ဟန်ဆောင်မှု ပေါ်သွားခြင်း
Vol. 57 Ch. 787
“မှောင်တောင်နေပြီ.. ဘာလို့ ခေါင်းဆောင်က အခုထိ ထွက်မလာသေးတာလဲ”
နန်ကုန်းမျိုးနွယ်၏ ကုန်သည်အဖွဲ့အစည်းအတွင်းရှိ ခန်မအသေးလေးထဲတွင် ချမ်ဝမ်ကွမ်းနှင့် ဟွမ်ဖူထောင်ထျန်းတို့ လက်ဖက်ရည်သောက်ရင်း ထိုင်နေကြ၏။ ပြတင်းပေါက်အပြင်ဘက်ရှိ လမ်းမပေါ်တွင် လူသူကင်းရှင်းလာသည်ကို တွေ့လိုက်သောအခါ ချမ်ဝမ်ကွမ်း အတန်ငယ် စိုးရိမ်လာလေသည်။ သူ ဟွမ်ဖူထောင်ထျန်းကို ကြည့်ကာ မေးလိုက်၏။
“အစ်ကိုဟွမ်ဖူ... တစ်ခုခု ဖြစ်နေတာများလား”
“ဟင်းဟင်း...”
ဟွမ်ဖူထောင်ထျန်းက ခပ်ရေးရေးပြုံး၍ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့... တစ်ခုခုဖြစ်နေရင်တောင် ကောင်းတဲ့တစ်ခုခုပဲ ဖြစ်မှာပါ။ ညီလေးကျန်းရဲ့ စိတ်ဝိညာဉ်က တော်တော်သန်မာပါတယ်၊ ဆန်းကြယ်နယ်မြေထဲက သရဲအသံက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ သူ တစ်ခုခုကို သိမြင်နားလည်သွားတာပဲ နေမှာပါ။ ညီလေးမှာ လုပ်စရာရှိရင် အရင်ပြန်နှင့်လိုက်လေ။ အစ်ကိုပဲ သူ့ကို စောင့်နေလိုက်ပါမယ်”
ချမ်ဝမ်ကွမ်းတွင် အမှန်ပင် စီစဉ်ထားသော ကိစ္စတစ်ခု ရှိ၏။ သူ ခေတ္တမျှ တွေးတောလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။
“အစ်ကိုထောင်ထျန်း... အဲ့ဒါဆို အစ်ကို ဒီမှာနေခဲ့လိုက်ပါ။ ကျုပ် စစ်ထူစံအိမ်လေးဆီ သွားလိုက်ဦးမယ်။ ခဏနေရင် ကျုပ် ပြန်လာမှာပါ။ သခင်မလေးရီနျန်က ဒီည ကျုပ်ကို စားသောက်ပွဲ ဖိတ်ထားတယ်။ ကျုပ် မသွားလို့ မကောင်းဘူး”
“အင်း.. သွားပါ”
ထို့နောက်တွင် ဟွမ်ဖူထောင်ထျန်းက ကိစ္စတစ်ခုကို တွေးမိသွား၍ လက်ဝှေ့ယမ်းကာ အသံပို့လွှတ်လိုက်သည်။
“ဝမ်ကွမ်း... ညီလေး စစ်ထူရီနျန်နဲ့ ဝေးဝေးနေတာ ကောင်းလိမ့်မယ်လို့ အစ်ကိုထင်တယ်။ အဲ့ကောင်မလေးက မြေခွေးမပဲ။ သူနဲ့ ဆက်ဆံမိတဲ့ ယောက်ျားတွေက သူ့အလှမှာ ယစ်မူးပြီး ဘဝလမ်း ပျောက်သွားတတ်ကြတယ်။ တကယ်လို့ ညီလေးလည်း နက်နက်ရှိုင်းရှိုင်း ငြိတွယ်သွားမိရင် နောက်ဆုံးကျ ဒုက္ခရောက်ရလိမ့်မယ်”
ချမ်ဝမ်ကွမ်း၏မျက်လုံးများ အနည်းငယ် မှေးမှိန်သွား၏။ ထို့နောက် သူ ခေါင်းညိတ်ပြလိုက်ပြီး အစောင့်အနည်းငယ်နှင့်အတူ ထွက်သွားလေသည်။ အခန်းအပြင်သို့ ရောက်သောအခါ သူ၏မျက်လုံးများ ပြန်၍အရောင်လက်လာ၏။ ဟွမ်ဖူထောင်ထျန်းက ခါးသက်သက်ပြုံးကာ ခေါင်းခါလိုက်လေသည်။ သူ အကြံပေးသည်မှာ နောက်ကျသွားပုံပင်။ ချမ်ဝမ်ကွမ်းက စစ်ထူရီနျန်၏ ဆွဲဆောင်မှုအောက်တွင် ယစ်မူးနေပေပြီ။
ဟွမ်ဖူထောင်ထျန်းသည် စစ်ထူမျိုးနွယ်မှ သခင်မလေး၏ နည်းလမ်းများအကြောင်းကို တွေးရင်း တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ မျိုးနွယ်ကြီးများမှ သခင်မလေးများသည် ယောက်ျားများကို မည်သို့ ဆွဲဆောင်၍ ကစားရမည်ကို လေ့ကျင့်သင်ကြာပေးခံရပေသည်။ အကယ်၍ စစ်ထူရီနျန်သာ ချမ်ဝမ်ကွမ်းကို ကစားလိုလျှင် နည်းလမ်းအနည်းငယ် သုံးလိုက်ရုံသာ။ ချမ်ဝမ်ကွမ်းတစ်ယောက် သေချာပေါက် ယစ်မူးသွားမည်ဖြစ်သည်။
ယခင်ကတည်းက မျိုးနွယ်ကြီးများ၏ သခင်မလေးများသည် ပါရမီရှင်လူငယ်များကို သိမ်းသွင်းရန်အတွက် နည်းလမ်းတစ်ခုဖြစ်ခဲ့၏။ ထိုသခင်မလေးများအားလုံးသည် မြေခွေးမလေးများဖြစ်ပြီး ယောက်ျားများကို ထိန်းချုပ်ကာ ကစားနိုင်ကြသည်။ သူမတို့သည် မည်သည့်အခါတွင်မှ စိတ်ရင်းအမှန်ကို ဖော်ပြမည် မဟုတ်ချေ။ သူမတို့သည် မည်သည့်ယောက်ျားကိုမှလည်း အချစ်စစ်ဖြင့် ချစ်မည်မဟုတ်ပေ။ ယောက်ျားများကို ဆွဲဆောင်သိမ်းသွင်းရန်သာ ဟန်လုပ်ပြကြခြင်းပင်။ သူမတို့သည် သူမတို့ လက်ထပ်မည့်သူကိုလည်း ရွေးချယ်ခွင့်မရှိပေ။ မျိုးနွယ်အကြီးအကဲများက မည်သည့်မျိုးနွယ်နှင့် ပူးပေါင်းခြင်းက အကျိုးအမြတ်အများဆုံး ရမည်နည်းဟု တွက်ချက်ကာ သူမတို့၏ မင်္ဂလာကိစ္စကို စီစဉ်ကြမည်ဖြစ်သည်။
ချမ်ဝမ်ကွမ်းကလည်း ဗဟုသုတကြွယ်သူတစ်ယောက် ဖြစ်သည်။ သူသည် အလှပဂေး များစွာကို မြင်ခဲ့ဖူး၏။ သို့သော် စစ်ထူရီနျန်သာ အမှန်တကယ် သူ့ကို ကစားလိုလျှင် အလွယ်လေး ကစားနိုင်ပေသည်။ သူမသည် ချမ်ဝမ်ကွမ်းကို အချိန်မရွေး သူမခြေဖျားတွင် ပြားပြားဝပ်သွားအောင် လုပ်နိုင်သည်။ အကယ်၍ ချမ်ဝမ်ကွမ်းကသာ ဆရာရီဖျောင်ဖျောင်အစစ် ဆိုလျှင် ဆွေးနွေးစရာများ ရှိပေလိမ့်မည်။ သို့သော် သူက အတုပင်။ ထို့ကြောင့် စစ်ထူရီနျန်၏ ဆွဲဆောင်မှုအောက်တွင် ယစ်မူးသွားခြင်းက ဒုက္ခဖြင့်သာ အဆုံးသတ်ပေလိမ့်မည်။
“ငါ ဒီကိစ္စကို ညီလေးကျန်းနဲ့ ဆွေးနွေးရမယ်။ ဝမ်ကွမ်းတစ်ယောက် နက်နက်ရှိုင်းရှိုင်း မငြိတွယ်ခင် ငါတို့ အဲ့ခံစားချက်တွေကို ဖြတ်တောက်ပစ်ရမယ်။ မဟုတ်ရင် သူလည်း ငါ့လိုပဲ တစ်ဘဝလုံး ခံစားသွားရမှာ”
ဟွမ်ဖူထောင်ထျန်းသည် သက်ပြင်းလေးလေး ချလိုက်ပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။ ထို့နောက် သူသည် အခန်းထဲတွင် တရားထိုင်လိုက်လေသည်။
***
ရွှီး...
နှစ်နာရီကျော်ကြာပြီးနောက် ဟွမ်ဖူထောင်ထျန်းက မျက်လုံးများ ရုတ်တရက် ဖွင့်လိုက်ပြီး ပြုံးလိုက်၏။ သူ အခန်းအပြင်သို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားလိုက်သည်။ ထင်ထားသလိုပင် ကျန်းရီသည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှ ထွက်လာပြီး ခန်းမထဲတွင် ရပ်နေပေသည်။
ဟွမ်ဖူထောင်ထျန်းက အသံပို့လွှတ်လိုက်၏။
“ဘယ်လိုလဲ ညီလေးကျန်း... အကျိုးအမြတ် ရခဲ့လား”
“ဟီးဟီး...”
ကျန်းရီက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
“အကျိုးအမြတ်က သိပ်မကြီးဘူးဆိုပေမယ့် ကျွန်တော် နောက်ထပ်တာအိုပုံသဏ္ဌာန်တစ်ခုကို ပေါင်းစည်းနိုင်ခဲ့ပြီ။ အခု ထပ်ပေါင်းစည်းဖို့ အဆင့်နိမ့် တာအိုပုံသဏ္ဌာန်နှစ်ခုပဲ ကျန်တော့တယ်။ အဲ့နှစ်ခုကို ပေါင်းစည်းပြီးရင် ကျွန်တော့်ရဲ့ အဆင့်မြင့် တာအိုပုံသဏ္ဌာန်က ပြီးပြည့်စုံသွားမှာပဲ”
“ဟားဟားဟား...”
ဟွမ်ဖူထောင်ထျန်းက ကျယ်လောင်စွာ ရယ်လိုက်၏။
“ညီလေးက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ ညီလေးကျန်းရဲ့ အဆင့်မြင့် တာအိုပုံသဏ္ဌာန် ပြီးပြည့်စုံသွားတဲ့နေ့ကို အစ်ကို မျှော်လင့်နေမယ်။ အဲ့ဒါက ကြယ်အဆင့် ဘယ်လောက် ရှိလောက်မလဲ”
ကျန်းရီ ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်ရာ မှောင်နေပြီဖြစ်ကြောင်း တွေ့လိုက်သည်။ ထို့ကြောင့် သူ အသံပို့လွှတ်ကာ မေးလိုက်သည်။
“ဝမ်ကွမ်း ပြန်သွားပြီလား”
“မပြန်သေးဘူး”
ဟွမ်ဖူထောင်ထျန်း၏ မျက်နှာထား ညိုသွား၏။ ထို့နောက် သူသည် လေးနက်သော မျက်နှာထားဖြင့် အသံပို့လွှတ်၏။
“သူက စစ်ထူရီနျန်နဲ့ သွားတွေ့တယ်။ ညီလေးကျန်း.. ညီလေး အချိန်ရရင် ဝမ်ကွမ်းကို စစ်ထူစံအိမ်လေးဆီ ခဏခဏ သွားမလည်ဖို့ ပြောလိုက်ပါဦး”
“အာ...”
ကျန်းရီသည် ထိုစကား၏ အဓိပ္ပာယ်ကို နားလည်၏။ ထို့နောက် သူသည် ဟွမ်ဖူထောင်ထျန်းနှင့်အတူ နန်ကုန်းမျိုးနွယ်၏ ကုန်သည်အဖွဲ့အစည်းမှ ထွက်သွားလိုက်သည်။ ကျန်းရီသည် လူသူကင်းရှင်းနေသော လမ်းမနှင့် ရင်ပြင်ကို မြင်လိုက်သောအခါ ခြေလှမ်းရပ်လိုက်၏။
ကျန်းရီက စစ်ထူမျိုးနွယ်၏ ရဲတိုက်ခြံဝန်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများ အရောက်လက်သွား၏။ ထို့နောက် သူ ပြောလိုက်သည်။
“အစ်ကိုဟွမ်ဖူ... ကျွန်တော်တို့ စစ်ထူစံအိမ်လေးဆီ သွားကြည့်ကြမလား”
ချမ်ဝမ်ကွမ်းက ကျန်းရီ၏ ညီနောင်ဖြစ်သည်။ ကျန်းရီသည် ချမ်ဝမ်ကွမ်း ဒုက္ခရောက်မည်ကို မလိုလားပေ။ ချမ်ဝမ်ကွမ်းသည် မိန်းကလေးများနှင့် တစ်ခါမှ အတည်မတွဲခဲ့ဘူးချေ။ ဤတစ်ကြိမ်တွင် သူ အမှန်တကယ် ချစ်မိသွားနိုင်သည်။ ကျန်းရီက ချမ်ဝမ်ကွမ်းအတွက် အလွန်စိုးရိမ်နေပေသည်။ ထို့ကြောင့် သူသည် အခြေအနေကို သွားကြည့်ကာ ချမ်ဝမ်ကွမ်းကို ဖျောင်းဖျလိုနေသည်။
“ကောင်းပြီလေ”
ဟွမ်ဖူထောင်ထျန်း အမုန်းဆုံးအရာမှာ မျိုးနွယ်ကြီးလေးခုမှ လူများနှင့် ဆက်ဆံရခြင်းဖြစ်သည်။ သို့သော် ကျန်းရီက ထိုသို့ပြောနေပြီဖြစ်၍ သူ ကျန်းရီကို မငြင်းလိုပေ။ သူသည် ကျန်းရီထံတွင် ကျွန်အဖြစ် ဆယ်နှစ်ထမ်းဆောင်ရန် ဆုံးဖြတ်ထားပြီးပြီ မဟုတ်ပါလော။
အစောင့်အားလုံးက ချမ်ဝမ်ကွမ်းနောက်သို့ လိုက်သွားသဖြင့် ကျန်းရီတို့နှစ်ယောက်ထံတွင် ရထားလုံး မရှိပေ။ ထို့ကြောင့် သူတို့သည် ရွေးချယ်စရာမရှိတော့ဘဲ စစ်ထူမျိုးနွယ်၏ ရဲတိုက်ခြံဝန်းသို့ လမ်းလျှောက်သွားရလေသည်။ သူတို့ ရင်ပြင်ကိုဖြတ်၍ လျှောက်သွားသောအခါ လှည့်ကင်းများနှင့် မကြာခဏ တွေ့ခဲ့၏။ သို့သော် ထိုသူများသည် ဟွမ်ဖူထောင်ထျန်းကို မြင်သောအခါ သူတို့ကို မစစ်ဆေးဝံ့ကြတော့ချေ။ သူတို့သည် ထိုအရူးကို ဒေါသထွက်အောင် လုပ်မိမည်စိုး၍ အနားသို့ပင် ကပ်မလာရဲကြပေ။
စစ်ထူမျိုးနွယ်၏ ရဲတိုက်ခြံဝန်းက ရှန်းစီရင်ပြင်ရှိ စစ်ထူကုန်သည်အဖွဲ့အစည်း၏ နောက်ဘက်တွင် တည်ရှိသည်။ ကျန်းရီတို့နှစ်ယောက် ရောက်လာသည်ကို ခြံဝန်းဂိတ်တံခါးအစောင့်က အဝေးမှပင် လှမ်းမြင်လိုက်၍ အထဲဝင်ကာ တင်ပြလိုက်လေသည်။ ပြင်ပရေးရာ ကြီးကြပ်သူက ခပ်သွက်သွက် ရောက်လာပြီး လက်ဆုပ်အရိုအသေပေး၍ ကြိုဆိုလိုက်သည်။
“သခင်လေးဟွမ်ဖူ ရောက်လာတာ ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်။ သခင်လေးကို အပြင်ထွက် မကြိုဆိုမိတာ တောင်းပန်ပါတယ်။ သခင်လေးရီရှောင်နဲ့ သခင်မလေးရီနျန်တို့ကို သွားအကြောင်းကြားထားခိုင်းပြီးပါပြီ။ အထဲကို ကြွကြပါ”
ကျန်းရီက ဟွမ်ဖူထောင်ထျန်းနောက်မှ လိုက်ဝင်သွား၏။ ထိုကြီးကြပ်သူက ကျန်းရီကို အာရုံမစိုက်ပေ။ သူက ကျန်းရီကို ပြုံး၍သာ ခေါင်းဆတ်ပြလိုက်သည်။ ယင်းကကို ကျန်းရီအား အလွန်မျက်နှာသာပေးနေခြင်း ဖြစ်နေပေပြီ။
ဟွမ်ဖူထောင်ထျန်းက ထီမထင်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ကျန်းရီကို အထဲသို့ ခေါ်သွားလိုက်၏။ ကြီးကြပ်သူက မျက်နှာချိုသွေးကာ သူတို့နှစ်ယောက်ကို ဦးဆောင်ခေါ်သွားလေသည်။ စစ်ထူမျိုးနွယ်ခြံဝန်းထဲတွင် ရဲတိုက်များ စီတန်းတည်ရှိနေ၏။ ရဲတိုက်များကို လှည့်ပတ်လျှောက်နေရသဖြင့် ကျန်းရီ ခေါင်းပင်မူလာသည်။ ဆယ့်ငါးမိနစ် ကြာပြီးနောက် ကြီးကြပ်သူက ရဲတိုက်အသေးလေးကို ညွှန်ပြကာ ပြောလိုက်လေသည်။
“သခင်လေးဟွမ်ဖူ... ကျွန်တော်တို့ စစ်ထူစံအိမ်လေးကို ရောက်ပါပြီ”
ဟွမ်ဖူထောင်ထျန်းသည် ဤနေရာသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးသဖြင့် ဤနေရာကို ကောင်းစွာ သိပေသည်။ သူ အရေးမစိုက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့ ရဲတိုက်တံခါးအနားသို့ မရောက်သေးခင်မှာပင် အတွင်းမှနေ၍ လူနှစ်ယောက် ထွက်လာလေသည်။ စစ်ထူရီရှောင်နှင့် စစ်ထူရီနျန်တို့က သူ့ကို ကိုယ်တိုင်ထွက်၍ ကြိုဆိုခြင်းပင်။
စစ်ထူရီရှောင်သည် အဖြူရောင် ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် သူ၏ သန့်စင်ခံ့ညားမှုက ပို၍ပေါ်လွင်နေသည်။ စစ်ထူရီနျန်က ပခုံးပေါ် အနက်ရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာချေ အနည်းငယ်သာ လိမ်းထားသည်။ ထို့ပြင် သူမ၏အကြည့်နှင့် အပြုံးက အလွန်ဆွဲမက်ဖွယ်ကောင်းနေ၏။ ထို့ကြောင့် ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့ ပို၍ပင် စိုးရိမ်လာလေသည်။
ဟွမ်ဖူထောင်ထျန်းက သူတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်သည်။ စစ်ထူရီနျန်သည် ဟွမ်ဖူထောင်ထျန်းက ကျန်းရီကို ခေါ်လာကြောင်း တွေ့လိုက်သောအခါ မျက်လုံးအရောင်လက်သွားလေသည်။ သူမက ကျန်းရီကို မျက်လုံးရွဲကြီးများဖြင့် ကြည့်လိုက်ပြီး မေးလိုက်သည်။
“အစ်ကိုဟွမ်ဖူ... အစ်ကိုက ညီမတို့ကို အစ်ကို့ရဲ့ အဖော်နဲ့ မိတ်ဆက်မပေးတော့ဘူးလား”
“သူက ဆရာရီဖျောင်ဖျောင်ရဲ့ မိတ်ဆွေပါ”
ကျန်းရီက အာရုံစိုက်ခံရသည်ကို မကြိုက်ကြောင်း ဟွမ်ဖူထောင်ထျန်း သိပေသည်။ ထို့ကြောင့် သူသည် သာမန်ကာလျှံကာသာ ပြန်ပြောလိုက်ပြီး ကျန်းရီ၏ မျိုးရိုးအမည်ကို မပြောလိုက်ခြင်းပင်။ စစ်ထူရီနျန်က ပြုံး၍ ကျန်းရီကို ခေါင်းညိတ်ပြလိုက်၏။ သူမသည် အမှန်ပင် လူရည်လည်သူတစ်ယောက် ဖြစ်ပေသည်။
စစ်ထူရီရှောင်ကလည်း ကျန်းရီကို ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး သူတို့နှစ်ယောက်ကို အထဲသို့ ခေါ်သွားလေသည်။ စစ်ထူစံအိမ်လေး၏ အတွင်းပိုင်း အပြင်အဆင်က အလွန်လှ၏။ သို့သော် ကြီးကျယ်သည့်ပုံမပေါက်ဘဲ သိမ်မွေ့သည့်အငွေ့အသက်ကို ပေးနေပေသည်။ စစ်ထူရီနျန်၏ အကြိုက်က ထူးခြားပြီး ကျန်းရီကဲ့သို့ ခေတ်နောက်ကျနေသူတစ်ယောက်ကို အမြင်ကျယ်သွားစေလေသည်။ သူတို့ ခန်းမကျယ်တစ်ခုထဲ ရောက်သောအခါ စစ်ထူရီရှောင်က လှိုက်လှိုက်လှဲလှဲရယ်၍ ပြောလိုက်သည်။
“ဟားဟားဟား... အားလုံးပဲ အစ်ကိုဟွမ်ဖူကို ကြိုဆိုလိုက်ကြပါဦး”
ကျန်းရီသည် ဟွမ်ဖူထောင်ထျန်းနှင့် အတူ ဝင်သွားလိုက်၏။ အထဲသို့ ရောက်သောအခါ သူ မျက်နှာပျက်သွားသည်။ ခန်းမထဲတွင် လဲ့ချီရန်၊ လုလင်းနှင့် လုယွီတို့ ရှိနေပေသည်။ ထို့ပြင် မျိုးနွယ်(၁၃)ခုမှ သခင်လေးများနှင့် သခင်မလေးများလည်း ရှိနေကြသည်။
“အန်...”
လုလင်းက ဟွမ်ဖူထောင်ထျန်းကို ကြည့်လိုက်ပြီးနောက် ကျန်းရီကို ဆက်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် မယုံနိုင်သည့်အရိပ်အယောင်များ ထွက်ပေါ်လာ၏။ သူ ကောင်းကင်စိတ်အာရုံကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်လိုသည့်အငွေ့အသက် ထွက်ပေါ်လာကာ သူ ဝုန်းခနဲ ထရပ်လိုက်လေသည်။ သူက ကျန်းရီကို လက်ညှိုးထိုး၍ ပြောလိုက်၏။
“ဟားဟားဟား... ငါ မင်းကို နေရာအနှံ့မှာ လိုက်ရှာနေခဲ့တာ၊ နောက်ဆုံးတော့ ရှာတွေ့ပြီပေါ့။ မျိုးမစစ်လေး... ဒီတစ်ခေါက် မင်း ဘယ်လို လွတ်နိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့”
“သေစမ်း.. လုလင်းက ငါ့ရဲ့ စိတ်ဝိညာဉ်အရှိန်အဝါကို အာရုံခံလိုက်တာပဲ”
ကျန်းရီ စိတ်ထဲမှ ဆဲဆိုလိုက်သည်။ လုလင်း ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူ မထင်ခဲ့ပေ။ ယခု သူ၏ ဟန်ဆောင်မှု ပေါ်သွားပေပြီ။
***