← Chapters

တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ခြင်း

Vol. 57 Ch. 788

တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ခြင်း

Vol. 57 Ch. 788

ဝှစ်...ဝှစ်...ဝှစ်...

အစတွင် လူအများစုသည် ကျန်းရီကို အရေးမစိုက်ကြပေ။ ယခုတွင်မူ သူတို့အားလုံး၏ မျက်လုံးများသည် ကျန်းရီအ‌ပေါ်သို့ ကျရောက်နေပေပြီ။ စစ်ထူရီနျန်နှင့် စစ်ထူရီရှောင်တို့သည်ပင် ကျန်းရီကို ကြည့်နေကြသည်။ ဟွမ်ဖူထောင်ထျန်း၏ မျက်လုံးများ အေးစက်သွား၏။ သူသည် ကျန်းရီနှင့် လုလင်းတို့ကြားမှ ရန်ငြိုးကို ရှင်းရှင်းလင်းလင်း သိပေသည်။

လုယွီကလည်း ကျန်းရီကို ကောင်းစွာ မှတ်မိ၏။ သူက ရုပ်ပြောင်းထားသော်လည်း သူမသည် သူ့ကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံပြီးသောအခါ ထရပ်လိုက်လေသည်။ ထို့နောက် သူမ အေးစက်စက်ပြောလိုက်၏။

“အဖွဲ့မှူးကျန်း... မတွေ့ရတာတောင် ကြာပြီနော်”

ချမ်ဝမ်ကွမ်းက ခန်းမထဲတွင် ထိုင်နေသော်လည်း လုလင်းနှင့် လုယွီတို့က သူနှင့် လူကိုယ်တိုင်မတွေ့ခဲ့ဖူးသဖြင့် သူ့ကို မသိကြပေ။ ထို့ကြောင့် သူ၏ ဟန်ဆောင်မှု ပေါ်မသွားခြင်းပင်။ သူသည်လည်း လုလင်းနှင့် လုယွီတို့ ဤနေရာတွင် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ ဤအခြေအနေမှ လွတ်မြောက်ရန် ကြံနေချိန်၌ ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့ ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

“ဟဲဟဲ...”

ဟန်ဆောင်ထားမှု ပေါ်သွားပြီဖြစ်၍ ကျန်းရီက ဆက်၍ ဟန်ဆောင်မနေတော့ပေ။ အစောတွင် သူသည် ဟွမ်ဖူ‌ထောင်ထျန်းနောက်၌ ခပ်ကုပ်ကုပ် နေနေခဲ့သော်လည်း ယခုတွင်မူ အရောင်လဲ့နေသော မျက်လုံးများဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရယ်လိုက်လေသည်။

“လုလင်း... မင်းနဲ့ မင်းတို့ နဂါးဖြူကျွန်းဆွယ်က မြို့ထဲမှာ အကြမ်းဖက်ချင်တာလား။ တကယ်လို့ မင်း စည်းမျဉ်းတွေကို ဖောက်ဖျက်ချင်ရင်လည်း လုပ်ပါ။ ဒီအဖွဲ့မှူးက မင်းကို လက်တစ်ဘက်နဲ့တင် အနိုင်ယူနိုင်တယ်”

“...”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။ သခင်လေးများလည်း မျက်နှာပျက်သွားကြသည်။ ဤနေရာမှ လူတော်တော်များများသည် လုလင်းကို မသိကြပေ။ သို့သော် လုလင်းသည် မျိုးနွယ်(၁၃)ခုထဲမှ သခင်လေးတစ်ယောက်ဖြစ်နေသေးသည်။ ကျန်းရီ ထိုသို့ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေခြင်းက ဤနေရာရှိ သခင်လေးများ၊ သခင်မလေးများ၏ မျက်နှာများကို ရိုက်သည်နှင့် အတူတူပင်။

“ဟဲဟဲ...”

ဟွမ်ဖူထောင်ထျန်းက ရယ်လိုက်ပြီး လုလင်းကို အထင်သေးဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“သခင်လေးကျန်းက ဆရာရီဖျောင်ဖျောင်ရဲ့ ညီနောင်ပဲ။ ငါက ဆရာ့ရဲ့ အစေခံပဲ။ တကယ်လို့ ဆရာနဲ့ သူ့ရဲ့ညီနောင်ကို အန္တရာယ်ပြုချင်တယ်ဆိုရင် ဟွမ်ဖူထောင်ထျန်းက တိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး”

ချမ်ဝမ်ကွမ်းသည် ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့၏ စကားများကို ကြားလိုက်သောအခါ အားတက်လာပြီး အေးစက်စက်လေသံဖြင့် ထပ်ပြောလိုက်သည်။

“အဖွဲ့မှူးကျန်းက ကျုပ်ရဲ့ ညီလေးပဲ။ သူ့ကို အန္တရာယ်ပြုတဲ့သူက ကျုပ်ရဲ့ ရန်သူဖြစ်လာလိမ့်မယ်...”

လုလင်း၏ ကြီးကျယ်မှုက ရုတ်ခြည်း အားနည်းသွား၏။ သူ ကျန်းရီ၏စကားများကို အရေးမစိုက်ဘဲနေ၍ ရ၏။ သို့သော် ဟွမ်ဖူထောင်ထျန်းနှင့် ချမ်ဝမ်ကွမ်းတို့၏ စကားများကိုမူ သူ အလေးထားရ‌ပေမည်။ အထူးသဖြင့် ထိုအရူး ဟွမ်ထူထောင်ထျန်းကို သတိထားရမည်ဖြစ်သည်။ အကယ်၍ သူသာ မည်သည်ကိုမှ အရေးမစိုက်သည့် ဟွမ်ဖူထောင်ထျန်းကို သွားရန်စမိလျှင် သူ့ကို ဤနေရာမှ သယ်ထုတ်သွားရပေလိမ့်မည်။

လုလင်း နှုတ်ဆိတ်သွား၏။ အခြေအနေက အိုးတိုးအန်းတန်း ဖြစ်လာသည်။ ထိုစဉ် ဘယ်ဘက်ရှိ ထိုင်ခုံတွင် ထိုင်နေသော လဲ့ချီရန်က ရယ်ကာ ပြောလိုက်၏။

“လုလင်း... မင်းက ရန်ငြိုးကို ရန်ငြိုးနဲ့ ပြန်တုံ့ပြန်ချင်ပေမယ့် မြို့မှာ စည်းမျဉ်းတွေရှိတယ်။ မင်းက ဒီအဖွဲ့မှူးကျန်းအပေါ် မကျေနပ်တာတွေ ရှိလို့လား။ အဲ့ဒါဆို မင်းတို့ မြို့ပြင်ကို ဖြစ်ဖြစ် ဒါမှမဟုတ် ယှဉ်ပြိုင်ကွင်းကိုဖြစ်ဖြစ် သွားပြီး ရှင်းလိုက်ကြပါလား။ မြို့ထဲမှာတော့ မဆင်မခြင် မလုပ်ကြနဲ့။ တကယ်လို့ စီနီယာတွေ သိသွားရင် ငါတို့အားလုံး ပြဿနာတက်သွားလိမ့်မယ်”

လဲ့ချီရန်က ပြဿနာကို ဝင်ရှင်းပေးနေပုံပေါ်နေသော်လည်း လုလင်းသည် သူ့စကားများ၏နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်၏။ လုလင်း၏ မျက်လုံးများအရောင်တောက်သွား၏။ သူ ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။

“မျိုးမစစ်လေး... တကယ်လို့ မင်းသတ္တိရှိတယ်ဆိုရင် ငါနဲ့ မြို့ပြင်ကို လိုက်ခဲ့ ဒါမှမဟုတ် ယှဉ်ပြိုင်ကွင်းကို လိုက်ခဲ့။ မင်းက ယောက်ျားမဟုတ်ဘူးဆိုရင်လည်း ငါတို့ ဒီအကြောင်းကို မေ့လိုက်လို့ရပါတယ်”

“ဟားဟားဟား...”

ကျန်းရီက ရယ်လိုက်ပြီး ပြန်ပြောလိုက်သည်။

“မြို့ပြင်ကို သွားတာဖြစ်ဖြစ်၊ ယှဉ်ပြိုင်ကွင်းကို သွားတာဖြစ်ဖြစ် နှစ်ခုစလုံး အဆင်ပြေပါတယ်။ ဒါပေမဲ့ သတ်မှတ်ချက်တစ်ခုတော့ ရှိတယ်။ ဒီကိစ္စက မင်းနဲ့ငါ့ရဲ့ကြားက ကိစ္စပဲ။ ငါတို့နောက်ကို အစောင့်တွေ လိုက်မလာရဘူး။ အညတရကျန်းက ယောက်ျားစစ်စစ်ပါ.. ဒါပေမဲ့ လုလင်းက ယောက်ျားစစ်လား၊ မစစ်လားတော့ ငါမသိဘူး။ မင်း သေးပေါက်ရင် ထိုင်ပေါက်လား၊ ထပေါက်လား”

ခစ်ခစ်...

စစ်ထူရီနျန်နှင့် အခြားသခင်မလေးများ ရှက်သွေးဖြာသွားပြီး နောက်လှည့်ကာ ခိုးခိုးခစ်ခစ် ရယ်လိုက်ကြသည်။ ဤနေရာရှိ လူအားလုံးသည် မျိုးနွယ်ကြီးများမှ သခင်လေးများ၊ သခင်မလေးများဖြစ်သည်။ သူတို့အားလုံးက လောကဝတ်များကို သင်ယူထားကြသည်။

“ကောင်းတယ်...”

ဟွမ်ဖူထောင်ထျန်းက ကျန်းရီကို စိတ်ထဲမှနေ၍ ကျယ်လောင်စွာ ချီကျူးလိုက်ပြီး လက်မထောင်ပြလိုက်သည်။ ဤကဲ့သို့ စိတ်ကိုဆွပေးခြင်းက ကောင်း၏။ သူသည် ကျန်းရီ၏ တိုက်ခိုက်စွမ်းအားကို သေချာမသိသော်လည်း ကျန်းရီက အလွန်ယုံကြည်မှုရှိနေသဖြင့် လုလင်းကို အနိုင်ယူရန်မှာ အသေးအဖွဲလေးဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် သူ ပြောလိုက်သည်။

“တစ်ယောက်ချင်း ယှဉ်ပြိုင်တာက မျှတပါတယ်။ သခင်လေးလင်းက ညီ‌လေးကျန်းထက် အသက်ပိုကြီးတယ်အလား။ သူက သူ့အစောင့်တွေကို ဝင်မပါခိုင်းလောက်ပါဘူး”

လုလင်းက (၂၅)နှစ်ရှိပြီဖြစ်ပြီး ကျန်းရီက အသက်(၂၀)သာ ရှိပေသေးသည်။ တစ်ယောက်မှာ အင်အားကြီးမျိုးနွယ်တစ်ခုမှ မျိုးဆက်တစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်မှာ အညတရတစ်ယောက်ဖြစ်သည်။ ကျန်းရီ၏ သတ်မှတ်ချက်က အလွန်မျှတပေသည်။ လုလင်းသည် လူများစွာ၏အရှေ့တွင် စိန်ခေါ်ခံလိုက်ပြီဖြစ်၍ သူသာ တစ်ယောက်ချင်း မယှဉ်ဝံ့ဘဲ အစောင့်များကို စေလွှတ်လိုက်ပါက သေချာပေါက် လူရယ်စရာ ဖြစ်သွားပေလိမ့်မည်။

“အာ...”

လုလင်း မျက်နှထားတင်းသွား၏။ သူသည် ကျန်းရီ၏ တိုက်ခိုက်စွမ်းအားကို ကိုယ်တိုင်မမြင်ခဲ့ဖူးချေ။ သို့သော် သူသည် ကျန်းရီ၏သတင်းအချက်အလက်များကို စစ်ဆေးထားသဖြင့် ကျန်းရီက  အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ကိုပင် ရှင်းပစ်နိုင်ကြောင်း သိထားပေသည်။ အဘယ်သို့ အဆင့်နိမ့် ကောင်းကင်ဧကရာဇ်အဆင့်သာ ရှိသေးသော လုလင်းက တိုက်ခိုက်ဝံ့မည်နည်း။

အစက လုလင်းသည် ကျန်းရီကို မြို့ပြင်သို့ ခေါ်ထုတ်သွားပြီး သူ၏လက်အောက်ငယ်သားများအား ကျန်းရီကို သတ်ခိုင်းရန် ကြံနေခြင်းပင်။ သို့သော် သူသည် ကျန်းရီ၏ ချောင်ပိတ်မှုကို ခံလိုက်ရပေသည်။ အမှန်တွင် ယနေ့သည် စစ်ထူရီနျန်၏ မွေးနေ့ဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်(၁၃)ခုမှ ဂုဏ်သရေရှိ သခင်လေးများနှင့် သခင်မလေးများ ဤနေရာသို့ ရောက်ရှိနေခြင်းပင်။ အကယ်၍ သူသာ ထိုလူများ၏ရှေ့တွင် သူရဲဘောကြောင်မိပါက နောင်တွင် ခေါင်းမော့နိုင်တော့မည် မဟုတ်ချေ။

“စိန်ခေါ်တာကို လက်ခံလိုက်... ငါ ခဏနေရင် မင်းကို မူလသံလက်နက်နဲ့ အမိကမ္ဘာမြေသံချပ်ကာ ငှားပေးမယ်။ ငါ့မှာ ကျို့ကျွမ်သွေးနီရောင်ဆေးလုံးလည်း ရှိတယ်...”

လုလင်းသည် အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရ၍ ခန္ဓာကိုယ်တုန်ရင်သွားပြီး မျက်လုံးများ တောက်ပသွားသည်။ မူလသံလက်နက်နှင့် အမိကမ္ဘာမြေသံချပ်ကာတို့က ဝိညာဉ်ချိတ်ဆက် မူလရတနာများ ဖြစ်ကြသည်။ လဲ့ချီရန်က သူ့အား အမှန်ပင် ၎င်းတို့ကို သုံးခွင့်ပေးမည်လော။

လုလင်းက ထိုမူလရတနာနှစ်ခုကို အပြည့်အဝအသုံးမချနိုင်လောက်ပေ။ သို့သော် အမိကမ္ဘာမြေသံချပ်ကာရှိနေလျှင် ကျန်းရီက သူ့ကို သတ်နိုင်‌တော့မည် မဟုတ်ချေ။ ထို့ပြင် ကျို့ကျွမ်သွေးနီရောင်ဆေးလုံးက အချိန်တိုအတွင်းမှာပင် အတွင်းအားကို သုံးဆတိုးတက်စေနိုင်သည်။ ၎င်းတို့ဖြင့်ဆိုလျှင် သူ တိုက်ပွဲတွင် ရှုံးနိမ့်မည် မဟုတ်ချေ။

လုလင်း ခေတ္တမျှ တွေးတောလိုက်ပြီး ကျယ်လောင်စွာ ရယ်လိုက်သည်။

“ကောင်းပြီ... မျိုးမစစ်လေး.. ငါတို့ ယှဉ်ပြိုင်ကွင်းကို သွားကြမယ်။ ဒီနေ့မှာ ငါတို့ရဲ့ ရန်ငြိုးတွေကို အပြီးအပြတ် ရှင်းကြတာပေါ့”

ဟွမ်ဖူထောင်ထျန်း မျက်မှောင်ကြုတ်လိုက်ပြီး လုလင်းကို မသင်္ကာဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူသည် ကျန်းရီကိုကြည့်ကာ အသံပို့လွှတ်လိုက်၏။

“ညီလေးကျန်း.. ညီလေး ယုံကြည်မှုရှိလား”

ကျန်းရီက ပခုံးတွန့်ကာ ပြောလိုက်သည်။

“ဒီမှာ ရှိနေတဲ့သူတွေ အကုန်လုံး သက်သေရှိတယ်နော်၊ လုလင်းက ကျွန်တော့်ကို စိန်ခေါ်တာပါ။ တကယ်လို့ သူသေသွားရင် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့”

“ဝိုး...”

ခန်းမထဲတွင် ရုတ်ခြည်း အုတ်အော်သောင်းနင်း ဖြစ်သွား၏။ သခင်လေးများနှင့် သခင်မလေးများသည် မြို့သို့ ရောက်သည်မှာ မကြာသေးပေ။ သူတို့ တစ်ယောက်ချင်း ယှဉ်ပြိုင်ပွဲကို မမြင်ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ ယခုတွင် သူတို့သည် လုလင်းနှင့် ဆရာရီဖျောင်‌ဖျောင်၏ ညီနောင်တို့၏ ယှဉ်ပြိုင်မှုကို မြင်ရတော့မည်လော။ ထို့ကြောင့် သူတို့အားလုံး စိတ်လှုပ်ရှားသွားကြပြီး ထရပ်ကာ အပြင်သို့ လျှောက်သွားကြသည်။

စစ်ထူမောင်နှမလည်း ခါးသက်သက် ရယ်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် ယှဉ်ပြိုင်ပွဲကို မတားဆီးလိုက်ပေ။ လုလင်းက မျက်နှာရချင်သလို ချမ်ဝမ်ကွမ်းနှင့်ကျန်းရီတို့ကလည်း မျက်နှာရချင်သည်။ ဤယှဉ်ပြိုင်ပွဲကို တားဆီး၍ ရနိုင်တော့မည် မဟုတ်ပေ။ ထို့ပြင် ရှန်းစီမြို့၌ လျှို့ဝှက်စည်းမျဉ်းတစ်ခုရှိ၏။ အကယ်၍ နှစ်ဘက်စလုံးက ယှဉ်ပြိုင်ရန် သဘောတူပြီးသွားလျှင် မျိုးနွယ်ကြီးလေးခုမှ အကြီးအကဲများပင် ဝင်ပါ၍ မရပေ။

အမှန်တွင်...

ဤယှဉ်ပြိုင်ကွင်းကို တည်ဆောက်ထားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြို့ထဲရှိ မျိုးနွယ်ကြီးများ၏ မျိုးဆက်များ သုံးနိုင်ရန် ဖြစ်သည်။ မျိုးနွယ်(၁၃)ခုတွင် မျိုးနွယ်ဝင်ပေါင်းများစွာရှိသည်။ ထို့ကြောင့် မကြာခဏဆိုသလို ပဋိပက္ခအချို့ ဖြစ်တတ်ကြသည်။

လူငယ်များက တိုက်ခိုက်ရသည်ကို နှစ်သက်၏။ မျိုးနွယ်များသည် လူငယ်များအကြားတွင် ဝင်မပါလိုပေ။ ထို့ကြောင့် ပဋိပက္ခဖြစ်လာလျှင် သူတို့သည် တစ်ယောက်ချင်း ယှဉ်ပြိုင်ကာ ရှင်းကြသည်။ အနိုင်ရသူက သူ၏မျိုးနွယ်ကို ဂုဏ်တက်စေ၏။ သို့သော် သူတို့သည် သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်ဖြစ်သည်။ ရှုံးနိမ့်သူမှာမူ အနာဂတ်တွင် မြို့ထဲတွင်ဖြစ်စေ၊ မျိုးနွယ်ထဲတွင်ဖြစ်စေ ဦးမော့နိုင်တော့မည် မဟုတ်ပေ။

သခင်လေးများနှင့် သခင်မလေးများသည် သူတို့၏အစောင့်များနှင့်အတူ စစ်ထူမျိုးနွယ်အပြင်သို့ လျှောက်သွားကြပြီး စစ်ရထားလုံးများကို စီးကာ မြို့အနောက်ဘက်ခြမ်းရှိ ယှဉ်ပြိုင်ကွင်းသို့ ဦးတည်သွားလိုက်ကြသည်။

“အန်...”

ဟွမ်ဖူထောင်ထျန်းကလည်း ချမ်ဝမ်ကွမ်းနှင့် ကျန်းရီတို့ကိုစောင့်၍ ခမ်းနားသော စစ်ရထားလုံးပေါ်သို့ တက်လိုက်သည်။ ရထားလုံးပေါ်သို့ ရောက်သောအခါ သူ၏မျက်လုံးများ ရုတ်တရက် အေးစက်သွား၏။ လုယွီက လဲ့စစ်ဟန်၏ စစ်ရထားလုံးပေါ်သို့ တက်သွားပြီး လုလင်းက လဲ့ချီရန်၏ စစ်ရထားလုံးပေါ်သို့ တက်သွားသည်ကို သူ သတိပြုမိလိုက်သည်။

“ညီလေးကျန်း...”

ဟွမ်ဖူထောင်ထျန်းသည် ရထားလုံးထဲသို့ ဝင်လိုက်ပြီးနောက် စိုးရိမ်တကြီး အသံပို့လွှတ်လိုက်၏။

“လုလင်းက လဲ့ချီရန်ရဲ့ စစ်ရထားလုံးပေါ် တက်သွားတယ်။ အဲ့လဲ့ချီရန်က သူ့ကို ဝိညာဉ်ချိတ်ဆက် မူလရတနာ ငှားပေးလိုက်လောက်တယ်။ ညီလေးလည်း... အစ်ကို့ရဲ့ မိုးကြိုးဓားကို သုံးပါလား။ အစ်ကို့ရဲ့ စစ်သံချပ်ကာကလည်း အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုပဲ... ဒါပေမဲ့ ဝိညာဉ်ချိတ်ဆက်မှုတော့ မရှိဘူး။ ညီလေးကို ငှားပေးရင်လည်း သိပ်အသုံးဝင်မှာ မဟုတ်ဘူး။ ညီလေးရဲ့ ခုခံနိုင်စွမ်းက ဘယ်လိုလဲ”

“ဟဲဟဲ...”

ကျန်းရီ ရယ်လိုက်၏။ သူသည် ထိုကိစ္စကို အရေးမစိုက်ပေ။ သူ အသံပို့လွှတ်ကာ ပြန်ပြောလိုက်သည်။

“မပူပါနဲ့ အစ်ကိုဟွမ်ဖူ... လုလင်းလို ကောင်စုတ်က ကျွန်တော့်ကို မသတ်နိုင်ပါဘူး။ ကျွန်တော် အစ်ကို့ရဲ့ မိုးကြိုးဓားကိုလည်း မသုံးပါဘူး။ အစ်ကို အဲ့ဓားပေါ်က ဝိညာဉ်အမှတ်အသားကို ဖယ်ပေးရင်တောင် ကျွန်တော် အဲ့ဓားရဲ့စွမ်းအားကို အချိန်တိုအတွင်းမှာ အပြည့်အဝ အသုံးချနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့... ကျွန်တော့်မှာလည်း ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခု ရှိပါတယ်”

***

All Chapters