ကောင်းကင်ဝါးမျို လေနဂါး
Vol. 57 Ch. 791
“သေစမ်း... လုလင်းက အားတိုးဆေး စားလိုက်တာလား။ ဘာလို့ သူ့ရဲ့တိုက်ခိုက်မှုက အရမ်း ပြင်းထန်လာရတာလဲ”
ကျန်းရီသည် အသံလှိုင်းများကြောင့် နောက်သို့ လွင့်ပျံထွက်သွား၏။ သူ စိတ်ထဲမှ ဆဲဆိုလိုက်၏။ သူ့ကို ရွှေရောင်အလင်တန်းများစွာက တိုက်ခိုက်နေပြီး သူ၏မိုးကြိုးမီးက တဖြည်းဖြည်း ကုန်ဆုံးလာလေသည်။
ထိုတိုက်ခိုက်မှုသည် အဖွဲ့မှူးလန်၏ တိုက်ခိုက်မှုနှင့် ယှဉ်နိုင်ပေသည်။ ၎င်းက မိုးကြိုးမီးနတ်ဘုရားဒိုင်းကို အချိန်တိုအတွင်း မဖျက်ဆီးနိုင်လောက်သော်လည်း မိုးကြိုးမီးက လျင်မြန်စွာ ကုန်ဆုံးနေပေသည်။ အကယ်၍ ကျန်းရီသာ ထွက်မပြေးဘဲ တိုက်ခိုက်မှုများကို ရပ်ကာတောင့်ခံလျှင် သူ၏မိုးကြိုးမီးနတ်ဘုရားဒိုင်းက သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။ ထိုအခါ သူသည် တောင့်ခံရန် မီးတိမ်သံချပ်ကာကို မှီခိုရမည်ဖြစ်သည်။
မီးတိမ်သံချပ်ကာ၏ အစွမ်းကို သံသယဖြစ်စရာမရှိပေ။ သို့သော် မီးတိမ်သံချပ်ကာက တိုက်ခိုက်မှုများကို တောင့်ခံနိုင်လျှင်ပင် သူ၏ခန္ဓာကိုယ်က တောင့်မခံနိုင်လောက်ချေ။ အကယ်၍ ကျန်းရီသာ လှိုင်းများကြောင့် အဆက်မပြတ် ဒဏ်ရာရနေလျှင် အကျိုးဆက်က တွေးမကြည့်နိုင်စရာ ဖြစ်လာပေလိမ့်မည်။ သူသည် မီးတိမ်သံချပ်ကာကို ထုတ်မပြလိုပေ။ အပြင်ဘက်တွင် လူပေါင်းများစွာ ကြည့်ရှုနေသည်ဖြစ်၍ သူ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားနိုင်သည်။
ကျန်းရီ မျက်လုံးမှိတ်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်၏။ သူသည် အလင်းတန်းများနှင့် အာကာသလှိုင်းများ၏ လမ်းကြောင်းကို ကြိုးစားအာရုံခံလိုက်ပြီး တိုက်ခိုက်မှုများကို ရှောင်လိုက်၏။
“မဟုတ်သေးဘူး... ဒီတိုက်ခိုက်မှုမှာ အမှောင်ထုတိုက်စားစွမ်းအင် ရှိနေတယ်၊ အဲ့ဒါက ငါ့ရဲ့ မိုးကြိုးမီးနတ်ဘုရားဒိုင်းကို တိုက်စားနေတယ်”
ကျန်းရီသည် ရွှေရောင်အလင်းတန်းများကို အသည်းအသန် ရှောင်ရှားနေရ၏။ သူ့မိုးကြိုးမီးနတ်ဘုရားဒိုင်း၏ တစ်ဝက်ကျော် တိုက်စားခံနေရပေပြီ။ မိုးကြိုးမီးကို တိုက်စားနေသော အမှောင်ထုစွမ်းအင်တစ်ခုလည်း ရှိနေသည်။ သူ၏မိုးကြိုးမီးနတ်ဘုရားဒိုင်းက အတွင်းအားနှင့် ပြုလုပ်ထားခြင်း မဟုတ်သော်လည်း တိုက်စားခံနေရသည်လော။
ဝုန်း...ဝုန်း...ဝုန်း...
မရေမတွက်နိုင်သော တောင်ထွတ်များနှင့် ပတ်ဝန်းကျင်မှ မြေမျက်နှာပြင်များကို ရွှေရောင်အလင်းတန်းများ ထိမှန်သွား၏။ တောင်တစ်လုံးထက်ခြမ်းကွဲသွားပြီး မြေပြိုကျလာသည်။ ကျောက်တုံးအပိုင်းအစများသည် အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားပြီး ကောင်းကင်ထက်သို့ ဖုန်မှုန့်များ ပျံတက်သွား၏။ အဆုံးမဲ့ပေါက်ကွဲသံများကိုလည်း ကြားနေရသည်။ ကျန်းရီက ဘေးဘယ်ညာ ပျံသန်း၍ ရှောင်တိမ်းနေ၏။ သူသည် လှိုင်းလုံးကြီးများအကြားတွင် ကူးခတ်နေသော ငါးလေးတစ်ကောင်ကဲ့သို့ အသည်းအသန် ရှောင်တိမ်းနေရလေသည်။
“ဟားဟားဟား... ဆက်ရှောင်နေလိုက်စမ်း”
လုလင်းက ကျယ်လောင်စွာရယ်လိုက်ပြီး မူလသံလက်နက်ဖြင့် ရိုက်လိုက်၏။ ကျယ်လောင်သော လေခွင်းသံများ ထွက်ပေါ်လာသည်။ သောင်းချီသော ရွှေရောင်အလင်းတန်းများသည် လေကိုခွင်း၍ ပျံထွက်သွားကြသည်။
“လေအရိပ်ဝတ်ရုံ”
ကျန်းရီ၏ကျောဘက်တွင် ဝတ်ရုံတစ်ခု ထွက်ပေါ်လာ၏။ ယင်းက သူ၏အမြန်နှုန်းကို အဆအနည်းငယ် တိုးတက်သွားစေသည်။ ဤအခြေအနေတွင် သူသာ သူ၏စွမ်းအားကို ဆက်၍ ဖုံးကွယ်ထားပါက မိုးကြိုးမီးနတ်ဘုရားဒိုင်းသည် သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။
ဝှစ်...
လေအရိပ်ဝတ်ရုံ ထွက်ပေါ်လာသောအခါ ကျန်းရီသည် ရုတ်ခြည်း နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများကြားတွင် ပျံသန်းသွားလိုက်လေသည်။ ထိုလေအရိပ်ဝတ်ရုံက မီးတိမ်သံချပ်ကာနှင့် မတူပေ။ ၎င်းကို ကျန်းရီကိုယ်တိုင် အပြည့်အဝ သန့်စင်ထားခြင်းဖြစ်၏။ ၎င်းသည် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်နေပြီဖြစ်ပြီး မိုးကြိုးမီး၏ လောင်ကျွမ်းမှုကို ခံရမည်မဟုတ်ပေ။
ဖောင်း...ဖောင်း...ဖောင်း...
ကျန်းရီသည် လေအရိပ်ဝတ်ရုံကို အသုံးပြုနေပြီး ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ထားသဖြင့် ရွှေရောင်အလင်းတန်းများ၏ လမ်းကြောင်းနှင့် အရှိန်ကို အာရုံခံနိုင်သော်လည်း အလင်းတန်းများက အလွန်များလွန်းပေသည်။ လုလင်းက အဆက်မပြတ် တိုက်ခိုက်နေပေသည်။ တိုက်ခိုက်မှုများက ကျန်းရီကို အဆက်မပြတ် ထိမှန်နေ၏။ သူ၏မိုးကြိုးမီးက တဖြည်းဖြည်း ကုန်လာပေပြီ။
“မိုးကြိုးမီးနတ်ဘုရားဒိုင်း ပျက်စီးတော့မယ်”
ကျန်းရီ၏ မျက်လုံးများ ရေခဲတမျှ အေးစက်သွား၏။ သူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ် လင်းလက်လာပြီး အစိမ်းရောင်ဒယ်စောက်အိုးလေးတစ်ခု ထွက်ပေါ်လာလေသည်။ ကျန်းရီက အသာအယာတွန်းလိုက်ရာ ဒယ်စောက်အိုးလေးသည် လေထုကို ဖြတ်သန်း၍ ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံတက်သွား၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် မီတာ(၃၀၀)အရွယ်အစားအထိ ပြန့်ကားသွားပြီး တောင်တစ်လုံးကဲ့သို့ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။ ဒယ်စောက်အိုးပေါ်တွင် ရိုးရှင်းသော သဘာဝအရှိန်အဝါတစ်ခု စီးဆင်းနေ၏။ ဒယ်စောက်အိုး နှုတ်ခမ်းဝမှနေ၍ အစိမ်းရောင်အရှိန်အဝါ စီးထွက်လာပြီး ဒယ်စောက်အိုးကိုယ်ထည်ကို လှည့်ပတ်နေလေသည်။ ဒယ်စောက်အိုးကိုယ်ထည်ပေါ်တွင် သင်္ကေတပုံသဏ္ဌာန်များ ထွက်ပေါ်လာ၏။ ဧရာမဒယ်စောက်အိုးကြီး ကျဆင်းမလာခင်မှာပင် လုလင်းသည် မွန်းကျပ်ဖွယ်ဖိအားကို ခံစားနေရပေပြီ။
“ဝိညာဉ်ချိတ်ဆက် မူလရတနာ”
လုလင်းက အံ့ဩတကြီးအော်လိုက်ပြီး ဆက်၍ မတိုက်ခိုက်ဝံ့တော့ချေ။ ထို့နောက် သူ အဝေးသို့ ထွက်ပြေးလိုက်၏။ သို့သော် ဧရာမဒယ်စောက်အိုးကြီးက ဖိနှိပ်ကျဆင်းလာပေပြီ။ ကြောက်မက်ဖွယ်စွမ်းအားများက သူ့ကို လွှမ်းခြုံသွားပြီး သူ၏အရှိန်က အလွန်နှေးကွေးသွားလေသည်။ ထို့ပြင် ဧရာမဒယ်စောက်အိုးကြီး၏ ကျဆင်းလာသောအရှိန်က အလွန်လျင်မြန်လာပြီး အောက်ဘက်ရှိ တောင်ထွတ်တစ်ခုကို ထိတိုက်သွားသည်။
ဝုန်း...ဝုန်း...ဝုန်း...
အောက်ဘက်ရှိ တောင်ထွတ်လေးသည် ဧရာမဒယ်စောက်အိုး၏ ဖိနှိပ်မှုကို ခံလိုက်ရကာ အမှုန့်ဖြစ်သွားလေသည်။ ဖုန်မှုန့်များနှင့် မီးခိုးများက အချင်းဝက် သုံးကီလိုမီတာအထိ ပျံ့နှံ့သွားသည်။ ထို့ကြောင့် ပွဲကြည့်ပရိသတ်များသည် ကျန်းရီတို့ကို မမြင်နိုင်တော့ချေ။
“ဒီအဖွဲ့မှူးကျန်းမှာ တကယ်ပဲ ဝိညာဉ်ချိတ်ဆက် မူလရတနာရှိတာလား။ လုလင်းက ဒီလိုနဲ့ အသတ်ခံလိုက်ရတော့မှာပဲ”
“အဲ့ဝိညာဉ်ချိတ်ဆက် မူလရတနာက ခြေထောက်တစ်ဘက် မရှိဘူး။ စွမ်းအားက သိပ်မကြီးလောက်ဘူး။ လုလင်းက အမိကမ္ဘာမြေသံချပ်ကာကို ဝတ်ထားတော့ မသေလောက်ဘူးမလား”
“သူ မသေရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာပဲ...”
သခင်လေးများနှင့် သခင်မလေးများအားလုံး ဆွေးနွေးလိုက်ကြ၏။ သူတို့သည် ကျန်းရီက ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုကို ပိုင်ဆိုင်ထားကြောင်း တွေ့သွားသောအခါ ထပ်မံ အထင်ကြီးသွားသည်။ ၎င်းက ခြေတစ်ဘက် မရှိလျှင်ပင် အင်အား၏ ပြယုဂ်တစ်ခုပင် ဖြစ်နေသေးသည်။ သူတို့၏ မျိုးနွယ်အားလုံးသည် ဝိညာဉ်ချိတ်ဆက် မူလရတနာများ ပိုင်ဆိုင်ကြ၏။ သို့သော် သခင်လေး၊ သခင်မလေးအချို့က ၎င်းတို့ကို အသုံးပြုနိုင်ရန် အရည်အချင်းမမီပေ။
“ဟဲဟဲ...”
လဲ့ချီရန်က ဆွေးနွေးသံများကို ကြားသောအခါ ခပ်သဲ့သဲ့ ရယ်လိုက်သည်။ လုလင်းသည် အမိကမ္ဘာမြေသံချပ်ကာကို တစ်ခဏမျှသာ သန့်စင်ထားရသေးသော်လည်း ၎င်းကို ဝတ်ဆင်ထားလျှင် သူ အလွယ်တကူ သေမည်မဟုတ်ပေ။ မဟုတ်လျှင် ဝိညာဉ်ချိတ်ဆက် မူလရတနာများက ထိုမျှ အဖိုးတန်မည်မဟုတ်ချေ။
ဝှစ်...
မှန်ပေ၏။
ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးသည် ပြန်သေးသွားပြီး ကျန်းရီ၏လက်ထဲသို့ ပြန်သွား၏။ လုလင်းက မြေကြီးထဲမှ ပျံထွက်လာသည်။ သူသည် မျက်နှာရှုံ့မဲ့နေရုံမှလွဲ၍ မည်သည့်ဒဏ်ရာမှ မရခဲ့ပေ။ ကြည့်ရသည်မှာ သူသည် အရိုးတစ်ချောင်းပင် ကျိုးသွားပုံမပေါ်ချေ။
“ဝိညာဉ်ချိတ်ဆက် စစ်သံချပ်ကာရဲ့ ခုခံစွမ်းအားက ကြီးလွန်းတယ်။ ငါ့ရဲ့ မီးတိမ်သံချပ်ကာလည်း ဝိညာဉ်ချိတ်ဆက်နိုင်စွမ်းရလာရင် ကောင်းမှာပဲ”
ကျန်းရီ စိတ်ပျက်စွာ သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ဖယ်လိုက်ပြီး မိုးကြိုးမီးများကို ထိန်းချုပ်၍ မိုးကြိုးမီးနတ်ဘုရားဒိုင်းအသစ် ပြန်လုပ်လိုက်လေသည်။
“မျိုးမစစ်လေး သေပေတော့”
လုလင်းက မျက်နှာရှုံ့မဲ့နေ၏။ သူသည် ကျန်းရီထံသို့ သက်တန့်တစ်စင်းကဲ့သို့ ပျံသန်းသွား၏။ သူက မူလသံလက်နက်ကို ဆုပ်ကိုင်လိုက်ပြီး ထပ်မံ ရိုက်လိုက်၏။ ရွှေရောင်အလင်းတန်း သောင်းချီ ပျံထွက်သွားသည်။
ထို့နောက်တွင် လုလင်းက ခေတ္တမျှ ရပ်လိုက်ပြီး မူလသံလက်နက်ကို မွတ်နေအောင် လှည့်ပတ်လိုက်လေသည်။ သူက အဆက်မပြတ် လှည့်ပတ်နေရာ ပတ်ဝန်းကျင်မှ လေများသည် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စုဝေးလာ၏။ မကြာခင်မှာပင် မရေတွက်နိုင်သော လေနဂါးများ ထွက်ပေါ်လာလေသည်။ ကျန်းရီက ရွှေရောင်အလင်းတန်း တစ်ဝက်ကျော်ကို ရှောင်လိုက်၏။ ထိုအချိန်တွင် လုလင်း၏ တိုက်ခိုက်မှုက ပုံစံပေါ်လာပေပြီ။ လုလင်းက ဧရာမသံလက်နက်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး အော်လိုက်သည်။
“ကောင်းကင်ဝါးမျို လေနဂါး”
ရွှီး...ရွှီး..
မရေမတွက်နိုင်သော လေနဂါးများက ပေါင်းစည်းသွားပြီး ဧရာမလေနဂါးကြီးတစ်ကောင် ဖြစ်ပေါ်လာ၏။ လုလင်းက မူလသံလက်နက်မှတဆင့် လေနဂါးအတွင်းသို့ အတွင်းအားတန်းတစ်တန်း သွင်းလိုက်သည်။ လေနဂါးက ရွှေရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ ဧရာမရွှေရောင်နဂါးသည် အနည်းဆုံး မီတာ(၃၀၀)ရှည်၏။ ၎င်း၏ခန္ဓာကိုယ်က ရွှေဖြင့်ပြုလုပ်ထားသကဲ့သို့ဖြစ်ပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။
ဟိန်း...
ဧရာမနဂါးကြီးသည် အမြီးယမ်းလိုက်ကာ ကျန်းရီထံသို့ ရွှေရောင်အလင်းတန်းတစ်တန်းကဲ့သို့ ပျံဝင်သွား၏။ ၎င်း၏ အလျင်က ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး ကျဆင်းလာသော အလျင်ထက် မနိမ့်ပေ။ ၎င်းသည် ချင်းချင်း ကျန်းရီကို မီသွား၏။ ဧရာမနဂါးကြီးသည် ပါးစပ်ဟကာ ကျန်းရီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုလိုက်လေသည်။
“အဲ့ဒါက ဘာတာအိုပုံသဏ္ဌာန်လဲ”
ကျန်းရီက ထွက်ပြေးလိုသော်လည်း ဧရာမနဂါးကြီး၏ ခန္ဓာကိုယ်က အလွန်ကြီးပြီး၊ အလျင်က အလွန်မြန်၏။ ထို့ကြောင့် သူသည် ဧရာမနဂါးကြီး၏ ဝါးမျိုမှုကို ခံလိုက်ရလေသည်။ ဤဧရာမနဂါးကြီးက အစစ်မဟုတ်ဘဲ အတွင်းအားနှင့် တာအိုပုံသဏ္ဌာန်မှ ဖြစ်ပေါ်လာသောအရာဖြစ်ကြောင်း ကျန်းရီ ရှင်းရှင်းလင်းလင်း သိ၏။ သို့သော် သူသည် ထိုအခိုက်တွင် အန္တရာယ်အငွေ့အသက်ကို ခံစားနေရလေသည်။ သူ ဆက်၍ မတုံ့ဆိုင်းဝံ့တော့ဘဲ အော်လိုက်၏။
“မီးတိမ်သံချပ်ကာ”
ရွှီး...
ကျန်းရီ၏ခန္ဓာကိုယ်ပေါ်တွင် မီးတိမ်သံချပ်ကာ ထွက်ပေါ်လာသည်။ သူသည် မီးတိမ်သံချပ်ကာအတွင်းသို့ အတွင်းအား ထည့်လိုက်၏။ ၎င်းက ရုတ်ခြည်း အနီရောင်အလင်း တောက်ပလာလေသည်။ ထို့ကြောင့် သူ၏ မိုးကြိုးမီးနတ်ဘုရားဒိုင်းသည် နီပြာရောင်အဖြစ် ပြောင်းသွားပြီး သူ့ကို ပုံရိပ်ယောင်တစ်ခုကဲ့သို့၊ ပြိုင်ဘက်ကင်းနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေစေလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ဧရာမနဂါးကြီး ရုတ်တရက် ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်အာကာပြင် စုတ်ပြဲသွားကာ ကြောက်မက်ဖွယ် အာကာလှိုင်းများ ထွက်ပေါ်လာ၏။ ကျန်းရီ၏ မိုးကြိုးမီးနတ်ဘုရားဒိုင်းလည်း ရုတ်ခြည်း ပေါက်ကွဲသွားပြီး သူ၏ခန္ဓာကိုယ်က အဝေးသို့ လွင့်ထွက်သွား၏။ ကျန်းရီ သွေးအန်သွားသည်။
“ခေါင်းဆောင်...”
ချမ်ဝမ်ကွမ်းသည် သတိလက်လွတ် အော်လိုက်မိ၏။ သူ၏မျက်လုံးများထဲတွင် ထိန်းချုပ်၍မရနိုင်သော စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။ သူသည် သူကဆရာအဖြစ် ဟန်ဆောင်နေရသည်ကိုပင် မေ့လျော့နေ၏။
တော်သေးသည်မှာ ဟွမ်ဖူထောင်ထျန်းက သူ့ကို ချက်ချင်း အသံပို့လွှတ်ကာ သတိပေးလိုက်ခြင်းပင်။
“ကိစ္စကို ကြီးသွားအောင် မလုပ်နဲ့။ ညီလေးကျန်းက အဆင်ပြေပါတယ်။ သူက မီးတိမ်သံချပ်ကာကို ဝတ်ထားတယ်မလား။ ဆန်းကြယ်နတ်ဘုရားနန်းတော်က မူလရတနာက ကြောက်စရာကောင်းတဲ့ ခုခံစွမ်းအား ရှိပါတယ်။ အဲ့ဒါသာ ဝိညာဉ်ချိတ်ဆက်နိုင်သွားရင် ခုခံစွမ်းအားက သေချာပေါက် အဆပေါင်းများစွာ တိုးတက်လာမှာပဲ”
“မီးတိမ်သံချပ်ကာ”
လဲ့ချီရန်၏ မျက်လုံးများ အရောင်လက်သွား၏။ သူက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
“မျိုးရိုးက ကျန်း၊ ဆံပင်က အနီရောင်၊ မီးတိမ်သံချပ်ကာ... ကျွန်တော် မှန်းကြည့်မယ်၊ အဖွဲ့မှူးကျန်းက ကျန်းရီမလား”
လုယွီ ခေါင်းညိတ်ကာ ထပ်ပြောလိုက်၏။
“သူပဲ... ကျွန်မ အရင်တုန်းက မသေချာခဲ့ဘူး၊ ဒါပေမဲ့ အခုတော့ သေချာသွားပြီ”
“ကျန်းရီလား...”
သခင်လေးများနှင့် သခင်မလေးများ အံ့အားသင့်သွား၏။ သို့သော် ချက်ချင်းပင် သူတို့၏မျက်လုံးများ အရောင်လက်သွားသည်။ သူတို့သည် မျိုးနွယ်(၁၃)ခုမှ မျိုးဆက်များဖြစ်သဖြင့် ကျန်းရီ၏အကြောင်းကို အသေးစိတ် စုဆောင်းထားကြ၏။ ကျန်းရီသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲမှ လေးစု၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရသူဖြစ်သည်။
“ကောင်းကင်ရှောင်တိမ်းခြင်း၊ နဂါးညှိုးရောင်မြက်ပင်...”
လဲ့ချီရန်၏ မျက်လုံးများထဲတွင် လောဘအရိပ်အယောင်များ လက်သွား၏။ သူသည် သူကြားနိုင်ရုံသာ ရေရွတ်လိုက်သည်။
“ကျန်းရီ... မင်းက အဲ့လိုရတနာတွေ ပိုင်ဆိုင်ထားတဲ့ ပေါင်းပင်လေးတစ်ပင်ပဲ။ အဲ့ရတနာတွေ မင်းလက်ထဲမှာရှိနေတာ အလဟဿမဖြစ်ဘူးလား။ ဘာလို့ အဲ့ဒါတွေကို ဒီသခင်လေးကို မသုံးခိုင်းတာလဲ”
***