← Chapters

မူလသံလက်နက်

Vol. 57 Ch. 789

မူလသံလက်နက်

Vol. 57 Ch. 789

ယှဉ်ပြိုင်ကွင်းသည် မြို့အနောက်ခြမ်းမှ ရင်ပြင်အနီးတွင် တည်ရှိ၏။ ယင်းမှာ လဲ့မျိုးနွယ်၏ စီးပွားရေးဖြစ်သည်။ ဤယှဉ်ပြိုင်ကွင်းသည် ယှဉ်ပြိုင်ရန်အတွက်သာ မဟုတ်ဘဲ ပိုက်ဆံရှာသောနေရာတစ်ခုလည်း ဖြစ်သည်။

ယှဉ်ပြိုင်ကွင်းကို စတင် တည်ဆောက်ခဲ့ချိန်က မျိုးနွယ်ကြီးများမှ မျိုးဆက်များ ယှဉ်ပြိုင်ရန်နှင့် မြို့ထဲတွင် အကြမ်းဖက်မှုကို ကာကွယ်ရန်အတွက် ရည်ရွယ်ခဲ့သည်။ နောက်ပိုင်းတွင် ထိုနေရာသည် ယှဉ်ပြိုင်မှုများကို လောင်းကြေးထပ်သော နေရာတစ်ခုဖြစ်လာခဲ့သည်။ နေ့စဉ်နေ့တိုင်း ကျွန်သိုင်းသမားများက ယှဉ်ပြိုင်ကြရပြီး ပွဲကြည့်ပရိသတ်များက လောင်းကြေးထပ်ကြ၏။ ပညာရှင်များနှင့် မိစ္ဆာများ တိုက်ခိုက်သော တိုက်ပွဲများလည်း မကြာခဏဆိုသလို ရှိတတ်သည်။ ထိုသို့ ကြမ်းတမ်းသောပွဲများက ပွဲကြည့်ပရိတ်သတ်များ၏ သွေးကို ဆူပွက်စေလေသည်။

ယှဉ်ပြိုင်ကွင်းသည် ရှန်းစီကျွန်းပေါ်ရှိ အကြီးဆုံး လောင်းကစားနေရာတစ်ခုဖြစ်ပေသည်။ နေ့စဉ်နေ့တိုင်း နေ့ဘက်အချိန်တွင် ‌လောင်းကစားရန်အတွက် ယှဉ်ပြိုင်ပွဲသုံးပွဲရှိ၏။ ယှဉ်ပြိုင်ပွဲတစ်ပွဲ၏ လောင်းကြေးက သန်းထောင်ချီ၍ပင် ရှိတတ်သည်။ လဲ့မျိုးနွယ်က ယှဉ်ပြိုင်ကွင်း၏ ပိုင်ရှင်ဖြစ်၍ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ နေ့စဉ် ကောင်းကင်ကျောက်တုံးများစွာ အကျိုးအမြတ်ရနေပေသည်။

“မျိုးနွယ်ကြီးတွေက တကယ့်ကို ချမ်းသာကြတာပဲ”

ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့သည် ဟွမ်ဖူထောင်ထျန်း ရှင်းပြသော ယှဉ်ပြိုင်ကွင်းအကြောင်းကို နားထောင်ပြီးနောက် တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။ ချမ်ဝမ်ကွမ်းက ရုတ်တရက် အကြံတစ်ခု ရလိုက်၍ အသံပို့လွှတ်ကာ မေးလိုက်၏။

“အစ်ကိုထောင်ထျန်း.. ကျုပ်တို့ ခေါင်းဆောင်နဲ့လုလင်းရဲ့ ယှဉ်ပြိုင်ပွဲမှာ လောင်းလို့ရလား။ တကယ်လို့ လျော်ကြေးသာရင် ကျုပ်တို့ အတူတူလောင်းပြီး အမြတ်အများကြီး ယူလို့ရတယ်”

“လောင်းလို့ရတာပေါ့”

ဟွမ်ဖူထောင်ထျန်းက သူတို့ကို စောင့်ကြည့်နေသူများ ရှိ၊မရှိ ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်ပြီးမှ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အခုပွဲကို လူအများကြီး လာကြည့်ကြမှာဆို‌တော့ လဲ့ချီရန်က သေချာပေါက် ယှဉ်ပြိုင်ကွင်းကို လောင်းကြေးဖွင့်ခိုင်းမှာပဲ။ သူက လုလင်းကို သူ့ရဲ့ ဝိညာဉ်ချိတ်ဆက် မူလရတနာတွေကို ငှားပေးမှာဆိုတော့ လောင်းကြေးပိုရအောင် လျော်ကြေးကို တော်တော်လေး ခွာထားမှာပဲ။ ဒီတစ်ခေါက်တော့ ကျန်းရီဘက်က လျော်ကြေးသာလိမ့်မယ်။ ဒါပေမဲ့... ဝမ်ကွမ်း.. ညီလေးက ညီလေးကျန်းနိုင်မယ်လို့ ယုံကြည်မှုရှိလို့လား”

“ဒါပေါ့”

ချမ်ဝမ်ကွမ်းက ပြုံးကာ ပြောလိုက်သည်။

“ကျုပ်ရဲ့ ခေါင်းဆောင်သာ တစ်ချက်လှုပ်ရှားလိုက်ရင် လုလင်းလို ကောင်စုတ်မပြောနဲ့ လဲ့ချီရန်တောင် သူ့ကို နိုင်မှာမဟုတ်ဘူး”

“ကောင်းပြီ”

ဟွမ်ဖူထောင်ထျန်းက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“တကယ်လို့ လဲ့ချီရန်သာ လောင်းကြေးဖွင့်ရဲတယ်ဆိုရင် အစ်ကို သန်းတစ်သောင်းလောင်းမယ်”

“သန်းတစ်သောင်းလား...”

ချမ်ဝမ်ကွမ်းနှင့် ကျန်းရီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဟွမ်ဖူထောင်ထျန်းက အလောင်းအစားကြီး၏။ အကယ်၍ သူတို့ဘက်ကသာ လျော်ကြေးအတော်သာလျှင် လဲ့ချီရန်တစ်ယောက် ဖင်ပေါင်၍ လျော်ရပေလိမ့်မည်။

မိနစ်သုံးဆယ်ကြာပြီးနောက် အားလုံး ယှဉ်ပြိုင်ကွင်းသို့ ရောက်သွား၏။ တပ်မှူးတစ်ယောက်က အားလုံးကို အထဲသို့ ကြိုဆိုရန် ပြင်ဆင်ထားပြီးပေပြီ။ ကျန်းရီက အပြင်မှနေ၍ကြည့်လိုက်၏။ ယှဉ်ပြိုင်ကွင်းက သိပ်မကြီးချေ။ သူ အထဲသို့ ရောက်သွားသောအခါ ပို၍ အံ့အားသင့်သွားရ၏။

ဤယှဉ်ပြိုင်ကွင်းက အမှန်ပင် မကြီးချေ။ အတွင်းပိုင်းနေရာတော်တော်များများက ထိုင်ခုံများဖြင့် ပြည့်နှက်နေသည်။ အနည်းဆုံး ထိုင်ခုံ သောင်းကျော် ရှိပေလိမ့်မည်။ အလယ်ရှိ ယှဉ်ပြိုင်ရန်နေရာကမူ အချင်းဝက် မီတာအနည်းငယ်သာ ရှိပေသည်။

“အဲ့လို နေရာကျဉ်းကျဉ်းလေးမှာ ဘယ်လို တိုက်ခိုက်ရမှာလဲ”

ကျန်းရီက ဟွမ်ဖူထောင်ထျန်းကိုကြည့်၍ မေးလိုက်၏။ ဟွမ်ဖူထောင်ထျန်းက ရယ်ကာ ပြန်ပြောလိုက်သည်။

“ခဏနေရင် သိပါလိမ့်မယ်။ မပူပါနဲ့ ညီလေးတို့ စိတ်ကြိုက် တိုက်ခိုက်နိုင်မှာပါ”

“တိုက်ခိုက်မယ့်သူနှစ်ယောက် စင်မြင့်ထက်မှာ နေရာယူကြပါ”

လဲ့ချီရန်က ဟိတ်ဟန်အပြည့်ဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး အော်ပြောလိုက်၏။

“မင်းတို့နှစ်ယောက်က တစ်ယောက်ချင်း ယှဉ်ပြိုင်ဖို့ သဘောတူပြီးသွားပြီဆိုပေမယ့် အနိုင်အရှုံးကွဲသွားတာနဲ့ ရပ်လိုက်ဖို့ အကြံပေးချင်တယ်။ တကယ်လို့ ကိုယ်ရှုံးသွားပြီလို့ ထင်ရင်လည်း အရှုံးပေးလိုက်နိုင်တယ်။ အသက်သေပြီး အဆုံးမသတ်ပါစေနဲ့.. အဲ့ဒါက အားလုံးအတွက် ကောင်းမှာ မဟုတ်ဘူး”

လုလင်းက ခပ်သဲ့သဲ့ ရယ်လိုက်ပြီး အေးစက်စက် ပြန်ပြောလိုက်သည်။

“မပူပါနဲ့ အစ်ကိုရန်... ကျွန်တော် သူ့ကို ဒုက္ခိတဖြစ်သွားအောင်ပဲ လုပ်မှာပါ၊ မသတ်ပါဘူး”

ဝှစ်...

လုလင်းသည် ထိုသို့ပြောပြီးနောက် အောက်ဘက်ရှိ စင်မြင့်ဆီသို့ ပျံသန်းသွားလိုက်လေသည်။ ကျန်းရီကလည်း ပခုံးတွန့်၍ အရေးမစိုက်ဟန်ဖြင့် ပျံသွားလိုက်သည်။

ရွှီ...

ကျန်းရီတို့နှစ်ယောက် စင်မြင့်ထက်သို့ ရောက်သောအခါ စင်မြင့်က လင်းလက်လာ၏။ ထို့နောက် သူတို့နှစ်ယောက် တစ်ပြိုင်တည်း ပျောက်ကွယ်သွားလေသည်။ စင်မြင့်ထက်ရှိ ကောင်းကင်တွင် နယ်မြေတစ်ခု၏ ပုံရိပ်ထွက်ပေါ်လာ၏။ ကျန်းရီနှင့် လုလင်းတို့က တောင်ထွတ်တစ်ခုစီပေါ်တွင် ရပ်နေကြသည်။

“အာ...”

ချမ်ဝမ်ကွမ်း ချက်ချင်း သဘောပေါက်သွား၏။ စင်မြင့်က ယှဉ်ပြိုင်ရန်အတွက် မဟုတ်ပေ။ ၎င်းသည် တည်နေရာပြောင်းရွှေ့အစီအရင် တစ်ခုပင်။ ကျန်းရီတို့နှစ်ယောက် ရောက်သွားသော ယှဉ်ပြိုင်ရာနယ်မြေက အလွန်ကြီး၏။ ထိုနယ်မြေမှ မြင်ကွင်းကို ယှဉ်ပြိုင်ကွင်းအတွင်းမှနေ၍ မြင်ရပေသည်။

ယှဉ်ပြိုင်ကွင်းတွင် ယှဉ်ပြိုင်ကြသူများမှာ ပညာရှင်များဖြစ်၏။ သူတို့သည် ဤကဲ့သို့နေရာကျဉ်းကျဉ်းတွင် တိုက်ကွက်အကုန် ထုတ်သုံးနိုင်မည် မဟုတ်ပေ။ အကယ်၍ သူတို့သာ အကာအရံကို ဖျက်ဆီးမိသွားလျှင် ပွဲကြည့်ပရိသတ်များစွာ သေချာပေါက် သေသွားမည်ဖြစ်သည်။

“အားလုံးပဲ... ကျွန်တော်တို့က ယှဉ်ပြိုင်ကွင်းကို ရောက်နေပြီဆိုတော့ ဘာလို့ နည်းနည်းလောက် မလောင်းရမှာလဲ။ ကျွန်တော်က လဲ့မျိုးနွယ်ကို ကိုယ်စားပြုပြီး လောင်းကြေးဖွင့်ပါမယ်”

လဲ့ချီရန်က လူအားလုံးကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။

“လျော်ကြေးကိုတော့ ငါးလေးတစ်လေး သတ်မှတ်ပါမယ်။ တကယ်လို့ လုလင်းနိုင်ရင် ကျွန်တော် တစ်ဆလျော်ပါမယ်၊ အဖွဲ့မှူးကျန်းနိုင်ရင်တော့ ငါးဆလျော်ပါမယ်။ အားလုံးပဲ စိတ်ကြိုက် လောင်းနိုင်ပါတယ်”

“ငါးလေးတစ်လေးလား”

ဟွမ်ဖူထောင်ထျန်းနှင့် ချမ်ဝမ်ကွမ်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ သူတို့၏မျက်နှာများ မှိုင်းညို့သွားကြသည်။ လဲ့ချီရန်က လုလင်းနိုင်လိမ့်မည်ဟု လုံးဝယုံကြည်နေပေသည်။ မဟုတ်လျှင် လျော်ကြေးက ဤမျှကွာမည် မဟုတ်ပေ။ လောဘတက်သူများက ကျန်းရီဘက်က လောင်းကြမည်လော။

“ကောင်းပြီ... ကျုပ် ကျုပ်ရဲ့ညီလေးကို အားပေးရမှာပေါ့။ ကျုပ် သန်းငါးထောင်လောင်းမယ်”

ချမ်ဝမ်ကွမ်းက ကျန်းရီအပေါ် ယုံကြည်မှုရှိ၍ ပထမဆုံးပြောလိုက်သည်။

ဟွမ်ဖူထောင်ထျန်းကလည်း အေးစက်စွာ ပြောလိုက်သည်။

“ငါလည်း ညီလေးကျန်းဘက်က သန်းတစ်သောင်းလောင်းတယ်”

ရှူး...ရှူး...

သခင်လေးများ၊ သခင်မလေးများ ပင့်သက်ရှိုက်လိုက်ကြသည်။ ထိုနှစ်ယောက်က အမှန်ပင် ကြေးကြီးကြီး လောင်းနေပေသည်။ ကျန်းရီက အမှန်ပင် နိုင်နိုင်သည်လော။

“အန်... တပ်မှူးကျင်း၊ နောက်ကျ လောင်းကြေးတွေသိမ်းနိုင်ဖို့ စာရင်းမှတ်ထားပါ”

လဲ့ချီရန်သည် ထိုနှစ်ယောက် ကျန်းရီဘက်မှ လောင်းမည်ဖြစ်ကြောင်း ကြိုသိထားပြီးဖြစ်၍ ပြုံး၍သာခေါင်းညိတ်လိုက်ပြီး ယှဉ်ပြိုင်ကွင်း၏ ကြီးကြပ်သူကို စာရင်းမှတ်ထားရန် ပြောလိုက်လေသည်။

တတိယမြောက် လောင်းလိုက်သူမှာ လုယွီဖြစ်သည်။

“ကျွန်မလည်း နည်းနည်းလောက် လောင်းတာပေါ့။ ကျွန်မရဲ့ တစ်ဝမ်းကွဲအစ်ကိုဘက်က သန်းတစ်ထောင်လောင်းတယ်”

“ဟားဟား... အားလုံးက စိတ်အားထက်သန်နေမှတော့ ကျွန်တော်လည်း လောင်းမယ်”

စစ်ထူရီရှောင်ကလည်း ကျန်းရီဘက်က သန်းငါးထောင်းလောင်းသည်။

“ကျွန်မက အစ်ကိုထောင်ထျန်းရဲ့ အမြင်ကို ယုံတယ်။ ကျန်းရီဘက်က သန်းတစ်ထောင်”

စစ်ထူရီနျန်ကလည်း ချစ်စဖွယ်ပြုံး၍ ပြောလိုက်သည်။

“လုလင်းဘက်ကို သန်းနှစ်ထောင်လောင်းမယ်”

“အဖွဲ့မှူးကျန်းဘက်က သန်းတစ်ထောင်”

“လုလင်းဘက်က သန်းနှစ်ထောင်”

သခင်လေးများ၊ သခင်မလေးများသည် တစ်ယောက်ပြီးတစ်ယောက် လောင်းလိုက်ကြ၏။ ယနေ့ပွဲတွင် အတန်ငယ် လောင်းခြင်းက မဆိုးပေ။ လူအများစုသည် လုလင်းနိုင်လိမ့်မည်ဟု ထင်ကြသော်လည်း ကျန်းရီနိုင်သွားလျှင် လျော်ကြေးပိုရမည်ဖြစ်သည်။ ကျန်းရီရှုံးသွားလျှင်လည်း သူတို့သည် သန်းတစ်ထောင်၊ နှစ်ထောင်လောက်ကို အဆုံးရှုံးခံနိုင်၏။ သို့သော် ကျန်းရီနိုင်သွားလျှင်မူ သူတို့ ငါးဆရမည်ဖြစ်သည်။ ယင်းက လောင်းကစားလုပ်ခြင်းမဟုတ်လော။ အတန်ငယ် စွန့်စားပါမှ စိတ်လှုပ်ရှားစရာ ကောင်းပေလိမ့်မည်။

လဲ့ချီရန်သည် လောင်းကြေးများကို စိတ်ထဲမှ ရေတွက်ရင်း လောင်းကြေးက အတော်လေး ကြီးနေကြောင်း သတိပြုမိသွား၏။ သို့သော် ကျန်းရီဘက်မှ လောင်းကြေးက ပိုများပေသည်။ ထို့ကြောင့် သူ ပြုံးလိုက်လေသည်။ ဤယှဉ်ပြိုင်ပွဲတွင် သူ သေချာပေါက် အကျိုးအမြတ်ရတော့မည် ဖြစ်သည်။

“စတိုက်တော့မယ်”

စစ်ထူရီနျန်၏အသံက အားလုံးကို အာရုံစိုက်သွားစေ၏။ ကောင်းကင်ထက်ရှိ ပုံရိပ်ထဲတွင် လုလင်း စတင်လှုပ်ရှားလိုက်သည်ကို တွေ့လိုက်ရသည်။ အားလုံးသည် လောင်းကြေးတင်ပြီးသွားပြီဖြစ်၍ တိုက်ပွဲကို ကြည့်နေကြပြီး ရလဒ်ထွက်လာမည်ကို စောင့်ဆိုင်းနေကြသည်။

“မျိုးမစစ်လေး... အရင်တုန်းက မင်း ငါ့ကို ရစရာမရှိအောင် အရှက်ခွဲခဲ့တယ်။ မင်းကို အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားအောင် မလုပ်နိုင်သ၍ ဒီသခင်လေးက ကျေနပ်နိုင်မှာ မဟုတ်ဘူး”

လုလင်းသည် တောင်ထွတ်မှနေ၍ ကောင်းကင်ထက်သို့ ပျံတက်သွား၏။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့်အရိပ်အယောင် ရှိနေ၏။ ထိုစဉ် ဧရာမသံလက်နက်ကြီးတစ်ခု ထွက်‌ပေါ်လာလေသည်။ ထိုဧရာမသံလက်နက်သည် ကြေးရောင်ရှိပြီး ခြောက်ကပ်ကပ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ ၎င်းပေါ်တွင် ထူးဆန်းသော ပုံသဏ္ဌာန်များလည်း ရှိပေသည်။ လုလင်းက ၎င်းထဲသို့ အတွင်းအား ထည့်လိုက်ရာ ၎င်းသည် ရုတ်ခြည်း အဆပေါင်းများစွာ ကြီးသွား၏။ ၎င်း၏မျက်နှာပြင်ပေါ်ရှိ ပုံသဏ္ဌာန်များက အလင်းဖြာထုတ်လိုက်သည်။ ထို့နောက်တွင် ထူးဆန်းသော သင်္ကေတပုံသဏ္ဌာန်များ ထွက်ပေါ်လာလေသည်။

“မူလသံလက်နက်”

ဟွမ်ဖူထောင်ထျန်း မဲ့ပြုံး ပြုံးလိုက်၏။ သူမျှော်လင့်ထားသလိုပင် လဲ့ချီရန်က လုလင်းကို ဝိညာဉ်ချိတ်ဆက် မူလရတနာ ငှားပေးခဲ့လေသည်။

အားလုံးက လဲ့ချီရန်ကို ကြည့်လိုက်ကြ၏။ လဲ့ချီရန်က ရိုးသားဟန်ဖြင့် လက်ဆန့်ကာ ပြောလိုက်သည်။

“ကျွန်တော့်ကို မကြည့်ကြပါနဲ့၊ ရှန်းစီပွဲတော်ကတည်းက ကျွန်တော်က လုလင်းကို မူလသံလက်နက် ရောင်းပေးလိုက်တာ။ အဲ... ကျွန်‌တော် သူ့ကို အမိကမ္ဘာမြေသံချပ်ကာလည်း ရောင်းပေးလိုက်သေးတယ်။ ကျွန်တော်ကလည်း အဲ့ဒါတွေထက် ပိုကောင်းတဲ့ ဝိညာဉ်ချိတ်ဆက် မူလရတနာတွေ တွေ့ထားတယ်၊ သူကလည်း ဈေးကောင်းပေးတယ်ဆိုတော့ မရောင်းနိုင်စရာ ဘာအကြောင်းမှ မရှိဘူးမလား”

“အောက်တန်းကျလိုက်တာ...”

ဟွမ်ဖူထောင်ထျန်းက နှာခေါင်းရှုံ့လိုက်ပြီး တခြား သခင်လေး၊ သခင်မလေး အချို့ကလည်း မျက်လုံးပင့်လိုက်ကြသည်။ လဲ့ချီရန်က လျှာအရိုးမရှိတိုင်း လျှောက်ပြောနေခြင်းပင်။ မူလသံလက်နက်နှင့် အမိကမ္ဘာမြေသံချပ်ကာတို့မှာ ထိပ်တန်းအဆင့် ရတနာများဖြစ်သည်။ သူက ၎င်းတို့ထက် ပိုကောင်းသော ရတနာများကို ရနိုင်ပါမည်လော။ ထို့ပြင် လုလင်းကရော ထိုရတနာများကို ဝယ်နိုင်ပါမည်လော။

ပုံရိပ်ထဲတွင် လုလင်းက ကျန်းရီကို မူလသံလက်နက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်ကို မြင်လိုက်ရသည်။ အားလုံးသည် တိုက်ပွဲကို ပြန်အာရုံစိုက်လိုက်ကြသည်။ သို့သော် ကျန်းရီဘက်မှ လောင်းထားသူများက စိတ်ထဲမှ ဆဲဆိုလိုက်ကြလေသည်။ သူတို့သည် လဲ့ချီရန်၏ နှပ်ချခြင်းကို ခံလိုက်ရပုံပင်။

***

All Chapters