← Chapters

အနုပညာဧကရာဇ် သေရမည်

Vol. 57 Ch. 784

အနုပညာဧကရာဇ် သေရမည်

Vol. 57 Ch. 784

ကျန်းရီက အတွင်းဘက်ခြံဝန်းသို့ ပြန်သွားလိုက်၏။ သို့သော် သူ အနားမယူဘဲ စာကြည့်ခန်းသို့ သွားလိုက်သည်။

ကျန်းရီသည် မနက်ဖြန်တွင် ဆန်းကြယ်နယ်မြေသို့ သွားရန် ပြင်ဆင်ထား၏။ ထို့ကြောင့် ယနေ့တွင် သူ ချမ်ဝမ်ကွမ်းအတွက် ပန်းချီကားတစ်ချပ် ဆွဲ‌ပေးရပေမည်။ သူ ချမ်ဝမ်ကွမ်းကို ကတိပေးထားခဲ့သည် မဟုတ်ပါလော။ ထို့ပြင် ချမ်ဝမ်ကွမ်းသည် ရီဖျောင်ဖျောင်အဖြစ် ဟန်ဆောင်နေသူဖြစ်သည်။ သို့ဖြစ်၍ ထိုဟန်‌ဆောင်မှု ကြာရှည်ခံစေရန် သူ ပန်းချီကားအချို့ ပြင်ဆင်ပေးရန် လိုအပ်ပေသည်။

ခြံဝန်းက အလွန်ကြီး၏။ ထို့ကြောင့် လူတိုင်း အခန်းကျယ်တစ်ခန်းစီ ရရုံသာမက အခန်းတစ်ခန်းကိုလည်း စာကြည့်ခန်း လုပ်ထားနိုင်ပေသည်။ ဖုန်းလန်သည် ကျန်းရီ ပန်းချီဆွဲတော့မည်ဖြစ်ကြောင်း ကြားသောအခါ မင်သွေးပေး၍ ကူညီပေး၏။ ချင်းယွီကလည်း လိုအပ်သူများ ကူညီရရန် ရောက်လာသည်။

“ရှုခင်းပုံ ပန်းချီကားလား”

ကျန်းရီ တစ်ခဏမျှ တွေးတောလိုက်သည်။ မကြာခင်တွင် သူ၏စိတ်ထဲ၌ ရှန်းစီမြို့ ထွက်ပေါ်လာလေသည်။ သူ မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်းအခြေအနေသို့ ဝင်လိုက်၏။ သူ၏လက်ပတ်ပတ်လည်တွင် အတွင်းအား လည်ပတ်လာ၏။ ထို့နောက် သူသည် စုတ်တံကို ဓားတစ်ချောင်းကဲ့သို့ လှုပ်ရှားလိုက်လေသည်။

စုတ်ချက်အနည်းငယ် ဆွဲပြီးနောက် စက္ကူဖြူပေါ်တွင် ကောင်းကင်ထဲတွင် မျောနေသော ဧရာမကျောက်တုံးကြီး၏ပုံ ထွက်ပေါ်လာသည်။ ဧရာမကျောက်တုံးကြီး၏အထက်တွင် ရှေးဟောင်းမြို့တစ်မြို့ ရှိနေသည်။ သို့သော် မြို့၏ အစွန်ပိုင်းတစ်ပိုင်းကိုသာ မြင်ရ၏။ ထိုမျှလောက်ဖြင့်ပင် မြို့က မည်မျှစည်ပင်ဝပြောကြောင်း ပြသနိုင်ပေသေးသည်။ မြို့က ဧရာမကျောက်တုံးကြီးနှင့် အတူတကွ ပေါင်းစည်းနေ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ကျယ်ပြောသော ခံစားချက်ကို ခံစားလိုက်ရမည်ဖြစ်ပြီး ကြည့်ရှုသူ၏ စိတ်ဝိညာဉ်ကို မှင်တက်သွားစေနိုင်ပေသည်။

“ကောင်းတယ်... သခင်လေးရဲ့ ပန်းချီစွမ်းရည်က ထပ်ပြီး တိုးတက်လာပြီ”

ဖုန်းလန်က ခေါင်းညိတ်၍ ပြောလိုက်သည်။ ချင်းယွီကမူ သက်ပြင်းသဲ့သဲ့ ချလိုက်၏။ ဤကောင်းကင်ပန်းချီကားတွင် မြေစွမ်းအား တာအိုပုံသဏ္ဌာန်ပါဝင်သော်လည်း မည်သည့်ခံစားချက်မှာ ပေါင်းစပ်ပါဝင်မနေပေ။ သို့သော် ၎င်းက ပန်းချီကားကောင်းတစ်ချပ်ပင်။ ၎င်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်တုန်သွားစေနိုင်ပေသည်။

ဤပန်းချီကား၏ အရည်အသွေးက မီးတောင်ပေါက် ပန်းချီကားများထက် များစွာပိုသာကြောင်း ထင်ရှား၏။ သို့သော် ‘ဝမ်းနည်းမှု’၊ ‘လွမ်းဆွတ်မှု’။ ‘ပြင်းပြမှု’တို့နှင့်မူ မယှဉ်နိုင်သေးချေ။ ကျန်းရီသည် ထိုပန်းချီကားသုံးချပ်ကဲ့သို့ ပန်းချီကားမျိုးကို မည်သည့်အခါတွင်မှ ထပ်မဆွဲနိုင်တော့သည်လည်း ဖြစ်နိုင်ပေသည်။

“ဝမ်းနည်းမှု၊ လွမ်းဆွတ်မှု၊ ပြင်းပြမှု”

ကျန်းရီသည် ထိုပန်းချီကားသုံးချပ်ကို တွေးမိသောအခါ နောင်တဖြင့် သက်ပြင်းချလိုက်၏။ သို့သော် သူ၏မျက်လုံးများ လျင်မြန်စွာ တောက်ပလာသည်။ လေလံပွဲပြီးဆုံးသွားသည်မှာ နှစ်လကြာခဲ့ပြီဖြစ်သည်။ ယခုအချိန်ဆိုလျှင် ကုန်သည်အချို့က လေလံပွဲတွင်ဖြစ်ပျက်ခဲ့သည့်အကြောင်းများကို အရှေ့ဘက် တော်ဝင်နယ်မြေတွင် ပျံ့နှံ့စေလောက်ပြီး ဖြစ်မည် မဟုတ်လော။ ‘ရီဖျောင်ဖျောင်’၏အမည်က အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် ကျော်ကြားနေလောက်၏။ ယခုအချိန်သည် ရီဖျောင်ဖျောင်က အရှေ့ဘက် တော်ဝင်နယ်မြေတွင် ရှိ၊ မရှိကို အတည်ပြုရတော့မည့် အချိန်ပင်။

“အမေ... အမေ ဘယ်မှာလဲ။ ယွီဝမ်ကရော ဘယ်သူလဲ”

ကျန်းရီ သက်ပြင်းသဲ့သဲ့ ချလိုက်၏။ သူ့စိတ်ထဲတွင် အတွေးများ ပြည့်နှက်နေပေသည်။ အရှေ့ဘက် တော်ဝင်နယ်မြေတွင် ‘ရီ’မျိုးရိုးအမည် ရှိသော ကျော်ကြားသည့် မျိုးနွယ်မှာ ဗုဒ္ဓဧကရာဇ်မျိုးနွယ်ဖြစ်သည်။ သို့သော် ရီချန်က ရီဖျောင်ဖျောင်နှင့် ယွီဝမ်တို့၏အမည်ကို တစ်ခါမှ မကြားဖူးကြောင်း ပြောခဲ့သည်။ ထိုကိစ္စက အလွန်စိုးရိမ်စရာကောင်း၏။

“အဲ့အကြောင်းကို ဆက်မတွေးတော့ဘူး”

ကျန်းရီ ခေါင်းခါလိုက်ပြီး စာကြည့်ခန်းအပြင်သို့ ထွက်သွားလိုက်၏။ သူသည် နောက်ပိုင်းကိစ္စများကို ဖုန်းလန်ကို လွှဲထားခဲ့သည်။ ယခင်ကလည်း ပန်းချီကားသုံးချပ်တွင် ဖုန်းလန်က နာမည်ရေးထိုးပေးခဲ့ခြင်းပင်။ ကျန်းရီ၏ လက်ရေးက အလွန် အရုပ်ဆိုးလွန်းပေသည်။

***

ကျန်းရီ၏ ခန့်မှန်းချက်က မမှားခဲ့ပေ။ အရှေ့ဘက် တော်ဝင်နယ်မြေမှ ကုန်သည်များကြောင့် ရီဖျောင်ဖျောင်၏အမည်သည် အလွန်ကျော်ကြားနေပြီဖြစ်သည်။

အထူးသဖြင့် လေလံပွဲမှ စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းက နေရာအနှံ့တွင် ပျံ့နှံ့နေပေသည်။ မည်သူက ထိုဇာတ်လမ်းကို အရင်ဆုံး ဖြန့်နိုင်မည်နည်းဆိုသည်ကိုပင် ပြိုင်ဆိုင်ခဲ့ကြ၏။ ထိုပန်းချီကားသုံးချပ်ကို ကောင်းကင်ကျောက်တုံး သန်းတစ်သိန်းနှစ်သောင်းဖြင့် လေလံဆွဲခဲ့သည်လော။ သွေးဧကရာဇ်စစ်ရထားလုံးလည်း ထွက်ပေါ်လာပြီလော။ ထို့ပြင် အသက်ပုလဲကိုလည်း လူသေတစ်ယောက်အတွက် သန်းနှစ်သိန်းဖြင့် လေလံဆွဲသွားသည်လော။

ထိုဇာတ်လမ်းများအားလုံးက ကြားရသူများကို စိတ်လှုပ်ရှားသွားစေ၏။ ထိုသို့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းများကို လူတိုင်း ဖြန့်လိုကြသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုသည် ထိုသတင်းကို ချက်ချင်း ရလိုက်ကြ၏။ အပြစ်သားကျွန်းကို စောင့်ကြည့်ရန် တာဝန်ကျသော မျိုးနွယ်တိုင်းမှ အကြီးအကဲများသည် ထိုပန်းချီကားသုံးချပ်ကို သူတို့၏ စာကြည့်ခန်းအတွင်း၌ ချိတ်ဆွဲထားကြ၏။ ထို့ပြင် လွန်စွာ အသေးစိတ်ကျသော သတင်းအချက်အလက် တစ်ခုလည်း ထွက်ပေါ်လာသည်။

ဗုဒ္ဓဧကရာဇ်မြို့တော်...

လှပသော ခြံဝန်းလေးတစ်ခုထဲတွင် မျက်နှာဖုံးဝတ်ထားသော ဆံပင်ခရမ်းရောင်နှင့် ကောင်မလေးတစ်ယောက်က ပန်းချီကားသုံးချပ်ကို ကြည့်လိုက်သည်။ ထို့နောက် သူမ မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။

“ရီဖျောင်ဖျောင်... ကျန်းရီများ ဖြစ်နေမလား”

ရီချန်က ရီဖျောင်ဖျောင်၏အမည်ကို ရှင်းရှင်းလင်းလင်း မှတ်မိ၏။ ယခင်က ကျန်းရီသည် ဆန်းကြယ်ဧကရီနန်းတော်အတွင်းမှ ထွက်လာပြီးနောက် သူမအား ရီဖျောင်ဖျောင်နှင့်ယွီဝမ်တို့ကို သိသလောဟု မေးခဲ့ဖူး၏။ အစက ကျန်းရီသည် ရီဖျောင်ဖျောင်က ရီချန်၏ ဒေါ်လေးဟု ထင်ခဲ့သည်။ သို့သော် ထိုသို့မဟုတ်ကြောင်း သိလိုက်ရသောအခါ သူ စိတ်ပျက်သွားခဲ့သည်။ သူ၏မျက်နှာပေါ်တွင်လည်း အထူးကျန်မှုများ ပေါ်လာခဲ့သည်။ ရီချန်၏ စိတ်ထဲတွင် ထိုပုံရိပ်များ ထပ်မံ ထွက်ပေါ်လာ၏။

“ရှင် ရီဖျောင်ဖျောင်က ဘယ်သူဆိုတာ စုံစမ်းပြီးသွားပြီလား။ သူ့ရဲ့ ပုံတူပန်းချီ ရှိလား”

အပြစ်သားကျွန်းသည် ဧကရာဇ်ကိုးပါးမျိုးနွယ်အတွက် အရှက်ရစရာတစ်ခုဖြစ်၏။ သူတို့သည် အပြစ်သားကျွန်းကို အမြဲ ဖျက်ဆီးလိုခဲ့၏။ ထို့ကြောင့် သူတို့သည် အပြစ်သားကျွန်းနှင့် ပတ်သတ်သော သတင်းအချက်လက်ကို အလွန်အလေးထားပေသည်။ ရီချန်သည် ပြန်ရောက်လာပြီးနောက် ကျင့်ကြံခြင်းတွင် တစ်ဆို့နေခဲ့၏။ ထို့ကြောင့် သူမ၏ဖခင်က သူမကို စိတ်ပြေလက်ပျောက် ဖြစ်စေရန် ရီမျိုးနွယ်၏ အကြီးအကဲခန်းမသို့ ဝင်ခွင့်ပြုခဲ့သည်။

အကြီးအကဲခန်းမက ရီချန်ကို ရွေးချယ်စရာများစွာ ပေးခဲ့၏။ သူမသည် အပြစ်သားကျွန်းကို စောင့်ကြည့်ကာ သတင်းအချက်အလက် စုဆောင်းရန် ‌ရွေးချယ်ခဲ့သည်။ ကျန်းရီက ကောင်းကင်မိုးကြိုးကျွန်းသို့ ဝင်သွားပြီး လုဖင်းနှင့်အတူ မိုးကြိုးကျောက်တုံးများ မှောင်ခိုကုန်သွယ်နေကြောင်း သူမသိပေသည်။ အဘယ်ကြောင့်ဆိုသော် အပြစ်သားကျွန်းတွင် ပုန်းအောင်းနေသော အရှေ့ဘက် တော်ဝင်နယ်မြေမှ ကုန်သည်အများစုက ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ အဖွဲ့ဝင်များ ဖြစ်နေ၍ပင်။

ကျန်းရီ၏ တိုးတက်နှုန်းက ရီချန်ကို ဝမ်းနည်းမှု၊ ‌နောင်တရမှုတို့ဖြင့် သက်ပြင်းချစေ၏။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုတွင် တင်းကြပ်သောစည်းမျဉ်းတစ်ခုရှိသည်။ အပြစ်သားကျွန်းသို့ ဝင်သွားသူတိုင်းသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ ရန်သူဖြစ်၏။ ထိုသူများသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုသို့ ဝင်နိုင်မည့် အခွင့်အရေးများကို လုံးဝဆုံးရှုံးသွားပြီဖြစ်သည်။

စာကြည့်ခန်းထဲတွင် တပ်မှူးတစ်ယောက် ရပ်နေ၏။ ထိုတပ်မှူးက ရီချန်၏ အမေးကို ရိုရိုသေသေ ပြန်ဖြေလိုက်သည်။

“ကျွန်တော်တို့ ရီဖျောင်ဖျောင်က ဘယ်သူဆိုတာ မစုံစမ်းနိုင်သေးပါဘူး။ ဒါပေမဲ့ ဆရာရီဖျောင်ဖျောင်က ရှန်းစီမြို့ အရှေ့ဘက်အပိုင်းမှာ နေနေတယ်ဆိုတော့ သိထားပါတယ်။ မြို့ရဲ့ ဝင်ပေါက် ထွက်ပေါက်တိုင်းမှာ အစောင့်တွေ စောင့်ကြပ်နေကြပါတယ်။ သူ့ကို ရှန်းစီမြို့ရဲ့ အာဏာရှိမျိုးနွယ်တွေက အလေးထားကြပါတယ်။ လုလင်းနဲ့ လဲ့ချီရန်တောင် မလှုပ်ရှားရဲကြပါဘူး။ ပြီးတော့ ရီအိမ်တော်ရဲ့ အပြင်ဘက်ခြံဝန်းမှာ ဟွမ်ဖူထောင်ထျန်းက စောင့်ကြပ်နေပါတယ်။ အဲ့ဒါကြောင့် ဘယ်သူမှ ခြံဝန်းထဲကို မစူးစမ်းရဲကြပါဘူး”

“ကောင်းပြီ... ရှင် သွားလို့ရပြီ။ တကယ်လို့ သတင်းအချက်အလက် အသစ်တွေ ရလာရင် ကျွန်မဆီ ချက်ချင်း အစီရင်ခံပါ။ ရီဖျောင်ဖျောင်ရဲ့ ပုံတူပန်းချီ ရနိုင်မယ့်နည်းလမ်းကိုလည်း စဉ်းစားထားပါ”

ရီချန်က လက်ဝှေ့ယမ်း၍ ပန်းချီကားသုံးချပ်ကို ကောက်ယူလိုက်သည်။ ထိုပန်းချီကားသုံးချပ်မှာ ‘ဝမ်းနည်းမှု’၊ ‘လွမ်းဆွတ်မှု’နှင့် ‘ပြင်းပြမှု’တို့ဖြစ်သည်။ သို့သော် ၎င်းတို့က အစစ်မဟုတ်ဘဲ တုပရေးဆွဲထားသော ပန်းချီကားများသာ ဖြစ်သည်။ ထို့ကြောင့် ပန်းချီကားများ၏ အရည်အသွေးက သိပ်မကောင်းပေ။

“သူက တမင် လုလင်းကို ပစ်မှတ်ထားနေတာလား။ သူက ခရမ်းရောင်ဝိညာဉ်ဆည်းလည်းတွေကို ဝယ်ပြီး နန်ကုန်းချီလင်းကို လက်ဆောင်ပေးခဲ့တယ်ပေါ့လေ။ ပြီးတော့ သူက ဟွမ်ဖူထောင်ထျန်းကိုလည်း ကောင်းကင်ကျောက်တုံး သန်းရှစ်သောင်း ချေးပေးခဲ့တယ်။ အဲ့ဒါတွေက ကျန်းရီရဲ့ အကျင့်စရိုက်နဲ့ ကိုက်ညီတယ်”

ရီချန်၏ မိစ္ဆာမျက်နှာဖုံးအောက်မှ လှပသော မျက်ဝန်းတစ်စုံက တောက်ပသွား၏။ သူမ ခေတ္တမျှ တွေးတောလိုက်ပြီး ရေရွတ်လိုက်သည်။

“ရီဖျောင်ဖျောင်... အဲ့လူက ငါတို့ မျိုးနွယ်နဲ့ ပတ်သတ်နေလောက်လား။ ဟူး... အဘိုးက ဆန်းကြယ်နတ်ဘုရားတောင်က ပြန်လာပြီးကတည်းက အခန်းအောင်း ကျင့်ကြံနေတယ်။ ငါ သူနဲ့ တွေ့ဖို့ အခွင့်အရေး မရသေးဘူး။ မဟုတ်ရင် ငါ သူ့ကို မေးကြည့်လို့ရတယ်.. သူကတော့ အဲ့အကြောင်းကို သိလောက်မှာပဲ။ ပြီးတော့ ယွီဝမ်ကရော ဘယ်သူလဲ...”

“အနုပညာအင်ပါယာလား၊ ဟွန်း...”

ရီချန်၏ မျက်နှာလေးသည် ချက်ချင်းပင် အေးစက်သွား၏။ သူမ အေးစက်စက် နှာမှုတ်လိုက်သည်။

“ရီဖျောင်ဖျောင်က ကျန်းရီ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်... သေရမှာပဲ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အပြစ်သားကျွန်းမှာ အနုပညာဧကရာဇ်တစ်ပါး ထွက်ပေါ်လာခွင့်ပေးမှာ မဟုတ်ဘူး။ ရီမျိုးနွယ်က ဘာမှ မလုပ်ဘူးဆိုရင်တောင် ကျန်တဲ့မျိုးနွယ်တွေက လုပ်မှာပဲ။ ကျန်းရီ... ရီဖျောင်ဖျောင်ကသာ နင်ဆိုရင် နင့်ရဲ့ကံကိုပဲ အပြစ်တင်လိုက်တော့”

ရီချန်သည် အနုပညာဧကရာဇ်က မည်မျှ အရေးကြီးကြောင်း သိ၏။ သူမ၏ အဘိုး ဗုဒ္ဓဧကရာဇ်က အနုပညာအင်ပါယာတစ်ပါးဖြစ်သည်။ သူ၏ပန်းချီကားများက ရီမျိုးနွယ်၏ မျိုးဆက်များအတွက် များစွာ အကျိုးရှိ၏။ ရီမျိုးနွယ်သည် ပန်းချီကားများမှနေ၍ အဆင့်နိမ့် တာအိုပုံသဏ္ဌာန်ရှစ်ခုကို လေ့လာခဲ့သည်။ သူမသည်လည်း ထိုပန်းချီကားများကြောင့် တာအိုပုံသဏ္ဌာန်များကို လျင်မြန်စွာ သိမြင်နားလည်နိုင်ခဲ့ခြင်းပင်။

ကျန်းရီကို ထိုကဲ့သို့ ဆက်တိုးတက်ခွင့်ပြုထားလိုက်၍ မျိုးနွယ်(၁၃)ခုက သူ့ထံမှ အဆင့်မြင့် ကောင်းကင်ပန်းချီကားတစ်ချပ် ရလိုက်လျှင် သူတို့၏ မျိုးဆက်များသည် သေချာပေါက် အကျိုးအမြတ်များ မပြတ်ရသွားမည်ဖြစ်သည်။

အပြစ်သားကျွန်းကို ဖျက်ဆီးပစ်ရမည်ဖြစ်သည်။ ရီချန် အပြစ်သားကျွန်းကို စောင့်ကြည့်ရန် ရွေးချယ်ခဲ့ခြင်းမှာလည်း ၎င်းကို ဖျက်ဆီပစ်နိုင်မည့် နည်းလမ်းတစ်ခုရှာရန် ဖြစ်သည်။ ထို့ကြောင့် သူမသည် အနုပညာဧကရာဇ် ဖြစ်လာနိုင်ချေရှိသူတစ်ယောက်ကို အသက်ဆက်ရှင်ခွင့် မပေးနိုင်ပေ။

***

“လူသားအပြစ်သား နတ်ဆိုးတပ်ဖွဲ့ဆီ သတင်းပို့လိုက်။ ရီဖျောင်ဖျောင်ကို ဘယ်နည်းနဲ့မဆို ရအောင် သတ်ကြ။ လိုအပ်လာရင် သူတို့ ဘယ်သူဆိုတာ ပေါ်သွားလည်း ကိစ္စမရှိဘူး”

မြောက်ဘက်ဧကရာဇ်မြို့ထဲတွင် ဝူနီက ကျယ်လောင်စွာ အော်လိုက်သည်။ ဝူနီသည် ကိစ္စများစွာကို တာဝန်ယူထားရ၏။ သူသည် အရှေ့ဘက် တော်ဝင်နယ်မြေကို စောင့်ကြည့်ရန် အမိန့်ရထားရုံသာမက ဝူမျိုးနွယ်၏ နယ်မြေအတွင်းမှ လှုပ်ရှားမှုအားလုံးကိုလည်း စောင့်ကြည့်နေရလေသည်။ သူက လေလံပွဲမှ သတင်းများကို ရရှိပြီးနောက် တုံ့ဆိုင်းမှုမရှိဘဲ အမိန့်ပေးလိုက်သည်။

မိစ္ဆာဧကရာဇ်မြို့၊ သားရဲဧကရာဇ်မြို့၊ ဆန်းကြယ်ဧကရာဇ်မြို့...

ရီမျိုးနွယ်မှလွဲ၍ ကျန်ဧကရာဇ်မျိုးနွယ်ရှစ်ခု၏ အကြီးအကဲများသည် ရီဖျောင်ဖျောင်ကို လုပ်ကြံရန် အမိန့်ပို့ထားပြီးဖြစ်သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုသည် အပြစ်သားကျွန်းတွင် ပုန်းအောင်းနေသော ကုန်သည်အဖွဲ့အစည်းအများစုကို ထိန်းချုပ်ထား၏။ ထိုကုန်သည်အဖွဲ့အစည်းများက အသေခံတပ်ဖွဲ့များစွာကိုလည်း ခေါ်ဆောင်သွားကြသည်။ ထိုအသေခံတပ်ဖွဲ့များ၏ တာဝန်က အလွန်ရိုးရှင်း၏။ သူတို့သည် မျိုးနွယ်(၁၃)ခုမှ ပါရမီရှင်မျိုးဆက်များကို သတ်ရန်၊ မျိုးနွယ်(၁၃)ခုအကြားတွင် ပဋိပက္ခများ ပေါ်ပေါက်လာအောင်လုပ်ရန်၊ နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကို ဖျက်ဆီးရန်နှင့် မျိုးနွယ်(၁၃)ခုကို ထိခိုက်စေမည့် အခြားမည်သည့်တာဝန်များကိုမဆို ထမ်းဆောင်ကြရသည်။

ကျန်းရီက အမှန်ပင် ရှန်းစီမြို့တွင် ရှိနေပေသည်။  မြို့ထဲတွင် အကြမ်းဖက်မှုကို ခွင့်မပြုပေ။ သို့သော် အဘယ်ကြောင့် သူတို့ကို အသေခံတပ်ဖွဲ့များဟု ခေါ်ရသနည်း။ သူတို့အားလုံးက သူတို့၏အသက်ကို စတေးရန် ပြင်ဆင်ထားပြီးပေပြီ။ ထို့ကြောင့် သူတို့သည် မည်သည့်အလုပ်ကိုမဆို အကြောက်တရားမရှိဘဲ လုပ်ဆောင်နိုင်ကြ၏။ သူတို့သည် အခွင့်အရေးတစ်ခု ရသည်နှင့် လှုပ်ရှားကြမည်ဖြစ်သည်။

***

All Chapters