သတိပေးမှု
Vol. 194 Ch. 2775
အရှင်ဒွန်ဟောင်တွင် အင်ပါယာကံကြမ္မာ နှစ်ငါးရာစာမျှသာ ရှိပေသည်။ နှစ်လေးဆယ်ကြာပြီးနောက်တွင် မည်သို့ဖြစ်မည်နည်း။
မည်သူသည် အရင်ဆုံး မဟာအင်ပါယာ ဖြစ်လာမည်နည်း။
အင်ပါယာထွက်သွားပြီးနောက်တွင် ထိုနေရာ၌ ကျင့်ကြံသူများစွာ ကျန်ခဲ့ပေသေးသည်။ ရီဖူရှင်းသည် သူအစောက ကြားခဲ့သော စကားများကို ပြန်သုံးသပ်လိုက်သည်။ အရှင်ဒွန်ဟောင်သည် ကံကြမ္မာဗုဒ္ဓ၏ ရှေ့ဖြစ်ဟောကိန်းကို ကြားပြီးသောအခါ ရှုပ်ထွေးသောမျက်နှာထားဖြင့် သူ့ကို တစ်ချက်လှမ်းကြည့်ခဲ့သည်။ သို့သော် ရီဖူရှင်းသည် အရှင်ဒွန်ဟောင်၏ အတွေးကို ဖောက်မမြင်နိုင်ပေ။ အရှင်ဒွန်ဟောင်သည် တစ်နေ့နေ့တွင် သူ့ကိုရှင်းပစ်ရန် ဆုံးဖြတ်ခဲ့ခြင်းလော။
ထို့အပြင် နတ်ဆိုးအင်ပါယာနှင့် မှော်နက်အရှင်တို့သည် သူတို့က သူ့ကို ကာကွယ်ပေးမည်ဟုပြောကာ အရှင်ဒွန်ဟောင်ကို ခြိမ်းခြောက်ခဲ့ရသည့်အကြောင်းကို သူနားလည်ပေသည်။ သူသည် အရှင်ဒွန်ဟောင်၏ ဘဝပေးရန်သူ မဟုတ်ပါလား။ ထို့ကြောင့် သူတို့သည် အရှင်ဒွန်ဟောင်၏ အာဏာကို ခြိမ်းခြောက်နိုင်မည့် သူတစ်ယောက် ထွက်ပေါ်လာမည့်အရေးကို ကူညီပေးခြင်းသည် သာမန်သာဖြစ်သည်။ သူသည် ကျင့်ကြံခြင်း၏ အမြင့်ဆုံးအဆင့်ကို မရောက်သေးသော်လည်း ကံကြမ္မာဗုဒ္ဓ၏ ရှေ့ဖြစ်ဟောကိန်းသည် သူ့အတွက် မှန်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ မဟာအင်ပါယာများကိုယ်တိုင် ဝင်မပါလျှင် သူ့အသက်ကိုနှုတ်ရန်မှာ လွယ်သည့်ကိစ္စမဟုတ်ပေ။ နတ်ဆိုးအင်ပါယာနှင့် မှော်နက်အရှင်တို့၏ ခြိမ်းခြောက်ထားမှု ရှိနေသဖြင့် အရှင်ဒွန်ဟောင်နှင့် လူသားဘိုးဘေးတို့သည် သူ့ကို ကိုယ်တိုင် ရှင်းပစ်လိုလျှင်လည်း ထိုသို့လုပ်နိုင်မည်မဟုတ်ပေ။
ရီဖူရှင်းသည် သူ့နေရာတွင်သာ မလှုပ်မယှက် ရပ်နေလေသည်။ ဒွန်ဟောင်တိယွမ်သည်လည်း ဤနေရာမှ ထွက်မသွားခဲ့ပေ။ သူမသည် သူ့ကို ငေးကြည့်နေပြီး ကောင်းကင်ဒေသ၏ ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း ထို့အတူ ပြုလုပ်နေကြသည်။ ထိုထဲတွင် လီတောက်ရှို့၊ ဖုန်းရူနှင့် သူတို့ကဲ့သို့သောသူများပါဝင်လေသည်။
ဘေးမှကြည့်နေသူများသည် သူတို့၏မျက်လုံးထဲရှိ အားကောင်းသော သတ်ဖြတ်လိုသည့်အငွေ့အသက်ကို ခံစားနေကြရသည်။ ကံကြမ္မာဗုဒ္ဓ၏ ရှေ့ဖြစ်ဟောကိန်း မတိုင်ခင်ကပင် ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို ဒဏ်ရာရအောင် လုပ်မိခဲ့သဖြင့် ကောင်းကင်ဒေသ၏ ဘုံရန်သူ ဖြစ်နေပြီးဖြစ်သည်။ သူနှင့် ကောင်းကင်ဒေသအကြားရှိ အကြွင်းမဲ့ဆန့်ကျင်မှုသည် အခြေအနေကို ပို၍သာဆိုးသွားစေသည်။ ထို့အပြင် ကံကြမ္မာဗုဒ္ဓ၏ ရှေ့ဖြစ်ဟောကိန်းသည် ရီဖူရှင်းကို ရည်ညွှန်းနေခြင်း ဖြစ်နိုင်သည်။
သူတို့သည် ထိုသို့တွေးမိသဖြင့် ရီဖူရှင်းသေသည်ကို အလိုရှိနေကြသည်။ အရှင်ဒွန်ဟောင်သည် သဘောထားကြီး၍ သူ့ကိုရှင်းမပစ်လျှင်လည်း သူတို့သည် ပြဿနာအရင်းအမြစ်ကို ရှင်းပစ်ကာ အရှင်ဒွန်ဟောင်၏ ဝန်ထုပ်ဝန်ပိုးကို လျော့သွားစေမည်ဖြစ်သည်။ ရီဖူရှင်းက အရှင်ဒွန်ဟောင်ကို နန်းချနိုင်မည့် ဖြစ်နိုင်ချေမှာ မဖြစ်နိုင်လုနီးပါးဖြစ်သော်လည်း ရီဖူရှင်းသည် သူတို့အလွန်ရိုသေလေးစားသည့် နတ်ဘုရားကို ခြိမ်းခြောက်နိုင်သည်ဆိုခြင်းကို သူတို့ မယုံနိုင်ဖြစ်နေကြသည်။
“ရီဖူရှင်း... ရှင်နဲ့ ကောင်းကင်ဒေသအကြားမှာ ကိစ္စတွေ အများကြီးဖြစ်ခဲ့ပေမယ့် ဒွန်ဟောင်အင်ပါယာနန်းတော်က ရှင့်ကိုသတ်ဖို့ တစ်ခါမှ အမှန်တကယ် မကြိုးစားခဲ့ဖူးဘူး”
ဒွန်ဟောင်တိယွမ်က အေးစက်စွာ ပြောလိုက်၏။
“အခု ရှင်က ရှင့်ရဲ့ရပ်တည်ချက်ကို ထုတ်ပြပြီး အမှောင်ထုကို ရွေးချယ်လိုက်ပြီဆိုတော့ ကောင်းကင်ဒေသက အခုကစပြီး ညှာတော့မှာ မဟုတ်ဘူး”
“အိုး... ခဏလောက်နေပါဦး... မင်းတို့က အရင်တုန်းကရော ညှာခဲ့ဖူးလို့လား”
ရီဖူရှင်းက ပုံမှန်အတိုင်းပင် မေးလိုက်သည်။
“မင်းက ကန့်သတ်နယ်မြေတုန်းက အကြောင်းကို ပြောနေတာလား”
ဒွန်ဟောင်တိယွမ်သည် ထိုစကားကို ကြားသောအခါ ရီဖူရှင်းကို စူးစူးဝါးဝါးကြည့်လိုက်ပြီး ပြောလိုက်၏။
“အခုကစပြီး ရီဖူရှင်းက ကောင်းကင်ဒေသရဲ့ ဘုံရန်သူဖြစ်လာလိမ့်မယ်။ အခွင့်အရေးရရင် သူ့ကို သနားညှာတာမနေဘဲ သတ်ပစ်ကြပါ”
သူမ၏အသံသည် လေထုတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ ဒွန်ဟောင်အင်ပါယာနန်းတော်နှင့် ကောင်းကင်ဒေမှ ကျင့်ကြံသူများသည် ရဲရဲနီနေသော မျက်လုံးများဖြင့် ရီဖူရှင်းကို စူးစူးဝါးဝါးကြည့်နေကြပြီး သတ်ဖြတ်လိုသောအငွေ့အသက်များ ထုတ်လွှတ်နေကြသည်။
ရုတ်ခြည်းပင် အဝေးတွင်ရပ်နေသော ရှေးဟောင်းနတ်ဘုရားကလန်မှ စွမ်းအားကြီးကျင့်ကြံသူတစ်ယောက်သည် သူ၏သတ်ဖြတ်လိုသောအရှိန်အဝါကို မကွယ်ဝှက်ဘဲ ရီဖူရှင်းကို စိုက်ကြည့်နေလေသည်။
နောက်ဆုံးတွင် ရီဖူရှင်းက ကောင်းကင်ဒေသ၏ တရားဝင်ဘုံရန်သူ ဖြစ်လာပေပြီ။ ထို့ကြောင့် သူတို့သည် လာမည့်နှစ်များတွင် ရီဖူရှင်းတစ်ယောက် မည်သို့ရှင်သန်မည်ကို မြင်လိုနေကြသည်။ သူ နောက်နှစ်လေးဆယ်ကြာအောင် ရှင်သန်နိုင်မည်လော သို့မဟုတ် ထိုမေးခွန်းသည် မည်သူမှ မဖြေနိုင်သည့် မေးခွန်းပင်လော။
ဒွန်ဟောင်တိယွမ်သည် ထိုသို့ပြောပြီးနောက် သူမ၏လူများကို ဦးဆောင်ကာ ထွက်ခွာသွားသည်။ လူသားဘုံမှ တိဟောက်နှင့် အခြားသူများသည် ရီဖူရှင်းကို ခေတ္တမျှ ကြည့်လိုက်ပြီး သူတို့၏ လက်အောက်ငယ်သားများနှင့်အတူ ထွက်ခွာသွားကြသည်။
“ဒကာလေးရီ... ဒကာလေးရဲ့ ကံကြမ္မာက ဗုဒ္ဓလမ်းစဉ်နှင့် ရစ်နှောင်နေတယ်။ ဗုဒ္ဓဓမ္မကို လေ့လာဖို့ လျစ်လျူမရှုပါနဲ့”
ဝူထျန်းဗုဒ္ဓအရှင်က တိုက်တွန်းလိုက်သည်။
“တပည့်တော် ဗုဒ္ဓအရှင်ရဲ့ အကြံပေးချက်ကို သေချာပေါက် လိုက်နာမှာပါ”
ရီဖူရှင်းသည် လက်အုပ်ချီ၍ ပြန်ပြောလိုက်၏။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဗုဒ္ဓအလင်းတောက်ပလာပြီး သူသည် ဗုဒ္ဓလမ်းစဉ်၏ သင်ကြားမှုများကို မမေ့လျော့ကြောင်း သက်သေပြလိုက်သည်။ သို့သော် ဆေးဗုဒ္ဓအရှင်က နှာမှုတ်လိုက်ပြီး သဘောမကျဟန်ဖြင့် ထွက်ခွာသွားသည်။ ချက်ချင်းပင် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများသည် သူ့နောက်သို့လိုက်ကာ ထွက်သွားကြ၏။
ဗလာနတ္တိဘုံမှ ကျင့်ကြံသူများသည်လည်း ကောင်းကင်ဒေသ၏ မဟာမိတ်များ ထွက်ခွာသွားပြီးနောက်တွင် ထွက်သွားလိုက်ကြသည်။ အရှင်ရှာမင်က ရီဖူရှင်းကို လှည့်ကြည့်လိုက်၏။ ယခင်က သူသည် ရီဖူရှင်းနှင့် ရင်ဆိုင်ရန် အကောက်ကြံခဲ့သည်။ သို့သော် သူသည် ရီချင်းယောင်ကို ရှင်းပစ်ရန် ကြိုးစားခဲ့၏။ သို့ရာတွင် မှော်နက်အရှင်၏ ရီချင်းယောင်အပေါ်ထားသော ယုံကြည်ချက်သည် သူထင်ထားသည်ထက် ပိုနက်ရှိုင်းနေသဖြင့် သူမှားခဲ့ကြောင်း သိရှိခဲ့ရသည်။
သူသည် ရီဖူရှင်းကို သူတို့ဘက်တွင် ရပ်တည်စေမိခဲ့သည်။ သို့ကြောင့် ရီဖူရှင်းနှင့် ရင်ဆိုင်ရန် ပို၍ပင် ခက်ခဲသွားပေသည်။ မှော်နက်အရှင်ပင် သူ့ကို ထိုသို့လုပ်ခွင့်ပြုမည် မဟုတ်ပေ။
“သွားကြစို့...”
သူအမိန့်ပေးလိုက်၏။ ထို့နောက်တွင် သူသည် အခြားကျင့်ကြံသူများနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားသည်။
“အစ်ကိုကြီး...”
ရီချင်းယောင်က ရီဖူရှင်းကို ကြည့်လိုက်၏။ ရီဖူရှင်းသည် သူမကို ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် သူမသည်လည်း ထိုနေရာမှ ထွက်ခွာသွားသည်။
နတ်ဆိုးလောကမှ ကျင့်ကြံသူများသည်လည်း ထို့အတူပင် ပြုလုပ်ခဲ့သည်။ သို့သော် ယူချင်းက ရီဖူရှင်းဆီ ချဉ်းကပ်လာခဲ့သည်။
“အဲဒါက ဘာအဓိပ္ပာယ်လဲ။ ကံကြမ္မာဗုဒ္ဓက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
ယူချင်းသည် စိတ်မကောင်းသံဖြင့် မှတ်ချက်ပြုလိုက်သည်။ ထိုရှေ့ဖြစ်ဟောကိန်းသည် ရီဖူရှင်းကို အကျပ်အတည်းအခြေအနေအတွင်းသို့ ရောက်သွားစေသည်။ သူ့ကို သတ်လိုသော လူအရေအတွက်သည် သိသိသာသာ တိုးတက်လာခဲ့ပေသည်။
“သဗ္ဗညုတဉာဏ်တော်...”
ရီဖူရှင်းသည် အဝေးသို့ကြည့်၍ ပြောလိုက်၏။ ကံကြမ္မာဗုဒ္ဓသည် သဗ္ဗညုတဉာဏ်တော်ကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့သော တစ်ပါးတည်းသော မဟာဗုဒ္ဓဖြစ်သည်။ ထို့ကြောင့် သူသည် ကံကြမ္မာများကို ကြည့်နိုင်ပြီး အနာဂတ်ကို အနည်းငယ် မြင်နိုင်ပေသည်။ သူ့စိတ်ထဲတွင် မည်သည့်အတွေးရှိနေသည်ကို မည်သူ ဖတ်နိုင်ပါမည်နည်း။
“ကံကြမ္မာဗုဒ္ဓက သဗ္ဗညုတဉာဏ်တော်နဲ့ ကမ္မတရားကို ကျင့်ကြံခဲ့တယ်။ သူက သူ့အပြုအမူရဲ့ ကမ္မကို သိလိမ့်မယ်လို့ ငါယုံကြည်တယ်။ သူက အကျိုးနဲ့အကြောင်းကို အသစ်ပြန်ပြင်ဖို့ ရောက်လာတာလို့ ငါထင်တယ်”
ရီဖူရှင်းဘေးတွင် ကြွပ်ဆတ်ဆတ်အသံတစ်သံကို ကြားလိုက်ရ၏။ ထိုအသံ၏ပိုင်ရှင်မှာ ဟွာချင်းချင်းဖြစ်သည်။ သူမသည် အကြွင်းမဲ့ဗုဒ္ဓ၏ မီးအိမ်ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် သူမသည် ဗုဒ္ဓဘုန်းတော်ကြီးများကို အနားလည်နိုင်ဆုံးသူတစ်ယောက်ဖြစ်နိုင်ပေသည်။
“ငါတို့ရဲ့ ကံကြမ္မာတွေက ကြိုတင်သတ်မှတ်ထားပြီးသားလား... ဒါမှမဟုတ် ကိုယ့်ကံကြမ္မာကို ကိုယ်ပိုင်လား”
ရီဖူရှင်းသည် မေးခွန်းတစ်ခု မေးလိုက်၏။ ထိုမေးခွန်းသည် သူ့အတွက် ဖြစ်ပုံပေါ်သည်။
ဗုဒ္ဓလမ်းစဉ်လျှောက်လှမ်းသူများသည် ကံကြမ္မာကို ယုံကြည်ကြသည်။ အရှင်ဒွန်ဟောင်သည် ဗုဒ္ဓဓမ္မကို လေ့လာသင်ယူခဲ့သော်လည်း သူက ကမ္မနှင့် ကံကြမ္မာကို ယုံကြည်ပါသလော။
လူသားဘိုးဘေးကတော့ ထိုအရာများကို မယုံကြည်ပေ။ သူသည် အသက်အကြီးဆုံး မဟာအင်ပါယာဖြစ်သဖြင့် မိမိကံကြမ္မာကို မိမိပိုင်သည်ဟု အမြဲတွေးခဲ့သည်။
နတ်ဆိုးအင်ပါယာနှင့် မှော်နက်အရှင်ကလည်း ထိုအရာများအပေါ် သံသယရှိပေသည်။ သူတို့သည် သူတို့အတွက် အဆင်ပြေသောအပိုင်းများကိုသာ ယုံကြည်ပုံပင်။
“ငါတို့ တွေ့ကြုံခဲ့ရတဲ့ အရာတွေအားလုံးက အနာဂတ်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးတယ်။ ပြီးတော့ အနာဂတ်ကလည်း ငါတို့အတိတ်ရဲ့ ရလဒ်ပဲ။ အဲဒါက ဗုဒ္ဓလမ်းစဉ်ရဲ့ ကမ္မသံသရာလည်ပုံပဲ”
ဟွာချင်းချင်းက နူးညံ့သောအသ့ဖြင့် ရှင်းပြလိုက်သည်။ ရီဖူရှင်းသည် သူမ၏စကားများကို တွေးတောလိုက်၏။
“ဗုဒ္ဓဓမ္မက နက်ရှိုင်းပြီး ဆန်းကြယ်တယ်။ အခုထိတောင် အဲဒါရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို နားလည်ဖို့ မလွယ်ဘူး”
ရီဖူရှင်း သက်ပြင်းချလိုက်သည်။ ခေတ္တကြာပြီးနောက် သူထပ်ပြောလိုက်၏။
“သွားကြစို့...”
“ဟုတ်ကဲ့”
လူအုပ်သည် ခေါင်းညိတ်လိုက်ပြီး သူတို့လာခဲ့သောနေရာသို့ ပြန်သွားလိုက်ကြသည်။
ထို့နောက်တွင် ရီဖူရှင်းသည် သူ့အုပ်စုကို ရီအင်ပါယာနန်းတော်သို့ ဦးဆောင်သွားသည်။
နတ်ဘုရားကုန်းမြေပေါ်မှ စစ်ပွဲသည် နောက်ဆုံးတွင် ရပ်တန့်သွားပေပြီ။ ကျင့်ကြံသူများအားလုံးသည်လည်း ပြန်၍ အခန်းအောင်းကျင့်ကြံနေကြပြီဖြစ်သည်။ ကံကြမ္မာဗုဒ္ဓထွက်ပေါ်လာသဖြင့် ယာယီစစ်ပြေငြိမ်းထားသော်လည်း အနာဂတ်တွင် နောက်ထပ်ပဋိပက္ခတစ်ခု မည်သည့်အချိန်တွင် ဖြစ်ပေါ်လာမည်ကို မည်သူမှ မပြောနိုင်ပေ။
ဘုံခြောက်ခု၏ စစ်ပွဲသည် ဖွဲမီးကဲ့သို့ဖြစ်သည်။ နတ်ဘုရားကုန်းမြေ၏ဖြစ်တည်မှုသည် စစ်မီးကို အရှိန်တင်ပေးလိုက်ခြင်းသာဖြစ်သည်။
ချီရွှမ်ကန်းသည် ရီဖူရှင်း ရီအင်ပါယာနန်းတော်သို့ ပြန်ရောက်လာပြီးနောက်တစ်နေ့၌ ရီဖူရှင်းကို တွေ့ရန် ပြောခဲ့သည်။
ရီဖူရှင်းသည် နှောင့်နှေးခြင်းမရှိဘဲ ချီရွှမ်ကန်းနေထိုင်ရာသို့ သွားလိုက်သည်။ ထိုအချိန်တွင် ချီရွှမ်ကန်းသည် သူ၏ ပထမတပည့်ယန်ယွမ်နှင့် ကျားကစားနေသည်။ ဖေးရွှယ်က သူတို့၏ ကျားပွဲကို ကြည့်နေသည်။
“ဆရာ... အစ်ကို...”
ရီဖူရှင်း နှုတ်ဆက်လိုက်၏။
ယန်ယွမ်သည် ရီဖူရှင်းကို မြင်လိုက်ချင်းချင်းပင် ထရပ်၍ ရီဖူရှင်းအတွက် နေရာဖယ်ပေးလိုက်သည်။ သို့သော် ရီဖူရှင်းသည် ဘေးသို့သာ လျှောက်သွားလိုက်ပြီး ပြောလိုက်၏။
“အစ်ကို ထိုင်ပါ... ကျုပ် ဘေးကနေပဲ ကြည့်ပါမယ်”
ယန်ယွမ်က ခေါင်းညိတ်လိုက်ပြီး ဆိတ်ဆိတ်သာ နေလိုက်သည်။
“ဖူရှင်း... ငါ တလီရဲ့ နန်းတွင်းအကြံပေးဖြစ်ခဲ့တုန်းက အချိန်ကို မှတ်မိသေးလား... အဲဒီတုန်းက မင်းက တရှားမှာလေ”
ချီရွှမ်ကန်း မေးလိုက်သည်။
“အဲဒီအကြောင်းတွေက ကျွန်တော် မှတ်ဉာဏ်ထဲမှာ လတ်ဆတ်နေတုန်းပါပဲ”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။
“ရာစုနှစ်တစ်စုက မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားတာပဲ။ အချိန်ကုန်တာ တကယ်မြန်တယ်။ ငါ အတိတ်က အကြောင်းတွေကို ခပ်ရေးရေးပဲ မှတ်မိတော့တယ်”
ချီရွှမ်ကန်းက ခပ်ဟဟ ပြုံး၍ ပြောလိုက်၏။
“အရင်တုန်းက ကျွန်တော် ဆရာ့ဆီက အများကြီး သင်ယူခဲ့ရတယ်။ အဲဒီအခိုက်အတန့်တွေက ကျွန်တော့မှတ်ဉာဏ်ထဲမှာ ထာဝရ သံမှိုဆွဲနေမှာပါ။ ကျွန်တော် အဲဒါတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလို့ ကျိန်ဆိုရဲပါတယ်”
ရီဖူရှင်းသည် ပြုံး၍ ကတိပေးလိုက်သည်။ ထိုအခိုက်အတန့်များသည် သူ့ဘဝ၏ ပျော်ရွှင်ဖွယ် အခိုက်အတန့်များဟု မဆိုနိုင်သော်လည်း အောက်မေ့ဖွယ်အခိုက်အတန့်များတော့ ဖြစ်ပေသည်။
သူသည် တလီကို သူလျှိုတစ်ယောက်အဖြစ်သွားခဲ့သော်လည်း နန်းတွင်းအကြံပေး ချီရွှမ်ကန်းသည် သူ့ကို တပည့်တစ်ယောက်အဖြစ် လက်ခံခဲ့ပေသည်။ သူ၏ ဖုံးကွယ်ထားမှု ပေါ်သွားပြီးနောက်တွင်ပင် တလီ၏နန်းတွင်းအကြံပေးသည် ယန်ယွမ်အား သူ့ကိုတရှားသို့ ကိုယ်တိုင်လိုက်ပို့ပေးရန် အမိန့်ပေးခဲ့သည်။
“အင်း...”
ချီရွှမ်ကန်း ခေါင်းညိတ်လိုက်သည်။
“ငါ တလီမှာတုန်းက လက်ကိုင်ပြုခဲ့တဲ့ ယုံကြည်မှုကို မင်း မှတ်မိသေးလား”
ရီဖူရှင်းသည် ဦးညွှတ်လိုက်ပြီး ချီရွှမ်းကန်ကိုကြည့်ကာ ပြုံး၍ပြောလိုက်၏။
“ဆရာ ကျုပ်ကို ဘာပြောချင်တာလဲဆိုတာ ကျုပ်သိပါတယ်”
“အဲဒါဆိုကောင်းတယ်။ ငါ မင်းအတွက် စိတ်မပူတော့ဘူး။ အပြင်က လောကကြီးက ရှုပ်ထွေးတဲ့နေရာတစ်ခုပဲ။ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကို ပြန်မမြင်နိုင် ဖြစ်တတ်တယ်”
ချီရွှမ်ကန်း မှတ်ချက်ပြုလိုက်လေသည်။