← Chapters

ကြယ်စက်လုံး ပြောင်းလဲခြင်း

Vol. 57 Ch. 782

ကြယ်စက်လုံး ပြောင်းလဲခြင်း

Vol. 57 Ch. 782

ဟွမ်ဖူထောင်ထျန်းသည် တစ်နာရီကြာပြီးနောက် ပြန်ရောက်လာ၏။ သူ သတင်းအချို့ ရရှိခဲ့သည်။ လုလင်းနှင့် လုယွီတို့သည် လဲ့မျိုးနွယ်၏ ခြံဝန်းတစ်ခုအတွင်းသို့ ဝင်သွားပြီး ယခုအထိ ပြန်မထွက်လာသေးပေ။ သခင်မလေးချမ်ချမ်က စစ်ထူရီနျန်၏ စံအိမ်လေးထဲတွင် နေထိုင်နေသည်။ လုမျိုးနွယ်နှင့် လဲ့မျိုးနွယ်တို့ကလည်း အထူးတလည် မလှုပ်ရှားကြသေးပေ။

ဟွမ်ဖူထောင်ထျန်းက အစ်မကြီးဆည်းလည်းအကြောင်း သတင်းအချက်အလက်များ သိပ်မရလာခဲ့၍ ကျန်းရီ အတန်ငယ် စိတ်ပျက်သွား၏။ သူမက တစ်ချိန်တုန်းက လုမျိုးနွယ်မှ သခင်လေးတစ်ယောက်နှင့် လက်ထပ်ခဲ့သည်ဆိုသော အကြောင်းကိုသာ သိခဲ့ရသည်။ သို့သော် သူမ လက်ထပ်ပြီးနောက် လုမျိုးနွယ်သို့ သွားနေရာလမ်းတွင် ထိုသခင်လေးက ဓားပြများ၏ သတ်ဖြတ်မှုကို ခံခဲ့ရလေသည်။ ထို့နောက် နန်ကုန်းယွင်ရီက အစ်မကြီးဆည်းလည်းကို လက်ထပ်ထားသည့်အတိုင်း ဆက်နေခိုင်းပြီး မုဆိုးမတစ်ယောက် ဖြစ်စေခဲ့သည်။

အစ်မကြီးဆည်းလည်းသည် ကျားဖြူမြို့တွင် မည်သည့်အရာများနှင့် ကြုံတွေ့ခဲ့ရသနည်း။ အဘယ်ကြောင့် သူမက ကောင်းကင်မိုးကြိုးမြို့သို့ သွားခဲ့သနည်း။ အဘယ်ကြောင့် ရှန်းစီမြို့သို့ ပြန်လာသနည်း။ သူမတွင် မည်သည့်အခက်အခဲများ ရှိနေသနည်း။ ထိုအရာများက နန်ကုန်းမျိုးနွယ်နှင့် သက်ဆိုင်သော ကိစ္စများဖြစ်၍ ဟွမ်ဖူထောင်ထျန်း မစုံစမ်းနိုင်ခဲ့ချေ။ နန်ကုန်းယွင်ရီက ရှေးရိုးစွဲတစ်ယောက်ပြီး စည်းကမ်းတင်းကြပ်သူတစ်ယောက်လည်းဖြစ်၍ နန်ကုန်းမျိုးနွယ်မှလူများသည် ထိုကဲ့သို့ သတင်းအချက်အလက်များကို ပေါက်ကြားစေမည် မဟုတ်ပေ။

ကျန်းရီ ဆက်မတွေးလိုတော့ချေ။ မြို့က ပြန်တည်ငြိမ်သွားပြီး အုတ်အော်သောင်းနင်းဖြစ်မှု ပြီးဆုံးသွားလျှင် သူ နန်ကုန်းမျိုးနွယ်သို့ သွားလည်မည်ဖြစ်သည်။

နောက်တစ်ရက်တွင် ဟွမ်ဖူထောင်ထျန်းက အပြင်သို့ ကောင်းကင်ကျောက်တုံးအချို့ ယူသွားပြီး ခြောက်နာရီကြာပြီးနောက် သိုင်းသမားတစ်စုကိုခေါ်၍ ပြန်လာလေသည်။ ထိုသိုင်းသမားများသည် မှောင်ခိုဈေးမှ ဝယ်ယူလာခဲ့သော ကျွန်များဖြစ်၏။ သူတို့၏ အင်အားက တစ်ယောက်နှင့်တစ်ယောက် ကွဲပြားကြသည်။ သူတို့ထဲမှ အင်အားအကြီးဆုံးသူမှာ အဆင့်နိမ့် ကောင်းကင်ဧကရာဇ်ဖြစ်ပြီး အားအနည်းဆုံးသူမှာ ဗာဂျရာနယ်ပယ် ပဉ္စမအဆင့် ရှိသူဖြစ်သည်။ ကျွန်အရေအတွက်မှာ ဆယ်ယောက်ဖြစ်၏။ ထို့ပြင် ဟွမ်ဖူထောင်ထျန်းက ခမ်းနားသော ရထားလုံးတစ်စီးကိုလည်း ဝယ်လာသည်။ ချမ်ဝမ်ကွမ်သည် ရထားလုံးပေါ်သို့ ဝံ့ဝံ့ကြွားကြွား တက်လိုက်ပြီး ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့၏ အစောင့်အရှောက်ကိုခံကာ ခြံဝန်းအသစ်သို့ ပြောင်းရွှေ့သွားလိုက်လေသည်။

ခြံဝန်းအသစ်က မြို့အရှေ့ဘက်ခြမ်းတွင် ဖြစ်ပြီး အကြီးဆုံးခြံဝန်းဖြစ်သည်။ ဟွမ်ဖူထောင်ထျန်းက ပရိဘောဂအသစ်များကို ဝယ်ထားပြီး ထိုနေရာကို ပြင်ဆင်ခိုင်းထားပြီးဖြစ်၏။ ခြံဝန်းတံခါးအထက်တွင် ‘ရီအိမ်တော်’ဟု ရေးသားထားသော ဆိုင်းဘုတ်ပြားတစ်ခုလည်း ချိတ်ဆွဲထားပေသည်။

အိမ်တော်အသစ်တွင် အတွင်းခြံဝန်းနှင့် အပြင်ခြံဝန်းဟူ၍ ရှိ၏။ ကျန်းရီတို့သည် အတွင်းခြံဝန်းထဲ၌ နေပြီး ကျွန်အစောင့်များက အပြင်ခြံဝန်းတွင် နေသည်။ ထိုအစောင်များအားလုံးသည် ဝိညာဉ်ကျွန်များဖြစ်၏။ ဟွမ်ဖူထောင်ထျန်းက သူတို့၏ ဝိညာဉ်ချိပ်စည်းများကို ယူထားပေသည်။ ထို့ကြောင့် သူတို့၏ သတင်းအချက်အလက်များ ပေါက်ကြားသွားမည်ကို စိုးရိမ်စရာ မလိုပေ။ ထို့ပြင် အတွင်းခြံဝန်းနှင့် အပြင်ခြံဝန်းတို့၌ သီးခြားအကာအရံများရှိသဖြင့် ကျန်းရီတို့အတွက် အတွင်းခြံဝန်းထဲ၌ နေခြင်းက ပို၍လုံခြုံ‌စေလေသည်။

အရာအားလုံးသည် အကောင်းဘက်သို့ ဦးတည်နေ၏။ ကျန်းရီသည် ချမ်ဝမ်ကွမ်းတစ်ယောက် ဟွမ်ဖူထောင်ထျန်းနှင့် အစောင့်ငါးယောက်တို့နှင့်အတူ စစ်ထူအောင်းဆီသို့ အလည်သွားသောအခါ ပို၍ပင် စိတ်အေးသွား၏။ စစ်ထူအောင်းနှင့် စစ်ထူရီရှောင်တို့က ချမ်ဝမ်ကွမ်းကို ကိုယ်တိုင် ကြိုဆိုခဲ့၏။ စစ်ထူရီနျန်ကလည်း ချမ်ဝမ်ကွမ်းနှင့်အတူ ထမင်းတစ်နပ်စားခဲ့သည်။ သို့သော် သခင်မလေးချမ်ချမ်တော့ ပေါ်လာခဲ့ပေ။

စစ်ထူအောင်းက ချမ်ဝမ်ကွမ်းကို ပေါ်ပေါ်ထင်ထင် မသိမ်းသွင်းခဲ့ပေ။ သို့သော် သူက ချမ်ဝမ်ကွမ်းနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်လိုခြင်းမှာမူ ထင်ရှား၏။ ထို့ပြင် သူသည် ချမ်ဝမ်ကွမ်းကို လဲ့မျိုးနွယ်နှင့် လုမျိုးနွယ်တို့က မဆင်မခြင် ပြုမူမည်မဟုတ်ဟူ၍ပင် အရိပ်အမြွက် ပြောခဲ့သေး၏။ သူတို့ မြို့ပြင်သို့ မထွက်သ၍ လုံခြုံမည်ဖြစ်သည်။

စတုတ္ထမြောက်နေ့တွင် ချမ်ဝမ်ကွမ်းနှင့် ဟွမ်ထူထောင်ထျန်းတို့ လဲ့မျိုးနွယ်သို့ သွားလည်ကြ၏။ လဲ့ထင်ဝေ ထွက်မကြိုခဲ့ပေ။ လဲ့ချီယန်မှာလည်း ထို့အတူပင်။ သူတို့နှစ်ယောက်ကို လဲ့မျိုးနွယ်၏ အကြီးအကဲတစ်ဦးကသာ ခပ်တန်းတန်း ကြိုဆိုခဲ့သည်။ သို့သော် သူတို့ကို ပစ်မှာထားမည့် ရည်ရွယ်ချက်တော့ ရှိပုံမပေါ်ပေ။ လဲ့မျိုးနွယ်၏ ရည်ရွယ်ချက်ကို မြင်နိုင်ရန် ခက်ပေသည်။

တစ်လကြာပြီးနောက် ချမ်ဝမ်ကွမ်းက နန်ကုန်းမျိုးနွယ်၊ ဟွမ်ဖူမျိုးနွယ်နှင့် မျိုးနွယ်(၁၃)ခုထဲမှ ကျန်မျိုးနွယ်များသို့ သွားလည်ပြီးခဲ့ပြီဖြစ်သည်။ နန်ကုန်းယွင်ရီက သူ့ကို ကိုယ်တိုင်မကြိုဆိုခဲ့ပေ။ နန်ကုန်းမျိုးနွယ်၏ သခင်လေးတစ်ယောက်ကသာ သူ့ကို ဧည့်ခံခဲ့သည်။

ဟွမ်ဖူမျိုးနွယ်တွင်မူ ဟွမ်ဖူထောင်ထျန်းက လိုက်မဝင်ပေ။ ဟွမ်ဖူချီလည်း ပေါ်မလာခဲ့ချေ။ ချမ်ဝမ်ကွမ်းကို ဟွမ်ဖူမျိုးနွယ်၏ နံပါတ်(၁) သခင်မလေး ဟွမ်ဖူယွင်က ကြိုဆိုဧည့်ခံခဲ့သည်။ သူမ၏ ဆက်ဆံရေးက အတော်လေးကောင်း၏။ ထို့ကြောင့် ချမ်ဝမ်ကွမ်းတစ်ယောက် ရင်ထဲတွင် အတော်လေးပီတိဖြာခဲ့ရ၏။

ကျန်းမျိုးနွယ်များကမူ ချမ်ဝမ်ကွမ်းကို အတော်လေး အရေးတယူ ဆက်ဆံခဲ့ကြသည်။ သို့သော် ထိုထဲတွင် လုမျိုးနွယ်တော့ မပါခဲ့ပေ။ ချမ်ဝမ်ကွမ်းက ဆရာ ‘ရီဖျောင်ဖျောင်’အဖြစ် ဟန်ဆောင်ထား၏။ သူသည် ရှန်းစီမျိုးနွယ်စု၏ အနုပညာဧကရာဇ်ဖြစ်လာနိုင်သော တစ်ယောက်တည်းသောသူ ဖြစ်သည်။ ယခုတွင် သူသည် ဗာဂျရာနယ်ပယ် အထွတ်အထိပ်အဆင့်သာ ရှိသေးသော်လည်း စိတ်ဝိညာဉ်တာအိုပုံသဏ္ဌာန်များကို သန့်စင်ပြီးဖြစ်ကြောင်း မည်သူမှ မသိပေ။ သူက ငယ်ရွယ်သေးသဖြင့် ပိုမြင့်သော အဆင့်များသို့ ရောက်ရန် ကျင့်ကြံနိုင်ပေသေးသည်။ အကယ်၍ သူသာ ကောင်းကင်ပန်းချီကားများအတွင်းသို့ အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်များ သို့မဟုတ် အဆင့်မြင့် တာအိုပုံသဏ္ဌာန်များကိုသာ ထည့်သွင်းနိုင်လာပါက သူ၏ ကောင်းကင်ပန်းချီကားများက အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်လာမည်ဖြစ်သည်။

မျိုးနွယ်(၁၃)ခုက ချမ်ဝမ်ကွမ်းနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်လို၏။ ထိုမှ အနာဂတ်တွင် သူတို့ အဆင့်မြင့် ကောင်းကင်ပန်းချီကားများကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ ထိုအခါ သူတို့၏ မျိုးနွယ်များသည် ဆန်းကြယ်နယ်မြေတစ်ခုကို ထပ်ရလာမည်ဖြစ်ပြီး သူတို့၏ အနာဂတ်မျိုးဆက်များက ယင်းမှနေ၍ များစွာအကျိုးကျေးဇူးရရှိမည်ဖြစ်သည်။

ထိုတစ်လအတွင်း ကျန်းရီက အခန်းအောင်း ကျင့်ကြံနေခဲ့၏။

ကျန်းရီသည် ဧကရာဇ်နန်းတော်အတွင်းသို့ ဝင်၍ အရာအားလုံးကို ဖုန်းလန်၊ ဟွမ်ဖူထောင်ထျန်းနှင့် ချမ်ဝမ်ကွမ်းတို့၏ လက်ထဲသို့ အပြည့်အဝ လွှဲပေးခဲ့ပြီး အတွင်းအား ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် အဆင့်မြင့် တာအိုပုံသဏ္ဌာန်ကို ပေါင်းစည်းနိုင်မည့် နည်းလမ်းများကို ရှာဖွေကာ ကောင်းကင်ဖျက်မီးကျင့်စဉ်ကို ဆက်ကျင့်ကြံခဲ့၏။

ချမ်ဝမ်ကွမ်းကမူ ဝံ့ဝံ့ကြွားကြွား လျှောက်သွားကာ မြို့ထဲရှိ မျိုးနွယ်များနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်နေခဲ့သည်။ လုလင်းနှင့် လဲ့ချီယန်တို့မှာ တိတ်တဆိတ် အံကြိတ်နေကြရလေသည်။ လဲ့ထင်ဝေက သူတို့ကို လူရှေ့သူရှေ့တွင် မလှုပ်ရှားရန် အမိန့်ပေးထားပြီးဖြစ်၏။ အကယ်၍ သူတို့သာ ချမ်ဝမ်ကွမ်းတို့ကို မြို့ပြင်ထွက်သွားအောင် လှည့်စားနိုင်လျှင် သူတို့ စိတ်ကြိုက်လုပ်ခွင့် ရှိပေသည်။ သူတို့ မြို့ထဲတွင် မဆင်မခြင် ပြုမူလိုက်လျှင်မူ မျိုးနွယ်စည်းမျဉ်းများအရ အပြစ်ပေးခံရမည်ဖြစ်သည်။

ချမ်ဝမ်ကွမ်းတို့ကို မြို့ပြင်သို့ မျှားထုတ်ရမည်လော။

လုလင်းနှင့် လဲ့ချီယန်တို့တွင် ထိုသို့စွမ်းဆောင်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူတို့သည် ရွေးချယ်စရာမရှိ‌တော့ဘဲ အခွင့်အရေးရလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေကြရလေသည်။

တစ်လကြာပြီးနောက် လုလီနှင့် ကျန်းမျိုးနွယ်ခေါင်းဆောင်များသည် သူတို့၏မျိုးနွယ်များသို့ အသီးသီး ပြန်သွားကြ၏။ သို့သော် လုလင်းနှင့် လုယွီတို့ကမူ ကျန်နေခဲ့၏။ သူတို့သည် ပြန်လက်စားမချေနိုင်လျှင် ကျေနပ်နိုင်မည် မဟုတ်ဘဲ စိတ်နှစ်၍လည်း ကျင့်ကြံနိုင်မည်မဟုတ်ပေ။ လုလီက မည်သို့မှ မဆိုဘဲ သူတို့နှစ်ယောက်ကို စောင့်ရှောက်ရန် အဘိုးရုံကို ထားခဲ့လေသည်။

နောက်တစ်ရက်တွင် သခင်မလေးချမ်ချမ်ကလည်း အဆုံးမဲ့ပင်လယ်နက်သို့ ပြန်သွား၏။ မျိုးနွယ်ကြီးလေးခုမှ မျိုးနွယ်ခေါင်းဆောင်များအားလုံးက သူမကို နှုတ်ဆက်ပို့ဆောင်ကြ၏။ ရှန်းစီမြို့သည် ပုံမှန်အတိုင်း ပြန်တည်ငြိမ်သွားပေပြီ။

ထိုအချိန်အတောအတွင်း ကျန်းရီသည် အခန်းအောင်းကျင့်ကြံနေရာမှ တစ်ခါပင် ထွက်မလာချေ။ နတ်ဘုရားငိုကြွေးသံ ထွက်ပေါ်လာချိန်မှာပင် ထွက်မလာပေ။ ဟွမ်ဖူထောင်ထျန်းက နတ်ဘုရားငိုကြွေးသံဆေးလုံးများစွာကို ဝယ်ယူထားပြီးဖြစ်၍ အခြားသူများကလည်း ငိုကြွေးသံ၏ သက်ရောက်မှုကို မခံကြရချေ။

ကျန်းရှောင်နူကလည်း ဧကရာဇ်နန်းတော်အတွင်းသို့ ဝင်၍ ကျင့်ကြံနေ၏။ ဖုန်းလန်နှင့်ချင်းယွီတို့ကမူ အပြင်မှာပင်နေ၍ သားရဲအသေးလေးအချို့ကို မွေးမြူခြင်း၊ ပန်းထိုးခြင်းနှင့် ပန်းချီကားရေးဆွဲခြင်းတို့ကို ပြုလုပ်နေခဲ့ကြသည်။ နေ့ရက်များသည် အလွန်အေးချမ်းစွာ ကုန်ဆုံးသွားခဲ့၏။ အပူအပင်အကင်းဆုံးသူမှာ ချမ်ဝမ်ကွမ်းဖြစ်သည်။ သူသည် မကြာခဏဆိုသလို အစောင့်တစ်စုကို ခေါ်၍ မြို့ထဲတွင် လျှောက်ပတ်တတ်၏။ သူသည် တစ်နေရာတွင် ဧည့်သည်လုပ်လိုက်၊ အခြားတစ်နေရာတွင် စားသောက်ပွဲတက်လိုက်နှင့် လုပ်နေခဲ့သည်။ နေရာတိုင်းကလည်း သူ့ကို ကြိုဆိုပေသည်။

ဟွမ်ဖူထောင်ထျန်းသည်လည်း အခန်းအောင်း ကျင့်ကြံနေပြီဖြစ်သည်။ သို့သော် သူသည် အပြင်ဘက်ခြံဝန်းတွင်သာ နေခဲ့၏။ သူ ခြံဝန်းကို စောင့်ကြပ်နေလျှင် အလွန်လုံခြုံမည်ဖြစ်ပြီး မည်သူမှ မဆင်မခြင် ပြုမူဝံ့မည် မဟုတ်ပေ။ အကယ်၍ ခြံဝန်းအတွင်းသို့ တစ်စုံတစ်ယောက် ဝင်လာရဲပါက သူသည် ထိုသူများကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်ပစ်မည်ဖြစ်သည်။

ဟွမ်ဖူထောင်ထျန်းကဲ့သို့ ကိုယ်ရံတော်နတ်ဘုရား ရှိနေ၍ ကျန်းရီ အလွန်စိတ်အေးနေသည်။ ထို့ကြောင့် သူ ဆက်၍ အခန်းအောင်း ကျင့်ကြံနေလိုက်သည်။ နှစ်လကြာပြီးနောက် ညတစ်ညတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။

ဟူး..ဟူး...

ယနေ့ညတွင် ကြယ်များ ကျိုးတိုးကျဲတဲသာ ရှိသည်။ အနီးအပါးတွင် တိမ်များကင်းစင်နေသည်။ သန်းခေါင်အလယ်တွင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး မြို့အထက်ရှိ ကောင်းကင်တွင် မိုးမြေစွမ်းအင် စုစည်းလာ၏။ ကောင်းကင်ကိုးဘုံထက်တွင် ကြယ်တစ်ပွင့် လင်းလက်လာပြီး နတ်အလင်းတန်းတစ်တန်း ဖြာချလိုက်၏။ ထိုအလင်းတန်းက ရှန်းစီမြို့ရှိ ခြံဝန်းတစ်ခုအတွင်းသို့ ဝင်သွားလေသည်။

“ဝိုး...”

တစ်မြို့လုံး အံ့အားသင့်သွားကြ၏။ ကောင်းကင်ကိုးဘုံကြယ်တာရာ၏ စွမ်းအားလော။ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မမြင်ရသည်မှာ နှစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်သည်။ ထိုမြင်ကွင်းကို နောက်ဆုံး  မြင်ခဲ့ရသည်မှာ ဟွမ်ဖူထောင်ထျန်း အခန်းအောင်းကျင့်ကြံရာမှ ထွက်လာခဲ့စဉ်ကဖြစ်သည်။

ကောင်းကင်ကိုးဘုံကြယ်တာရာ၏ စွမ်းအားကို ရရှိရန် ကြယ်ငါးပွင့် အဆင့်မြင့် တာအိုပုံသဏ္ဌာန် သို့မဟုတ် အထူးတာအိုပုံသဏ္ဌာန်ကို ကျင့်ကြံနိုင်မှရမည်ဖြစ်ကြောင်း ကျန်းရီတို့ သိမထားပေ။ သာမန်အခြေအနေများတွင် မည်သူကမှ မိုးမြေ၏ စည်းမျဉ်းများနှင့် ထိတွေ့နိုင်မည်မဟုတ်သလို ကောင်းကင်ကိုးဘုံကြယ်တာရာ၏ စွမ်းအားကိုလည်း ချီးမြှင့်ခံရမည်မဟုတ်ပေ။

“ကောင်းကင်စိတ်အာရုံတွေနဲ့ ခြံဝန်းထဲကို စူးစမ်းလို့ကတော့ ကျွန်တော့်ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့”

ဟွမ်ဖူထောင်ထျန်းသည် စွမ်းအားကြီး ကောင်းကင်စိတ်အာရုံများစွာက ခြံဝန်းထဲသို့ စူးစမ်းနေကြောင်း ခံစားလိုက်ရသောအခါ ချက်ချင်း ဒေါသထွက်သွားပြီး ကောင်းကင်သို့ မော့၍ ခြံဝန်းအပြင်သို့ အော်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်သည် မိုးကြိုးအလင်းဖြင့် တောက်ပလာ၏။ ထို့နောက် မိုးကြိုးလျှပ်စီးများဖြင့် ယှက်နွယ်နေသော သူ၏ဓား ထွက်ပေါ်လာလေသည်။ အကယ်၍ သူသာ ထိုကောင်းကင်စိတ်အာရုံများကို ခုတ်ဖြတ်လိုက်ပါက ၎င်းတို့ ပျက်စီးသွားမည်ဖြစ်သည်။

ထို့ကြောင့် ထိုကောင်းကင်စိတ်အာရုံအားလုံး ပြန်ဆုတ်သွားကြ၏။ ပညာရှင်များစွာလည်း အံ့အားသင့်နေကြသည်။ ဟွမ်ထူထောင်ထျန်းက ကြယ်ငါးပွင့်အဆင့်ထက် မြင့်သော အခြားအဆင့်မြင့်တာအိုပုံသဏ္ဌာန်တစ်ခုကို ထပ်မံပေါင်းစည်းနိုင်ခဲ့ခြင်းလော။ သို့မဟုတ် ထိုသို့ လုပ်ခဲ့သူမှာ ဆရာရီဖျောင်ဖျောင်လော။ ကြယ်တာရာစွမ်းအားမှာ အလွန်အဖိုးတန်ပြီး ဆန်းကြယ်သော အသုံးဝင်မှုမျာ ရှိပေသည်။ ကြယ်တာရာစွမ်းအားကိုသုံး၍ မိုးမြေနှင့် ပိုနီးကပ်လာစေရန် လုပ်နိုင်သည်။

“သူက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ”

ကြယ်တာရာစွမ်းအားက ဧကရာဇ်နန်းတော်အတွင်း ဝင်သွားခြင်းဖြစ်ကြောင်း ဟွမ်ဖူထောင်ထျန်းသိ၏။ မိုးမြေစည်းမျဉ်းနှင့် ထိတွေ့ခဲ့သူမှာ ကျန်းရီဖြစ်ကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် ကောင်းကင်ကိုးဘုံကြယ်တာရာက ကြယ်တာရာစွမ်းအားကို ချီးမြှင့်လိုက်ခြင်းပင်။

ကျန်းရီက အပြင်ဘက်မှ အခြေအနေများကို လုံးဝမသိပေ။ သူ အခန်းအောင်း ကျင့်ကြံနေခဲ့သည်မှာ နှစ်လရှိခဲ့ပြီဖြစ်သည်။ နောက်ဆုံးတွင် သူ၏ စတုတ္ထမြောက် ကြယ်စက်လုံးက ပြောင်းလဲသွားပြီဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် ဗာဂျရာနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားပေပြီ။ သူ၏ ကြယ်စက်လုံး နောက်တစ်လုံးသာ ပြောင်းလဲသွားလျှင် သူသည် စစ်မှန်သော ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်လာမည်ဖြစ်သည်။

“ဒီအတွင်းအားကျင့်ကြံနှုန်းက အရမ်းမြန်တာပဲ။ ပဉ္စမမြောက် ကြယ်စက်လုံးကို ပြောင်းလဲဖို့ နှစ်ဝက်လောက်ပဲ လိုလိမ့်မယ်လို့ ငါထင်တယ်။ ငါသာ ဒီမှာ နှစ်နည်းနည်းလောက် ကျင့်ကြံနိုင်မယ်ဆိုရင် ငါ့ရဲ့ ကြယ်စက်လုံးတွေကို ဆက်တိုက် ပြောင်းလဲနိုင်မှာပဲ။ ကြယ်စက်လုံး ကိုးလုံးစလုံး ပြောင်းလဲသွားရင် ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ဖြစ်သွားမလဲ။ တာအိုပုံသဏ္ဌာန်တွေကို မသုံးဘဲ ငါ့ရဲ့ အတွင်းအားကိုပဲ သုံးမယ်ဆိုရင် ငါက ဘယ်လောက်ထိ သန်မာလောက်လဲ”

ကျန်းရီ တွေးမကြည့်ဝံ့ပေ။ သို့သော် သူ့ရင်ထဲတွင် အနာဂတ်အတွက် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေလေသည်။

***

All Chapters