ငါးရာစုသာခံမည့် အင်ပါယာကံကြမ္မာ
Vol. 194 Ch. 2774
“နတ်ဘုရားခေတ် ရောက်လာမှာကို ကျုပ်မျှော်လင့်ပါတယ်”
အရှင်ဒွန်ဟောင်က ပြောလိုက်၏။
“နှစ်ပေါင်းများစွာ ကျင့်ကြံပြီးတော့ ရှေးခေတ်တုန်းက ဘယ်လောက်များ စည်ပင်ဝပြောခဲ့လဲဆိုတာ ကျုပ်တွေးမိတယ်”
“အဲဒီလိုလား...”
မှော်နက်အရှင်က ရွဲ့သလိုလို ပြောလိုက်၏။
“အရင်တုန်းက အင်ပါယာရီချင်က ဘယ်လိုသေသွားခဲ့တာလဲ”
ကောင်းကင်ဒေသအတွက် အင်ပါယာရီချင်သည် တားမြစ်ထားသောအမည်ဖြစ်သည်။ အခြားသူများသည် ထိုအကြောင်းကို မဆွေးနွေးဝံ့ကြပေ။ သို့သော် မှော်နက်အရှင်ကတော့ ဆွေးနွေးဝံ့ပေသည်။
အရှင်ဒွန်ဟောင် ခေတ္တမျှ မှင်တက်သွားသည်။ သူသည် အသံဆိတ်နေပြီး မည်သို့မှ မပြောပေ။
“အော်မီထောဖော...”
ထိုအချိန်တွင် ကံကြမ္မာဗုဒ္ဓက ပြောလိုက်၏။
“ကိုယ်တော် အရှင်ဒွန်ဟောင်ကို နောက်ထပ် အကြံတစ်ခု ပေးချင်ပါတယ်”
“ဗုဒ္ဓအရှင် ပြောပါ...”
အရှင်ဒွန်ဟောင်က အနည်းငယ် ခေါင်းညိတ်လျှက် ပြန်ပြောလိုက်၏။ သူသည် နှိမ့်ချ၊ ယဉ်ကျေးစွာ ပြုမူနေဆဲဖြစ်ပြီး ကံကြမ္မာဗုဒ္ဓကို လေးစားသမှုပြနေသည်။
ကံကြမ္မာဗုဒ္ဓက ပြောလိုက်၏။
“အရှင်ဒွန်ဟောင်က တစ်ခါတုန်းက ဗုဒ္ဓလောကမှာ ကျင့်ကြံခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ဒကာကြီးက မဟာအင်ပါယာတစ်ပါး မဖြစ်သေးပါဘူး။ အဲဒါကြောင့် ကိုယ်တော်က ဒကာကြီးရဲ့ အနာဂတ်ကို တစ်ချက်ကြည့်နိုင်ခဲ့တယ်။ ဒကာကြီးမှာ အင်ပါယာကံကြမ္မာရှိတာကို ကိုယ်တော် သတိပြုမိခဲ့တယ်။ ဒါပေမဲ့ ကိုယ်တော် တခြားတစ်ခုကိုလည်း တွေ့ခဲ့တယ်။ အဲဒီအကြောင်းကို ကိုယ်တော် ဒကာကြီးကို အရင်က မပြောပြဖူးဘူး။ အခု ကိုယ်တော် ဒကာကြီးကို ပြောပြချင်ပါတယ်”
အရှင်ဒွန်ဟောင်၏ မျက်နှာထား ထူးဆန်းသွားသည်။ အခြား မဟာအင်ပါယာများသည်လည်း ထိုစကားများကို အာရုံစိုက်၍ နားထောင်နေကြသည်။
ကံကြမ္မာဗုဒ္ဓသည် သဗ္ဗညုတဉာဏ်တော်ကို ကျင့်ကြံခဲ့သဖြင့် အခြားတစ်ယောက်၏ ကံကြမ္မာကို ကြည့်နိုင်ပေသည်။ သို့သော် အကယ်၍ ထိုတစ်ယောက်သည် မဟာအင်ပါယာတစ်ပါးကဲ့သို့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါက သူသည် ထိုပုဂ္ဂိုလ်၏ အနာဂတ်ကို ကြည့်နိုင်မည် မဟုတ်ပေ။ ကံကြမ္မာဗုဒ္ဓသည် ယခုအထိ မကျွမ်းကျင်သေးပေ။
မည်သို့ပင်ဖြစ်စေ လူအုပ်သည် အရှင်ဒွန်ဟောင်တစ်ယောက် ဗုဒ္ဓလောကတွင် ကျင့်ကြံခဲ့စဉ်က အရှင်ဒွန်ဟောင်နှင့်ပတ်သတ်သည့် အမြင်တစ်ခုကို မြင်ခဲ့သည်ဟု သူ ပြောသောအခါ သူ၏စကားများကို သံသယမဖြစ်ကြပေ။ ဆက်စက်မိ၍ ဆိုရလျှင် အတိတ်တွင် ဗုဒ္ဓလောကသည် အရှင်ဒွန်ဟောင်အပေါ် များစွာအလေးထားခဲ့သည်။ သူ့ကို အကြွင်းမဲ့ဗုဒ္ဓ ကိုယ်တိုင် လမ်းညွှန်ပြသပေးခဲ့သည်။ ထို့အပြင် ကံကြမ္မာဗုဒ္ဓကလည်း သူ မဟာအင်ပါယာတစ်ပါးဖြစ်လာလိမ့်မည်ဟု မြင်ခဲ့သည်။
“ကိုယ်တော် စိတ်ထဲရှိတာ ပြောပါ”
အရှင်ဒွန်ဟောင်က ပြောလိုက်၏။
“အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသမှာ ပြိုင်ဘက်ကင်းပါတယ်... ပြီးတော့ အင်ပါယာကံကြမ္မာလည်းရှိတယ်။ ဒါပေမဲ့ အဲဒါက ရာစုနှစ်ငါးစုပဲ ခံလိမ့်မယ်”
ကံကြမ္မာဗုဒ္ဓက လက်အုပ်ချီ၍ ခေါင်းငုံ့ကာ ထိုသို့ပြောလိုက်၏။
သူ၏စကားများသည် လူများစွာကို အံ့အားသင့်သွားစေ၏။ လူအုပ်သည်၊ အထူးသဖြင့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် အလွန်အံ့အားသင့်သွားကြသည်။ သူတို့သည် ရင်တုန်လာကြသည်။
အရှင်ဒွန်ဟောင်၏ အင်ပါယာတစ်ပါးအဖြစ် စိုးစံရမည့် ကံကြမ္မာသည် ငါးရာစုသာ ခံမည်လော။
သူသည် ကောင်းကင်ဒေသတွင် ငါးရာစုတိုင်အောင် ပြိုင်ဘက်ကင်းဖြစ်နေပေလိမ့်မည်။ သို့ဆိုလျှင် ကောင်းကင်ဒေသအပေါ် သူ၏အုပ်စိုးနိုင်မှုသည် ငါးရာစုသာ ခံမည်ဆိုသော အဓိပ္ပာယ်လော။
ထိုရှေ့ဖြစ်ဟောကိန်းသည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများအတွက် ဆိုင်းမဆင့်၊ ဗုံမဆင့် ရောက်လာခဲ့သည်။ အရှင်ဒွန်ဟောင် ကောင်းကင်ဒေသကို စည်းလုံးအောင်လုပ်ခဲ့သည်မှာ နှစ်လေးရာကျော်ခဲ့ပြီဖြစ်သည်။ ငါးရာစုပြည့်ရန်အတွက် အချိန်သိပ်မကျန်တော့ပေ။
ကျန်ရှိသော ဆယ်စုနှစ်များသည် လက်ဖြောက်တစ်ချက်အတွင်း ကုန်ဆုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် ထိုသတင်းသည် မည်မျှတုန်လှုပ်အံ့အားသင့်ဖွယ်ကောင်းကြောင်း တွေးကြည့်နိုင်ပေသည်။
နတ်ဘုရားခေတ်လည်း ရောက်လာမည် ဖြစ်သည်။ အရှင်ဒွန်ဟောင်၏ ကောင်းကင်ဒေသအပေါ် အုပ်စိုးမှုကို မည်သူက ဖယ်ရှားမည်နည်း။
ကျယ်ပြောသောနေရာတစ်ခွင်လုံး တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ မည်သူမှ စကားတစ်ခွန်းမှ မပြောကြပေ။ သူတို့အားလုံးသည် မှင်တက်နေပုံပေါ်လေသည်။
ထို့နောက်တွင် ကံကြမ္မာဗုဒ္ဓက ဆက်ပြောလိုက်၏။
“အဲဒါက ကိုယ်တော် အတိတ်မှာတွေ့ခဲ့တဲ့ အရာတစ်ခုပါပဲ။ သဗ္ဗညုတဉာဏ်တော်က နက်နဲတယ်ဆိုပေမယ့် ရာနှုန်းပြည့် သေချာတာတော့ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ကံတရားက ပြောင်းလဲနိုင်တယ်။ ကံကြမ္မာလည်း အတူတူပါပဲ။ အရှင်ဒွန်ဟောင်ရဲ့ ကံကြမ္မာက မဟာအင်ပါယာတစ်ပါးဖြစ်လာပြီးတဲ့နောက် ပြောင်းချင်လည်း ပြောင်းသွားမှာပါ။ ဒကာကြီးရဲ့ အင်ပါယာကံကြမ္မာက ထပ်ရှည်လာပြီးတာလည်း ဖြစ်နိုင်တယ်။ ကိုယ်တော် အတိတ်တုန်းက မြင်ခဲ့ရတဲ့အမြင်က ပြောင်းလဲသွားနိုင်ပါတယ်”
“တကယ်လို့ လောကကြီးထဲက အရာအားလုံးက ကံကြမ္မာအလိုအရဆိုရင် တပည့်တော် အဲဒီအတိုင်းပဲ စီးမျှောလိုက်သွားပါမယ်”
အရှင်ဒွန်ဟောင်က တည်ငြိမ်စွာ ပြောလိုက်၏။ သူသည် ထိုသို့ပြောလိုက်ပြီးနောက် ရီဖူရှင်းကို တစ်ချက် လှမ်းကြည့်သည်။ လူတော်တော်များများသည်၊ အထူးသဖြင့် မဟာအင်ပါယာများသည် သူ၏ထိုအပြုအမူကို သတိပြုမိလိုက်ကြသည်။
ထို ပါရမီရှင်သည် အင်ပါယာရီချင်၏ မျိုးဆက်ဖြစ်သည်။ သူသည် မဟာအင်ပါယာတစ်ပါး ဖြစ်လာမည့် လမ်းပေါ်သို့ ရောက်နေပြီးဖြစ်သည်။ သူသည် ကျန်ရှိနေသည့် ဆယ်စုနှစ်အနည်းငယ်အတွင်း၌ သူ၏ပန်းတိုင်သို့ ရောက်မည်လော။ ထိုအခါ သူသည် အရှင်ဒွန်ဟောင်၏ စိုးစံမှုကို အဆုံးသတ်ပစ်မည်လော။
ထိုအရာသည် မဖြစ်နိုင်ဟု ထင်ရသည်။ ရီဖူရှင်း၏ပါရမီသည် ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် ပါရမီပင်ဖြစ်စေ သူ့အတွက် ဆယ်စုနှစ်အနည်းငယ်အတွင်း မဟာအင်ပါယာတစ်ပါး ဖြစ်လာရန်မှာမူ စိတ်ကူးယဉ်ဆန်နေသည်။
ထို့အပြင် အကယ်၍ သူ အောင်အောင်မြင်မြင်ဖြင့် မဟာအင်ပါယာတစ်ပါး ဖြစ်လာနိုင်လျှင်လည်း ကောင်းကင်ဒေသအပေါ် အရှင်ဒွန်ဟောင်၏ အုပ်စိုးမှုကို မည်သို့ အဆုံးသတ်မည်နည်း။
အရှင်ဒွန်ဟောင် မဟာအင်ပါယာတစ်ပါးဖြစ်ခဲ့သည်မှာ ရာစုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။ သူ့တွင် ထူးကဲသောပါရမီ ရှိပေသည်။ အကယ်၍ ရီဖူရှင်းသည် သူ့ကို အဆင့်အတန်းတွင် မီလာလျှင်လည်း သူ၏ပြိုင်ဘက် ဟုတ်ဦးမည်မဟုတ်ပေ။
အခြားမဟာအင်ပါယာများသည် ရီဖူရှင်းကို ကြည့်လိုက်သော အရှင်ဒွန်ဟောင်၏အကြည့်ကို တွေ့လိုက်သောအခါ သူတို့လည်း ရီဖူရှင်းရပ်နေသောနေရာကို ကြည့်လိုက်ကြသည်။
သူသည် အရှင်ဒွန်ဟောင်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်လော။
လူသားဘိုးဘေးက ထပြောလိုက်၏။
“ဒွန်ဟောင်... ခင်ဗျား ဒီအကြောင်းကို ဂရုစိုက်နေဖို့ မလိုပါဘူး။ ကျုပ်က ဘယ်တုန်းကမှ ကံကြမ္မာကို မယုံကြည်ခဲ့ဘူး။ ပြီးတော့ ကံကြမ္မာဗုဒ္ဓပြောသလိုပဲ ခင်ဗျားက အခုဆို အင်ပါယာအဆင့်မှာ ခင်ဗျားရဲ့ လမ်းစဉ်ကို သက်သေပြပြီးပြီပဲ။ ခင်ဗျားရဲ့ အင်ပါယာကံကြမ္မာက လွယ်လွယ် ယိမ်းယိုင်နိုင်တဲ့အရာတစ်ခု မဟုတ်ဘူး။ မရေရာတဲ့အရာတစ်ခုအပေါ်မှာ အခြေခံထားတဲ့ အဲဒီရှေ့ဖြစ်ဟောကိန်းကြောင့် ခင်ဗျားစိတ်ဆင်းရဲစရာမလိုပါဘူး”
“အင်း...”
အရှင်ဒွန်ဟောင်က ခေါင်းညိတ်လျှက် ပြန်ပြောလိုက်၏။
“ကျုပ် အဲဒီအကြောင်းကြောင့် စိတ်ဆင်းရဲမှာ မဟုတ်ပါဘူး။ တကယ်လို့ ကျုပ်ရဲ့ အင်ပါယာကံကြမ္မာ အဆုံးသတ်ချိန်ရောက်ပြီး နတ်ဘုရားခေတ်အစပြုတော့မယ့်အချိန်ရောက်ရင် ကျုပ် ကျုပ်အပိုင်းကို လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်”
သူထပ်ပြော၏။
“ဒါပေမဲ့ ဗုဒ္ဓအရှင်... တပည့်တော် ဗုဒ္ဓအရှင်ရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်”
“အော်မီထောဖော...”
ကံကြမ္မာဗုဒ္ဓက ရွတ်ဆိုလိုက်သည်။ ထို့နောက် သူပြောလိုက်၏။
“ဒီကပ်ဘေးကို ရှောင်ရှားနိုင်ဖို့ ကိုယ်တော့်ရဲ့ ဆန္ဒကိုလိုက်လျောပေးခဲ့တဲ့ မဟာအင်ပါယာတွေကို ကိုယ်တော်က ကျေးဇူးတင်တယ်။ ဒီကိစ္စကို ကိုယ်တော်ရဲ့ အကူအညီလို့ သတ်မှတ်နိုင်တယ်။ နှုတ်ဆက်ပါတယ်”
“နေပါဦး...”
ထိုစဉ်တွင် အသံတစ်သံက ကံကြမ္မာဗုဒ္ဓကို တားလိုက်၏။ တားလိုက်သူမှာ နတ်ဆိုးအင်ပါယာဖြစ်သည်။ သူ ဆက်ပြောလိုက်၏။
“အရင်တုန်းက ခင်ဗျားက ဒွန်ဟောင်ရဲ့ အင်ပါယာကံကြမ္မာကို ဖတ်ခဲ့ဖူးတယ်ဆိုတော့ ဒီနေ့ ဒီနေရာမှာ အင်ပါယာကံကြမ္မာကို ပိုင်ဆိုင်ထားတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ”
ကံကြမ္မာဗုဒ္ဓက ခေါင်းငုံ့၍ ပြန်ပြောလိုက်၏။
“ကိုယ်တော်သာ အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေအများကြီးကို ထုတ်ပြောလိုက်ရင် အကျိုးဆက်တွေ ရှိလာလိမ့်မယ်။ ကံကြမ္မာကို မနှောင့်ယှက်မိအောင် ကိုယ်တော် အများကြီး မပြောဝံ့ပါဘူး”
“နတ်ဆိုးအင်ပါယာ ဆက်မမေးပါနဲ့တော့”
အရှင်ဒွန်ဟောင်က ဝင်ပြောလိုက်၏။
“တကယ်လို့ ကံကြမ္မာနဲ့ ပြန်လည်ဝင်စားခြင်းက အမှန်တကယ် ရှိတယ်ဆိုရင် ဒီနေရာက လူတချို့က ငရဲမှာ ရောက်နေသင့်တယ်”
နတ်ဆိုးအင်ပါယာက လှောင်လိုက်သည်။
“အော်မီထောဖော...”
ကံကြမ္မာဗုဒ္ဓက ဦးညွှတ်၍ ရွတ်ဆိုလိုက်၏။ ဗုဒ္ဓအလင်းတောက်ပလာပြီး သူ ပျောက်ကွယ်သွားသည်။ သူသည် ဤနေရာမှ ထွက်ခွာသွားပြီဖြစ်သည်။
ကံကြမ္မာဗုဒ္ဓ ထွက်ခွာသွားပြီဖြစ်သော်လည်း ကျန်ရစ်ခဲ့သော လူအုပ်သည် သူ၏ရှေ့ဖြစ်ဟောကိန်းကြောင့် အံ့အားသင့်နေဆဲပင်။
အရှင်ဒွန်ဟောင်၏ ငါးရာစုခံမည့် အင်ပါယာကံကြမ္မာ၏အချိန် ပြည့်ရန် နှစ်လေးဆယ်ပတ်ချာလည်သာ လိုတော့ပေသည်။
လာမည့်နတ်ဘုရားခေတ်သည် နှစ်လေးဆယ်ကြာလျှင် စမည်လော သို့မဟုတ် ထိုထက်နှစ်ပိုကြာဦးမည်လော။
ထိုသို့သာဖြစ်လျှင် အနာဂတ်သည် မည်သို့စည်ပင်ဝပြောသည့် ခေတ်တစ်ခုကို ဆောင်ကျဉ်းလာမည်နည်း။
“ကျုပ် အဲဒီအချိန်ကို မျှော်လင့်နေတယ်။ သူ့ရဲ့ရှေ့ဖြစ်ဟောကိန်း အမှန်ဖြစ်လာပါစေလို့ ကျုပ်မျှော်လင့်တယ်”
နတ်ဆိုးအင်ပါယာက ပြုံး၍ ပြောလိုက်၏။
“ကျုပ်တို့သွားမယ်”
သူ ထိုသို့ပြောလိုက်သောအခါ ယန်ကွေ့ရီ၊ ယူချင်းနှင့် နတ်ဆိုးလောကမှ အခြားကျင့်ကြံသူများသည် စတင် ထွက်ခွာသွားသည်။ နတ်ဘုရားကုန်းမြေပေါ်ရှိ ဒီမွန်းကျင့်ကြံသူများသည်လည်း တဖြည်းဖြည်း ထွက်ခွာသွားပြီး တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြသည်။
“အိုး... ဒါနဲ့စကားမစပ်... ဒွန်ဟောင် ရီဖူရှင်းကို မထိဘူးလို့ ခင်ဗျားပေးထားတဲ့ ကတိကို မမေ့နဲ့နော်။ သူကိုယ်စားပြုတဲ့ စီဝေ့ကြယ်ကောင်းကင်က အခု လောကထဲမှာ ထိပ်သီးအင်အားစုတစ်စု ဖြစ်နေပြီ။ ဒီမှာရှိတဲ့ မဟာအင်ပါယာတွေလည်း ကိုယ့်ဘာသာ လှုပ်ရှားပြီး ဂုဏ်သိက္ခာအကျမခံကြနဲ့။ မဟုတ်ရင်တော့ ကျုပ်က ခင်ဗျားတို့ကို အပြစ်ရှာတယ်ဆိုပြီး အပြစ်မတင်ကြနဲ့ပေါ့”
နတ်ဆိုးအင်ပါယာသည် သူထွက်မသွားခင် ခြိမ်းခြောက်ခဲ့သည်။ ထို့နောက် ဒီမွန်းတိမ်တိုက် လှည့်ပတ်၊ မြည်ဟည်းလာပြီး သူ၏ဝိညာဉ်စွမ်းအားသည် အာကာပြင်မှ ပျောက်ကွယ်သွားသည်။ သူထွက်မသွားခင်တွင် မဟာအင်ပါယာများကို ရီဖူရှင်းကို မထိဖို့ သတိပေးသွားခဲ့သည်။
“ကျုပ်လည်း အဲဒီအချက်ကို ထောက်ခံတယ်။ မဟာအင်ပါယာတွေက ဒီနေရာက တိုက်ပွဲတွေမှာ ဝင်မပါသင့်ဘူး။ တကယ်လို့ ဒီသဘောတူညီချက်ကို ချိုးဖောက်ခဲ့ရင် ခင်ဗျားတို့ရဲ့ အင်အားစုတွေကို မညှာလို့ဆိုပြီး ကျုပ်တို့ကို အပြစ်မတင်နဲ့”
မှော်နက်အရှင်ကလည်း ခြိမ်းခြောက်လိုက်သည်။ ရီဖူရှင်းဘက်တွင် ရပ်သည့် မဟာအင်ပါယာနှစ်ပါး ရှိနေသည်။
သူတို့၏ ပြောကြားချက်များသည် ရီဖူရှင်း၏ရပ်တည်ချက်ကို ဆုံးဖြတ်လိုက်သကဲ့သို့ပင်။ သူသည် နတ်ဆိုးလောကနှင့် မှော်နက်လောကတို့နှင့် တစ်ဘက်တည်း ဖြစ်ပေလိမ့်မည်။ သူတို့သည် ကောင်းကင်ဒေသ၊ လူသားဘုံနှင့် ဗုဒ္ဓလောကတို့၏ ဆန့်ကျင်ဘက်တွင် ရပ်နေကြသည်။
မဟာအင်ပါယာခြောက်ပါး၏ ဝိညာဉ်စွမ်းအားများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွား၏။ ကောင်းကင်သည် သာမန် ပြန်ဖြစ်သွားသည်။ နတ်ဘုရားကုန်းမြေပေါ်တွင် ဖြစ်ပျက်ခဲ့သော စစ်ပွဲသည် ကံကြမ္မာဗုဒ္ဓကြောင့် ရပ်တန့်သွား ပေပြီ။ ကပ်ဘေးတစ်ခုကို ရှောင်နိုင်လိုက်ပြီဖြစ်သည်။ သို့သော် မဟာအင်ပါယာများနှင့် ကံကြမ္မာဗုဒ္ဓတို့အကြားမှ စကားများသည် ထိုနေရာရှိ လူအားလုံးအပေါ် နက်ရှိုင်းစွာ သက်ရောက်ခဲ့လေသည်။