နတ်ဘုရားတစ်ပိုင်း
Vol. 57 Ch. 783
ကျန်းရီ၏ တိုက်ခိုက်စွမ်းအားက အလွန်ကြီးပြီး အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးကိုပင် သတ်နိုင်၏။ သို့သော် သူသည် မိုးကြိုးမီးအပေါ် မှီခိုခဲ့ရ၏။ မိုးကြိုးမီးမရှိလျှင် သူ၏ တိုက်ခိုက်စွမ်းအားက သိပ်မကြီးပေ။ သူသာ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ ထွက်မပြေးပါက သေသွားမည်ဖြစ်သည်။
ကျန်းရီ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်က အတော်လေးအားနည်း၏။ သူ၏တာအိုပုံသဏ္ဌာန်အဆင့်က ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း သူ၏ တိုက်ခိုက်စွမ်းအားက မလုံလောက်သေးချေ။ သူသည် အဆင့်နိမ့် တာအိုပုံသဏ္ဌာန်များနှင့် အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်တစ်ခုကိုသာ သိမြင်နားလည်ထားသည်။ သူသည် အဆင့်မြင့် တာအိုပုံသဏ္ဌာန်ကို မပေါင်းစည်းရသေးသဖြင့် ၎င်း၏စွမ်းအားကို မသိသေးပေ။
ကျန်းရီသည် ယခင်က ဗာဂျရာနယ်ပယ် ပဉ္စမအဆင့်တွင်သာ ရှိခဲ့၍ အတွင်းအားကျင့်ကြံခြင်းက ပို၍ပင် နိမ့်ခဲ့၏။ ယခုတွင် အဆတစ်ထောင် ပိုမြန်သော ကျင့်ကြံနှုန်းကြောင့် သုံးလအတွင်းမှာပင် သူ ဗာဂျရာနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ခဲ့ပေပြီ။ ယင်းကပင် သူ့အတွက် အလွန်ကောင်းနေပြီဟု ဆိုနိုင်၏။
ပြီးခဲ့သော လအနည်းငယ် အတွင်း၌ ကျန်းရီ၏ တာအိုပုံသဏ္ဌာန်ပေါင်းစည်းခြင်းက မည်သည့်တိုးတက်မှုမှ မရှိခဲ့ပေ။ သို့သော် သူ၏ ကောင်းကင်ဖျက်မီးက အနည်းငယ် တိုးတက်ခဲ့သည်။ သူသည် နတ်ဘုရားငိုကြွေးသံ နှစ်ခုနှင့် တွေ့ကြုံပြီးနောက် ဝိညာဉ်ဓားခြောက်ချောင်း ထပ်ရခဲ့သည်။ ယခုတွင် သူ့၌ ဝိညာဉ်ဓားစုစုပေါင်း (၄၈)ချောင်း ရှိနေပြီဖြစ်သည်။
“နောက်ကျရင် ပိုကောင်းလာမှာပါ။ ငါ ခဏလောက်နားပြီး အပြင်က အခြေအနေကို သွားကြည့်ရမယ်”
ကျန်းရီက ကောင်းကင်စိတ်အာရုံကို ဆန့်တန်း၍ ကျန်းရှောင်နူနှင့် ရှောင်ဖေးတို့ကို ကြည့်လိုက်၏။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်က အခန်းအောင်း ကျင့်ကြံနေပြီး ကျန်တစ်ယောက်က အိပ်မောကျနေ၏။ ထို့ကြောင့် သူသည် ထိုနှစ်ယောက်ကို မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်က ဖျတ်ခနဲလက်သွားပြီး အပြင်သို့ ရောက်သွားလေသည်။
“ခေါင်းဆောင်...”
“သခင်လေး...”
အပြင်ဘက်တွင် ချမ်ဝမ်ကွမ်းနှင့် အခြားသူများက နှုတ်ဆက်လိုက်၏။ သူတို့အားလုံးသည် ပင်မခန်းမဆောင်ထဲတွင် စုဝေးနေကြခြင်းပင်။ သူတို့သည် ကျန်းရီ ထွက်လာသည်ကို မြင်လိုက်သောအခါ ချက်ချင်း ဝမ်းသာအားရ ထရပ်လိုက်ကြသည်။
ကျန်းရီက ခေါင်းဆတ်ပြလိုက်ပြီး ချမ်ဝမ်ကွမ်းကို မေးလိုက်၏။
“မြို့ထဲမှ အခြေအနေ ဘယ်လိုရှိလဲ”
“အရမ်းကောင်းပါတယ်”
ချမ်ဝမ်ကွမ်းက သူ၏ ဂုဏ်ယူဝံ့ကြွားနေသောမျက်နှာကို ပွတ်၍ ပြုံးလိုက်သည်။
“အခုဆို မြို့ထဲမှာ ကျုပ်က နာမည်ကြီးနေပြီ။ မျိုးနွယ်တွေကလည်း ကျုပ်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြတယ်။ ကျုပ်တို့ မြို့ထဲက မထွက်သရွေ့၊ အစ်ကိုထောင်ထျန်း ဒီမှာရှိနေသ၍ ဘယ်သူမှ ကျုပ်တို့ကို ပြဿနာရှာရဲမှာ မဟုတ်ဘူး”
“အဲ့ဒါဆို ကောင်းတာပေါ့”
ကျန်းရီက ပြုံးလိုက်ပြီး ဟွမ်ဖူထောင်ထျန်းနှင့် စကားသွားပြောရန် ဟန်ပြင်လိုက်၏။ ထိုစဉ် ချမ်ဝမ်ကွမ်းက ရှက်ရွံ့ဟန်ဖြင့် ကျန်းရီကို ပြောလိုက်သည်။
“ခေါင်းဆောင်... ကျုပ် အကူအညီတစ်ခု တောင်းလို့ရမလား”
“ဘာအကူအညီလဲ”
ကျန်းရီက ခေါင်းစောင်း၍ မေးလိုက်၏။
ချမ်ဝမ်ကွမ်းက မလုံမလဲဖြင့် နှာခေါင်းပွတ်ကာ ပြန်ပြောလိုက်သည်။
“ခေါင်းဆောင်... ကျုပ်ကို ကောင်းကင်ပန်းချီကားတစ်ချပ်လောက် ဆွဲပေးလို့ ရမလား။ ကျုပ် လူတစ်ယောက်ကို ကောင်းကင်ပန်းချီကားတစ်ချပ် ပေးမယ်လို့ ကတိပေးထားလို့”
“ဘယ်သူ့ကိုပေးမှာလဲ”
ကျန်းရီက ချမ်ဝမ်ကွမ်းကို မယုံသင်္ကာဖြင့် ကြည့်၍ ရုတ်တရက် စနောက်လိုက်သည်။
“ကောင်မလေးတစ်ယောက်ပဲ နေမှာပေါ့.. ဟုတ်တယ်မလား။ ပြောပါဦး ဘယ်မျိုးနွယ်က သခင်မလေးလဲ”
“ဟီးဟီး... ခေါင်းဆောင်ရဲ့ စူးရှတဲ့မျက်လုံးတွေကနေ ဘာမှ မလွတ်နိုင်ဘူးပဲ...”
ချမ်ဝမ်ကွမ်းက ကျန်းရီကို မျက်နှာချိုသွေးလိုက်ပြီး သနားစဖွယ်ပြုံးကာ ပြောလိုက်၏။
“သခင်မလေးရီနျန်ကို ပေးမလို့ပါ။ သူက အမှတ်တရ သိမ်းထားဖို့ ထူးခြားတဲ့ ရှုခင်းပန်းချီကားတစ်ချပ်လောက် လိုချင်တယ်တဲ့”
“စစ်ထူရီနျန်လား”
ကျန်းရီ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အဲ့သခင်မလေးက မဆိုးပါဘူး။ ဒါပေမဲ့ သူက စစ်ထူမျိုးနွယ်ကဖြစ်နေတာ ဆိုးတာပဲ။ ဝမ်ကွမ်း... မင်း ဘာမျှော်လင့်ချက်မှ မထားရင် ကောင်းမယ်။ အဲ့လို မျိုးနွယ်ကြီးတစ်ခုက သခင်မလေးက သူ့ရဲ့မင်္ဂလာကိစ္စကို သူ့ဘာသာ ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး”
“ကျုပ် နားလည်ပါတယ်”
ချမ်ဝမ်ကွမ်းက ခါးသက်သက် ပြုံးလိုက်၏။ အကယ်၍ သူသာ ကောင်းကင်ပန်းချီကားများကို ရေးဆွဲသူအစစ်ဆိုလျှင် ကိစ္စများက ပို၍ လွယ်ကူပေလိမ့်မည်။ သို့သော် သူက အတုပင်။ သူသည် တာအိုပုံသဏ္ဌာန်အကျိုးအပဲ့များကိုသာ သန့်စင်နိုင်ခဲ့သူဖြစ်၏။ ဤတစ်သက်တွင် သူ၏အင်အားက ပိုတိုးလာတော့မည်မဟုတ်ပေ။ အကယ်၍ စစ်ထူမျိုးနွယ်သာ အမှန်တရားကို သိသွားလျှင် သူတို့သည် လုံးဝ သဘောတူမည် မဟုတ်ချေ။
“ကောင်းပြီ... ငါ ပြန်ရောက်ရင် မင်းအတွက် ပန်းချီကားတစ်ချပ် ဆွဲပေးမယ်”
ကျန်းရီက ချမ်ဝမ်ကွမ်း၏ ပခုံးကို ပုတ်လိုက်ပြီး အပြင်သို့ လျှောက်သွားလိုက်သည်။ အပြင်ဘက်တွင် ပြန်လည်အေးချမ်းနေပြီဖြစ်သည်။ ဟွမ်ဖူထောင်ထျန်းက အပြင်ဘက်ခြံဝန်းတွင် ပြုံးကာ ထိုင်နေ၏။ သူသည် ကျန်းရီ ထွက်လာသည်ကို မြင်လိုက်သောအခါ ပြုံး၍ အသံပို့လွှတ်လိုက်လေသည်။
“အဆင့်တက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် ညီလေးကျန်း။ ကောင်းကင်ကိုးဘုံ ကြယ်တာရာစွမ်းအားက အတော်လေးအဖိုးတန်တယ်။ ညီလေး အဲ့ဒါကို နှိုင်းနှိုင်းချိန်ချိန် အသုံးပြုရမယ်”
“အာ...”
ကျန်းရီက ကောင်းကင်ကိုးဘုံ ကြယ်တာရာစွမ်းအားကို နားမလည်ပေ။ ကျန်းရီသည် ဟွမ်ဖူထောင်ထျန်း၏ စကားကြောင့် စိတ်ဝင်စားသွားစေသဖြင့် လျင်မြန်စွာ မေးလိုက်၏။
“အစ်ကိုဟွမ်ဖူ... အဲ့ကြယ်တာရာစွမ်းအားကို ဘယ်နေရာတွေမှာ သုံးလို့ရလဲ”
ဟွမ်ဖူထောင်ထျန်းက ခြံဝန်းအပြင်ဘက်သို့ ကောင်းကင်စိတ်အာရုံပို့၍ ခေတ္တမျှ စူးစမ်းလိုက်၏။ မည်သူမှ ခြံဝန်းထဲသို့ ကောင်းကင်စိတ်အာရုံ မပို့ထားကြောင်း သေချာသွားမှ သူသည် ကျန်းရီကို အပြင်ဘက်ခြံဝန်းအတွင်းရှိ အခန်းအသေးလေးတစ်ခန်းသို့ ခေါ်သွားလိုက်လေသည်။ ထို့နောက် သူက အကာအရံကို နှိုးလိုက်ပြီး ပြောလိုက်၏။
“ကောင်းကင်ကိုးဘုံ ကြယ်တာရာစွမ်းအားက နတ်ဘုရားတွေရဲ့ စွမ်အားလို့ ပြောကြတယ်၊ အဲ့စွမ်းအားရဲ့ အသုံးဝင်မှုက အဆုံးမဲ့ပဲ။ မိုးမြေက အဲ့စွမ်းအားကို ကြယ်ငါးပွင့်နဲ့အထက် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်သွားတဲ့သူကိုပဲ ချီးမြှင့်တာ။ သိုင်းသမားတွေက ကောင်းကင်ဧကရာဇ် အထွတ်အထပ်အဆင့်ကနေပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်သွားရင်လည်း ကောင်းကင်ကိုးဘုံ ကြယ်တာရာစွမ်းအားကို ရရှိကြတယ်”
“နတ်ဘုရားတစ်ပိုင်း... အဲ့အဆင့်က နတ်ဘုရားတွေနဲ့ နီးကပ်တဲ့ အဆင့်လား၊ အရှေ့ဘက် တော်ဝင်ဧကရာဇ်ကိုးပါးရဲ့ အဆင့်လား”
ကျန်းရီက စိတ်ဝင်တစား မေးလိုက်သည်။
“ဟုတ်တယ်...”
ဟွမ်ဖူထောင်ထျန်းက ရှင်းပြလိုက်၏။
“ပညာရှင်တွေက အဲ့အဆင့်ကို နတ်ဘုရားတစ်ပိုင်းအဆင့်လို့ သတ်မှတ်ထားတယ်။ အဓိပ္ပာယ်ကတော့ မသေမျိုးတစ်ပိုင်း ဖြစ်နေတဲ့ အဆင့်ပေါ့။ ကောင်းကင်ဧကရာဇ်အဆင့်ရဲ့ အထက်က နတ်ဘုရားတစ်ပိုင်းအဆင့်ပဲ။ အဲ့အဆင့် အထက်မှာတော့ ဆန်းကြယ်ဧကရာဇ်အဆင့်ရှိတယ်၊ အဲ့အဆင့်ရောက်ရင် ဟင်းလင်းပြင်ကို ချိုးဖျက်ပြီး ကောင်းကင်ဘုံကို ရောက်နိုင်တယ်။ ဒီလောကထဲမှာ နတ်ဘုရားတစ်ပိုင်းတွေ သိပ်မရှိဘူး။ မိစ္ဆာအရှင်တွေ အားလုံးကိုပါ ထည့်ပေါင်းမယ်ဆိုရင်တောင် တစ်ရာမပြည့်ဘူး။ ဟင်းလင်းပြင်ကို ချိုးဖျက်ပြီး ကောင်းကင်ဘုံကို ရောက်နိုင်ဖို့က ဆန်းကြယ်ဧကရာဇ်ဖြစ်မှ ရမယ်”
“မသေမျိုးတစ်ပိုင်း...”
ကျန်းရီ သက်ပြင်းလေးလေး ချလိုက်၏။ မြောက်ဘက်ဧကရာဇ် ဝူရှန့်က မသေမျိုးတစ်ပိုင်းဖြစ်သည်။ သူသည် မသေမျိုးနှင့် ဆက်နွယ်နေပြီဖြစ်၍ သူ၏တိုက်ခိုက်စွမ်းအားက တွေးကြည့်၍ပင် မရနိုင်လောက်သည့် အဆင့်တွင် ရှိပေလိမ့်မည်။ ဝူရှန့်က အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ကို လက်ချောင်းတစ်ချောင်းဖြင့်ပင် ဖိချေပစ်နိုင်လိမ့်မည်ဟု ကျန်းရီ ယူဆ၏။ ကျန်းရီ၏ မဟာရန်သူတော်မှာ မြောက်ဘက်ဧကရာဇ် ဝူရှန့်ဖြစ်သည်။ ကျန်းပိုင်လီ သေဆုံးသွားသည့်အခိုက်တွက် သိုင်းပညာခန်းမတစ်ခုလုံးကို ဖျက်ဆီးပစ်မည်ဟု သူ ကျိန်ဆိုခဲ့သည်။
“ညီလေးကျန်း စိတ်ဓာတ်ကျစရာမလိုပါဘူး”
ဟွမ်ဖူထောင်ထျန်းက ကျန်းရီ၏ ပူပန်မှုများကို ရိပ်မိပုံဖြင့် ပြုံးကာ နှစ်သိမ့်လိုက်၏။
“နတ်ဘုရားတစ်ပိုင်းတွေက နတ်ဘုရားတွေ မဟုတ်ပါဘူး။ သူတို့က နတ်ဘုရားမဟုတ်သ၍ သူတို့ကို သတ်နိုင်ပါတယ်။ ပြီးတော့... သူတို့က နတ်ဘုရားအစစ်အမှန်တွေ ဆိုရင်တောင် သူတို့ကို မသတ်နိုင်တာမှ မဟုတ်တာ။ သူတို့ကလည်း သေမျိုးတစ်ယောက်အဖြစ်ကနေ ကျင့်ကြံခဲ့ရတာပဲ။ သူတို့တောင် နတ်ဘုရားတစ်ပိုင်းအဆင့်၊ နတ်ဘုရားအဆင့် ရောက်အောင် ကျင့်ကြံနိုင်ရင် အစ်ကိုတို့က ဘာလို့ အဲ့အဆင့်ရောက်အောင် မကျင့်ကြံနိုင်ရမှာလဲ။ လူသားတွေက သဘာဝကို အနိုင်ယူနိုင်တယ်၊ အစ်ကိုတို့ရဲ့ စိတ်ဓာတ်တွေသာ လုံလောက်အောင် သန်မာရင် ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တယ်”
“အွန်း...”
ကျန်းရီ၏ မျက်လုံးများ တောက်ပလာ၏။ သူ ခေတ္တမျှ တိတ်သွားပြီးနောက် ဟွမ်ဖူထောင်ထျန်းကို လက်ဆုပ်အရိုအသေပေး၍ ပြောလိုက်သည်။
“အစ်ကို့ရဲ့ လမ်းညွှန်ပြသမှုတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဟုတ်သား... အစ်ကို ကောင်းကင်ကိုးဘုံ ကြယ်တာရာစွမ်းအားအကြောင်းကို မပြောပြရသေးဘူး”
ဟွမ်ဖူထောင်ထျန်းက ပြုံးလိုက်ပြီး ခေါင်းညိတ်၍ ရှင်းပြလိုက်သည်။
“ကောင်းကင်ကိုးဘုံ ကြယ်တာရာစွမ်းအားက အတော်လေးထူးခြားတဲ့ နတ်စွမ်းအားတစ်ခုပဲ။ အဲ့ဒါကို တိုက်ခိုက်တဲ့နေရာမှ သုံးနိုင်တယ်... ဒါပေမဲ့ အဲ့လိုသုံးရင် ဖြုန်းတီးပစ်သလို ဖြစ်မယ်။ အဲ့ဒါကို အတုအယောင် နတ်ဘုရား အသုံးအဆောင်တွေကို ပြုပြင်မွမ်းမံတဲ့နေရာမှာလည်း သုံးလို့ရတယ်။ အဲ့လိုသုံးလိုက်ရင် အတုအယောင် နတ်ဘုရား အသုံးအဆောင်တွေက ဝိညာဉ်ချိတ်ဆက်မှု လုပ်နိုင်မယ့် အခွင့်အရေး ပိုရလာလိမ့်မယ်။ ပြီးတော့ အဲ့ကြယ်တာရာစွမ်းအားကို အတွင်းအား မြှင့်တင်တဲ့ နေရာမှာလည်း သုံးနိုင်တယ်။ တကယ်လို့ တိုက်ခိုက်မှုထဲမှာ ကောင်းကင်ကိုးဘုံ ကြယ်တာရာစွမ်းအားနည်းနည်း ပေါင်းထည့်လိုက်ရင် တိုက်ခိုက်စွမ်းအားက သိသိသာသာ တိုးတက်လာမှာပဲ။ အဲ့လိုသုံးရင် ကောင်းကင်ဧကရာဇ်တွေရဲ့ နတ်ဘုရားဒိုင်းကိုတောင် အလွယ်လေးချိုးဖျက်နိုင်ပြီး သူတို့ကို တစ်ချက်တည်းနဲ့ သတ်နိုင်လိမ့်မယ်...”
“အဲ... ရှန်းစီပင်လယ်မှာတုန်းက ညီလေး အစ်ကိုနဲ့ချင်းလုံ တိုက်ခိုက်တာကို တွေ့ခဲ့တယ်မလား။ အစ်ကိုက ဝိညာဉ်ချိတ်ဆက် မူလရတနာနဲ့ ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန်ကို ပေါင်းပြီး သုံးခဲ့တာ... ကြယ်တာရာစွမ်းအားနည်းနည်းလည်း ပေါင်းထည့်ခဲ့တယ်။ အဲ့ဒါကြောင့် ချင်းလုံက အရှုံးပေးသွားတာပဲ၊ အရှုံးမပေးရင်လည်း သူသေတော့မှာလေ။ ချင်းလုံက သိမ်စွမ်းအားမကြီးတာလည်း ပါတာပေါ့။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် ဆိုပေမယ့် သူက အဆင့်မြင့် တာအိုပုံသဏ္ဌာန်ကို မပေါင်းစည်းနိုင်သေးဘူး။ ကောင်းကင်ကိုးဘုံ ကြယ်တာရာစွမ်းအားကို သုံးနိုင်တဲ့ တခြားနေရာတွေ အများကြီးရှိသေးတယ်။ အဲ့ဒါတွေကို ညီလေးဘာသာ လေ့လာကြည့်ပေါ့”
“အို့... ဟုတ်ကဲ့”
ကျန်းရီက ခေါင်းညိတ်လိုက်၏။ သူသည် ၎င်းကို သုံးနိုင်မည့်နေရာတစ်ခုကို တွေ့ထားပြီးဖြစ်သည်။ ယင်းမှာ မီးတောက်များကို သန့်စင်ရန်ပင်။ ကြယ်တာရာစွမ်းအားကိုသုံး၍ သန့်စင်ထားသော မီးတောက်များက အဆများစွာ ပိုအားကောင်းလာပေလိမ့်သည်။
“ကြယ်တာရာစွမ်းအားက အတုအယောင် နတ်ဘုရား အသုံးအဆောင်တွေကို ပြုပြင်မွမ်းမံနိုင်ပြီး ဝိညာဉ်ချိတ်ဆက်မှု လုပ်နိုင်မယ့် အခွင့်အရေးကို တိုးမြှင့်ပေးတာလား”
ကျန်းရီ အကြံတစ်ခု ရလိုက်၏။ အကယ်၍ သူသာ မီးတိမ်သံချပ်ကာနှင့် ဝိညာဉ်ချိတ်ဆက်မှု လုပ်နိုင်လျှင် သူ၏ခုခံစွမ်းအားက အဆပေါင်းများစွာ တိုးလာပေလိမ့်မည်။ ထို့ကြောင့် သူသည် နောက်ထပ် အခန်းအောင်းကျင့်ကြံသည့်အခါကျ ကြယ်တာရာစွမ်းအားအနည်းငယ်ကို လှည့်ပတ်၍ မီးတိမ်သံချပ်ကာကို မွမ်းမံရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်လေသည်။
ကျန်းရီသည် နှစ်လကြာ အခန်းအောင်းကျင့်ကြံခဲ့သော်လည်း တာအိုပုံသဏ္ဌာန်ပေါင်းစည်းမှု တိုးတက်လာအောင် မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် ကျန်းရီသည် ဤနေရာတွင် ဟွမ်ဖူထောင်ထျန်း ရှိနေခြင်းကို အကျိုးရှိစွာ အသုံးချနိုင်ရန် ရိုရိုကျိုးကျိုး မေးလိုက်လေသည်။
“အစ်ကိုဟွမ်ဖူ... ကျွန်တော် အဆင့်နိမ့် တာအိုပုံသဏ္ဌာန်ခြောက်ခုကို ပေါင်းစည်းပြီး အဆင့်မြင့် တာအိုပုံသဏ္ဌာန်တစ်ခု ရထားပါတယ်။ ဒါပေမဲ့ အခုထိ ကျန်တဲ့ တာအိုပုံသဏ္ဌာန်သုံးခုကို မပေါင်းစည်းနိုင်သေးဘူး။ အစ်ကို့ဆီမှာ ပိုပြီးကောင်းတဲ့ နည်းလမ်းတွေများ ရှိပါသလား”
“အစောက ညီလေး တာအိုပုံသဏ္ဌာန်တစ်ခုကို ပေါင်းစည်းလိုက်တာ မဟုတ်ဘူးလား”
ဟွမ်ဖူထောင်ထျန်းသည် ကျန်းရီကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်၏။ ကျန်းရီက ထူးဆန်းသူတစ်ယောက်ဟု သူ ခံစားနေရသည်။ ကျန်းရီ ကြယ်တာရာစွမ်းအား ချီးမြှင့်ခံရခြင်းမှာ အဆင့်မြင့် တာအိုပုံသဏ္ဌာန်တစ်ခုကို ပေါင်းစည်းနိုင်ခဲ့၍ မဟုတ်လော။ သူက ထူးခြားသည့် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်ခဲ့ခြင်းလော။
ဟွမ်ဖူထောင်ထျန်းသည် ကျန်းရီက တစ်စုံတစ်ခု ပြောရန် ချီတုံချတုံဖြစ်နေသည်ကို မြင်လိုက်သောအခါ ဘာမှ မပြောရန် လျင်မြန်စွာ လက်ကာပြလိုက်သည်။ အားလုံးတွင် သူ့လျှို့ဝှက်ချက်နှင့်သူ ရှိကြ၏။ သူ ဆက်၍ မေးခွန်းထုတ်နေမည် မဟုတ်ပေ။ ထို့နောက် သူ ခေတ္တမျှတွေးတော၍ ပြောလိုက်၏။
“တာအိုပုံသဏ္ဌာန်တွေကို ပေါင်းစည်းဖို့ တခြားနည်းလမ်း မရှိဘူး။ အဲ့ဒါက လူတစ်ယောက်ရဲ့ သိမြင်နားလည်နိုင်စွမ်းအပေါ် မူတည်တယ်။ ညီလေး ကောင်းကင်ကျောက်တုံး သန်းတစ်ထောင်သုံးပြီး နန်ကုန်းမျိုးနွယ်ရဲ့ ဆန်းကြယ်နယ်မြေထဲ ဝင်ကြည့်ဖို့ အစ်ကို အကြံပေးချင်တယ်။ အဲ့ထဲမှာဆိုရင် ညီလေး တစ်ခုခု သိမြင်နားလည်သွားနိုင်တယ်”
“ဟုတ်ကဲ့”
ကျန်းရီ ထရပ်လိုက်ပြီး ပြောလိုက်၏။
“အဲ့လိုက အဆင်ပြေလောက်မှာပါ။ အစ်ကို အနားယူလိုက်ပါဦး။ မနက်ဖြန်ကျရင် ကျွန်တော် နန်ကုန်းမျိုးနွယ်က ဆန်းကြယ်နယ်မြေကို သွားကြည့်လိုက်ပါမယ်”
***