ဆန်းကြယ်နယ်မြေ
Vol. 57 Ch. 785
နောက်တစ်ရက်တွင် ကျန်းရီသည် အစောကြီး နိုးနေ၏။ သူသည် တစ်ယောက်တည်း အပြင်မသွားပေ။ ဟွမ်ဖူထောင်ထျန်းနှင့် ချမ်ဝမ်ကွမ်းတို့က သူနှင့် အဖော်လိုက်ခဲ့သည်။ ဖုန်းလန်နှင့် ကျန်သူများမှာမူ အိမ်တွင်ပင် နေခဲ့ကြသည်။
ကျန်းရီတို့သုံးယောက်သည် ဇိမ်ခံရထားလုံးကို စီး၍ အစောင့်များနှင့်အတူ ထွက်သွားကြ၏။ သူတို့သည် နန်ကုန်းမျိုးနွယ်၏ ကုန်သည်အဖွဲ့အစည်းကို မဝင်လိုက်ဘဲ ကုန်သည်အဖွဲ့အစည်းနောက်ရှိ လမ်းမကြီးမှတဆင့် နန်ကုန်းခြံဝန်းသို့ သွားလိုက်ကြလေသည်။
ကျန်းရီတို့ နန်ကုန်းခြံဝန်း၏ တံခါးမကြီးသို့ မရောက်ခင်မှာပင် အစောင့်တစ်ယောက်က သူတို့ကို နာမည်ကတ်ပြားတစ်ခု ပေး၏။ နန်ကုန်းမျိုးနွယ်၏ ပြင်ပရေးရာကြီးကြပ်သူက ရထားလုံးရောက်လာချိန်တွင် စောင့်ကြိုနေပြီဖြစ်သည်။
ကြီးကြပ်သူက ကျန်းရီတို့ကို မြင်သောအခါ ချက်ချင်း လက်ဆုပ်၍ ဦးညွှတ်ကာ တောက်ပစွာပြုံးပြီး ပြောလိုက်လေသည်။
“ဆရာ့ကို ကြိုဆိုပါတယ်။ ဆရာရောက်လာတာက ကျွန်တော်တို့ နန်ကုန်းခြံဝန်းကို ဂုဏ်တက်စေပါတယ်။ ကျွန်တော်တို့ မျိုးနွယ်က သခင်လေးမုယွီက စားသောက်ပွဲတစ်ပွဲ ပြင်ဆင်ထားပြီးပါပြီ။ ဆရာ၊ သခင်လေးဟွမ်ဖူနဲ့ ဒီကအရှင်တို့ ဒီဘက်ကို ကြွကြပါ”
ဟွမ်ဖူထောင်ထျန်းက အရေးမစိုက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ချမ်ဝမ်ကွမ်းက ကြီးကြပ်သူကို ဝံ့ကြွားသောမျက်နှာထားဖြင့် ကြည့်လိုက်လေသည်။ ကျန်းရီကမူ မည်သည့်စကားမှ မပြောဘဲ ချမ်ဝမ်ကွမ်းတို့နှစ်ယောက်နောက်က လိုက်သွားလိုက်သည်။ ချမ်ဝမ်ကွမ်းက အလွန်စိတ်ကြီးဝင်နေပုံ ပေါက်နေ၏။ သူသည် ‘ဆရာ’တစ်ပါးကဲ့သို့ ဟန်ထုတ်နေ၏။ ကျန်းရီသည် ထိုမြင်ကွင်းကို မြင်သောအခါ ရယ်ချင်သွားသည်။
နန်ကုန်းခြံဝန်းက ကြီးမား၏။ ခြံဝန်းထဲတွင် ရင်ပြင်လေးတစ်ခုရှိ၏။ ထိုနေရာတွင် မဟာဧကရာဇ်နန်ကုန်း၏ ရုပ်တုတစ်ခုလည်းရှိသည်။ သို့သော် ထိုရုပ်တုက သာမန်လူတစ်ယောက်၏ အရွယ်အစားခန့်သာ ရှိသည်။
ချမ်ဝမ်ကွမ်းနှင့် ဟွမ်ဖူထောင်ထျန်းတို့က ရပ်လိုက်ပြီး ရုပ်တုကို တလေးတစား အရိုအသေပေးလိုက်ကြသည်။ ပြီးနောက်မှ သူတို့သည် စိတ်ကြီးဝင်ဟန်ဖြင့် ဆက်လျှောက်သွားကြ၏။ ကျန်းရီသည်လည်း သူတို့လုပ်သည့်အတိုင်း ဦးညွှတ်အရိုအသေပေးလိုက်၏။ မဟာဧကရာဇ်နန်ကုန်းသည် ရှန်းစီမျိုးနွယ်စု၏ နတ်ဘုရားကဲ့သို့ပင်။ သူ့ကြောင့်သာ မဟုတ်လျှင် မျိုးနွယ်(၁၃)ခုသည် ယခင်ကတည်းက ပျက်သုဉ်းသွားပြီဖြစ်သည်။ မျိုးနွယ်စုလည်း တည်ရှိတော့မည်မဟုတ်ပေ။ ထိုကဲ့သို့သော သူတစ်ယောက်ကို ဦးညွှတ်အရိုအသေပေးရပေမည်။
ရင်ပြင်ကို ကျော်သွားပြီးနောက် အရွယ်အစားစုံသော ရဲတိုက်များ အတန်းလိုက်တည်ရှိနေသော နေရာသို့ ရောက်၏။ ထိုမှတဆင့် အရှေ့ဘက်ခြံဝန်းသို့ သွားရသည်။ ရဲတိုက်ငါးဆယ်ကျော်ကို ဖြတ်ကျော်ပြီးနောက် ကြီးကြပ်သူက ရဲတိုက်တစ်ခု၏ တံခါးဝတွင် ရပ်ကာ ပြောလိုက်လေသည်။
“အားလုံးပဲ အထဲကို ကြွကြပါ။ ဒါက သခင်လေးမုယွီရဲ့ သစ်သားငါးရဲတိုက်ပါ”
“ဟားဟားဟား”
ကျန်းရီတို့ အထဲသို့ မဝင်ရသေးခင်မှာပင် အထဲမှ လှိုက်လှိုက်လှဲလှဲ ရယ်လိုက်သံကို ကြားလိုက်ရလေသည်။
“မနက်ကတည်းက မျက်ခုံးတွေ လှုပ်နေတာ အံ့ဩစရာ မရှိတော့ပါဘူး။ ကျွန်တော်က ဒီနေ့ ဘာကောင်းတဲ့ကိစ္စ ဖြစ်လာမှာလဲလို့ တွေးနေတာ။ အခုတော့ နားလည်သွားပြီ။ ဆရာနဲ့ အစ်ကိုဟွမ်ဖူတို့ ရောက်လာမှာကြောင့်ကိုး....”
အနက်ရောင် ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က အမျိုးသမီးအစေခံအနည်းငယ်နှင့်အတူ ထွက်လာ၏။ ကျန်းရီသည် ထိုသူကို ယခင်က မြင်ခဲ့ဖူး၏။ သို့သော် ယခုကဲ့သို့ အနီးကပ်မြင်ရသောအခါ သူသည် ထိုလူငယ်၏ ချောမောခံ့ညားမှုကို မချီးမွမ်းဘဲ မနေနိုင်ဖြစ်သွားရလေသည်။
အဘယ်ကြောင့် မျိုးနွယ်ကြီးများမှ သခင်လေးများအားလုံးက ချောမောခံ့ညားရသနည်း။ ရှီးဖေး၊ ဝူနီ၊ လုလင်းနှင့် ဟွမ်ဖူထောင်ထျန်းတို့အားလုံးသည် အလွန်ခံ့ညားကြ၏။ ထို့ပြင် သူတို့တွင် ထူးကဲသော အကျင့်စရိုက်လည်း ရှိကြသည်။ မျိုးနွယ်ကြီးများမှ သခင်မလေးများကလည်း နတ်မိမယ်လေးများအလား လှပကြပေသည်။
ကျန်းရီ၏ စိတ်ထဲတွင် သံသယဖြစ်ပေါ်လာ၏။ သို့သော် သူသည် ထိုအကြောင်းကို တွေးတောပြီးနောက် နားလည်သွားသည်။ မျိုးနွယ်ကြီးများမှ မျိုးဆက်များ၏ ဇနီးမယားများသည် အလွန်လှပကြသူများ မဟုတ်လော။ ထိုသို့ မျိုးဆက်များစွာ ဆင်းသက်လာပြီးနောက် သူတို့၏ မျိုးရိုးဗီဇက အလွန်ကောင်းနေမည် မဟုတ်လော။ ထို့ပြင် မျိုးနွယ်ကြီးများသည် သူတို့၏ မျိုးဆက်များကို ငယ်စဉ်ကတည်းက ကောင်းမွန်သော ပညာရေး ထောက်ပံ့ပေးထား၏။ သူတို့သည် ပွဲလမ်းသဘင်များ၊ အခမ်းအနားများ များစွာကိုလည်း တွေ့ကြုံဆင်နွှဲရန် အခွင့်အရေးများရကြသည်။ ထို့ကြောင့် သူတို့၏ အကျင့်စရိုက်မှာ ထူးကဲနေခြင်းဖြစ်ပေသည်။
“သူက...”
နန်ကုန်းမုယွီက ချမ်ဝမ်ကွမ်းတို့နှင့်အတူ ပါလာသော ကျန်းရီကို မြင်သောအခါ စိတ်ဝင်တစား မေးလိုက်၏။ ချမ်ဝမ်ကွမ်းက ကျယ်လောင်စွာ ရယ်လိုက်ပြီး ပြန်ပြောလိုက်သည်။
“သခင်လေးမုယွီ.... သူက ကျုပ်ရဲ့ ညီလေးပါ။ သူ့ရဲ့ မျိုးရိုးက ကျန်းတဲ့၊ ရှောင်ကျန်း... မြန်မြန်လာပြီး သခင်လေးမုယွီကို နှုတ်ဆက်လိုက်”
ကျန်းရီက ချက်ချင်းပင် လက်ဆုပ်၍ တလေးတစား နှုတ်ဆက်လိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် သခင်လေးမုယွီ”
“ညီလေးကျန်းက ယဉ်ကျေးလွန်းနေပါပြီ”
ကျန်းရီက ပုံရိပ်ယောင် လကျောက်တုံးကို မသုံးထားသော်လည်း ရုပ်ပြောင်းဆေးလုံးကိုတော့ သောက်ထားပေသည်။ ထို့ကြောင့် သူသည် သာမန်လူတစ်ယောက်ပုံစံ ပေါက်နေ၏။ နန်ကုန်းမုယွီက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ကျန်းရီကို အရေးမစိုက်တော့ဘဲ ချမ်ဝမ်ကွမ်းနှင့် ဟွမ်ဖူထောင်ထျန်းတို့၏ လက်များကို တရင်းတနှီးဆွဲ၍ အထဲသို့ ခေါ်သွားလေသည်။ သူသည် လမ်းလျှောက်ရင်း ပြုံးကာ ပြောလိုက်၏။
“ဆရာ၊ အစ်ကိုဟွမ်ဖူ... မကြာသေးခင်တုန်းက ကျွန်တော် အရည်အသွေးကောင်းတဲ့ ဖီးနစ်ငှက်တောင်လက်ဖက်ခြောက်တွေ ရထားတယ်။ ဆရာတို့နှစ်ယောက် အဲ့ဒါကို မြည်းကြည့်သင့်တယ်”
“ဟားဟားဟား... သခင်လေးမုယွီက တကယ့်ကို ဧည့်ဝတ်ကြေတာပဲ။ ဖီးနစ်ငှက်တောင်လက်ဖက်ခြောက်က ရေကန်စိမ်းကျွန်းရဲ့ အထူးလက်ဖက်ဖြောက်မလား။ တစ်နှစ်မှာ ငါးရာဂရမ်ပဲ ထုတ်လုပ်နိုင်တယ်လို့ ကျုပ်ကြားထားတယ်။ အစ်ကိုဟွမ်ဖူ ကျုပ်တို့တော့ ကံကောင်းတာပဲ”
ချမ်ဝမ်းကွမ်းက ရယ်ကာ ပြောလိုက်၏။ သူသည် ရီဖျောင်ဖျောင်အဖြစ် ဟန်ဆောင်ရန် သေသေချာချာ ပြင်ဆင်ထားပုံပင်။ သူသည် ရှန်းစီမျိုးနွယ်ဟု၏ လက်ဖက်ခြောက်များကိုပင် လေ့လာထားပေသည်။ ဟွမ်ဖူထောင်ထျန်းက နှုတ်ဆိတ်နေ၏။ အကယ်၍ နန်ကုန်းမုယွီက သူ့ကို မေးခွန်းများမေးလျှင်လည်း သူသည် စကားလုံးအနည်းငယ်ဖြင့်သာ ပြန်ဖြေမည်ဖြစ်သည်။
ရဲတိုက်ထဲ ရောက်သွားပြီးနောက်တွင်လည်း ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့က တိတ်ဆိတ်နေပြီး ချမ်ဝမ်ကွမ်းနှင့် နန်ကုန်းမုယွီတို့ကသာ အရည်မရအဖတ်မရ စကားများကို ပြောနေကြပေသည်။ ကျန်းရီသည် ထိုစကားများကို နားထောင်ရင်း ခေါင်းကိုက်လာ၏။ သူ့နေရာတွင် ချမ်ဝမ်ကွမ်းကို အစားထိုးလိုက်၍ တော်သေးသည်ဟု သူ ခံစားနေရသည်။ မဟုတ်လျှင် သူသည် ဤကဲ့သို့ အာလာပသလ္လာပများပြောရင်း ပျင်းကာ သေသွားပေလိမ့်မည်။
လက်ဖက်ရည်က အလွန်ကောင်း၏။ လက်ဖက်ရည်ရနံ့သင်းသင်းလေးက အဆုပ်ထဲအထိပင် စိမ့်ဝင်သွားသည်။
လက်ဖက်ရည်တစ်အိုး ကုန်သောအခါ ကျန်းရီ နည်းနည်းစိတ်မရှည်ဖြစ်လာ၏။ သူသည် ချမ်ဝမ်ကွမ်းကို မျက်စပစ်ပြလိုက်၏။ ချမ်ဝမ်ကွမ်းက သူဆိုလိုချင်သည်ကို နားလည်ပေသည်။ ထို့ကြောင့် ချမ်ဝမ်ကွမ်းက မေးလိုက်သည်။
“ဟုတ်သား.. သခင်လေးမုယွီ... ပြီးခဲ့တဲ့ လအနည်းငယ်က ကျုပ်ရဲ့ ညီလေး ကျန်းရီက သခင်လေးတို့မျိုးနွယ်က သခင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ အဲ့သခင်မလေးက ကျုပ်ညီလေးရဲ့ အသက်ကို တစ်ကြိမ်ကယ်ခဲ့ဖူးတယ်။ သခင်လေး သူ့ကို ဖိတ်ခေါ်ပေးလို့ရမလား... ကျုပ် သူ့ကို ကိုယ်တိုင် ကျေးဇူးတင်ချင်လို့ပါ”
“သခင်မလေး...”
နန်ကုန်းမုယွီက အတန်ငယ် အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။
“အဲ့ သခင်မလေးရဲ့ နာမည်က ဘယ်သူတဲ့တုန်း၊ ကျွန်တော့်တို့ မျိုးနွယ်မှာ လူတွေအများကြီးရှိတာ ဆရာလည်း သိမှာပါ”
ချမ်ဝမ်ကွမ်းက ကျန်းရီကို တစ်ချက်ကြည့်လိုက်ပြီး ရှင်းပြလိုက်၏။
“သူ့ရဲ့နာမည်က နန်ကုန်းချီလင်းထင်တယ်...”
“အစ်မကြီးချီလင်းလား”
နန်ကုန်းမုယွီက ခါးသက်သက် ပြုံးလိုက်ပြီး အိုးတိုးအန်းတန်းဖြင့် ပြောလိုက်၏။
“ကျွန်တော် ဆရာ့ကို စိတ်ပျက်စေရတော့မှာပဲ။ အစ်မကြီးချီလင်းက မုဆိုးမတစ်ယောက်ပါ... သူက ဓလေ့ထုံးတမ်းတွေကို လိုက်နာနေရတုန်းပါပဲ။ မျိုးနွယ်စည်းမျဉ်းတွေအရ သူက အပြင်လူနဲ့ သူမဘာသာ တွေ့လို့မရဘူး။ တကယ်လို့ သူနဲ့ တွေ့ချင်ရင် နောက်တစ်နှစ်နဲ့ခုနစ်လကြာမှ တွေ့လို့ရမယ်။ အဲ့ဒါက ကျွန်တော့်အဖေရဲ့ အမိန့်ပဲ၊ အခု အစ်မကြီးချီလင်းက အတွင်းခြံဝန်းထဲက ဘုံကျောင်းမှာ ဝတ်ပြုဆုတောင်းနေရပါတယ်”
“အို့... အဲ့ဒါဆို နှမြောစရာပဲ။ နောက်ကျ အခွင့်အရေးရမှ ကျုပ် သူနဲ့ ကိုယ်တိုင်တွေ့ပြီး ကျေးဇူးတင်စကား ပြောလိုက်ပါမယ်”
ချမ်ဝမ်ကွမ်းက ထိုကိစ္စက အရေးမကြီးဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။ ကျန်းရီက ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရ၍ မျက်မှောင်ကြုတ်လိုက်သည်။
အကယ်၍ အစ်မကြီးဆည်းလည်း မုဆိုးမတစ်ယောက်ဖြစ်ပြီး အပြင်လူများကို တစ်ယောက်တည်း မတွေ့နိုင်လျှင်ပင် ချမ်ဝမ်ကွမ်း၏အဆင့်အတန်းက အနုပညာဧကရာဇ်ဖြစ်သည်။ အကယ်၍ နန်ကုန်းမျိုးနွယ်က ချမ်ဝမ်ကွမ်းကို သိမ်းသွင်းလိုလျှင် သူနှင့် အစ်မကြီးဆည်းလည်းတို့ ပတ်သက်မှုအချို့ ရှိလာစေရန် ပို၍ပင် မျှော်လင့်သင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် သူတို့သည် သူ့ကို သူမနှင့် အတွေ့မခံရသနည်း။
ကျန်းရီသည် ခရမ်းရောင်ဝိညာဉ်ဆည်းလည်းများ ပြန်ရောက်လာသည့်အကြောင်းကို တွေးမိသောအခါ ပို၍ပင် စိုးရိမ်လာ၏။ အစ်မကြီးဆည်းလည်း တစ်ခုခု ဖြစ်နေပြီဖြစ်ကြောင်း သူသိ၏။ သို့သော် ဘာဖြစ်နေကြောင်းကိုမူ သူ အတိအကျ မသိပေ။ ယင်းက နန်ကုန်းမျိုးနွယ်၏ ကိစ္စပင်။ သူတို့က မပြောလိုလျှင် ကျန်းရီသည်လည်း မည်သို့မှ လုပ်နိုင်မည် မဟုတ်ချေ။ သူတို့ နန်ကုန်းမျိုးနွယ်ထဲတွင် မဆင်မခြင် မလုပ်သင့်ပေ။ အကယ်၍ သူတို့သာ နန်ကုန်းယွင်ရီကို ဒေါသထွက်စေမိလျှင် သူ၏လက်ခုပ်တစ်ချက်ဖြင့်ပင် သူတို့အားလုံး သေသွားနိုင်ပေသည်။
ခေတ္တမျှ ဆက်၍ စကားပြောဆိုပြီးနောက် ကျန်းရီက ချမ်ဝမ်ကွမ်းကို နှုတ်ဆက်စကားပြောရန် အချက်ပြလိုက်သည်။ အစတွင် ချမ်ဝမ်ကွမ်းက ဆန်းကြယ်နယ်မြေအကြောင်းကို မေး၍ နန်ကုန်းမုယွီထံမှ သူတို့အတွက် အလကားဝင်ခွင့်တံဆိတ်တစ်ခု တောင်းရန် ကြံစည်းထားခဲ့သည်။ သို့သော် သူ၏အကြံကို ကျန်းရီက ကြို၍တားလိုက်၏။
နန်ကုန်းမျိုးနွယ်၏ ဆန်းကြယ်နယ်မြေအတွင်းသို့ ဝင်ရန် ကောင်းကင်ကျောက်တုံး သန်းတစ်ထောင်ပေးရမည်ဖြစ်သည်။ ထို့ပြင် တစ်ကြိမ်လျှင် နှစ်နာရီသာ နေခွင့်ရပေသည်။ ယင်းက ဈေးကြီး၏။ သို့သော် ကျန်းရီထံတွင် ငါးဆယ်ရာခိုင်နှုန်း လျှော့ဈေးရမည့် ဂုဏ်ပြုတံဆိပ်ပြားရှိပေသည်။ ထို့ပြင် သူ့ထံတွင် ကောင်းကင်ကျောက်တုံးများ ရှားပါးမနေပေ။ သူတို့တွင် အလုံအလောက် မရှိလျှင်လည်း ပန်းချီကားအနည်းငယ် ထပ်ဆွဲလိုက်ရုံသာ။
ကျန်းရီတို့သည် နန်ကုန်းမုယွီကို နှုတ်ဆက်ပြီးနောက် နန်ကုန်းမျိုးနွယ်၏ ကုန်သည်အဖွဲ့အစည်းသို့ ဦးတည်သွားလိုက်၏။ ကုန်သည်အဖွဲ့အစည်းအတွင်းသို့ ဝင်ပြီးနောက်တွင် ဟွမ်ဖူထောင်ထျန်းက ကျန်းရီတို့နှစ်ယောက်ကို ဒုတိယထပ်သို့ ဦးဆောင်ခေါ်သွားလေသည်။ ကြီးကြပ်သူတစ်ယောက်က သူတို့ကို ပြာပြာသလဲ ကြိုဆို၏။ သူသည် အဝေးမှာကတည်းက လက်ဆုပ်၍ ပြောလိုက်၏။
“ဆရာ၊ သခင်လေးဟွမ်ဖူ... အားလုံးကို နှုတ်ခွန်းဆက်ပါတယ်”
“ကျွန်တော်တို့ ဆန်းကြယ်နယ်မြေထဲ ဝင်ချင်လို့”
ဟွမ်ဖူထောင်ထျန်းက လက်ဝှေ့ယမ်း၍ ပြောလိုက်ရာ ကြီးကြပ်သူက သူတို့ကို ဦးဆောင်ခေါ်သွားပေသည်။ ကျန်းရီက စိတ်ဝင်တစားဖြင့် အသံပို့လွှတ်လိုက်၏။
“အစ်ကိုဟွမ်ဖူ... ဆန်းကြယ်နယ်မြေက ဘယ်မှာလဲ။ အဲ့ဒါက ဒုတိယထပ်မှာလား”
“မဟုတ်ဘူး... ခဏနေရင် သိပါလိမ့်မယ်”
ဟွမ်ဖူထောင်ထျန်းက ပဟေဠိဆန်ဆန် ရယ်လိုက်၏။ ထိုကြီးကြပ်သူသည် အားလုံးကို ခန်းမကျယ်ကြီးတစ်ခုဆီသို့ ခေါ်သွား၏။ ခန်းမထဲသို့ ရောက်သောအခါမှ ကျန်းရီ နားလည်သွားသည်။ ခန်းမထဲတွင် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု ရှိနေပေသည်။
ဟွမ်ဖူထောင်ထျန်းက အသံပို့လွှတ်ကာ ညွှန်ကြားလိုက်၏။
“ဒီဆန်းကြယ်နယ်မြေက အာကာသနယ်မြေတစ်ခုပဲ။ ခဏနေကျ တည်နေရာပြောင်းရွှေ့ခံလိုက်ရရင် စိတ်မလှုပ်ရှားဘဲ ထိုင်စရာ နေရာတစ်ခုရှာပြီး အာရုံစိုက် ကျင့်ကြံနေလိုက်ပါ။ အထဲမှာ လုံးဝလုံခြုံပါတယ်။ မစိုးရိမ်ပါနဲ့”
***