့်ဘူး”

လူသားဘိုးဘေးလည်း ကြားဝင်ပြောလိုက်၏။

“ကံကြမ္မာဗုဒ္ဓက လောကကြီးရဲ့ ပြောင်းလဲမှုတွေကို ခန့်မှန်းခဲ့ပေမယ့် ကံကြမ္မာဆိုတာ စိတ်ကူးယဉ်ပဲလို့ ကျုပ် ခိုင်ခိုင်မာမာ ယုံကြည်ထားတုန်းပဲ။ လူသားတွေကသာ အရာအားလုံးကို ထိန်းချုပ်နိုင်တဲ့သူတွေပဲ”

လူသားဘိုးဘေးသည် ကံကြမ္မာဗုဒ္ဓ၏စကားများအပေါ် သံသယရှိနေသေးကြောင်း ထင်ရှား၏။

“လူသားဘိုးဘေးပြောတာ မှန်တယ်။ လူသားဘိုးဘေးက လူသားဘုံရဲ့ကိစ္စတွေကို ထိန်းချုပ်နေမှတော့ နောက်ထပ် မဟာအင်ပါယာတွေ ရှိလာတော့မှာ မဟုတ်ပါဘူး”

တစ်စုံတစ်ယောက်က ခနဲ့လိုက်သည်။ ထိုသို့ပြောလိုက်သူမှာ နတ်ဆိုးအင်ပါယာဖြစ်ပေသည်။ လူအုပ်သည် သူ၏စကားများကြောင့် ဇဝေဇဝါဖြစ်သွားကြသည်။ သူသည် ဘာကိုဆိုလိုသနည်း။

လူသားဘိုးဘေးက လူသားဘုံ၏ကိစ္စများကို ထိန်းချုပ်နေသ၍ မဟာအင်ပါယာအသစ် ထွက်ပေါ်မလာနိုင်သလော။ နတ်ဆိုးအင်ပါယာ၏စကားက ဘာအဓိပ္ပာယ်နည်း။

လူသားဘိုးဘေးသည် နတ်ဆိုးအင်ပါယာ၏ ခနဲ့မှုကြောင့် စိတ်မလှုပ်ရှားသွားပေ။ သူသည် တည်တည်ငြိမ်ငြိမ်ပင် ပြန်တုံ့ပြန်လိုက်သည်။

“နတ်ဆိုးအင်ပါယာ... ခင်ဗျားက စိုးရိမ်ကြီးလွန်းတယ်။ ကျုပ်က ကံကြမ္မာကို မယုံကြည်ပေမယ့် သမိုင်းတစ်ကြော့ပြန်တတ်တဲ့ အဖြစ်ကိုတော့ ယုံကြည်တယ်။ ရှေးတုန်းက နတ်ဘုရားခေတ်ရှိခဲ့ဖူးတယ်ဆိုတော့ အနာဂတ်မှ နတ်ဘုရားခေတ်ထပ်ဖြစ်လာရင်လည်း ကျုပ်မအံ့ဩပါဘူး။ ကျုပ်က အဲဒီခေတ်ကိုတောင် မျှော်မိ‌သေးတယ်။ နတ်ဘုရားခေတ်က မကြာခင်ရောက်လိမ့်မယ်လို့လည်း ကျုပ်ထင်တယ်”

ထိုကုန်းမြေပေါ်ရှိ ကျင့်ကြံသူအားလုံးသည် သူတို့၏စကားများကို တိတ်တဆိတ်နားထောင်နေကြသည်။ သူတို့သည် ထိုသတင်းကြောင့် အံ့အားသင့်နေကြ၏။ နတ်ဘုရားခေတ်သည် ရှေးလွန်လေပြီးသော အတိတ်ဖြစ်သည်။ မဟာလမ်းစဉ် ပြိုကျပျက်စီးသွားပြီးကတည်းက မဟာအင်ပါယာအသစ်တစ်ယောက်မှ မရှိခဲ့သေးပေ။ ထိုစဉ်ကတည်းက လူမည်မျှ မဟာအင်ပါယာဖြစ်လာနိုင်ခဲ့သနည်း။

မဟာအင်ပါယာတစ်ပါးဖြစ်လာရေးသည် လောကထဲမှ ကျင့်ကြံသူအားလုံး လျှောက်လှမ်းနေကြသော ပန်းတိုင်ဖြစ်သည်။ ထိုပန်းတိုင်သည် မဖြစ်နိုင်လုနီးပါးဟု ထင်ရသော်လည်း မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများသည် ထိုပန်းတိုင်သို့ ရောက်နိုင်ရန် သူတို့တတ်စွမ်းသမျှ ကြိုးစားနေကြသည်။

ယခုတွင် ထိုမဟာအင်ပါယာများသည် နတ်ဘုရားခေတ်အကြောင်းကို ဆွေးနွေးနေကြသည်။ ကံကြမ္မာဗုဒ္ဓကလည်း နတ်ဘုရားခေတ်ပြန်ရောက်လာလိမ့်မည်ဟု ရှေ့ဖြစ်ဟောခဲ့သည်။ ခေတ်သစ်တစ်ခေတ် ရောက်လာမည်ဖြစ်ပြီး ထိုခေတ်သည် ခမ်းနားကြီးကျယ်သောခေတ်တစ်ခေတ် ဖြစ်ပေလိမ့်မည်။ ထိုသတင်းသည် အမှန်ပင် စိတ်လှုပ်ရှာဖွယ်သတင်းပင်။

သူတို့သည် ထိုခေတ်သစ်တွင် မည်သည့်အခန်းကဏ္ဍမှ ကပြကြရမည်နည်း။

All Chapters