← Chapters

လေစွမ်းအားလော၊ အဖျက်စွမ်းအားလော

Vol. 57 Ch. 786

လေစွမ်းအားလော၊ အဖျက်စွမ်းအားလော

Vol. 57 Ch. 786

“ဟုတ်ကဲ့ပါ”

ကျန်းရီ ခေါင်းညိတ်လိုက်၏။ ချမ်ဝမ်ကွမ်းက သူ့လက်ထဲမှ ဂုဏ်ပြုတံဆိပ်ပြားကို ပြလိုက်ပြီး ကောင်းကင်ကျောက်တုံး သန်းငါးရာ ပေးရန် ဟန်ပြင်လိုက်သည်။ သို့သော် ကြီးကြပ်သူက ရယ်မော၍ ပြောလိုက်၏။

“ကျွန်တော်တို့ မျိုးနွယ်က သခင်လေးက တကယ်လို့ ဆရာတို့အုပ်စု ဆန်းကြယ်နယ်မြေထဲကိုဝင်ဖို့ ရောက်လာရင် ပထမဆုံးအကြိမ်မှာ အလကားဝင်ခွင့်ပေးလိုက်ဖို့ မှာထားပါတယ်။ ပြီးတော့ အထဲမှာ ဆရာတို့ ကြိုက်သလောက် နေနိုင်ပါတယ်”

“အဲ့လိုဆို ခင်ဗျားတို့ သခင်လေးကို ကျုပ်က ကျေးဇူးတင်ကြောင်း ပြောပေးပါဦး”

ချမ်ဝမ်ကွမ်း ခေါင်းညိတ်ကာ ပြောလိုက်၏။ ကျန်းရီက တည်နေရာပြောင်းရွှေ့အစီအရင်ထံ လျှောက်သွားလိုက်သည်။ ချမ်ဝမ်ကွမ်းက ဟွမ်ဖူထောင်ထျန်းကို လှည့်ကြည့်လိုက်ပြီး အသံပို့လွှတ်လိုက်၏။

“အစ်ကိုထောင်ထျန်း... အစ်ကိုရော ဝင်ချင်လား”

ချမ်ဝမ်ကွမ်းက စိတ်ဝိညာဉ်တာအိုပုံသဏ္ဌာန်ကို သန့်စင်ခဲ့၍ အထဲသို့ ဝင်လျှင်လည်း အကျိုးရှိလိမ့်မည်မဟုတ်ပေ။ ယခုအခြေအနေအရ သူတို့သုံးယောက်စလုံး ဝင်လျှင်ပင် အလကားဝင်နိုင်မည့်ပုံပင်။ သို့သော် သူ အထဲသို့ မဝင်လိုပေ။

“မဝင်ချင်ဘူး... အစ်ကို အရင်က အဲ့ထဲကို ဝင်ဖူးတယ်။ ဆန်းကြယ်နယ်မြေက အစ်ကို့အတွက် အသုံးမဝင်ဘူး”

ဟွမ်ဖူထောင်ထျန်းက ခေါင်းခါကာ ကျန်းရီထံ ဆက်၍အသံပို့လွှတ်လိုက်၏။

“ညီလေးကျန်း... တကယ်လို့ အထဲမှာ ညီလေးတောင့်မခံနိုင်တော့ဘူးဆိုရင် တည်နေရာပြောင်းရွှေ့အစီအရင်ကနေ အပြင်ကို ချက်ချင်း ပြန်ထွက်လာလို့ရတယ်။ တည်နေရာပြောင်းရွှေ့ဖို့ အစီအရင်ထဲကို အတွင်းအား ထည့်လိုက်ရုံပဲ”

တောင့်မခံနိုင်တော့လျှင်ဆိုသောစကားက ဘာအဓိပ္ပာယ်နည်း။

ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။ အထဲတွင် လုံခြုံလိမ့်မည်ဟု ဟွမ်ဖူထောင်ထျန်းပင် ပြောခဲ့သည် မဟုတ်လော။ သူက ဘာကို တောင့်မခံနိုင်မည်နည်း။

ရွှီး...

ကြီးကြပ်သူက ကျန်းရီသာ ဝင်မည်ဖြစ်ကြောင်း အတည်ပြုပြီးသောအခါ သူ့လူများအား တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးခိုင်းလိုက်၏။ ကျန်းရီသည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲတွင် ပျောက်ကွယ်သွားပေသည်။ ချမ်ဝမ်ကွမ်းနှင့် ဟွမ်ဖူထောင်ထျန်းတို့သည် ဤနေရာတွင်စောင့်ကာ အချိန်ဖြုန်းနေမည် မဟုတ်ချေ။ သူတို့သည် ကြီးကြပ်သူနှင့်အတူ ကုန်သည်အဖွဲ့အစည်းတစ်ခွင် လျှောပတ်ကြည့်ကြ၏။ ကျန်းရီကို စောင့်နေရန်အတွက်မူ အစောင့်တစ်ယောက်ကို ချန်ထားခဲ့ပေသည်။

ရွှီး...

ကျန်းရီသည် အဖြူရောင်အလင်းတစ်ခုကို မြင်လိုက်ရပြီး ထူးဆန်းသော လောကတစ်ခုသို့ ရောက်သွားလေသည်။ ယင်းမှာ ကောင်းကင်ဧကရာဇ်ဂူသင်္ချိုင်းနှင့် ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းရှိ ထူးဆန်းသောနယ်မြေတစ်ခုကဲ့သို့ပင်။

ကျန်းရီ၏ မျက်စိရှေ့တွင် ပေါ်လာသော မြင်ကွင်းမှာ ခြောက်ကပ်နေသော မြင်ကွင်းတစ်ခုပင်။ အဝေးတွင် သွေးနီရောင် ဆည်းဆာတစ်ခု ရှိနေ၏။ ပတ်ဝန်းကျင်ကလည်း ဘာမှမရှိသော လွင်တီးခေါင်တစ်ခုပင်။ ကျန်းရီရပ်နေသော လေထဲရှိ ကျောက်တုံးအောက်တွင် ရှေးဟောင်းအပျက်အစီး‌နေရာတစ်ခု ရှိ၏။ ကောင်းကင်ထဲတွင် ကျောက်တုံးများ မျောလွင့်နေကြသည်။ ကျောက်တုံးအရေအတွက်က အနည်းဆုံး ရာကျော်ပေလိမ့်မည်။ ထိုကျောက်တုံးများပေါ်တွင် လူများ ထိုင်နေကြ၏။ သူတို့ကို ဖောက်မြင်နိုင်သော အကာအရံတစ်ခုက ကာရံထားလေသည်။ ထိုအကာအရံကို ဖျက်ဆီး၍ ရနိုင်၊ မရနိုင်ကို ကျန်းရီ စစ်ဆေးမနေတော့ပေ။

ကျန်းရီက တည်နေရာပြောင်းရွှေ့အစီအရင် အပြင်သို့ ထွက်လိုက်ပြီး ကျောက်တုံးစွန်းတွင် ရပ်ကာ ဆည်းဆာကို ကြည့်လိုက်သည်။ ယင်းက အတန်ငယ် ထူးဆန်းနေသည်ဟု ခံစားရ၏။ ၎င်းအထဲတွင် တာအိုအရှိန်အဝါတစ်ခု ရှိနေခြင်းလော။

ခြောက်ကပ်သော တောင်များ၊ လွင်တီးခေါင်၊ ကန္တာရ၊ အဝါရောင်သဲ၊ ပျက်စီးနေသော မြေပြင်... ပြိုပျက်နေသော နံရံများ.. ယင်းတို့သည် ကျန်းရီ မြင်နေရသော မြင်ကွင်းများပင်။ ပတ်ဝန်းကျင်တွင် သစ်ပင်တစ်ပင်၊ မြက်တစ်ပင် သို့မဟုတ် သက်ရှိတစ်ကောင်ပင် ရှိမနေပေ။ အောက်ဘက်ရှိ အပျက်အစီးများကြားတွင်လည်း အကောင်းအတိုင်း ရှိနေသည့် အိမ်တစ်အိမ်ပင် မရှိချေ။ ဤနေရာတစ်ခုလုံးသည် ပျက်စီးနေသောနေရာတစ်ခုပင်။ သို့သော် အန္တရာယ်တော့ မရှိပေ။

ကျန်းရီက ခေတ္တမျှ ငေးကြည့်လိုက်ပြီးနောက် ကျောက်တုံးပေါ်တွင်ထိုင်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ပတ်ဝန်းကျင်အခြေအနေကို အသေးစိတ် အာရုံခံလိုက်လေသည်။

တစ်ခဏမျှ အာရုံခံပြီးသည်အထိ ကျန်းရီ မည်သည့်တာအိုအရှိန်အဝါကိုမှ မခံစားရသေးချေ။ အဝေးရှိ ဧရာမကျောက်တုံးကြီးထံမှနေ၍ ခပ်မှိန်မှိန် အဖြူရောင်အလင်း တောက်ပလာသည်။ ထိုကျောက်တုံးပေါ်တွင် ထိုင်နေသူသည် ကျောက်တုံး၏ အကာအရံအတွင်း၌ ပျောက်ကွယ်သွား၏။ သူ့အချိန် ပြည့်သွားခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ သူသည် အလိုအလျောက် တည်နေရာရွှေ့ပြောင်းခံလိုက်ရခြင်းပင်။

ဟူး...ဟူး...

ရုတ်တရက်...

အပြင်ဘက်တွင် လေထန်လာ၏။ ထို့ကြောင့် အဝါရောင်သဲများ ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။ ပတ်ဝန်းကျင်သည် ပို၍ပင် ခြောက်ကပ်လာလေ၏။ အဝေးရှိ လေဆင်နှာမောင်းတစ်ခုသည် အဝါရောင်သဲများကို လှည့်ပတ်ပျံတက်စေနေ၏။ ယင်းသဲများက အ‌နောက်ဘက်မှ ဆည်းဆာကို ကွယ်ထားပြီး ထိုနေရာကို ဖုန်ထူနေစေပေသည်။

“ဟီး...ဟီး...”

လေဆင်နှာမောင်းအတွင်းမှနေ၍ အသံခပ်ရေးရေးတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံမှာ ငိုကြွေးသံကဲ့သို့ပင်။ ယင်းအသံကို တောင့်ခံနိုင်ရန် မလွယ်ပေ။ ထိုအခါမှ ကျန်းရီသည် ဟွမ်ဖူထောင်ထျန်းပြောလိုက်သည့် တောင့်မခံနိုင်လျှင်ဆိုသော စကားကို နားလည်သွားလေသည်။ သူ ထိုသို့ပြောလိုက်ခြင်းမှာ ဤအသံကြောင့် ဖြစ်ပေလိမ့်မည်။

“ဒါက နတ်ဘုရားငိုကြွေးသံလား”

ကျန်းရီ ရင်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်လာ၏။ ထို့ကြောင့် သူ သူ၏စိတ်ဝိညာဉ်ကို ဂရုတစိုက် အာရုံခံလိုက်သည်။ သို့သော် မည်သည်ကမှ သူ၏စိတ်ဝိညာဉ်ကို မတိုက်ခိုက်နေပေ။ ထိုအသံကို ဤအတိုင်း မခံနိုင်ခြင်းသာ။

အသံက ပို၍ ကျယ်လောင်လာ၏။ ကျန်းရီ၏ အနောက်ဘက် သုံးကီလိုမီတာအကွာမှ လူတစ်ယောက်က ဆက်၍တောင့်မခံနိုင်တော့သဖြင့် တည်နေရာပြောင်းရွှေ့အစီအရင်ထဲဝင်ကာ ပြန်ထွက်သွားလေသည်။ ကျန်းရီကမူ သိပ်မမှုပေ။ ထိုအသံက မနှစ်မြို့ဖွယ်ကောင်းပြီး ခန္ဓာကိုယ်ကို မသက်မသာ ဖြစ်စေသော်လည်း သူ တောင့်ခံနိုင်ပေသေးသည်။

“လေစွမ်းအား တာအိုပုံသဏ္ဌာန်ကလည်း စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေ ထုတ်လွှတ်နိုင်တာပဲလား။ အဲ့ဒါက ဘာ လေစွမ်အား တာအိုပုံသဏ္ဌာန်လဲ”

ကျန်းရီသည် အဝေးရှိ လေဆင်နှာမောင်းကို စိတ်ဝင်တစား ကြည့်နေ၏။ လေသည် လူများကို မသက်မသာ ခံစားရစေသည့် အသံတစ်သံကို ထုတ်လွှတ်နိုင်၏။ ထိုအသံက သူတို့၏ ဝိညာဉ်များကို ပြိုပျက်လာစေသည်။ ယင်းကိုလည်း စိတ်ဝိညာဉ်တိုက်ခိုက်မှုဟု သတ်မှတ်နိုင်၏။

“အင်း... ငါ အဲ့ဒါကို သေချာ အာရုံခံပြီး စူးစမ်းကြည့်ရမယ်၊ တကယ်လို့ ငါသာ အဲ့ဒါကို သိမြင်နားလည်သွားရင် အလယ်အလတ်အဆင့် ဒါမှမဟုတ် အဆင့်မြင့် လေစွမ်းအား တာအိုပုံသဏ္ဌာန်တစ်ခုကို ရလောက်တယ်”

ကျန်းရီသည် မခံမရပ်နိုင်သော ခံစားချက်ကို အတင်းတောင့်ခံ၍ လေ၏အသံ၊ ထိုလေဆင်နှာမောင်းနှင့် ပတ်ဝန်းကျင်တို့ကို သေချာအာရုံခံလိုက်လေသည်။

ကံမကောင်းစွာပင်...

နာရီအနည်းငယ် ကုန်ဆုံးသွားသော်လည်း ကျန်းရီ မည်သည့်အကျိုးအမြတ်မှ မရသေးပေ။ ထိုတာအိုပုံသဏ္ဌာန်ကို အလွယ်တကူ သိမြင်နားလည်နိုင်မည် မဟုတ်ပေ။ ဆန်းကြယ်နယ်မြေထဲတွင် တာအိုပုံသဏ္ဌာန်များကို ပို၍လွယ်ကူစွာ သိမြင်နားလည်နိုင်သော်လည်း ကံကြမ္မာမပါလျှင် အခွင့်အရေးကို ဆုပ်ကိုင်နိုင်မည် မဟုတ်ချေ။ ကံမပါလျှင် ရတနာတောင်အတွင်း ဝင်သွားပြီးနောက်တွင်ပင် လက်ဗလာဖြင့် ပြန်လာရမည်ဖြစ်သည်။

လေဆင်နှာမောင်းက လွင်တီးခေါင်းကို ဖြတ်သန်းတိုက်ခတ်နေ၏။ အဝါ‌ရောင်သဲများက ကျောက်တုံးများ၏ အကာအရံများကို သွားရောက်ထိမှန်နေသော အသံများကို ကြားနေရသည်။ အောက်ဘက်ရှိ အပျက်အစီးနေရာက ပျက်စီးနေပြီးဖြစ်သော်လည်း ယခု ပို၍ ဆိုးဝါးသွားသည်။ အိမ်များစွာသည် ပြင်းထန်သော လေကြောင့် လွင့်ပျံသွားကြပြီး ခြောက်ကပ်နေသော သစ်ပင်ပင်စည်းများလည်း လေဆင်နှာမောင်း၏ ဝါးမျိုမှုကို ခံလိုက်ရလေသည်။ မြေပြင်သည်လည်း အခြေအနေဆိုးသွား၏။ ထိုအဖြစ်က ဆိုးဝါးလွန်းလှပေသည်။

“ဟီး...ဟီး...ဟီး...”

လေဆင်နှာမောင်းက ကောင်းကင်ထဲရှိ ကျောက်တုံးများဆီကို ရောက်မလာပေ။ သို့သော် ၎င်း ရောက်လာလျှင်လည်း အကာအရံကို ဖျက်ဆီးနိုင်မည် မဟုတ်ချေ။ အကာအရံအတွင်း၌ လုံခြုံပေသည်။ သို့ရာတွင် အသံက ပို၍ ကျယ်လောင်လာသည်။ ကျန်းရီသည် သူ၏အာရုံအားလုံးကို ပိတ်လိုက်သော်လည်း အသံက သူ၏စိတ်ဝိညာဉ်ထဲတွင် ပဲ့တင်ထပ်နေပြီး သူ့ကို မအီမသာ ဖြစ်နေစေလေသည်။ မကြာခင်မှာပင် သူ အန်ချင်စိတ်ပေါ်လာပေသည်။

နောက်ထပ် လေးနာရီ ကြာပြီးနောက် ကျန်းရီက စိတ်ပျက်ဟန်ဖြင့် မျက်လုံးများ ဖွင့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“ဟူး... ကြည့်ရတာ ငါ့မှာ ကံမပါတဲ့ပုံပဲ။ အပြင်မှာ မှောင်နေလောက်ပြီ။ ဝမ်ကွမ်းတို့တော့ ငါ့ကို စောင့်ရင်း စိတ်ပူနေတော့မှာပဲ။ ငါ နောက်မှ ပြန်လာတာ ကောင်းမယ်ထင်တယ်”

ပုံမှန်ဆိုလျှင် ကျန်းရီသည် ဤအထဲတွင် နှစ်နာရီသာ နေနိုင်မည်ဖြစ်သည်။ ယခုတစ်ခေါက်တွင်မူ သူ အထဲ၌ ရှိနေခဲ့သည်မှာ ဆယ်နာရီကျော်သွားပေပြီ။ သို့သော် သူ ဘာအကျိုးအမြတ်မှ မရခဲ့ချေ။ ထို့ကြောင့် သူနှင့် ဤဆန်းကြယ်နယ်မြေက မကိုက်ညီကြောင်း ထင်ရှားပေသည်။ မိုးကြိုးတောင်တန်းတုန်းက သူသည် ပထမညမှာပင် တာအိုအရှိန်အဝါကို အာရုံခံနိုင်ခဲ့၏။

တာအိုပုံသဏ္ဌာန် လေ့လာခြင်းကို ဖိအားပေး၍ မရချေ။ ဖိအား‌ပေးလျှင်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ ကျန်းရီ လက်လျှော့ရန် ဟန်ပြင်လိုက်၏။ သူ ထရပ်လိုက်ပြီး အဝေးရှိ ဧရာမနဂါးကြီးကဲ့သို့ လေဆင်နှာမောင်းကို ကြည့်လိုက်သည်။ လွင်တီးခေါင်တွင် လေပြင်းများ တိုက်ခတ်နေပေသည်။ အကယ်၍ ထိုအသံသာ မရှိလျှင် ဤမြင်ကွင်းက အတော်လေး စိတ်လှုပ်ရှားစရာကောင်းလိမ့်မည်ဟု သူ တွေးလိုက်သည်။

ဝုန်း...ဝုန်း...ဝုန်း...

လေပြင်းများကြောင့် နောက်ထပ်အဆောက်အဦတစ်ခု ပြိုကျသွားပြီး အုတ်များက လေထဲသို့ ပါသွားလေသည်။ ကျန်းရီ ခေါင်းခါလိုက်ပြီး ခါးသက်သက် ရယ်လိုက်သည်။ လေဆင်နှာမောင်းက မြို့ထဲသို့ လာမည့်ပုံမပေါ်သော်လည်း ဤကဲ့သို့ လေဆင်နှာမောင်းများသာ အဆက်မပြတ်ရှိနေပါက မြို့သည် လုံးဝပျက်စီးသွားပေလိမ့်မည်။

“အပျက်အစီးတွေ၊ အဖျက်.. လေစွမ်းအား...”

ကျန်းရီသည် လေဆင်နှာမှောင်းကိုကြည့်ရင်း တဖြည်းဖြည်း မျက်မှောင်ကြုတ်လာ၏။ အသံကလည်း ပိုကျယ်လောင်လာသည်။ သို့သော် သူ ထိုအသံကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ ခေတ္တကြာပြီးနောက် သူသည် သူ့ခေါင်းသူ ရိုက်ကာ ရေရွတ်လိုက်လေသည်။

“ငါ မှားနေတာပဲ။ ငါက ဒီထဲကို ဝင်လာကတည်းက လမ်းလွဲသွားတာပဲ။ ငါက အဲ့အသံကိုအာရုံစိုက်ပြီး အဆင့်မြင့် လေစွမ်းအား တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်ဖို့ ကြိုးစားနေတာပဲ။ ဒါပေမဲ့ ငါ့ရဲ့ မူလရည်ရွယ်ချက်က အဲ့ဒါလုပ်ဖို့မှ မဟုတ်တာ။ ငါ ဒီထဲကို ဝင်လာတာ ငါ့ရဲ့ အဆင့်မြင့်တာအိုပုံသဏ္ဌာန်ကို ပေါင်းစည်းဖို့ပဲ။ ဟုတ်တယ်... လေစွမ်းအားကလည်း အရာအားလုံးကို ဖျက်ဆီးနိုင်တယ်၊ အဲ့ဒါက လေစွမ်းအားကို အဖျက်စွမ်းအားနဲ့ ပေါင်းစည်းနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ငါသာ အဲ့တာအိုပုံသဏ္ဌာန်နှစ်ခုကို ပေါင်းစည်းနိုင်လိုက်ရင် တာအိုပုံစံခုနစ်ခုကို အလွယ်တကူ ပေါင်းစည်းနိုင်လာမှာပဲ”

ကျန်းရီက ချင်ချင်းပင် မြေပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်လေသည်။ သူသည် ကျန်အတွေးအားလုံးကို ခေါင်းထဲမှ ထုတ်လိုက်ပြီး လေစွမ်းအားနှင့် အဖျက်စွမ်းအားကို ပေါင်းစည်းနိုင်မည့်နည်လမ်းကို ရှာလိုက်သည်။ သူသည် လေစွမ်းအားကို ပေါင်းစည်းရန် ကြိုးစားရင်း တဖြည်းဖြည်း သိမြင်နားလည်လာ၏။

ရှန်းစီပင်လယ်တွင် ကျန်းရီသည် ဟွမ်ဖူထောင်ထျန်းနှင့် ချင်းလုံတို့၏ တိုက်ပွဲကို လေ့လာခဲ့၏။ သူသည် ထိုတိုက်ပွဲကြောင့် ဉာဏ်အလင်းပွင့်သွား၍ မိုးကြိုးစွမ်းအား၊ မီးစွမ်းအား၊ အဖျက်စွမ်းအား၊ အလင်းစွမ်းအား၊ အမှောင်စွမ်းအားနှင့် အသက်စွမ်းအားတို့ကို အတူတကွ ပေါင်းစည်းနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူသာ လေစွမ်းအားနှင့် အဖျက်စွမ်းအားကို ပေါင်းစည်းနိုင်လိုက်လျှင် ထပ်ပေါင်းစည်းရန် တာအိုပုံသဏ္ဌာန်နှစ်ခုသာ ကျန်ပေလိမ့်မည်။ သူ သတ္တုစွမ်းအားနှင့် မြေစွမ်းအားကို ပေါင်းစည်းရန် နည်းလမ်းတစ်ခု ရှာတွေ့သွားလျှင် ဤအဆင့်မြင့်တာအိုပုံသဏ္ဌာန်က ပြီးပြည့်စုံသွားမည်ဖြစ်သည်။

***

All Chapters